အန္တရယ်ကြားက စက်ဘီးသမားများ

Photo : Kyaw Zayar Htun

၂၀၁၅၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ် (၂၃)မှ သတင်းဆောင်းပါးမှဖြစ်ပါသည်။

သီရိဟန်ရေးသား သည်။

ဝန်းကျင်တခိုတွင် မြူ ခိုးတို့က ခပ်ပါးပါးလွှမ်းခြုံထားဆဲ။ လှိုင် မြစ်ပေါ်တွင် ကန့်လန့်ဖြတ်ထိုးထားသော ဘုရင့်နောင်တံတား အမှတ် (၁) ဘက်ကို လှမ်းမျှော်ကြည့် လိုက်ချိန်မှာ စက်ဘီးပေါင်း မြောက်မြားစွာတို့သည် တံတားကို ဖြတ်လျက် ဘုရင့်နောင်လမ်း ဆုံရှိရာဘက်သို့ တစ်ရှိန်ထိုး ပြေးဆင်းလာနေကြသည်ကို တွေ့ ရသည်။
ထိုစက်ဘီးတို့သည် မြစ်၏တစ်ဖက်ကမ်း လှိုင်သာယာ ဘက်ခြမ်းမှ အပြေးနှင်လာကြခြင်းဖြစ်သည်။ ရုတ်တရက်ကြည့် လိုက်လျှင် စက်ဘီးပြိုင်ပွဲ ဝင်နေကြသလား ထင်မှတ်မှားစရာ။ သို့ မဟုတ်လျှင်လည်း လမ်းလယ်က မောင်းလာသော ကားများကို ဘေးတစ်ဘက်တစ်ချက်မှ ခြံရံကာ နင်းလာကြသည့်နှယ်။
သို့သော် တစ်ခုမှမဟုတ်ပါ။ စက်ဘီးနင်းလာသူတို့သည် နံနက်စောစော လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် စက်ဘီးစီးလာကြ ခြင်းသာဖြစ်သည်။ ထိုသို့စက်ဘီးစီးကာ အလုပ်သွားနေကြသူတို့ သည် နံနက် ၆နာရီကျော်အချိန်လောက်မှစ၍ ၈နာရီကျော်လာ သည်အထိ အဆက်မပြတ်သွားနေကြဆဲဖြစ်သည်။

မျက်စိရှေ့ကဖြတ်သွားသော စက်ဘီးများကို ရေတွက် ကြည့်ရာ တစ်မိနစ်လျှင် အစီး ၃ဝ နှုန်းဖြတ်သွားသည်ကို တွေ့ရ သည်။ တစ်နာရီဆိုလျှင်တော့ အစီး ၁,၈ဝဝ နှုန်းရှိပါလိမ့်မည်။ စက်ဘီးအများစုမှာ စီးနင်းသူတစ်ဦးတည်းသာ ပါတတ်သော် လည်း အချို့ဘီးများတွင်တော့ နှစ်ယောက် စီးကြသည်ကို တွေ့ရသည်။
လှိုင်သာယာဘက်မှ ဘုရင့်နောင်၊ သမိုင်း၊ အင်းစိန်ဘက်သို့ အလုပ်လာဆင်းသူများသာ စက်ဘီးစီးကြသည်မဟုတ်ပါ။ ရန်ကုန်မြို့၏ လေးဖက်လေးတန်တွင်ရှိသော ဆင်ခြေဖုံးရပ်ကွက်များ မှ လူအချို့သည်လည်း ၎င်းတို့ နေထိုင်ရာ ဆင်ခြေဖုံးမြို့နယ်များနှင့် နီးကပ်သော မြို့နယ်များသို့ အလုပ်သွားလုပ်သည့်အခါ စက်ဘီး စီးပြီးသွားကြသည်။
မြို့တွင်းခြောက်မြို့နယ်အဖြစ် သတ်မှတ်ထားသော လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ် တထောင်၊ မင်္ဂလာတောင်ညွန့် အတွင်းရှိ အလုပ်ခွင်များသို့လာရောက်သူများထဲတွင် စက်ဘီးစီး အလုပ်ဆင်းကြသူများကို သိပ် မတွေ့ရတတ်သော်လည်း ပတ်ဝန်းကျင်မြို့ နယ်များဖြစ်သည့် စမ်းချောင်း၊ ကမာရွတ်၊ လှိုင်၊ သာကေတ၊ ဒေါပုံ၊ အင်းစိန်၊ လှိုင် သာယာဘက်တစ်လျှောက်တွင်တော့ စက်ဘီးစီး အလုပ်ဆင်းသူ အချို့ကို တွေ့ရတတ်သည်။

စက်ဘီးကို အားကိုးလာကြ
ကားလမ်းမများပေါ်တွင် ကားအစီးရေများလာပြီး ယာဉ် ကြောပိတ်ဆို့မှု ပိုမိုဖြစ်လာသည့် နောက်ပိုင်းတွင်တော့ ယခုလို စက်ဘီးများစီးကာ အလုပ်သွားကြသူအရေအတွက်မှာ ပိုမိုများ ပြားလာကြောင်း ဆင်ခြေဖုံးများတွင် စက်ဘီးစီးသူများက ဆိုသည်။
ညနေပိုင်းအချိန်၌ ပုံမှန်ကားကျပ်လေ့ရှိသော ဘုရင့်နောင် ပွဲရုံတွင် အလုပ်လုပ်နေသည့် ကိုခင်မောင်သန်းသည် အလုပ်သို့ အချိန်မီရောက်ရန် အခက်အခဲရှိသောကြောင့် စက်ဘီးကိုပဲ အား ကိုးနေရသည်ဟုဆိုသည်။
”လမ်းကျပ်၊ ကားကျပ်၊ နိစ္စဓူဝကျတော့ မခံစားနိုင်တော့ ဘူး”ဟု သူက ဆိုသည်။
ကိုခင်မောင်သန်းတွက်ကြည့်သည်။ သူနေထိုင်ရာ လှိုင် သာယာ၊ သုံးထိပ်မှတ်တိုင်အနီးရှိ နေအိမ်မှ အလုပ်သို့ ဘတ်စ် ကားစီးသွားမည်ဆိုပါက ပုံမှန် ၄၅ မိနစ်ခန့်ကြာမြင့်တတ်သော် လည်း အများသောအားဖြင့် ယာဉ်ကြောကျပ်သဖြင့် အချိန်မှန်း ဆရန်မှာ ခက်ခဲသည်ဟု သူက ဆိုသည်။ စက်ဘီးစီးမည်ဆိုလျှင် တော့ အချိန်ကို တွက်နိုင်သည်။ မိနစ် ၂ဝ ခန့်သာကြာသည်တဲ့။
ညဘက်အိမ်ပြန်နောက်ကျ၍ လိုင်းကားများမရှိတော့ သည့် အခြေအနေမျိုးနှင့် ကြုံတွေ့ပါကလည်း ကိုခင်မောင်သန်း အတွက် စက်ဘီးရှိသဖြင့် သွားရေးလာရေးက ပူပန်စရာမလိုတော့။ စက်ဘီးစီးကာ အလုပ်သို့ အချိန်မှန်မှန် ရောက်နိုင်သလို အေးအေးဆေးဆေးလည်း လာနိုင်သည်ဟု အသက် ၃ဝ ကျော် ကိုခင်မောင်သန်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် မြို့တွင်းယာဉ် ကြောပိတ်ဆို့မှု မဖြစ်စေရန် ခုံးကျော်တံတားများ တည်ဆောက် ခြင်း၊ လမ်းဘေးပလက်ဖောင်းများကို ခုတ်ဖဲ့ကာ မော်တော်ယာဉ် သွားလမ်းများ ချဲ့ထွင်ခြင်း၊ ကားလမ်းမများဘေးတွင် ကားရပ် နားခြင်းများ မပြုကြရန် စည်းကမ်းထိန်းသိမ်းခြင်း၊ မြို့တွင်း၌ လည်း လိုင်းကားများသီးသန့်သွားနိုင်ရန် ဘလောက်တုံးများချ ခြင်းများပြုလုပ်နေသော်လည်း ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ် တည်းမှုက ဆက်လက်ရှိနေဆဲပင်ဖြစ်သည်။
အကျိုးဆက်ကတော့ ရန်ကုန်လူထုမှာ ဘတ်စ်ကားပေါ် တွင် အချိန်ကုန်ရသည်က များသထက်များလာသည်။ သို့ဖြစ်ရာ ဆင်ခြေဖုံးမြို့နယ်များမှ မြို့ထဲအထိ စက်ဘီးစီး၍ရမည်ဆိုပါက ယာဉ်ကြောကျပ်သည့်ဒဏ်ကိုရှောင်ရှားနိုင်လိမ့်မည်ဟု တွက်ဆ စဉ်းစားသူများရှိလာသည်။ သို့သော် ပြဿနာက စက်ဘီးလမ်း သီးသန့်မရှိခြင်းနှင့် အချို့လမ်းမများတွင် စက်ဘီးစီးခွင့်မရှိခြင်းတို့ပင်ဖြစ်သည်။
ယာဉ်အန္တရာယ်ဖြစ်ပွားမှုလျှော့ချရန် ရည်ရွယ်ပြီး ပြည် လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဦးဝိစာရလမ်း၊ တက္ကသိုလ်ရိပ်သာ လမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် စက်ဘီးမစီးရဟု ရန် ကုန်တိုင်းဒေသကြီး အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ၂ဝဝ၃ ခုနှစ် နှစ်လယ်တွင် ထုတ်ပြန်ကြေညာထားသည်။

ဝယ်လိုအားမြင့်
ဆင်ခြေဖုံးဧရိယာနှင့် နီးသောမြို့နယ်များသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသော ကိုခင်မောင်သန်းကဲ့သို့ စက်ဘီးစီး၍ အဆင်ပြေသူများကတော့ ယာဉ်ကြောကျပ်သည့်ဒဏ်ကို စက် ဘီးစီးခြင်းဖြင့် ရှောင်ရှားနိုင်ကြသည်။ သို့နှင့်အမျှ စက်ဘီးစီးသူ အရေအတွက်မှာ ယခင်ကထက် များပြားလာတော့သည်။
စက်ဘီးနှင့် အပိုပစ္စည်းအရောင်းဆိုင်များ၏ အဆိုအရ စက်ဘီးရောင်းအားသည် တစ်နှစ်၊ နှစ်နှစ်အတွင်း မြင့်တက်လာ သည်ဟု ဆိုပါသည်။
လှိုင်သာယာ၊ အောင်ဇေယျကြိုးတံတားအဆင်းတွင် ဖွင့် ထားသော ကိုသာအောင်နှင့် ညီများ စက်ဘီးအရောင်းဆိုင်က လည်း သူတို့ဆိုင်အနေနှင့် ပြီးခဲ့သည့် နှစ်နှစ်လောက်ကတည်းက စက်ဘီးရောင်းအားကောင်းလာသည်ဟုဆိုသည်။
”ရောင်းအား နှစ်ဆလောက် တက်လာတယ်။ ကားတွေ ကျပ်၊ ကားတွေပိတ်ကတည်းကပဲ”ဟု အရောင်းတာဝန်ခံ ဒေါ်ချယ်ရီက ပြောပြသည်။အင်းစိန်ခုံးတံတားအနီးရှိ မိုးထက်မြင့်စက်ဘီးအရောင်းဆိုင်မှ အရောင်းစာရေး ကိုဝင်းသိန်းလည်း ယခင်နှစ်တွေကနှင့် စာလျှင် ယခုနောက်ပိုင်း ရောင်းအား နှစ်ဆခန့်တက် လာသည်ဟု ဆိုသည်။
စက်ဘီးတစ်စီး၏ တန်ဖိုးကလည်း အမျိုးအစားပေါ် မူ တည်ပြီး ကျပ်သုံးသောင်းဝန်းကျင်မှသည် ကျပ်သိန်းနှစ်ဆယ် လောက်အထိရှိသည်။ ခြေဖြင့် နင်းရသည့်စက်ဘီးများအပြင် လျှပ်စစ်ဖြင့်မောင်းနှင်သော လျှပ်စစ်စက်ဘီးများလည်း ရောင်း အားကောင်းလာကြောင်း စက်ဘီးဆိုင်များက ဆိုသည်။
စက်ဘီးစီးသူအများဆုံး အသုံးပြုကြသည့် စက်ဘီးများမှာ ကျပ်နှစ်သိန်း၊ သုံးသိန်း ပတ်ဝန်းကျင်ရှိသော ဂျပန်ဘီးများကိုသာ အသုံးပြုစီးနင်းကြသည်ဟုဆိုသည်။ နိုင်ငံခြားမှ(အထူးသဖြင့် ဂျပန်မှ) ပါကင်ပိတ်အထုပ်လိုက်လာသည်များလည်းရှိသည်။ အဆိုပါ အထုပ်များသည် ဈေးနှုန်း ကျပ်လေးသောင်းကျော်ရှိပြီး ဘီး၊ လက်ကိုင်၊ ထိုင်ခုံ၊ စက်ဘီးဘော်ဒီ၊ လူစီးထိုင်ခုံများပါဝင် သည်။ ကျန်သည့် အစိတ်အပိုင်းများကို မိမိလိုအပ်သလို ထပ်မံ တပ်ဆင်နိုင်သည်။
ဂျပန်ဘီးကိုသာ အဓိကထားတင်သွင်းသော Modern Trading Co.,Ltd. မှ ဆိုင်တာဝန်ခံ ကိုဇော်ဝင်းကလည်း လုပ် ငန်းပိုမိုကောင်းမွန်လာသည်ဟုဆိုသည်။
”လွန်ခဲ့တဲ့နှစ်တွေနဲ့စာရင်တော့ ပိုသွင်းရတာပေါ့။ အဆင် ပိုပြေလာပါတယ်”ဟု ကိုဇော်ဝင်းက ပြောပြသည်။

အကျိုးကျေးဇူးများ
စက်ဘီးစီးသူတို့မှာ ယာဉ်ကြောကျပ်သည့်ဒဏ်ကို မခံရရုံ မက အခြားသောအကျိုးကျေးဇူးများလည်းရရှိနေကြသည်။
အဆိုပါအကျိုးကျေးဇူးများထဲမှ တစ်ခုမှာ အလုပ်သွား အလုပ်ပြန်ကုန်ကျမည့် ဘတ်စ်ကားခ သက်သာသွားခြင်းပင်ဖြစ် သည်။ ဘတ်စ်ကားစီးလျှင် သူ့အတွက် တစ်လလျှင် နှစ်သောင်း ကျော်ကုန်ကျနိုင်သည်ဟု ကိုခင်မောင်သန်းက ဆိုသည်။ ယခုလစက်ဘီးစီးတော့ ကုန်ကျစရိတ် မရှိတော့ပေ။
”ကျွတ်တစ်ခါဖာမှ နှစ်ရာ၊ သုံးရာလောက်ကုန်တာ။ ကျွတ် ကောင်းကောင်းဝယ်ထားရင် အဲဒီစက်ဘီးသုံးပါလေ့။ ပြင်ဆင် စရိတ်က တစ်လလုံးနေလို့ ငါးထောင်တောင် မရှိဘူး”ဟု သူက ဆိုသည်။
ယခုဆိုလျှင် ကိုခင်မောင်သန်းနေထိုင်သည့် ပတ်ဝန်းကျင် ရှိ အိမ်တိုင်းနီးပါးတွင် အနည်းဆုံး စက်ဘီးတစ်စီးစီရှိကြသည်ဟု ဆိုသည်။
၁၈ ရာစုအလယ်ပိုင်းက တီထွင်ခဲ့သော ဘီးနှစ်ဘီးတပ်ကာ လူအားဖြင့် ရွေ့လျားရသည့် စက်ဘီးသည် သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းပေးရုံမက ယင်းကို စီးနင်းသူများ၏ ကျန်းမာရေး ကိုပါ အထောက်အကူဖြစ်စေသည်။
စက်ဘီးစီးခြင်းသည် နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချို သွေးချို၊ သွေးတိုးရောဂါနှင့် လေဖြတ်နိုင်ခြေများကို လျှော့ချကာ ကွယ်ပေးနိုင်သကဲ့သို့ ကြွက်သားနှင့် အရိုးအဆစ်များကိုလည်း သန်မာစေသည်ဟု ၂ဝ၁၂ ခုနှစ်တွင် Cycling England အဖွဲ့က ထုတ်ဝေခဲ့သောCycling & Health (စက်ဘီးစီးခြင်းနှင့် ကျန်း မာရေး) အစီရင်ခံစာတွင် ဖော်ပြထားသည်။
လေ့လာမှုတစ်ခုအရ စက်ဘီးပုံမှန်စီးသောသူများသည် မစီးသောသူများထက် သေဆုံးစေနိုင်သည့် အကြောင်းတရား များကို ၃၉ ရာခိုင်နှုန်း လျှော့ချနိုင်သည်ဟု အထက်ပါအစီရင်ခံ စာက ဆက်လက်ဖော်ပြထားသည်။ စက်ဘီးစီးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းနိုင်သကဲ့သို့ စိတ်ကျန်းမာရေးအတွက် လည်း များစွာအထောက်အကူပြုသည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။
စက်ဘီးစီးခြင်းသည် လမ်းပန်းဆက်သွယ်ရေးအရ အဆင် ပြေသကဲ့သို့ ကျန်းမာရေးအကျိုးကျေးဇူးများလည်းရှိသဖြင့် တချို့သော နိုင်ငံများတွင် စက်ဘီးကို မြို့တွင်းသယ်ယူပို့ဆောင် ရေးအတွက် တွယ်တွယ်ကျယ်ကျယ် အသုံးပြုကြသည်။ အစိုးရ များကလည်း အားပေးကြသည်။ Cycling England အဖွဲ့ကိုဆို လျှင် ဗြိတိန်သယ်ယူပို့ဆောင်ရေးဌာနက ရန်ပုံငွေပံ့ပိုးပေးထား ခြင်းဖြစ်ပြီး စက်ဘီးအသုံးပြုသူများပြားလာရေး ဆောင်ရွက်သော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
ထို့အပြင် စက်ဘီးနှင့် ပတ်သက်သော လှုပ်ရှားမှုများကို လည်း ပြုလုပ်လေ့ရှိကြသည်။ စက်ဘီးအသုံးပြုခြင်း၏ အကျိုး ကျေးဇူးများကို လူထုက သဘောပေါက်နားလည်စေရန်နှင့် စက် ဘီးအသုံးပြုသူများ၏ အခွင့်အရေးများ ပိုမိုရရှိစေရန် တောင်းဆို သည့် လှုပ်ရှားမှုတို့ကိုလည်း အချို့သောနိုင်ငံများတွင် ပြုလုပ်  ကြသည်။
ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုဖြစ်သော ကမ္ဘာ့အဝတ်အစားမဲ့ စက်ဘီးစီးနေ့ကို ၂ဝဝ၄ တွင် ကနေဒါနိုင်ငံ၊ ဗန်ကိုဗာမြို့တွင် စတင်ခဲ့သည်။ ယခုအခါ လန်ဒန် အပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံ ၂၉ နိုင်ငံက ကမ္ဘာလုံးဆိုင်ရာပွဲတော်အဖြစ် နှစ်စဉ်ကျင်းပလျက်ရှိသည်။
စက်ဘီးသည် စက်တပ်ယာဉ်များကဲ့သို့ ရုပ်ကြွင်းလောင်စာ ကို အသုံးပြုစရာမလိုသောကြောင့် ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်ပေါ် စေသည့် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များထဲမှ တစ်ခုဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချပြီး ဖြစ် သကဲ့သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရာလည်း ရောက်သည်ဟု ပတ် ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လေ့လာမှုများက ဆိုသည်။
သြစတြေးလျနိုင်ငံမှ မြို့ကြီးခြောက်မြို့တွင် စက်ဘီးအသုံး ပြုခြင်းကြောင့် တစ်နှစ်လျှင် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ တန် ၁၃ သန်း လျှော့ချပြီး ဖြစ်သည်ဟု မကြာသေးမီက ပြုလုပ်ခဲ့သည့် ကွင်းစလန်းပြည်နယ်အစိုးရ၏ သုတေသနတစ်ရပ်တွင် ဖော်ပြ ထားသည်။

လက်တစ်ကမ်းက အ္တရာယ်
စက်ဘီးစီးလမ်းသီးသန့်လုပ်ပေးမထားနိုင်သော မြန်မာ နိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင်တော့ စက်ဘီးစီးသူများ မှာ အန္တရာယ်ကြားက လှုပ်ရှားသွားလာနေကြရသည်။
ရန်ကုန်မြို့တွင်းမြို့ပြင် ကားလမ်းမများထက်တွင် စက်ဘီး စီးရခြင်းက လွယ်ကူအဆင်ပြေသည်တော့ မဟုတ်။ ကားများ ပြည့်ကျပ်နေသည့် လမ်းမများပေါ်တွင် စက်ဘီးစီးသူတို့သည် စွန့် စွန့်စားစားဖြင့်  ရုံးတက်ချိန်၊ ရုံးဆင်းချိန်များကို ကျော်ဖြတ်နေရ သည်။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် အန္တရာယ်က သူတို့ ၏ လက်တစ်ကမ်းတွင်ရှိနေသည်။
စက်ဘီးစီးသူအများစုသည် စက်ဘီးကို ကားလမ်းမ၏ ဘေးဝဲယာကပ်၍ စီးကြသည်။ စက်ဘီးစီးသမားများ အထူးသတိ ထားရသည့် မော်တော်ယာဉ်များကတော့ လမ်းဘေးသို့ ရုတ် တရက်ထိုးရပ်တတ်သည့် တက္ကစီများနှင့် ဘတ်စ်ကားများပင် ဖြစ်သည်ဟု ဆိုကြသည်။
လှိုင်သာယာမှ ဘုရင့်နောင်ပွဲရုံသို့ နေ့စဉ် စက်ဘီးစီး၍ လာ သည့် ကိုခင်မောင်သန်းကတော့ ယာဉ်အန္တရာယ်ကို ရှောင်ရှား သည့်အနေဖြင့် ကားလမ်းမမှ စက်ဘီးမစီးဘဲ ရပ်ကွက်အတွင်း လမ်းများမှ စီးသည်ဟုဆိုသည်။
”စက်ဘီးစီးတယ်ဆိုတာ ကားတွေဘက်ကို ကျောပေးပြီး လာရတာဖြစ်တဲ့အတွက် ကျောမလုံဘူး”ဟု ဆိုသည်။
လှိုင်မြစ်ပေါ်ရှိ အောင်ဇေယျတံတားမှဖြတ်ကာ ဘုရင့် နောင်ဘက် အလုပ်လာဆင်းသော ကိုကျော်ကျော်နိုင်ဆိုလျှင် ကားများအရမ်းရှုပ်သည့်အခါ လမ်းကျဉ်းသည့်နေရာများတွင် စက်ဘီးကို မနင်းတော့ဘဲ ရပ်ထားလေ့ရှိသလို စက်ဘီးကိုတွန်း ကာ လမ်းဆင်းလျှောက်တာမျိုးလည်း ရှိသည်ဟုဆိုသည်။ ယင်း သို့လုပ်ခြင်းက သူ့အတွက် ပို၍ အန္တရာယ်ကင်းသည်ဟုဆိုသည်။
ကိုကျော်ကျော်နိုင်သည် သူနေ့စဉ်ဖြတ်သန်းနေရသည့် အောင် ဇေယျတံတားပေါ်မတက်ခင် ဘုရားစာရွတ်လေ့ရှိသည်ဟု ဆိုသည်။
ညဘက်အလုပ်မှ ပြန်သည့်အခါမျိုးတွင် စက်ဘီးစီးသူများ နောက်ထပ်သတိထားရသည့်အရာကတော့ မီးပွိုင့်များတွင် မီးနီ ဖြတ်မောင်းတတ်သည့် ကားများပင် ဖြစ်သည်။ ညမိုးချုပ်သည့် အချိန်ပြန်တတ်သည့် ကိုခင်မောင်သန်းကတော့ ”ညပိုင်းပြန်တဲ့ အချိန် မီးပွိုင့်ရောက်ရင် သတိရှင်ရှင်ထားပြီး ဖြတ်ကူးရတယ်”ဟု ဆိုသည်။
စက်ဘီးလမ်းသီးသန့်မရှိခြင်းကြောင့် လတ်တလော စက် ဘီးစီးနေကြရသူတို့သည် အသက်အန္တရာယ်ကို မိမိတို့ဘာသာ သတိထားကာ ရှောင်ရှားနေကြရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်နှစ်က ယာဉ် တိုက်မှုပေါင်း ၃,ဝဝ၈ မှုဖြစ်ပွားခဲ့ရာတွင် အနှေးယာဉ်၊ စက်ဘီး များမှ လူကို တိုက်မှု လေးမှုသာရှိခဲ့ပြီး အနှေးယာဉ်နှင့် စက်ဘီးကို မော်တော်ယာဉ်ကဝင်တိုက်မှု ၂၁၂ မှု ရှိခဲ့သည်ဟု လမ်း ၅ဝ ရှိ အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်ဇော်မျိုးထွန်းက ဆိုသည်။ ဆိုင်ကယ်က အနှေးယာဉ်နှင့် စက်ဘီးကို ဝင်တိုက်မှုက တော့ ၈၄ မှု ရှိခဲ့သည်ဟု ဆိုပါသည်။
စက်ဘီးစီးသူအချို့ကတော့ မိမိကိုယ်ကိုယ် ကာကွယ်နိုင် ရန်အတွက် စက်ဘီးစီးဦးထုပ်ဆောင်းခြင်းနှင့် လက်အိတ်စွပ်ခြင်း များပြုလုပ်ကြသည်။ သို့သော်အများစုကတော့ ဘာအကာ အကွယ်မှ မပါဘဲ စက်ဘီးစီးကြသည်။
စက်ဘီးစီးနင်းသူများက တက္ကစီမောင်းသူ၊ ဘတ်စ်ကား မောင်းသူတို့အား ထိတ်လန့်ကြသကဲ့သို့ တက္ကစီယာဉ်မောင်းနှင့် ဘတ်စ်ကားမောင်းသူတို့ကလည်း စက်ဘီးစီးကြသူများကို ပြန် လည်ကြောက်ရွံ့ကြသည်။ မော်တော်ယာဉ်များဖြင့် လမ်းကြော ကျပ်လေ့ရှိသည့် ပန်းဆိုးတန်းကဲ့သို့ နေရာမျိုးတွင် စက်ဘီးသမား များက အတင်းဝင်၊ အတင်းထွက် ရုတ်တရက် ဘွားခနဲ ကိုယ့်လမ်း ကြောင်းရှေ့ကဖြတ်ဝင်လာသည်များကို သတိထားမောင်းရ ကြောင်း အသက် ၅၁ နှစ်အရွယ် ကားသမားတစ်ဦးက ပြောပြသည်။”အန္တရာယ်တအားကိုများပါတယ်။ ကိုယ့်အတွက်လည်း များတယ်။ သူတို့အတွက်လည်းများတယ်”ဟု သူက ဆိုသည်။
စက်ဘီးပုံမှန်စီးသူ ကိုခင်မောင်သန်းကလည်း ကွန်တိန်နာ ကား ပိ၍သေဆုံးခဲ့ရသည့် စက်ဘီးစီးသမားတစ်ဦးကို တွေ့ဖူး သည်ဟုဆိုသည်။ ကွန်တိန်နာကား လဲကျသွားသည့်ဘက်သို့ စက်ဘီးစီးသူက ရှောင်တိမ်းလိုက်ရာမှ သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း စက် ဘီးစီးရသည်မှာ အန္တရာယ်များသလို ဆိုင်ကယ်စီးနင်းခြင်းကို လည်း ၂ဝဝ၃ ခုနှစ်မှ စတင်တားမြစ်ခဲ့သည်။ မတော်တဆထိခိုက် မှု အန္တရာယ်ဖြစ်ပွားမှုနှုန်း များပြားလာခြင်းနှင့် အကြမ်းဖက်လုပ် ဆောင်မှုများကြောင့် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ပြောသည်။
သို့သော် ဒဂုံမြို့သစ်၊ မြောက်ဥက္ကလာနှင့် လှိုင်သာယာကဲ့သို့ ဆင်ခြေဖုံးမြို့နယ်များတွင်တော့ အဖမ်းအဆီးမရှိလျှင် ဟိုနားဒီ နား သွားလာရေးအတွက် မော်တော်ဆိုင်ကယ်ကို အသုံးပြုကြ သလို ဆိုင်ကယ်ကယ်ရီများကိုလည်း တွေ့မြင်ရသည်။

စက်ဘီးလမ်းဖြစ်လာနိုင်မလား
လမ်းမများပေါ်တွင် စက်ဘီးလမ်း သီးသန့်မရှိသည့် အနေ အထားတွင် မော်တော်ယာဉ်များနှင့် စက်ဘီးစီးသူတို့သည် နား လည် မှုဖြင့် လှုပ်ရှား သွားလာနေရသည့် အခြေအနေဖြစ်နေသည်။
ထို့ကြောင့် အန္တရာယ်ကင်းကင်းဖြင့် စည်းကမ်းတကျဖြစ်စေရန် ရန်ကုန်မြို့တွင် စက်ဘီးစီးလမ်းများကို သီးသန့်လုပ်မည်ဆိုပါက မည်သို့ရှိမည်နည်းဟု ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဧည့် ပါမောက္ခဖြစ်သူ ဦးသန်းဝင်းကို မော်ကွန်းက မေးကြည့်ခဲ့ပါသည်။
”ဖြစ်နိုင်သလားဆိုတဲ့ မေးခွန်းအတွက်က လမ်းပေးနိုင် သလားဆိုတဲ့ အချက်ကို အရင်စဉ်းစားရမယ်”ဟု သူက ထောက် ပြသည်။
”ခြုံပြီးပြောမယ်ဆိုရင်တော့ အခြေအနေတွေ အကုန် ပေးတယ်ဆိုရင်တော့ လုံးဝထောက်ခံရမယ်။ သို့သော် လေ့လာ ဆန်းစစ်မှု မရှိဘဲနဲ့တော့ လုပ်လို့မရဘူး။ လေ့လာဆန်းစစ်မှု မရှိ ဘဲနဲ့ လုပ်ခဲ့လို့ အမှားတွေ ဆက်ကာ ဆက်ကာလုပ်ခဲ့ပြီးပြီ”
ယင်းသို့သော လုပ်ငန်းများဆောင်ရွက်မည်ဆိုပါက လုပ် ငန်းမစခင်တည်းက လူမည်မျှအသုံးပြုနိုင်မည်ဆိုသော ခေတ်မီ နည်းပညာများဖြင့် ခန့်မှန်းထွက်ချက်သည့် တိုင်းတာမှုများ ပြု လုပ်မှသာ ဆုံးရှုံးမှုနည်းမည်ဖြစ်သည်ဟု သူက ဆိုသည်။
လွန်ခဲ့သော သုံးနှစ်၊ ယာဉ်ကြောများ ယခုကဲ့သို့ ဆိုးဆိုးရွား ရွား မပိတ်ဆို့ခင်က စက်ဘီးစီးလမ်းများ ပြုလုပ်ပေးရန် အစိုးရထံ အကြံပေးခဲ့ဖူးသည်ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မြင့်က ဆိုသည်။ သို့သော် ယခုအချိန်တွင် စက် ဘီးသွားလမ်းများ ဖောက်လုပ်မည်ဆိုပါက အန္တရာယ်များပြီး လွယ်ကူတော့မည်မဟုတ်ဟု သူက ဆိုသည်။
လက်ရှိ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်နေသည့် အခြေအနေ နှင့် စက်ဘီးလမ်းဖောက်လုပ်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာနမှ လက်ထောက်òန်ကြားရေးမှူး ဦးတိုးအောင်ကလည်း ယခုလို ဆိုသည်။
”အခုတောင် ကားလမ်းတွေချဲ့ဖို့အတွက် လူသွားတဲ့ ပလက်ဖောင်းတောင် ဖျက်နေရတယ်ဆိုတော့ အဆင်မပြေဘူး။ စက်ဘီးသွားလမ်းတွေ လုပ်ပေးဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ လက် ရှိအနေအထားနဲ့ မလွယ်ဘူးဗျ”ဟု ဦးတိုးအောင်က ပြောသည်။
နှစ်စဉ်တိုးပွားလာသော လူဦးရေအရ ထပ်မံတိုးချဲ့ရမည့် မြို့သစ်စီမံကိန်းများတွင် ကောင်းမွန်သော မြို့တွင်းသယ်ယူပို့ ဆောင်ရေးစနစ်များ အကောင်အထည်ဖော်ရန် ကြိုးစားနေ ကြောင်း၊ ရေရှည်စီမံကိန်းအနေဖြင့် ရန်ကုန်မြို့သစ်တည်ဖို့ အစီ အစဉ်ရှိပြီး စီမံကိန်းဖြစ်မြောက်ခဲ့ပါက စက်ဘီးသွားလမ်းကိုပါ ထည့်သွင်းတည်ဆောက်ရန်စဉ်းစားရမည်ဖြစ်သည်ဟု ဦးတိုး အောင်က ဆိုသည်။
”အဲဒီအခါကျရင်တော့  စက်ဘီးသွားလမ်းဆိုတာ လိုကို လိုလာပြီ”ဟု သူက ထောက်ပြသည်။
ရန်ကုန်မြို့တွင်းတွင် စက်ဘီးသွားလမ်းများ ပြုလုပ်ပေး လိုက်ခြင်းဖြင့် တနေကုန်လှုပ်ရှား ရုန်းကန်နေကြရသည့် ရန်ကုန် သူ၊ ရန်ကုန်သားများသည် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကား များပေါ်တွင်သာ အချိန်ကုန်နေခြင်းကို လျှော့ချနိုင်မည်ဖြစ်ပြီး အနီးအနား ပတ်ဝန်းကျင်များသို့လည်း အဆင်ပြေပြေ သွား ရောက်နိုင်မည်ဖြစ်သည်ဟု စက်ဘီးစီးခြင်းကြောင့် ရလာမည့် အကျိုးကျေးဇူးများကို ဦးတိုးအောင်က ရှင်းပြသည်။
ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ (Yangon Heritage Trust) မှ ဥက္ကဋ္ဌဒေါက်တာသန့်မြင့်ဦးက ဥရောပနှင့် အမေရိကရှိ ပြည်သူတို့သည် လမ်းလျှောက်နိုင်ရေးနှင့် စက်ဘီးစီး နိုင်ရေးကိုသာ အဓိကလုပ်ကြပြီး စင်ကာပူလို နိုင်ငံမျိုးတွင်လည်း ကားများကို အကန့်အသတ်များဖြင့်သာ ဝယ်ခွင့်ပြုထားကြောင်း မော်ကွန်းမဂ္ဂဇင်း အမှတ် ၁၇ (၂ဝ၁၄၊ အောက်တိုဘာလထုတ်) ၌ ပါရှိသည့် ‘ရန်ကုန်မြို့ကို ဘယ်သူ့လက်ထဲ ထည့်မလဲ’မျက်နှာ ဖုံးဆောင်းပါးတွင် ရှင်းပြခဲ့ပြီးဖြစ်သည်။
”ရေရှည်ကတော့ Public Transport နဲ့စက်ဘီးတွေ သုံး ဖို့၊ လူတွေလမ်းလျှောက်နိုင်ဖို့က အရေးကြီးတယ်”ဟု ဒေါက် တာသန့်မြင့်ဦးက ဆိုသည်။
လက်ရှိအခြေအနေတွင် ရန်ကုန်တစ်မြို့လုံးရှိ ကားလမ်းမ များတွင် စက်ဘီးသီးသန့်လမ်းများ ဆောင်ရွက်မပေးနိုင်သေးရာ စက်ဘီးစီးသူများမှာ အ္တရာယ်ကြားက သွားလာလှုပ်ရှားနေ       ရသည်။
ကိုခင်မောင်သန်းအနေဖြင့် ယခု စက်ဘီးစီးနေရခြင်းက သူ့အတွက် ကျောမလုံ။ အန္တရာယ်က လက်တစ်ကမ်းတွင် ဖြစ် သည်။ နောက်တက်လာမည့် အစိုးရကို တောင်းဆိုချင်သည်က စက်ဘီးသွားလမ်း သီးသန့်လုပ်ပေးစေချင်သည်ဟု သူက ဆိုသည်။
လောလောဆယ် အန္တရာယ်များကြား စက်ဘီးနင်းနေရ သည့် အဖြစ်ကို သူက ယခုလိုပုံဖော်ပြသည်။
”အန္တရာယ်တွေကြားထဲမှာ သွားနေရတဲ့ ကိုယ့်အဖြစ်ကို ကိုယ်ပြောရရင်တော့ စူပါမန်းပဲ ပြောရမလား။ စပိုက်ဒါမန်းပဲ ပြောရမလား။ (သူတို့လို) ဟီးရိုးတော့ မဟုတ်ပေမယ့် အဖြစ်က အဲဒီလို ဖြစ်နေတယ်” ။          ။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."