မေ-ဇွန် – ၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၅)မှ အမေ့ခံဆောင်းပါး ဖြစ်ပါသည်။
ညလယ်မိုး ရေးသည်။
(၁)
၁၉၇ဝ ကျော် ကာလတွေတုန်းကပေါ့။
ကျွန်တော့်အဖေက နယ်မှာ တာဝန်ကျနေခဲ့ပြီး ကျွန်တော် တို့မောင်နှမတွေက ရန်ကုန်မှာ အဘွားနဲ့ အတူနေရစ်ခဲ့ကြတယ်။ တစ်လတစ်ခါလောက် အဖေ့ဆီက စာလာတတ်တယ်။ အဖေ့ဆီ က စာလာရင် အဘွားက ကျွန်တော်တို့ကို ဖတ်ပြတတ်တယ်။ ကျွန်တော်တို့တွေက အဖေ့ကို ပြောချင်တာတွေ ရှိရင် စာတိုလေး တွေ ရေးထားပြီး မောင်နှမတွေ ရေးထားတဲ့ စာတိုလေးတွေကို အဘွားရဲ့စာနဲ့ ပေါင်းလို့ စာအိတ်တစ်အိတ်တည်း စုထည့်ပြီးရင် လမ်းထိပ်က စာတိုက်ပုံးလေးထဲကို ကျွန်တော်ရယ်၊ အစ်မတစ် ယောက်ရယ်ဖြစ်ဖြစ်၊ ကျွန်တော့်ညီအလတ်နဲ့ အစ်မတစ်ယောက် ရယ်ဖြစ်ဖြစ်၊ အဘွားနဲ့ ကျွန်တော်တို့ မောင်နှမထဲက တစ်ယောက် ယောက်ရယ်ဖြစ်ဖြစ် သွားထည့်လိုက်ကြတာပေါ့။ အဲဒီ စာတိုက် ပုံးလေးကနေ တစ်ဆင့် အဖေ့ဆီကို ကျွန်တော်တို့ ရေးထားတဲ့ စာ လေးတွေ ရောက်သွားမှာပါဆိုတဲ့ အသေအချာ စိတ်ချ ယုံကြည်မှု မျိုး စာတိုက်ပုံးလေးအပေါ် မှာ ကျွန်တော်တို့ ရှိခဲ့ကြတာပေါ့။
( ၂ )
၁၉၈ဝ ကျော် ကာလတစ်ခုမှာတော့ ကျွန်တော်က ရန်ကုန် မှာ တက္ကသိုလ် တက်နေပြီး အဘွားနဲ့တကွ မိသားစုတွေကတော့ နယ်မှာ ရောက်နေခဲ့ကြပြန်ပါတယ်။ အဲဒီခေတ်က နယ်ကနေပြီး ရန်ကုန် မှာ ကျောင်းလာတက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် အစိုးရက အဆောင်တွေ စီစဉ်ပေးခဲ့ပါတယ်။
ကျွန်တော်တို့ အဆောင်ကျောင်းသားတွေ ကျောင်းတက် ပြီးလို့ အဆောင်ပြန်လာရင် အရင်ဆုံး လှမ်းကြည့်မိတာက အဆောင်အဝင်ဝဘေးက စားပွဲခုံကိုပါပဲ။ ကျောင်းသားတွေဆီကို လာတဲ့ စာတွေ အားလုံး အဲဒီ စားပွဲပေါ်မှာ တင်ထားတတ်ပါတယ်။ စာအိတ်ပေါင်းများစွာထဲက ကိုယ့်အတွက် စာပါမလားလို့ ရွေး ကြည့်ရတာကလည်း ရင်ခုန်စရာတစ်မျိုးပါပဲ။ မိသားစုဆီက စာ၊ ခင်မင်ရတဲ့ သူငယ်ချင်းဆီက စာ ၊ ရည်းစားမဟုတ်၊ ဘာမဟုတ် ကောင်မလေးဆီက စာ စသဖြင့် ဘယ်သူ့ဆီကများ ငါ့ဆီ သတိ တရစာရေးလိုက်မလဲ ဆိုတဲ့ မျော်လင့်ချက်နဲ့ပေါ့။ တစ်ခါ တလေ အိတ်ထဲမှာ ပိုက်ဆံပြတ်နေတဲ့ အချိန်မျိုး၊ ဒါမှမဟုတ် အိမ်က ပိုက်ဆံပို့တတ်တဲ့အချိန်မျိုးဆိုရင် စာတိုက်က ငွေရောက်ရှိကြောင်း အကြောင်းကြားစာလေးတွေကိုလည်း မျှော်ရတတ်သေးပါတယ်။စာအိတ်တွေကလည်း ပုံစံအမျိုးမျိုးပါပဲ။ များသောအားဖြင့် မိသားစုတွေဆီက စာဆိုရင် လေယာဉ်ပျံစာအိတ်လို့ခေါ်တဲ့ အနီ အပြာတုံးလေးတွေ နဲ့ အနားကွပ်ထားတဲ့ စာအိတ်မျိုးနဲ့ လာတတ် တယ်။ တစ်ခါတလေလည်း အဖြူရောင်ပြောင်စာအိတ်နဲ့ပေါ့။ အဖေကတော့ ရှည်ရှည်မျောမျော အညိုရောင် ရုံးစာအိတ်မျိုးနဲ့ ထည့်တတ်တယ်။ အဖေက စာရေးရင်လည်း ခပ်ရှည်ရှည် ရေး တတ်တယ်။ လျှောက်လွှာစာရွက်နဲ့ သုံးမျက်နှာလောက် ရေး တတ်တယ်။ ဘယ်လို နေထိုင်ရမယ်၊ စာကြိုးစားပါဆိုတဲ့ သွန်သင် စရာတွေပေါ့။ စာဖတ်နေရင်းက အဖေ့မျက်နှာကို မြင်ယောင်လာ ပြီး အဖေကိုယ်တိုင် ဘေးနားမှာ လာထိုင်ပြောနေသလို ခံစား လာရတာပေါ့။ သူငယ်ချင်းတွေဆီက စာကတော့ လေယာဉ်ပျံ စာအိတ်နဲ့ပဲ များပါတယ်။ နယ်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေ အကြောင်း အတင်းရော၊ သတင်းရော အစုံပေါ့။ မြို့ မှာ ကျင်းပတဲ့ ပွဲတွေ၊ အခမ်းအနားတွေအကြောင်းလည်း ပါတာပေါ့။ တစ်ခါ တစ်ခါ ဆရာ၊ ဆရာမတွေအကြောင်းလည်း ပါလာတတ်သေး တယ်။ အဲ…ကောင်မလေးဆီက စ ကတော့ ပို့စကတ်စာအိတ်လို့ ခေါ်တဲ့ စာအိတ်ရောင်စုံလှလှလေးတွေနဲ့ပေါ့။ နောက်တော့ ရေမွှေးစာအိတ်လေးတွေ ပေါ်လာတယ်။ စာမဖတ်ခင် စာအိတ်ကို နမ်းရတာကိုက အရသာ။ မွှေးနေတာပဲကိုး။ စာထဲမှာကတော့ သတိရကြောင်း၊ သူ့ကိုရော သတိရရဲ့လားဆိုတာတွေ၊ ရန်ကုန်သူ တွေနဲ့ တွေ့လို့ မေ့သွားပြီလား ဆိုတဲ့ စကားနာထိုးတာမျိုးလည်း ပါရဲ့။ စာဖတ်နေရင်းနဲ့ ပိုပြီး သတိရလာ၊ စာဖတ်ပြီးတော့ စာရွက် ကို နမ်းရတာကလည်း အရသာပါပဲ။
အဲ…ခုန ပြောတဲ့ အဆောင်အဝင်ဝ စားပွဲပေါ်က စာတွေ ထဲမှာ ကိုယ့်အတွက် စာမပါဘူးဆိုရင် ကိုယ်နဲ့ ရင်းနှီးတဲ့ သူငယ် ချင်းတွေထဲက ဘယ်သူ့အတွက် စာပါလဲ ဆိုပြီး ထပ်ရှာပါသေး တယ်။ သူငယ်ချင်းဆီ လာတဲ့စာက ပို့စကတ်စာအိတ်၊ ဒါမှမဟုတ် ရေမွှေးစာအိတ်ဆိုလို့ကတော့ အသာလေးယူထားပြီး သူငယ် ချင်းပြန်လာမှ ကြေးတစ်ခု သတ်မှတ်ပြီး ရွေးခိုင်းရတာ။ သူငယ် ချင်းကလည်း သူ့ကောင်မလေးဆီက စာဆိုတော့ တောင်းတဲ့ ကြေးကို ပေးပြီး ရွေးပေတော့ပဲ။ ပိုက်ဆံပြတ်နေတုန်းဆိုရင် တော့ အကြွေးမှတ်ထားပေါ့။ တစ်ခါတလေ အဲဒီစာအိတ်တွေထဲ မှာ ဓာတ်ပုံလည်း ပါတတ်တယ်။ စာအိတ်ကို ရပြီဆိုရင် အသာ လေး လက်နဲ့ ထောက်စမ်းကြည့် မာမာတောင့်တောင့်၊ လေး ထောင့်စပ်စပ်လေး စမ်းမိတယ်ဆိုရင် သေချာပြီ၊ အဲဒါ ကောင်မ လေးက ဓာတ်ပုံထည့်ပေးလိုက်တာပဲ။ အဲဒီစာမျိုး ရထားပြီဟေ့ ဆိုရင်တော့ စာပိုင်ရှင်သူငယ်ချင်းကို ညှဉ်းပေတော့ပဲ။
ဒီနေရာ မှာကြုံလို့ သတိရမိတဲ့ အဖြစ်အပျက်လေးတစ်ခု ပြောပြချင်တယ်။ တစ်နေ့ ကျောင်းကနေ အဆောင်ပြန်အရောက် ထုံးစံအတိုင်း အဆောင်အဝင်ဝက စာတွေ တင်ထားတဲ့ စားပွဲပေါ် မှာ ဝင်မွှေ ကြည့်တော့ ကိုယ့်အတွက်စာမပါပေမယ့် ရင်းနှီးတဲ့ သူ ငယ်ချင်းတစ်ယောက်အတွက် စာတစ်စောင်ကို တွေ့ပါလေရော။ စာအိတ်ကို အသာလေးယူပြီး လက်နဲ့ စမ်းကြည့်တော့ မာ ခေါက်ခေါက် အထိအတွေ့ကို ရတယ်။ အတွေ့အကြုံအရ ဒါဟာ ဓာတ်ပုံပါတဲ့စာပဲဆိုတာ သိလိုက်တာပေါ့။ စာအိတ်ကလည်း ရေမွှေးစာအိတ်ဆိုတော့ ဒါ သူ့ကောင်မလေးဓာတ်ပုံ ထည့်ပေး လိုက်တဲ့ စာပဲ ဆိုတာ သေချာပေါက်ပဲလေ။ ဒါနဲ့ အဲဒီစာအိတ်လေး ကို သိမ်းထားလိုက်ပြီး စာပိုင်ရှင် သူငယ်ချင်း အဆောင်ပြန်ရောက် လာတော့မှ အပေးအယူလုပ်ရတော့တာပေါ့။ နောက်ဆုံး ညနေ စာ အပြင်မှာကျွေးမယ်ဆိုတဲ့ ကတိနဲ့ စာကို သူ့လက်ထဲ ထည့် လိုက်တယ်။ ညနေစာ စားချိန်ရောက်တော့ အဆောင်ထမင်းကို ပစ်ပယ်ပြီး ကန်တင်းန်ကို သူငယ်ချင်းတစ်သိုက် ချီတက်ကြတာ ပေါ့။ ကန်တင်းန်သွားတဲ့လမ်းမှာ ကျွေးမွေးပြုစုရမယ့် ဒကာတော် သူငယ်ချင်း ကျွေးချင်မွေးချင်စိတ်ပေါက်အောင် သူ့ကောင်မလေး ပို့လိုက်တဲ့ ဓာတ်ပုံအကြောင်း နည်းနည်းပါးပါး မေးရတာပေါ့။ အဲဒီလို ဝိုင်းလည်း မေးကြရော စာပိုင်ရှင် သူငယ်ချင်းက ငိုမလို ရယ်မလို မျက်နှာ ဲ့ ပြောပုံက ”မင်းတို့ကို ကတိပေးထားလို့သာ ကျွေးရမှာ သိပ်တော့ မပျော်ဘူး။ ငါ့ကောင်မလေး ပို့လိုက်တဲ့ ဓာတ်ပုံက Group Photo ကြီးကွ”တဲ့။ ကျွန်တော်တို့မှာ ရယ် လိုက်ရတာ။ ဘယ့်နှယ်၊ ကိုယ့်ရည်းစားဓာတ်ပုံကို အမှတ်တရ ကြည့်ချင်ပါတယ်ဆိုမှ လူတွေ အများ ကြီးပါတဲ့ Group Photo ကြီး ပို့လိုက်ရတယ်လို့။ လူတွေ အများကြီးကြားထဲမှာ ကိုယ့် ရည်းစားမျက်နှာ မနည်းရှာပြီး အလွမ်းပြေကြည့်ရမယ့် ကျွန် တော့်သူငယ်ချင်းဘဝ စဉ်းစားသာကြည့်တော့ဗျာ။ စာတိုက်ပုံး တွေက အဲဒီလို ခွကျကျ ရယ်စရာတွေကို သယ်ဆောင်လာတတ် ပါသေးတယ်။
အဲ…ကိုယ်က စာတွေ ဖတ်ပြီးပြီဆိုရင်တော့ စာပြန်ရေး ရတော့တာပေါ့။ အဖေတို့၊ အဘွားတို့ဆီကို ပြန်တဲ့စာဆိုရင်တော့ လိမ်လိမ်မာမာနေကြောင်း၊ စာကြိုးစားကြောင်း၊ စာကျက်ရတာ ပင်ပန်းကြောင်း စတာတွေပေါ့။ ကုန်ကျစရိတ်တွေတွက်ပြပြီး ပိုက်ဆံ ပိုပို့ပေးဖို့လည်း ချွဲရတာပေါ့။ သူငယ်ချင်းတွေဆီကိုတော့ ရန်ကုန်မှာမြင်တွေ့သမျှ အသစ်အဆန်းတွေအကြောင်း၊ သီချင်း အသစ်တွေ အကြောင်း စသဖြင့်ပေါ့။ ကောင်မလေးဆီကိုတော့ သတိရကြောင်း၊ စာအိတ်ထဲမှာ အလွမ်းတွေ ထည့်ပေးလိုက် ကြောင်း၊ ရန်ကုန်သူတွေက သူ့လောက် မလှကြောင်း (အဲဒီလိုပဲ ပြောရတာပေါ့) ကဗျာလေးတွေလည်း တစ်ခါတစ်ခါ ထည့်ရေး ပေါ့။ ပြီးရင်တော့ စာအိတ်ထဲထည့်၊ အနီးဆုံးစာတိုက်ပုံးဆီကို ပြေးထည့်တော့တာပဲ။
( ၃ )
ပြောချင်တာက အဲဒီအချိန်ကာလတွေတုန်းကဆိုရင် စာ တိုက်ပုံးတွေဟာ ကျွန်တော်တို့ရဲ့ဘဝမှာ အရေးပါတဲ့နေရာမှာ ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့ဆိုရင် ကိုယ်နေတဲ့နေရာအနီးတစ် ဝိုက်က ဘယ်နေရာတွေ မှာ စာတိုက်ပုံး ရှိသလဲဆိုတာ မှတ်ထား တတ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ လမ်းဆုံ၊ လမ်းထောင့် နေရာတော်တော်များများမှာ စာတိုက်ပုံးတွေ ရှိပါတယ်။ စာ တိုက်ပုံးတွေကို အများမြင်သာအောင် အနီရောင် သုတ်ထားပါ တယ်။ တိုင်ကလေးတစ်ချောင်းပေါ်မှာ ပုံးလေးတင်ထားတဲ့ စာ တိုက်ပုံးအသေးလေးတွေ ရှိသလို လေးထောင့်ရှည်ရှည် မြေစိုက် စာတိုက်ပုံးကြီးတွေလည်း ရှိပါတယ်။ စာတိုက်ပုံးပေါ်မှာတော့ ဆက်သွယ်ရေးဌာနရဲ့ အတိုကောက် ဆ.သ.ရ ဆိုပြီး တံဆိပ်ရိုက် ထားတယ်။ ပြီးတော့ အဲဒီစာတိုက်ပုံး မှာ ဘယ်အချိန် စာလာသိမ်း မှာလဲ ဆိုတဲ့ အချိန်ကို စာသိမ်းချိန် ဆိုပြီး ရေးပေးထားသေးတယ်။ ရေးထားတဲ့ အချိန်အတိုင်းလည်း ပုံမှန်လာသိမ်းတတ်ပါတယ်။စာတိုက်ပုံးတစ်ခုနဲ့ တစ်ခုက စာသိမ်းချိန် မတူပါဘူး။စာတိုက် ဝန်ထမ်းက လမ်းကြောင်းအတိုင်း စာတိုက်ပုံးတစ်ခုပြီးမှ တစ်ခု ဖွင့်ပြီး စာသိမ်းရတာကိုး။ အဲဒီတော့ ကျွန်တော်တို့မှာ စာတိုက်ပုံး တွေ ဘယ်နေရာမှာ ရှိသလဲဆိုတာအပြင် ဘယ်စာတိုက်ပုံးရဲ့ စာ သိမ်းချိန်ကတော့ ဘယ်အချိန်ဆိုတာကို တွဲမှတ်ထားရပါတယ်။ ဒါမှလည်း ကိုယ်က အရင်လိုနေတဲ့ အချိန် ဒီစာတိုက်ပုံးမှာ မမီရင် စာမသိမ်းရသေးတဲ့ စာတိုက်ပုံးကို ပြေးပြီး ထည့်နိုင်မှာလေ။ မဟုတ်ရင်တော့ ကိုယ့်စာက နောက်တစ်နေ့ စာသိမ်းချိန်ရောက် တဲ့အထိ စာတိုက်ပုံးထဲမှာ အောင်းနေတော့မှာပေါ့။ စာသိမ်းချိန် အမီ ထည့်လိုက်နိုင်ရင်တော့ အဲဒီနေ့ပဲ စာသိမ်းတဲ့ ဝန်ထမ်းလက် ထဲ ပါသွားပြီး နောက် (၂ )ရက်နေရင် ကိုယ်ထည့်လိုက်တဲ့သူဆီ ရောက်ပြီပဲ။ ဟိုး အစွန်အဖျား ခရီးဝေးတဲ့ ဒေသတွေဆိုရင်သာ သုံး၊ လေးရက်ကြာတတ်တာ။
အဲဒီအချိန် အဲဒီခေတ်ကာလ မှာတုန်းကတော့ စာတိုက်ပုံး ဆိုတာ ကျွန်တော်တို့ နေ့စဉ်ဘဝတွေအတွက် တကယ့်ကို အရေး ပါတဲ့ အရာတစ်ခုပါပဲ။ တယ်လီဖုန်းတွေကလည်း အခုခေတ်လို မပေါများသေး၊ အင်တာနက်ဆိုတာကလည်း ဖြူသလား၊ မည်း သလား မသိသေးဆိုတဲ့အချိန်ပေါ့။ ချစ်သူခင်သူတွေနဲ့ အဝေးကြီး ဝေးမသွားဖို့၊ မိသားစုတွေ၊ သူငယ်ချင်းတွေ သတင်း အဆက် မပြတ်သွားဖို့၊ ပြောချင်ဆိုချင်တာ၊ တိုင်ပင်ချင်တာတွေ၊ ပြောနိုင် ဆိုနိုင်ဖို့၊ ချစ်သူတွေရဲ့ ရင်ဘတ်တွေ အေးခဲမသွားစေဖို့ စာတိုက် ပုံးလေးက စွမ်းဆောင်ပေးခဲ့တာပါ။ စာတိုက်ပုံးတစ်ခုများ တွေ့ ပြီဆိုရင်ဖြင့် ဒီစာတိုက်ပုံးက လုံလုံခြုံခြုံ ရှိရဲ့လား၊ သော့တွေ၊ ဘာ တွေရော ကောင်းရဲ့လား၊ အချိန်မှန် စာလာအသိမ်းခံရတဲ့ စာ တိုက်ပုံးရော ဟုတ်ရဲ့လား စသဖြင့် ဆန်းစစ်တတ်ကြပါတယ်။ စာ တိုက်ပုံးတွေ အဖျက်ဆီးမခံရဖို့လည်း ဂရုတစိုက် ရှိနေတတ်ကြပါ တယ်။ အဲဒီအချိန်တုန်းကတော့ စာတိုက်ပုံးဆိုတာ လူတွေရဲ့ အချစ်တော် မိတ်ဆွေကောင်းပဲပေါ့။ အခုတော့လည်း…။
( ၄ )
၂ဝဝဝ ပြည့်လွန်နှစ်များက စလို့ အင်တာနက်ဆိုတာ တွင်ကျယ်လာခဲ့တယ်။ လက်ကိုင်ဖုန်းတွေကလည်း တဖြည်း ဖြည်း တိုးတက်လာတယ်။ သွားလေရာကို ဖုန်းကလေးကိုင်ပြီး ယူသွားလို့ရပြီ။ ပြောချင်တာရှိရင် လက်ထဲမှာတင် ဂဏန်းလေး တွေ နှိပ်ခေါ်ပြီး ချက်ချင်းပြောလို့ရနေပြီ။ စာရေးချင်သလား၊ ဓာတ်ပုံတွေ ပို့ချင်သလား၊ အင်တာနက်ကနေ တစ်ဆင့် အီး မေးလ်နဲ့ ပို့လို့ရနေပြီ။ နည်းပညာခေတ်ကြီးဆိုတော့လည်း စာရွက်ပေါ်မှာ ချရေး၊ စာအိတ်ထဲ ထည့်၊ စာတိုက်ပုံးရှိရာကို သွား ပြီး တကူးတက ထည့်နေစရာ မလိုတော့ပြီ။ ကိုယ့်အိမ်၊ ကိုယ့် ရုံးခန်းထဲ ကွန်ပျူတာကို ဖွင့်၊ လက်ကွက်ကလေးတွေ နှိပ်ပြီး စာရေး၊ ဓာတ်ပုံပို့ချင်သလား တစ်ခါတည်း တွဲထည့်လိုက်၊ အခု ရိုက်၊ အခုထည့်လို့ တောင်ရသေး။ ပြီးရင် ကလစ်ခနဲ နှိပ်လိုက်၊ စက္ကန့်ပိုင်းအတွင်းကို ပို့ချင်တဲ့သူဆီ ရောက်သွားပြီ။ အဲဒီလောက် လွယ်ကူနေတော့လည်း စာတိုက်ပုံးဆီကို လမ်းလျှောက်ပြီး ကျွန် တော်တို့ တကူးတက မသွားကြတော့ဘူးပေါ့။ စာတိုက်ပုံးတွေကို ကျွန်တော်တို့ မှတ်မထားကြတော့ဘူးပေါ့။ စာသိမ်းချိန်အမီ စာတိုက်ပုံးဆီရောက်အောင် ကျွန်တော်တို့ မပြေးတော့ဘူးပေါ့။ တိုးတက်လာတဲ့ နည်းပညာက စာတိုက်ပုံးတွေကို တွန်းဖယ်ပစ် လိုက်ပြီပေါ့ ။ စာတိုက်ပုံးတွေကို ကျွန်တော်တို့ မေ့လျော့နေခဲ့ပြီ။ စာတိုက်ပုံးတွေဟာ ကျွန်တော်တို့ရဲ့ အမေ့ခံပစ္စည်းတစ်မျိုး ဖြစ်ခဲ့ ပြီပေါ့။ ဆက်သွယ်ရေးဌာနကလည်း စာတိုက်ပုံး တော်တော်များ များကို ဖြုတ်သိမ်းလိုက်ပြီ။ တချို့တလေ လမ်းဆုံလမ်းထောင့် ပလက်ဖောင်းပေါ် မှာ ကျန်နေသေးတဲ့ စာတိုက်ပုံးလေးတွေကို လည်း ကျွန်တော်တို့ အမှတ်ထင်ထင် လှည့်မကြည့်ဖြစ်တော့ပြီ။ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်ရတာ ရှုပ်တယ်လို့တောင် ထင်တဲ့အခါထင်မိသေး။ တကယ်ဆို စာတိုက်ပုံးဆိုတာ တစ်ချိန် က ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ ချစ်ခင်သူတွေအကြားမှာ မဝေးကွာစေဖို့ နွေးထွေးမှုတွေကို သယ်ဆောင်ပေးခဲ့တဲ့ ကျွန် တော်တို့ရဲ့ မိတ်ဆွေကောင်းပါ။ အခုတော့ ကျွန်တော်တို့ရဲ့ မိတ် ဆွေကောင်းဟာ ကျွန်တော်တို့ရဲ့ အမေ့ခံ ဖြစ်ခဲ့ပြီ။ မိတ်ဆွေ ဟောင်းတစ်ယောက်လိုတောင် ကျွန်တော်တို့ သတိမရတော့။ ဟိုတစ်ချိန်တုန်းက ကျွန်တော်တို့ဟာ ကျွန်တော်တို့ ချစ်သူ၊ ခင် သူတွေဆီကို ကျွန်တော်တို့ရဲ့ လွမ်းဆွတ်သတိရမှုတွေကို စာတိုက် ပုံးတွေက တစ်ဆင့် တခုတ်တရ ပို့ခဲ့ကြတာပါ။စာလေးတစ်စောင် လောက် ဖတ်ရရင် ကျွန်တော်တို့ ဝမ်းသာရ၊ ပျော်ကြရပါတယ်။ သြော်…သူတို့ ငါ့ကို သတိတရ ရှိတာပဲ၊ တကူးတက စာရေးရှာ တယ်ဆိုတဲ့ နွေးထွေးမှုပီတိကို အဲဒီစာတိုက်ပုံးက တစ်ဆင့် ကျွန် တော်တို့ ရရှိခဲ့ကြ၊ ပေးပို့ခဲ့ကြပါတယ်။ အခုတော့ နည်းပညာ အကူအညီနဲ့ အင်တာနက်က တစ်ဆင့် ကျွန်တော်တို့ စာတွေ ရေး နေကြ ၊ ပို့ နေကြပါရဲ့။ သတိတရနဲ့ တကူးတက ရေးလိုက်တာ လား၊ လွယ်လွယ် ပို့လို့ရလို့ အပျင်းပြေ ရေးလိုက်တာလား မကွဲ ပြားတော့ မဝေခွဲနိုင်တော့ပါ။ စာတိုက်ပုံးက တစ်ဆင့် ရောက် လာတဲ့ စာကို ဖတ်ပြီး ဝမ်းသာပီတိနဲ့ စာရွက်ကို နမ်းလိုက်ရတဲ့ အရသာကို ကျွန်တော်တို့ မခံစားနိုင်တော့ပြီပေါ့။ ကျွန်တော်တို့ ဟာ စာတိုက်ပုံးတွေကို မေ့လျော့လိုက်တာနဲ့အတူ စာလေးတစ် စောင်က ပေးတဲ့ နွေးထွေးတဲ့ ပီတိတွေကိုလည်း မေ့လျော့ထား လိုက်ကြပြီထင်ပါရဲ့။
ဒီနေရာမှာ တစ်ခုပြောချင်တာကတော့ တွေ့ဖူးတဲ့ နိုင်ငံ ခြားသားတွေ၊ အထူးသဖြင့် အနောက်နိုင်ငံသားတွေကတော့ အခုထက်ထိ စာတိုက်ပုံးတွေကို အလေးထားတုန်းပဲဆိုတာကို သတိပြုမိတာလေးပါ။ အဓိကကတော့ သူတို့တွေရဲ့ အထိမ်း အမှတ်နေ့တွေမှာ သူတို့ ချစ်ခင်တဲ့သူတွေဆီကို အထိမ်းအမှတ် ပို့စကတ်လေးတွေ ပို့တတ်တာပါပဲ။ သူတို့က သူတို့ရောက်နေတဲ့ နိုင်ငံရဲ့ အထင်ကရနေရာတွေရဲ့ ဓာတ်ပုံနဲ့ ထုတ်ထားတဲ့ ပို့စကတ် လေးတွေကိုလည်း ရောက်နေတဲ့နိုင်ငံက တစ်ဆင့် ပို့တတ်သေးရဲ့။ ဘယ်နေရာကိုရောက်နေပြီ၊ သတိတရရှိကြောင်း အထိမ်းအမှတ် နဲ့ပေါ့။ အပေါ်မှာ ကျွန်တော်ပြောခဲ့သလို လွယ်လို့ ပို့လိုက်တာ မဟုတ်ဘဲ တကယ်ကို လေးလေးနက်နက် သတိရလို့ တကူးတက ပို့လိုက်တယ်လို့ ပေါ်လွင်စေချင်တဲ့ သဘောလို့ နားလည်မိပါ တယ်။ တိုးတက်တဲ့ နည်းပညာတွေကြားထဲမှာ စာတိုက်က ရောက်လာတဲ့ ပို့စကတ်လေးတစ်ခုက အဓိပ္ပာယ်တွေ အများကြီး ယူဆောင်လာနိုင်တယ်ဆိုတာ သူတို့တွေ မမေ့မလျော့ ရှိနေတာ ကိုပဲ အံ့သြတကြီး မှတ်သားရပြန်တယ်။ အခုအချိန်မှာ အလုပ် ကိစ္စနဲ့ ဆက်ဆံရတဲ့ နိုင်ငံခြားသားတွေက ဗိုလ်ချုပ်ဈေးထဲမှာ ရောင်းတတ်တဲ့ ပို့စကတ်တွေ ဝယ်ပြီး သူတို့မိသားစုတွေဆီ ပို့ချင် လို့ စာတိုက်ပုံး ဘယ်နေရာမှာ ရှိသလဲ မေးလာရင် ဘယ်လို ဖြေရ မှန်းမသိဘူး။ ကိုယ်ကိုယ်တိုင်လည်း စာတိုက်ပုံးတွေကို မတွေ့ဖြစ် တာ ကြာပြီဟုတ်လား။ သူတို့ဆီမှာ ကိုယ့်နိုင်ငံထက် နည်းပညာ တွေ အများကြီးစောပြီး တိုးတက်နေပေမယ့် စာတိုက်စနစ်က တော့ မပျောက်ပျက်သေးတာ သိရတော့ ကိုယ့်နိုင်ငံမှာ တိမ် ကောနေပြီဖြစ်တဲ့ စာတိုက်ပုံးလေးတွေအကြောင်း တွေးမိပြီး စိတ်မကောင်း ဖြစ်မိရပါတယ်။
ကျွန်တော်တို့နိုင်ငံမှာတော့ နောင်လာနောက်သား ကလေးငယ်တွေကို စာတိုက်ပုံးလို့ပြောရင် အင်တာနက်က Mail Box ကိုပဲ ပြေးမြင်ကြတော့မယ်ထင်ရဲ့။ စာတိုက်ပုံးဆိုတာ အကောင်အထည်နဲ့ ရှိတဲ့ အရာဝတ္ထုတစ်မျိုးလို့ ပြောရင် ယုံမှ ယုံကြပါ့မလား။ သူတို့ကို ပြလို့ရအောင် လက်ကျန် စာတိုက်ပုံးအဟောင်းလေးတစ်လုံးလောက်ကို မနက်ဖြန်တော့ ဓာတ်ပုံသွား ရိုက်ထားလိုက်ဦးမှ…။ ။

