ဒိုင်ယာရီ

ဒိုင်ယာရီ

 

၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄) မှ အက်ဆေးဆောင်းပါး ဖြစ်ပါသည်။

မြတ်စုမွန် ရေးသည်။

မှတ်မှတ်ရရ ခြောက်တန်းနှစ်တွင် ကျွန်မ၏ဖေဖေက အစိမ်း နုရောင် ဒိုင်ယာရီစာအုပ်လေးတစ်အုပ် ဝယ်ပေးသည်။

မှတ်စုရေးရသည်ကို ဝါသနာအလွန်ပါသော ဖေဖေသည် ပစ္စည်းအသစ်တစ်ခုခုဝယ်လျှင် ဝယ်သည့်နေ့ကိုဖြစ်စေ၊ အကြောင်းအရာတစ်ခုခုထူးခြားလျှင်ဖြစ်စေ သူ၏စာအုပ် လေးထဲ၌ တခုတ်တရ ရေးမှတ်လေ့ရှိသည်။ စာအုပ်ထဲ၌ သာမက အိမ်နံရံ ပျဉ်ထောင်များနှင့် ထုတ်တန်းများပေါ်တွင် လည်း ရေးမှတ်တတ်သေးသည်။

ကျွန်မတို့အိမ်၏ နံရံပေါ်တွင် ‘မီတာဘောက်စ်တပ်ဆင် သည့်နေ့’၊ ‘ရေမော်တာ တပ်ဆင်သည့်နေ့’၊ ‘အိမ်ခေါင်မိုး ဓနိမိုး သည့်နေ့’၊ ‘သမီးမင်္ဂလာဆောင်သည့်နေ့’၊ ‘ဆွမ်းလှည့်’အစရှိ သော မြေဖြူခဲနှင့် ရေးထားသည့် စာတိုလေးနှင့် နေ့စွဲလေးများကို တွေ့နိုင်မည်ဖြစ်သည်။ ထိုအရာများအားလုံးသည် ကျွန်မဖေဖေ ၏ လက်ချက်သာ ဖြစ်သည်။ မှတ်စုရေးရန် ဝါသနာပါသည့် ဖေ ဖေသည် ကျွန်မအား သူ့လိုဖြစ်စေချင်ပုံရသည်။ အစိမ်းနုရောင် အဖုံးနှင့် ဒိုင်ယာရီလေးတစ်အုပ် ဝယ်ပေးခဲ့လေသည်။

ထိုဒိုင်ယာရီထဲတွင် မှတ်စုတိုလေးများ၊ ဆယ်ကျော်သက် တို့ သဘာဝ သဘောကျသော ကဗျာတိုလေးများ၊ ဖတ်မိသော ဒဿ      နစာစုလေးများကို မှတ်သားခဲ့ဖူးသည်။ ထိုဒိုင်ယာရီစာအုပ် လေး၏ကြားတွင် စွယ်တော်ရွက်ကလေးများ၊ နှင်းဆီပန်းပွင့်ချပ် လေးများကို ညှပ်ထားခဲ့ဖူးသည်။

ဖေဖေ့ဝါသနာသည် အမှန်တကယ်ပင် ကျွန်မထံသို့ ကူး စက်ခဲ့သည်။ ငယ်ငယ်က ရခဲ့ဖူးသော မုန့်ဖိုးတို့ကို ဒိုင်ယာရီစာအုပ် လှလှလေးများ ဝယ်သည့်နေရာတွင် သုံးခဲ့သည်က များသည်။ ဒိုင်ယာရီရေးတန်ကောင်းသည့် စာအုပ်အရွယ်အစား၊ အရောင် အသွေး လှလှပပလေးများကို ရွေးချယ်ကာ ဝယ်ခဲ့သည်။ ဝယ် ထားသော်လည်း နှမြောသဖြင့် မည်သည့်စာမျှ ချမရေးဖြစ်ခဲ့သည့် ဒိုင်ယာရီအလွတ်လေးများလည်း ရှိသည်။

ထိုမှစ၍ ကျွန်မသည် နေ့စဉ်ဒိုင်ယာရီ ရေးတတ်သူတစ်ဦး အဖြစ် အစပြုခဲ့သည်။ သူငယ်ချင်းများနှင့် စိတ်ကောက်လျှင် လည်း ဒိုင်ယာရီထဲတွင် ထည့်ရေးသည်။ အဒေါ်အပျိုကြီးများ ထံတွင် ဆူပူကြိမ်းမောင်းခံရလျှင်လည်း ဒိုင်ယာရီထဲတွင် ချရေးခဲ့ သည်။ ကျိတ်၍ သဘောကျရသော ကျောင်းနေဖက်ကောင်လေး အကြောင်းမှစကာ ဘဝရည်မှန်းချက်များအကြောင်းအထိ စုံ အောင်ရေးသည်။  တစ်နေ့တာ ကျွန်မကြုံရသမျှကို ဒိုင်ယာရီ ထဲတွင် ရေးသည်။ အထူးသဖြင့် ခံစားချက်ကို ရေးခဲ့သည်က သာ ၍များသည်။

ကျွန်မပိုင်သည့် ဒိုင်ယာရီစာအုပ်ပေါင်း များစွာရှိခဲ့သည်။ ဒီဇိုင်းစုံသည်။ အရွယ်အစားစုံသည်။ တချို့နေ့စဉ် မှတ်တမ်းများ ကို တိုတိုပြတ်ပြတ်ရေးသည်။ တချို့ခံစားချက်များကို တဖွဲ့တနွဲ့ ရေးသည်။ ရေးနေရင်းက ဘောလ်ပင်အမြီးကိုကိုက်ကာ မျက် ရည်မဆည်နိုင် ဖြစ်ခဲ့ရသည်လည်းရှိသည်။ တစ်ယောက်တည်း စိတ်ကူးနှင့်မြူးကာ တခိခိရယ်ခဲ့ရသည်လည်းရှိသည်။

ထိုသို့ ပျော်ရွှင်ရယ်မော ဝမ်းနည်းဖွယ်ရာ အစုံအလင်ရှိနေ တတ်သော ကျွန်မ၏ ဒိုင်ယာရီထဲတွင် ‘ဖေဖေ့ကို မုန်းတယ်’ဟူ သည့် စကားစုတစ်ခုကို ဘယ်နှကြိမ်ရေးခဲ့ဖူးမှန်း မမှတ်မိလောက် အောင်ပင် အကြိမ်ကြိမ် ချရေးခဲ့ဖူးသည်။ တချို့အကြိမ်တွင် စာ လုံးအကြီးကြီးနှင့် စာရွက်ပေါက်ပြဲသွားသည်အထိ အားပြင်း ပြင်းနှင့် ဖိ၍ရေးသည်။  တချို့အကြိမ်တွင် ပုံမှန်စာလုံးအရွယ် ရေးသည်။

မှန်သည်။ ကျွန်မ ဖေဖေ့ကို မုန်းခဲ့သည်။ ဖေဖေသည် မုန်း ချင်စရာကောင်းလွန်းလှသည်။ ဖေဖေ့ကို မုန်းလောက်သည့် အကြောင်းတရားများစွာရှိခဲ့သည်။

ဖေဖေနှင့်ပတ်သက်၍ ကျွန်မဘဝတွင် အမှတ်မိဆုံး အကြောင်းအရာတို့ကို ပြောပါဆိုလျှင် အဖြူရောင် စာအိတ် လေးများ၊ ခေါင်းပေါ်က ဖြတ်ပျံသွားသည့် လေယာဉ်ပျံသံများနှင့် ကျွန်မတံတောင်ဆစ်မှ သေရာပါ အမာရွတ်တစ်ခု ဖြစ်သည်။

ကျွန်မ၏ ဖေဖေသည် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမှ သုံးနာရီခန့် မော်တော်စီး၍ သွားရသော ရွာလေးတစ်ရွာတွင် မွေးဖွားကြီးပြင်းခဲ့သည်။ မြန်မာနိုင်ငံမြေပုံတွင် ရခိုင်ပြည်နယ်၏ ဘေးကပ်လျက် ဘင်္ဂလားပင်လယ်ပြင်တွင် ကျွန်းစုကလေးများ ကို တွေ့နိုင်သည်။ ထိုကျွန်းစုကလေးများကို ဖရုံကာကျွန်းဟု ခေါ်သည်။ ထိုဖရုံကာကျွန်းရှိ ရခိုင်ရွာလေးတစ်ရွာတွင် ကျွန်မ၏ဖေဖေ မွေးဖွားခဲ့သည်။

ရှည်မျောမျောသဏ္ဌ္ဌာန်ရှိသည့် ရခိုင်ပြည်နယ်မြေပုံ၏ မြောက်ဘက်အခြမ်းမှ ဖေဖေနှင့် ထိုမြေပုံ၏ တောင်ဘက်အခြမ်း မှ မေမေတို့သည် ငပလီကမ်းခြေတွင် ဆုံဆည်းခဲ့ကြပြီး မွေးဖွား လာသည့် ကျွန်မသည် ကျွန်မ၏ မေမေကဲ့သို့ပင် တောင်ဘက် အခြမ်းသူ ဖြစ်လာခဲ့သည်။ ပင်လယ်ပြင်ကြီးကို ဖြတ်ကူးကာ သွားရသည့် ဖေဖေ့ဇာတိ၊ အဘိုးအဘွားတွေရှိရာ ဖရုံကာကျွန်း လေးကို အလည်တစ်ခေါက် ရောက်ဖူးရုံမှလွဲ၍ ကျွန်မ၏ ဘဝ တစ်လျှောက်လုံး တောင်ဘက်ခြမ်း၌ပင် နေထိုင်ကြီးပြင်းခဲ့သည်။

ဖေဖေသည် ကျွန်မဘဝတစ်လျှောက်တွင် ကျွန်မတို့သား အမိနှင့် အဝေးကြီးတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။ ကျွန်မ ၏ ငယ်ဘဝတွင် ဖေဖေနှင့် စာချင်းအဆက်အသွယ်သာရှိခဲ့ပြီး မိစုံဖစုံနေခဲ့ရသည့်ကာလကို လက်ချိုးရေတွက်၍ပင် ရလောက် သည်။ တချို့စာသင်နှစ်များတွင် ကျွန်မသည် ဖေဖေရှိရာမြို့ များသို့ လိုက်နေကာ ကျောင်းတက်ခဲ့သည်။ ထိုသို့သော နှစ်များ တွင် စီးပွားရေးတစ်ဖက်နှင့်မို့ ကျွန်မတို့သားအဖနှင့် တစ်နှစ်ပတ် လုံး အတူလိုက်မနေနိုင်သည့် မေမေနှင့် ခွဲရပြန်သည်။ ကျန်နှစ် ကာလများတွင် ကျွန်မ၏ မေမေနှင့်အတူ ကျွန်မမွေးရပ်ဇာတိ တွင် နေထိုင်ခဲ့သည်။

ကျွန်မ၏ အဘိုး၊ အဘွားတို့သည် ပင်လယ်ကိုဖြတ်ကာ ကျွန်မတို့ နေထိုင်သည့် နေရာသို့ မလာရဲ။ ထိုမိအိုဖအိုများအား သားတစ်ယောက်၏ တာဝန်ကျေပွန်အောင် စောင့်ရှောက်ကျွေး မွေးနေသည့် ဖေဖေသည် ကျွန်မတို့ သားအမိအား အဝေးမှနေ၍ လူကြုံရှိလျှင် စာကြုံပါးသည်။ လူကြုံမရှိလျှင် စာတိုက်မှပို့သည်။ အရေးပေါ်ကိစ္စရှိလျှင် ကြေးနန်းရိုက်သည်။

ထိုခေတ်ထိုအခါက တယ်လီဖုန်းဆိုသည်မှာ ရှားပါးပစ္စည်း ဖြစ်သည်။ ဖုန်းခေါ်လိုလျှင် ကြေးနန်းရုံးမှဝန်ထမ်းက တဂွီးဂွီး လှည့်ပေးသည့် အမည်းရောင်လက်လှည့်ဖုန်းကြီးကိုသုံးကာ အာ ခေါင်ခြစ်၍ အော်ဟစ်ပြောရသည်။ သို့သော် ကျွန်မတို့ အသံအား တစ်ဖက်မှမကြားရ။ တစ်ဖက်မှအသံကိုလည်း ကျွန်မတို့က မကြားရ။ ထို့ကြောင့် ကျွန်မတို့မိသားစု၏ အပြန်အလှန်ဆက် သွယ်ရေးအတွက် အားကိုးအားထားပြုရသည်မှာ လူကြုံနှင့် စာ တိုက်ပင်ဖြစ်သည်။

သို့သော် လူကြုံဆိုသည်မှာလည်း တစ်နှစ်နေ၍ တစ် ယောက်မကြုံတတ်ရာ လူကြုံထက် စာတိုက်ကို ပို၍အားကိုးရ လေသည်။ တစ်ခါတစ်ရံတွင် ကျွန်မတို့မြို့မှ ဖေဖေရှိရာမြို့သို့ စာဖြင့်ဆက်သွယ်ရသည်မှာ တစ်လကိုးသီတင်း ကြာမြင့်တတ် သည်။ ထို့ထက်လည်း ပိုချင် ပိုပေမည်။ ကျွန်မကိုယ်တိုင်ကိုယ်ကျ စာမပို့ရသဖြင့် ရက်စွဲနှင့် အချိန်ကာလ အတိအကျကို ကျွန်မမသိ။

ကျွန်မသိသည်မှာ မေမေက ”ကဲ…ဖေဖေ့ဆီကို စာရေးကြမယ်”ဟု ဆိုလျှင် ကြမ်းပြင်တွင်မှောက်ကာ ကျွန်မပြောချင်သော စကားလုံးကလေးများကို စာလုံးလေးများအဖြစ် ရေးခဲ့ရခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကျွန်မစာလုံးမပေါင်းတတ်သော စကားလုံးများကို မေမေ့ကို မေးရသည်။ စာ၏ နိဒါန်းအပျိုးကို မေမေက အမြဲခေါ်ပေးလေ့ရှိသည်။

‘သို့…ဖေဖေ၊ သမီးစာရေးလိုက်ပါတယ်။ ဖေဖေနေ ကောင်းပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်’။ ဒါက ဖေဖေ့ထံသို့စာရေးတိုင်း ကျွန်မရေးခဲ့သည့် နိဒါန်းဖြစ်သည်။

ထို့နောက် ကျွန်မပူဆာချင်သော အရာများကို စီတန်းကာ ချရေးလေ့ရှိသည်။ ဖေဖေပြန်လာလျှင် မုန့်တွေ အများကြီး ဝယ်ခဲ့ ဖို့ မှာဖူးသည်။ အရွယ်တူသူငယ်ချင်းတွေ စီးသဖြင့် အားကျကာ စီးချင်သော BMX စက်ဘီးကလေး ဝယ်ခဲ့ဖို့ မှာဖူးသည်။ ထို့ ထက်ပို၍ အရွယ်ကလေး ရလာသည့်အခါ အဖြူရောင် လေဒီရှူး ဖိနပ်လေး ဝယ်ခဲ့ပေးဖို့ ထည့်ရေးခဲ့ဖူးသည်။ ဖေဖေ လူကိုယ်တိုင် မလာသေးသည့်တိုင် လူကြုံဖြင့် ထည့်ပေးလိုက်မည့် လက် ဆောင်ပစ္စည်းလေးများကို မြင်ယောင်မျှော်လင့်ခဲ့ဖူးလေသည်။

ထိုထိုသော လိုအင်ဆန္ဒများကို ထည့်ရေးထားသည့် စာ ကလေးကို သေသေသပ်သပ်ခေါက်ကာ မေမေ၏ စာနှင့်အတူ တစ်ပါတည်းထည့်ပေးရသည်။ ထိုစာကလေး ဖေဖေ့ဆီရောက်ရန် မေမေက စာတိုက်သို့ သွားသည်။ စာထည့်သည်။ ပူဆာစဉ်က ပူဆာခဲ့သော်လည်း ကျွန်မသည် ဖေဖေ့ထံမှ ပြန်စာကို မမျှော်။ အချိန်တန်လျှင် ဖေဖေ့ထံမှ ပြန်ကြားလာမည့်စာကို မေမေက  မျှော်ကောင်းမျှော်မည်ဖြစ်သော်လည်း ကျွန်မကတော့ ကလေး သဘာဝ မေ့မေ့ပျောက်ပျောက်ပင်။

ကျွန်မ မမျှော်သော်လည်း ဖေဖေ့စာသည် ကျောင်းအုပ် ဆရာကြီးထံမှတစ်ဆင့် ကျွန်မဆီသို့ ရောက်လာလေ့ရှိသည်။ မေမေ့စာနှင့်အတူ တစ်အိတ်တည်းပေါင်း၍ ထည့်ပေးလိုက်သည့် ကျွန်မ၏စာကို ဖေဖေက သေသေချာချာ ဖတ်ကာ သီးသန့် စာ ပြန်ရေးတတ်သည်။ ကျွန်မတက်နေသည့် စာသင်ကျောင်း၊ အတန်းနှင့် အခန်းလိပ်စာ အတိအကျကိုတပ်ကာ ကျွန်မထံသို့ စာပြန်ရေးသည်။

ကျောင်းအုပ်ဆရာကြီးသည် သူ့လက်စွဲတော်ကြိမ်လုံးသေး သေးလေးကို ဝှေ့ကာယမ်းကာ ကျွန်မတို့၏ အခန်းရှေ့ သို့ရောက် လာတတ်သည်။ ထို့နောက် ရခိုင်သံဝဲဝဲဖြင့် ကျွန်မ၏ အမည်ကို အကျယ်ကြီးအော်ခေါ်သည်။ ထိုသို့ခေါ်ပြီဆိုလျှင် အတန်းထဲမှ သူငယ်ချင်းအားလုံး၏ အကြည့်သည် ကျွန်မထံသို့ ချက်ချင်း ရောက်လာလေသည်။

ကျောင်းခန်းပြတင်းပေါက်မှ ခုန်ချကာ ယောက်ျားလေး သူငယ်ချင်းများ၏ ကစားဝိုင်းထဲသို့ ရောက်ရောက်သွားတတ် သည့် ကျွန်မသည် ဆရာကြီး၏ ကြိမ်လုံးဖြင့် မကြာခဏ မိတ် ဆက်ခဲ့ရဖူးသည်။ ထိုနောက်ကြောင်းရာဇဝင်များကြောင့် သူ ငယ်ချင်းများက ကျွန်မအား ‘မြတ်စုမွန်တော့ ဆော်ပလော်တီး ခံရတော့မယ်’ဆိုသည့် အကြည့်ဖြင့် ကြည့်ကြခြင်းဖြစ်ပေမည်။

သို့သော် ကျွန်မသည် ဆရာကြီး၏ မျက်နှာအမူအရာနှင့် လေသံကို ခန့်မှန်းကြည့်လျှင် ကျွန်မအတွက် ပျော်စရာ သတင်း တစ်ခုခုပါလာသည်ဟု စိတ်ထဲက အလိုအလျောက် ခံစားမိသည်။ မြူးကြွသော ခြေလှမ်းတို့ဖြင့် ဆရာကြီး၏ ရှေ့သို့ စွေ့ခနဲရောက် သွားလျှင် ဆရာကြီးက တံဆိပ်ခေါင်းကျကျနနကပ်ထားသည့် စာအိတ်အဖြူကလေးကို ထောင်ပြသည်။ ဖေဖေ့ဆီက လာသည့် စာ။ ထိုအချိန်တွင် ကျွန်မ လှိုက်ခနဲပျော်ရသည်။

စာအိတ်ကို ဖောက်ဖတ်ချင်သဖြင့် စာသင်ချိန်ကို အောင့် အည်းကျော်ဖြတ်ရသည်။ စာသင်ချိန်တစ်ချိန်ပြီး၍ ဆရာမ ထွက် သွားကာ နောက်ဆရာမတစ်ဦး မရောက်မီစပ်ကြားတွင် စာကို အလျင်အမြန်ဖွင့်၍ ဖတ်ရသည်။ စာအိတ်အနားဖျားကို တိတိရိရိ ကလေးဖြတ်ဖောက်ကာ အထဲမှ စာခေါက်ကလေးကို ထုတ် သည်။ စာခေါက်ကလေးကို ဖြန့်လိုက်ချိန်တွင် ကျွန်မအလွန် ပျော်သွားစေမည့် လက်ဆောင်လေးတစ်ခုကို အမြဲတွေ့ရလေ့ ရှိသည်။ ဖေဖေ့စာကို မဖတ်မီ ထိုလက်ဆောင်ကလေးကို ကွန် ပါဘူးထဲသို့ သေသေချာချာ ထည့်သည်။

ထိုလက်ဆောင်ကလေး ဆိုသည်မှာ အခြားမဟုတ်။ ၂ဝ ကျပ်တန်ဖြစ်စေ၊ ၅ဝ ကျပ်တန်ဖြစ်စေ အသစ်ကျပ်ချွတ် ငွေစက္ကူ လေးတစ်ရွက်ကို ကျစ်ကျစ်လျစ်လျစ်ခေါက်ကာ ဖေဖေက ကျွန်မ အတွက် မုန့်ဖိုးထည့်ပေးလိုက်ခြင်းဖြစ်သည်။ ၂ဝ ကျပ်တန် ရ လျှင်လည်း ကျွန်မပျော်ခဲ့သည်။ ၅ဝ ကျပ်တန်ရလျှင်လည်း ကျွန်မပျော်ခဲ့သည်။ ဘာပဲရရ ကျောင်းမုန့်ဈေးတန်းတွင် ပိုက်ဆံ ကုန်အောင် မုန့်ဝယ်စားခဲ့သည်ချည်းသာဖြစ်သည်။ ဖေဖေ့ထံမှ မုန့်ဖိုးပါလာကြောင်း မေမေ့ကို ကျွန်မအသိမပေး။ ဒါက ကျွန်မ၏ လျှို့ဝှက်ချက်ဖြစ်သည်။

ဖေဖေ့စာထဲတွင် လိမ်လိမ်မာမာနေရန်၊ မေမေနှင့် အဒေါ် များ၏ စကားကို နားထောင်ရန်၊ မဆိုးရန်၊ စာကြိုးစားရန် စသည့် ဆုံးမစကားများကို ထည့်ရေးလေ့ရှိသည်။ တစ်ခါတစ်ရံတွင် ဖေဖေနေထိုင်သည့်မြို့တွင် ကျွန်မကျောင်းသွားတက်စဉ် ခင်မင် ခဲ့သည့် သူငယ်ချင်းအချို့၏ အကြောင်းကလေးများကို ထည့်ရေး ပေးတတ်သည်။

များသောအားဖြင့် ဖေဖေရေးပို့လိုက်သည့် စာများတွင် လိမ္မာရန်နှင့် စာကြိုးစားရန်ကို ဦးစားပေးရေးသားထားတတ်ပြီး မုန့်ဖိုးလေးများ အမြဲတစေ ထည့်ပေးလေ့ရှိသဖြင့် ကလေး သဘာဝ တခုတ်တရ သိမ်းဆည်းမထားခဲ့သော်လည်း ဖေဖေနှင့် ပတ်သက်လျှင် ကျွန်မအမြဲမှတ်မိနေစေမည့် စာအိတ်အဖြူလေး များဟု ဆိုရမည်ဖြစ်သည်။

နောက်ထပ် မှတ်မိနေသည့် အကြောင်းအရာတစ်ခုမှာ ခေါင်းပေါ်က ဖြတ်ပျံသွားသည့် လေယာဉ်ပျံသံများနှင့် ကျွန်မတံ တောင်ဆစ်မှ သေရာပါ အမာရွတ်တခုအကြောင်းပင်ဖြစ်သည်။

ကျွန်မငယ်စဉ်က လေယာဉ်ပျံသံကြားလျှင် ထိုလေယာဉ်ကို မြင် ရသည့် မြေကွက်လပ်အထိ ပြေးသွားပြီး ကောင်းကင်ကို အမြဲလို လို မော့ကြည့်ခဲ့ဖူးသည်။ လေယာဉ်ပျံသံကြားလျှင် ကျွန်မစိတ် ထဲတွင် စွဲနေသည်မှာ ‘ဒီလေယာဉ်ကြီးနဲ့အတူ ငါ့အဖေပြန်လာပြီ လား’ဆိုသည့် ခံစားချက်ဖြစ်သည်။ ထို့ကြောင့် ခေါင်းပေါ်က ဖြတ်ပျံသွားသည့် လေယာဉ်သံကြားလျှင် ကစားနေသည်ကို ထားခဲ့ကာ အပြေးအလွှားမော့ကြည့်ခဲ့ဖူးသည့် နေ့ရက်များစွာ ရှိခဲ့ဖူးလေသည်။

ကျွန်မ၏ မိခင်သည် သံတွဲမြို့၏ ဈေးကြီးထဲတွင် အထည် ဆိုင်ရောင်းခဲ့သည်။ ကျွန်မတက်သော ကျောင်းနှင့် ဈေးကြီးသည် လမ်းတစ်ဖက်တစ်ချက်စီတွင် ရှိကြသည်။ ကျောင်းပိတ်ရက်များ နှင့် နေ့လယ်ခင်းမုန့်စားကျောင်းဆင်းချိန်များတွင် ကျွန်မသည် ဆိုင်၌နေရသည်က များသည်။ ဆိုင်နီးနားချင်း ရွယ်တူ သူငယ် ချင်းများနှင့် ကစားသည်။

မောင်နှမသားချင်းမရှိသော ကျွန်မသည် သူငယ်ချင်းများ နှင့် တည့်အောင်ပေါင်းသည်။ သူတို့ကစားဝိုင်းတွင် ပါဝင်ခွင့် မရမည်ကို စိုးရိမ်သည်။ သူတို့က မခေါ်မပြော၊ နှုတ်မဆက်ဘဲ နေမည်ကို ကြောက်သည်။ တစ်ဦးတည်းသော သမီးဖြစ်၍ အိမ်၌ ဆိုးသော်လည်း၊ အိမ်၌ စွာသော်လည်း သူငယ်ချင်းများကို အောက်ကျို့ခံ၍ပေါင်းသည်။ အထူးသဖြင့် ဖခင်ဖြစ်သူ အနားတွင် မရှိသည့်အတွက် အားငယ်တတ်ခြင်းသည် မသိစိတ်တွင် ကိန်း အောင်း၍ နေခဲ့လေသည်။

မှတ်မှတ်ရရ ကျောင်းပိတ်ရက်တစ်ရက်တွင် ဈေးထဲရှိ သူ ငယ်ချင်းနှစ်ယောက်နှင့်အတူ ကျွန်မတို့ စိမ်ပြေးတမ်းကစားနေ ကြသည်။ သူတို့က မောင်နှမတွေဖြစ်ကြသည်။ ကျွန်မတို့ သုံး ယောက် ကစားနေစဉ် ကျွန်မနားထဲ၌ လေယာဉ်တစ်စီး ဖြတ်ပျံသွားသည့်အသံကိုကြားလိုက်ရ၏။ ကျွန်မသည် မြေကြီးမှ ဈေး ခေါင်မိုးအထိမြင့်သော ဈေးတံခါးကြီးနောက်သို့ ပြေးဝင်သွား လိုက်သည်။

ထို့နောက် တံခါးကြားမှနေ၍ လေယာဉ်ကို မြင်ရလေ မလားဟုတွေးကာ အပြင်ကို ချောင်းကြည့်နေမိသည်။  ထိုလေ ယာဉ်နှင့်အတူ ဖေဖေပြန်ပါလာပါစေဟု တမ်းတမိလေသည်။ လေယာဉ်ပျံအသံသည် တဖြည်းဖြည်း ဝေး၍ ဝေး၍ သွား သည်။ သည်တစ်ကြိမ်လည်း ဖေဖေပြန်ပါမလာဘူးထင်ပါရဲ့ဟု တွေးကာ အပြင်သို့ပြန်ထွက်ဟန် ပြင်လိုက်သည်။

ထိုစဉ် စောစောက အတူကစားနေသည့် မောင်နှမနှစ်ဦးက ကျွန်မအနီးသို့ ပြေးလာကာ ကျွန်မဝင်နေသော တံခါးကြီးအား အတင်းတွန်း၍ ဖိလေသည်။ တံခါးကြီးနှင့် အုတ်နံရံကြားတွင် ရောက်နေသော ကျွန်မသည် တံခါးကြားတွင် ညပ်ကာ ထိုသို့ မလုပ်ရန် အော်သည်။ ထိုသို့အော်လေ သူတို့က ပို၍ တွန်းလေဖြစ် သည်။ နောက်ဆုံးတွင် ကျွန်မ၏ တံတောင်ဆစ်ကို တံခါးညပ်ကာ သွေးများ ထွက်လာသည်။ သူတို့က မရပ်။

အသံကုန်အော်ဟစ်လိုက်၍ ထင်သည်၊ အနီးဝန်းကျင်မှ လူ ကြီးများပြေးလာကြသည်။ ကျွန်မ၏ မိခင်လည်း ရောက်လာ သည်။ ထိုသူငယ်ချင်းနှစ်ယောက်၏ မိခင်လည်း ရောက်လာ သည်။ ကျွန်မက ဖြစ်ကြောင်းကုန်စင်ကို ဦးစွာတိုင်သည်။ မေမေ သည် ထိုသူငယ်ချင်းနှစ်ယောက်အား ဆူပူကြိမ်းမောင်းသည်။ သူငယ်ချင်းအချင်းချင်း မည်သည့်အတွက်ကြောင့် နာကျင် အောင် ပြုမူကြရသလဲဟု မေးသည်။

ထိုသူငယ်ချင်း၏ မိခင်က သွေးများစီးကျနေသည့် ကျွန်မ ဒဏ်ရာကို နည်းနည်းမျှ မကြည့်။ သူ့သားသမီးများကိုလည်း နည်းနည်းမျှ အပြစ်မတင်။  ထိုသို့လုပ်ရမည့်အစား သူ့သားသမီး များကို ဆူပူကြိမ်းမောင်းသည့် ကျွန်မမိခင်အား ပြန်၍ ရန်တွေ့ လေသည်။ ထိုသို့ဆူပူကြိမ်းမောင်းသည့်အတွက် သူ့သားသမီး များ လိပ်ပြာငယ် (ထိတ်လန့်) သွားလျှင် ဘယ်လိုလုပ်မလဲဟု ဒေါသတကြီးဆိုသည်။ နောက် ထိုသို့ မမာန်ရန်ပြောကာ သူတို့ ဆိုင်သို့ ပြန်သွားကြလေသည်။ ထို့နေ့မှစ၍ ကျွန်မ၏ မိခင်နှင့် ကျွန်မသူငယ်ချင်းတို့၏ မိခင်တို့သည် အခေါ်အပြော မလုပ်ကြ တော့ပေ။

ကျွန်မ၏ တံတောင်ဆစ်မှ အမာရွတ်သည် ယနေ့တိုင် ထင် ထင်ရှားရှား ရှိနေဆဲဖြစ်သည်။ သေရာပါမည့်ဒဏ်ရာ ဖြစ်လေ သည်။ မြင်သာသည့် ရုပ်ပိုင်းဆိုင်ရာ ထိုဒဏ်ရာထက် မမြင်သာ သည့် ‘ငါ့အဖေအနားမှာမရှိလို့ သူတို့ အနိုင်ကျင့်ကြတာ’ဆိုသည့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာက ကျွန်မ၏ ငယ်ရွယ်စဉ်ဘဝအတွက် ပို၍ ကြီးမားခဲ့ပုံရသည်။

ဖေဖေသည် ကျွန်မအထက်တန်းကျောင်းသူဘဝတွင် ကျွန်မတို့သားအမိထံ အပြီးတိုင်ပြန်လာသည်။ အိုမင်းနေသည့် ကျွန်မ၏ အဘိုးအဘွားများကို သူ၏ အစ်မကြီးထံတွင် ထားခဲ့ကာ မြီးကောင်ပေါက်အရွယ် သမီးကို အထိန်းအကွပ်ပြုရန် ပြန်၍ လာခြင်းဖြစ်သည်။ သူ့မိဘများနှင့် ဆွေမျိုးသားချင်းများထံ ရံဖန် ရံခါ ပြန်သွားသည်။ ထိုကာလမှစ၍ ဖေဖေသည် ကျွန်မတို့နှင့် အတူနေထိုင်ခဲ့လေသည်။

ငယ်စဉ်က မိဘများကျောင်းကြိုပို့လုပ်သည့် သူငယ်ချင်း များကို အားကျခဲ့သည့် ကျွန်မ၊ အဖေ၏ လက်ကိုဆွဲကာ ကျောင်း သို့ ခေါ်လာကာ ‘ဒါ ငါ့အဖေ’ ဟု ကြွားချင်သည်။ ကျွန်မသည် ဆယ်ကျော်သက်အရွယ်ရောက်မှသာ မိသားစုစုံစုံလင်လင် နေ ထိုင်ခွင့်ရခဲ့လေသည်။

ဖေဖေသည် စည်းကမ်းကြီးသည်။ ကျွန်မကို လက်ဖဝါးပေါ် တင်ထားမတတ် ချစ်သော်လည်း သူ့စကားကို နားမထောင်ဟု ယူဆလျှင် တုတ်ဆွဲတတ်သူဖြစ်သည်။ ဓနိမိုးထားသည့် ကျွန်မတို့ အိမ်ခေါင်မိုးကြားတွင် ကျွန်မကို ဆော်ပလော်တီးမည့် ဖိုးခေါင် ကြိမ်လုံးလေးတစ်လုံး အမြဲရှိသည်။ သူ့ကို ပြန်ပြောလျှင် နည်း နည်းမျှမကြိုက်။ အပြစ်ရှိသည်ဟု သတ်မှတ်လျှင် ‘ရေဒဏ်၊ သဲ ဒဏ်’ဟု ဆိုကာ ရေပုံးသေးသေးလေးဖြင့် အကြိမ်ကြိမ် ရေခပ် ခိုင်းခြင်းများ ပြုလုပ်ကာ ဒဏ်ပေးတတ်သည်။

ငယ်စဉ်ကတည်းက မိန်းကလေးပီပီသသမရှိ၊ ယောက်ျား လေးဆန်သော ကျွန်မကို ဖေဖေက သိမ်သိမ်မွေ့မွေ့ဖြစ်စေချင် သည်။ ခေါင်းမာသော ကျွန်မသည် မှန်သည် ထင်လျှင် အသား ကို ဓားနှင့်ပင် ခုတ်ခုတ် အသေခံ၍ ကြက်ခေါင်းဆိတ်မခံ ပြန် ပက်မည့်သူမျိုး ဖြစ်သည်။

သားသမီးကို ပုံစံခွက်ထဲထည့်ချင်သည့် ဖေဖေနှင့် မိသားစု ကို ကလန်ကဆန်လုပ်တတ်သော အသက်အပိုင်းအခြားဖြစ် သည့် ဆယ်ကျော်သက်အရွယ် ကျွန်မတို့ တွေ့ကြလေပြီ။ ထို့ နောက် ‘ဖေဖေ့ကို မုန်းတယ်’ဆိုသည့် စကားစုက ကျွန်မ၏ ဒိုင်ယာရီထဲတွင် နေရာယူလာသည်။

လိမ္မာစေချင်၍ ဆုံးမသော ဖေဖေ့ကို ကျွန်မစိတ်ထဲက ပြန်ပြောလေ့ရှိသည်မှာ ‘တစ်သက်လုံးက ပစ်ထားပြီးတော့များ’ ဆိုသည့် စကားလုံးဖြစ်သည်။ တော်စေတတ်စေချင်၍ ဆူပူမာန်မဲ သော ဖေဖေ့ကို ‘ငယ်ငယ်ကတည်းက ကောင်းကောင်း ပြုစုပျိုး ထောင်ပါလား’ဆိုသည့် စကား၊ သိမ်သိမ်မွေ့မွေ့နေစေချင်၍ ပြု ပြင်လိုသော ဖေဖေ့စကားသံများကို ‘နေရာတကာ လိုက်ပြော နေတာပဲ။ ဖေဖေ ငါ့ကို မချစ်ဘူး’ဆိုသည့် စကားလုံးများဖြင့် စိတ် ထဲက အကြိမ်ကြိမ် ပြန်ပြောခဲ့ဖူးသည်။

စိတ်ထဲတွင် အကြိမ်ကြိမ်ပြန်ပြောသည့် စကားလုံးများ သည် ဒိုင်ယာရီပေါ်သို့ လျှံ၍ကျလာခြင်းဟုဆိုရမည်။ ထိုစဉ်က ဒိုင်ယာရီများထဲတွင် ဖေဖေ့ကို မုန်းသည့် အကြောင်းများ အကြိမ် ကြိမ်ပါခဲ့သည်။ ဖေဖေလေ့ကျင့်ပေးခဲ့သည့် ဒိုင်ယာရီရေးသည့် အလေ့အထဖြင့် ဖေဖေ့ကို မုန်းကြောင်း ရေးခဲ့ဖူးလေသည်။

ငယ်စဉ်က ဖေဖေ့ကို မျှော်လင့်တမ်းတသောစိတ်၊ ချစ်ခင် သောစိတ်၊ အားကိုးတကြီးဖက်တွယ်လိုသော စိတ်တို့သည် ဆယ် ကျော်သက်အရွယ်တွင် အလိုအလျောက်ထိုသို့ ပြောင်းလဲလာခဲ့ ကြောင်း ယခုပြန်တွေးကြည့်မိသည်။

သို့သော် ကျွန်မအောင်မြင်ခဲ့သည်။ ဖေဖေအောင်စေချင် သည့် ဆယ်တန်းကို အောင်သည်။ ဘွဲ့တစ်ခုရခဲ့သည်။ ဆယ်တန်း အောင်သည့်နေ့မှ စတင်၍  ဖေဖေသည် တစ်ခါတစ်ရံသောက် တတ်သည့် ဆေးလိပ်နှင့် တစ်ခါတစ်ရံဝါးတတ်သည့် ကွမ်းတို့ကို ဖြတ်ခဲ့သည်။  ဖေဖေဖြစ်စေချင်သည့် ကိုယ့်အားကိုယ်ကိုးကာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သူ ဖြစ်ခဲ့သည်။

ထိုသို့ ဆယ်တန်းအောင်မြင်ခြင်း၊ ဘွဲ့ရခြင်း၊ နောက်ထပ် အတတ်ပညာများ လေ့လာဆည်းပူးလိုခြင်းများသည် ကျွန်မတို့ မိသားစု ခွဲခွာရဦးမည့်သင်္ကေတများ ဖြစ်လာသည်။ မိသားစု စုံစုံလင်လင် နေထိုင်ရန် ပြန်လာသည့် ဖေဖေသည် ဘွဲ့ရပြီးနောက် အိမ်မှထွက်သွားသော သမီးနှင့် ခွဲရပြန်သည်။ ကျွန်မသည်လည်း ကောင်း၊ မေမေသည်လည်းကောင်း၊ ဖေဖေသည်လည်းကောင်း မိသားစုနှင့် စုံစုံလင်လင် နေထိုင်ရမည့်ကံ နည်းခဲ့လေသလားဟု ဆိုရမလိုပင်။

သို့သော် အရွယ်ရောက်လာသည့် ကျွန်မအား မိမိစိတ် ကြိုက်လမ်းကို ရွေးချယ်ခွင့်ပေးခဲ့သည့် မိဘများကို ကျေးဇူးတင် သည်။ ဒါသည်ပင် ကျွန်မ၏ လူကြီးဖြစ်ခွင့်နှင့် ရင့်ကျက်လာမှုကို အသိအမှတ်ပြုရာရောက်သည် မဟုတ်ပါလား။

အတတ်ပညာများကိုလေ့လာဆည်းပူးရန် မွေးရပ်မြေမှ ထွက်ခွာလာစဉ်က ယာယီဟု ထင်ခဲ့သော်လည်း တကယ်တမ်း မှာမူ အပြီးတိုင်ထွက်လာခဲ့ခြင်းဖြစ်နေမှန်း ပို၍ သိလာခဲ့သည်။ ယခုဆိုလျှင် အိမ်မှထွက်လာခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီ။ အသက် ၇ဝ တန်းသို့ ချဉ်းကပ်လာသည့် ဖေဖေနှင့် မေမေသည် နယ်က အိမ်နှင့် ခြံလေးကို မခွဲနိုင်။ ကျွန်မနေထိုင်သည့် မွန်းကျပ် ပိတ်လှောင်သော ရန်ကုန်မြို့ကြီးသို့ လိုက်နေရန်လည်း မဖြစ်နိုင်။ ပညာစုံ၍ ကြင်ရာပါ စုံခဲ့ပြီဖြစ်သည့် ကျွန်မသည်လည်း မိဘများ နှင့် အတူနေထိုင်ရန် ပြန်မည့်နေ့ကို ယတိပြတ် မခန့်မှန်းနိုင်သေး။

နယ်သို့ပြန်လျှင် ဖေဖေအပြင်သွားနေစဉ် မေမေက ကျွန်မအား ဖေဖေ့အကြောင်းကိုပြောသည်။

”သမီးအဖေက တစ်ခါတလေဆို ညဘက် အိပ်ပျော်နေရင်း လည်း သမီး…သမီး ဆိုပြီး ယောင်ခေါ်နေတာ”

”နင့်သမီးက သူငယ်ငယ်က ငါအဝေးမှာသွားနေလို့ စိတ် နာပြီး အခု ငါတို့ကို ထားပြီး ထွက်သွားတာဖြစ်မယ်လို့ ခဏခဏ ပြောတယ်”

မေမေက ထိုသို့ပြောတိုင်း ကျွန်မရင်ထဲတွင် ထိခိုက်မိ သည်။ စိတ်မကောင်းဖြစ်မိသည်။ ငယ်ရွယ်စဉ်ကလေးဘဝ အရွယ်တွင် မိစုံဖစုံ အတူတကွ မနေခဲ့ရသည့် နေ့ရက်များကို ပြန်ရစ်၍ ရလျှင် ပြန်ရစ်၍ အဝေးကြီးကို လွှင့်ပစ်လိုက်ချင်သည်။

ဖေဖေသည် ကျွန်မအား နယ်မှနေ၍ နေ့စဉ်ဖုန်းခေါ်သည်။ ထွေ ထွေထူးထူးကိစ္စ မရှိသော်လည်း နေထိုင်ကောင်းသလားမေးကာ ဖုန်းပြန်ချသွားသည်။ အာလာပသလ္လာပများပြောသည်။ ဖုန်း ပြန်၍ ချသွားသည်။ သူကစ၍ ဖုန်းမခေါ်လျှင် ကျွန်မက သူတို့ဆီ ဖုန်းခေါ်စေချင်သည်။ မိုးလင်းမိုးချုပ် အလုပ်သွားနေရသည့် ကျွန်မသည် နယ်မှမိဘများအား ဖုန်းမခေါ်မိသည့် နေ့များရှိသည်။ ကျွန်မဖုန်းမခေါ်ဘဲ နည်းနည်းရက်ကြာသွားလျှင် ဆူပူကြိမ်း မောင်းကာ သူပြောချင်သည်များကို ပြော၍ ဆောင့်ကြီးအောင့် ကြီးဖြင့် ဖုန်းချသွားတတ်သည်။

ယခုဆိုလျှင် ကျွန်မဒိုင်ယာရီ မရေးဖြစ်သည်မှာ အတော် ပင်ကြာခဲ့ပြီဖြစ်သည်။ အိမ်မှထွက်လာပြီးနောက်ပိုင်းနှစ်များက ဒိုင်ယာရီများကို ပြန်လှန်ကြည့်မိသည်။ ဖေဖေနှင့် ပတ်သက်၍ ရင့်ကျက်လာသည့် အတွေးအခေါ် အရေးအသားများကို မြင်ရ သည်။ မိအိုဖအိုကြီးများကို ပစ်ထား၍ မရသည့်အတွက် သူ့ဘဝ တစ်လျှောက်လုံး မိန်းမနှင့် သမီးကို ခွဲကာနေထိုင်ခဲ့ရသော ဖေဖေ့ကို ကိုယ်ချင်းစာသည့်၊ အတုယူသည့် စကားလုံးများကို တွေ့ရသည်။ ဖေဖေ့ကို မုန်းခဲ့သည်ကို နောင်တရသည့် စကားလုံး များက အစားထိုးနေရာယူထားသည်။

ယခု ဖေဖေ့ကို ကျွန်မ မမုန်းတော့ပေ။ သို့သော် ကျွန်မ သည် မိဘနှင့်ဝေးကွာသည့် အရပ်တွင် အခြေတကျ ဖြစ်နေလေ ပြီ။ ဖေဖေထင်သလို စိတ်နာ၍ အိမ်က ထွက်သွားခြင်းမဟုတ် ကြောင်း အလုပ်နှင့်သက်သေပြဖို့က ကျွန်မ၏ တာဝန်ဖြစ်သည်။

ထိုသို့သော အဖြစ်အပျက်များကို ပြန်၍ ခြုံငုံသုံးသပ်ကြည့်မည် ဆိုလျှင် ကလေးများငယ်ရွယ်စဉ်ကာလတွင် မိဘနှင့် ခွဲ၍ မနေ တာအကောင်းဆုံးဆိုသည့် အတွေးကို ကျွန်မ၏ ကိုယ်တွေ့ အတွေ့အကြုံများထဲမှ တစ်ဆင့်ရသည်။ ငယ်စဉ်ဘဝတစ်လျှောက် လုံး မိဘစုံလင်စွာ၊ စိတ်လုံခြုံစွာ နေထိုင်ကြီးပြင်းခဲ့ရခြင်းသည် လူ တစ်ယောက်၏ ဘဝတစ်လျှောက်လုံးအတွက် များစွာအထောက် အကူဖြစ်စေကြောင်း သတိပြုမိသည်။

ခေတ်ပြောင်းလာသည်နှင့်အမျှ သားငယ်၊ သမီးငယ်များ ကို ချန်ထားခဲ့ကာ အဝေးထွက်၍ အလုပ်လုပ်နေသည့် သူငယ် ချင်းများ၊ မိတ်ဆွေများကို တွေ့ရသည့်အခါတိုင်း ကျွန်မ၏ ငယ် စဉ်ဘဝကိုပြန်သတိရမိသည်။ သူတို့၏ သားငယ်၊ သမီးငယ်များ ကို ကိုယ်ချင်းစာသလို ခံစားမိသည်။

ထိုကလေးငယ်များ၏ ဒိုင်ယာရီထဲတွင် ‘ဖေဖေ့ကိုမုန်း တယ်’ ၊ ‘မေမေ့ကို မုန်းတယ်’ဆိုသည့် စကားလုံးများ ရှိမနေစေ ချင်သည့် ဆန္ဒမျိုးဖြစ်မိလေသည်။   ။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."