အေအာတီဆေး အမြန်ဆုံးပေး အပိုင်း(၁)

ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

ဉာဏ်လင်း နှင့် ဇေယျာလှိုင် ရေးသည်။

သူ့မိသားစု ရှင်သန်ရပ်တည်ရေးအတွက် ဘယ်လို နည်း နှင့်မှ သူတုံးလုံးလဲသွားလို့မဖြစ်ဟု ကိုတင်ထွန်းခံယူထားသည်။ သူလဲသွားပါက ဇနီးသည်နှင့် ဥမမည်စာမမြောက် ကလေး နှစ်ယောက်တို့ ရှင်သန်ရပ်တည်ရေးမှာ အခက်ကြီးခက်ကြမည် မှာ သေချာသည်။

လင်ရောမယားပါ HIVကူးစက်ခံနေရသည့် ကိုတင်ထွန်း တို့ ဇနီးမောင်နှံတွင် ငါးနှစ်အရွယ်ကလေးတစ်ယောက်နှင့် တစ်နှစ် နှစ်လ အရွယ် ကလေးတစ်ယောက်တို့ရှိသည်။ ကိုတင်ထွန်းက ကားဝပ်ရှော့လုပ်ရင်း၊ ဝါးထရံရက်ရင်းဖြင့် တစ်မိသားစုလုံးကို ရှာကျွေးနေခဲ့သူဖြစ်သည်။

ကျန်းကျန်းမာမာနှင့် အလုပ်တွေဆက်လုပ်ပြီး မိသားစုကို ကျွေးမွေးနိုင်ဖို့ လောလောဆယ်မှာ သူ အလိုအပ်ဆုံး အရာက Antiretrovial Therapy(ART) အေအာတီခေါ် ခုခံအားကျဆင်း နေသူများအား တိုက်ကျွေးသော ပိုးထိန်းဆေးပဲဖြစ်သည်။

“ကျွန်တော့်အတွက်တော့ အဲဒီဆေးက အသက် လောက် အရေးကြီးတဲ့ ဆေးပါ၊ ကျွန်တော့်မိသားစုအတွက် အဲဒီဆေး ကို ကျွန်တော် ရကိုရမှဖြစ်မယ်” ဟု အသက် ၄ဝ ဝန်းကျင် ကိုတင်ထွန်း (အမည်လွှဲ)က ခိုင်ကြည်ပြတ်သားသော လေသံ ဖြင့် ပြောဆိုသည်။

ကိုယ်ခံအားထိုးကျပြီး အခြားကူးစက်ရောဂါများ ဝင်လာ ခါမှ အဆိုပါဆေးကို သောက်မည့်အစား ထိုအခြေအနေ မရောက်ခင် ဆေးကြိုသောက်ကာ ကိုယ်ခံအားကို ကိုတင်ထွန်း တွန်းတင်ထားချင်သည်။

ကိုယ့်ကိုယ်ကိုယ် ကိုယ်ခံအား စတင်ကျနေပြီဟု ခံစားလာ မိသောကြောင့် အေအာတီဆေးရှာဖွေရန် ကိုတင်ထွန်းသည် ကလေး အကြီးကို သူ၏မိဘများနှင့် အညာမှာထားခဲ့ကာ ဇနီးသည်နှင့် အငယ်ဆုံးကလေးတို့ကိုခေါ်လျက် ယောက္ခမများရှိရာ ရန်ကုန်သို့ ဆင်းလာခဲ့သည်။

ရန်ကုန်မှာ အသက်ကယ်ဆေးရှာပုံတော်ဖွင့်ရင်း မိသားစု ဝင်ငွေလည်း တစ်ဖက်ကရှာမည်ဟု ကိုတင်ထွန်း ရည်ရွယ်ထား သည်။ လောလောဆယ်တွင်တော့ မြောက်ဥက္ကလာ၊ ဝေဘာဂီ ဆေးရုံရှေ့ရှိ အာသောကာရာမဘုန်းကြီးကျောင်းတွင် အခြားသော ဆေးလိုအပ်သူ အယောက် ၆ဝ ခန့်ဖြင့် အတူနေရင်း ဆေး ရရှိမည့်ရက်ကို စောင့်လင့်နေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)၏ စံနှုန်းသတ်မှတ် ချက်အရဆိုလျင် ကိုတင်ထွန်း၏ CD4 အရေအတွက် ခေါ် ကိုယ် ခံအားအညွှန်းကိန်းသည် တော်တော်ကိုကျဆင်းနေပြီး ဆေး သောက်ကိုသောက်ရတော့မည့် အနေအထားသို့ ရောက်နေ ပြီဖြစ်သည်။ WHO ၏ သတ်မှတ်ချက်အရ CD4 အရေအတွက် ၃၅ဝ အောက်ရောက်သူများကို အေအာတီဆေးစတင် တိုက်ကျွေး ရမည် ဟုဆိုထားသည်။

ယခု ကိုတင်ထွန်း၏ CD4 အရေအတွက်က ၁၆ဝ ဝန်းကျင်ရှိနေသည်။ နိုင်ငံတကာက သတ်မှတ်ထားသည့် စံနှုန်း အတိုင်းဆိုလျှင် မဖြစ်မနေဆေးတိုက်ရတော့မည်၊ ဆေးသောက် ရတော့မည်။ သို့သော် အေအာတီဆေးကို လုံလုံလောက်လောက် မပေးနိုင်သေးသော မြန်မာနိုင်ငံတွင် ကိုတင်ထွန်း၏ CD4 အရေအတွက်သည် ဆေးရရှိမည့် စာရင်းထဲတွင် အကျုံးမဝင်သေးပါ။

HIV ရှိသူ ၂၄ဝ,ဝဝဝ ကျော်ရှိသော မြန်မာနိုင်ငံတွင် အေအာတီဆေးလိုအပ်သည့်အရေအတွက်မှာယင်း၏ တစ်ဝက် (၁၂ဝ,ဝဝဝ)  ဝန်းကျင်ရှိသည်ဟု ကုလသမဂ္ဂHIV နှင့်AIDS ပြန့်ပွားမှု တားဆီးတိုက်ဖျက်ရေးအဖွဲ့ (UNAIDS) ကဆိုသည်။

လောလောဆယ်အနေအထားတွင် အေအာတီဆေး လုံလုံ  လောက်လောက် မပေးနိုင်သေးသောကြောင့် ဆေးလိုအပ်သူ အားလုံး၏ သုံးပုံတစ်ပုံ (၄ဝ,ဝဝဝ) ကျော်လောက်ကိုသာ ဆေးပေးနိုင်သေးသည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် အေအာတီ ဆေးကို အများဆုံး ထောက်ပံ့ ပေးနေသည့် နယ်စည်းမခြားဆရာဝန်များအဖွဲ့-ဟော်လန် (MSF-Holland) ကတော့ ၎င်းတို့အနေနှင့် လောလောဆယ် တတ်နိုင်သည့် အနေအထားမှာ CD4 အရေအတွက် ၁၅ဝ  အောက် ရောက်ရှိသူများကိုသာဦးစားပေးပြီး ဆေးပေးနေရသည် ဟုဆိုသည်။

”ကျွန်တော်တို့တတ်နိုင်တဲ့အနေအထားနဲ့ ဘယ်သူတွေ ကို ဆေးပေးမလဲဆိုတဲ့နေရာမှာ ရွေးချယ်ရတဲ့အလုပ်ဟာ တော် တော်ခက်ခဲတယ်။ CD4 အရေအတွက် ၁၅ဝ လောက်ပဲရှိတဲ့ နာမကျန်းဆုံးလူနာတွေကိုပဲ ကျွန်တော်တို့အနေနဲ့ ဆေးပေးနေ ရတယ်”ဟု ယင်းအဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာပီတာပေါလ်ဒီဂရု(တ်)က ပြောပြပါသည်။

“CD4 အရေအတွက် တအားနည်းတဲ့သူတွေဟာ မကြာခင်ပဲ သေဆုံးသွားနိုင်ပါတယ်။ ဒါကြောင့် သူတို့တွေကို အသက်ရှင် သန်ခွင့်ရစေဖို့ ဒီလိုရွေးချယ်လိုက်ရတာပါ။”

Photo : Zayar Hlaing     ဒဂုံတောင် ၁၈ ရပ်ကွက်မှ HIV ပိုးရှိသူများနားခိုရာ ဂေဟာ

ဆေးဝါးရှားပါး

ဆေးဝါးလိုအပ်သူများအတွက် ရန်ကုန်မြို့၊ တောင်ဒဂုံတွင် ရိပ်မြုံဖွင့်ထားသော (ယခုအခါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေသည့်) ဒေါ်ဖြူဖြူသင်းက ၎င်းတို့နားနေဆောင်တွင် ဆေးဝါးကုသမှုခံယူသူ တစ်နှစ်ထက်တစ်နှစ် ပိုများလာသည် ဟုဆိုသည်။

၎င်းတို့ရိပ်မြုံသို့ ၂ဝ၁ဝ တုန်းက ဆေးကုသမှုခံယူမည့်သူ ၈ဝ ဝန်းကျင်သာရှိရာကနေ ၂ဝ၁၁ အရောက်တွင် ၂ဝဝ ခန့်ရှိ လာပြီး ယခု ၂ဝ၁၂ အရောက်တွင် ၃ဝဝ ဝန်းကျင် ဖြစ်လာသည် ဟုဆိုသည်။

“ရောဂါဝေဒနာခံစားနေရတဲ့သူအားလုံးကို ပေးနိုင်တဲ့ အင်အားက အစိုးရပိုင်းမှာလည်း မရှိဘူး။ အစိုးရဆေးရုံကနေ လူနာတွေအနေနဲ့ ဆေးရရှိနိုင်မှုက တော်တော့်ကိုနည်းပါးတယ်။ (အယောက်) ၁ဝဝ မှာ တစ်ယောက်ရဖို့တောင် ခဲယဉ်းပါတယ်။ ကျွန်မတို့ အများကြီးအားကိုးနေရတာNGO ကို အားကိုးနေရ တာ”ဟု ၎င်းက ဆိုသည်။

“ဆေးဝါးပေးတဲ့ NGO ကလည်း တစ်ခုလောက်ပဲရှိတော့ လူနာတွေအားလုံးအနေနဲ့ ခြုံငုံပြောရမယ်ဆိုရင်တော့ အများကြီး လိုအပ်နေသေးတာတွေ့ရတယ်”

ဒေါ်ဖြူဖြူသင်း ရည်ညွှန်းပြောဆိုသော အဆိုပါ NGO မှာ (MSF-Holland) ဖြစ်ပြီး ယင်းအဖွဲ့က လောလောဆယ်တွင် ဆေးလိုအပ်သူ ၂၅,ဝဝဝ ကို ဆေးပေး လျက်ရှိသည်။

ကိုတင်ထွန်းဆိုလျှင် များမကြာမီ ဆေးရနိုင်ကောင်းရဲ့ဟု ကိုယ့်ကိုယ်ကိုယ် အားပေးနေရသော်လည်း ရမည်၊ မရမည်မှာ မသေချာ။ သိပ်မကြာတော့သော ရက်အပိုင်းအခြားမှာတော့ အင်းစိန်မြို့နယ်ထဲက(MSF-Holland) က ဖွင့်လှစ်ထားသော သဇင်ဆေးခန်းကို ကိုတင်ထွန်း သွားရောက်ကာ CD4 စစ်ရန် စီစဉ်ထားသည်။

သို့သော်လည်း ကိုတင်ထွန်းအနေနှင့် ဆေးရရှိရေး၊ မရရှိ ရေးမှာ ၎င်း၏ CD4 အရေအတွက် ၁၅ဝ အောက်ကျသွားပြီလား၊ ၁၆ဝ ဝန်းကျင်အထိရှိနေတုန်းပဲလားဟူသော အချက်ပေါ်တွင် လုံးလုံးမူတည်နေပါလိမ့်မည်။

ငွေကြေးတတ်နိုင်သည့်သူများကတော့ ဆေးခန်းမှ ဆေး မရသည့်တိုင် သူတို့အတွက် အရေးမဟုတ်။ တစ်လ ၂ဝ,ဝဝဝ ကျပ်ဝန်းကျင် တတ်နိုင်ရုံဖြင့် ဆရာဝန်ညွှန်ကြားသည့် ဆေးကို ဆေးဆိုင်မှ ဝယ်သောက်ပြီး ကိုယ်ခံအားကို ထိန်းနိုင်ကြသည်။

သို့သော် ကိုတင်ထွန်းတို့လို ဝင်ငွေပုံမှန်မရှိသူများအတွက် တော့ ဆေးခန်းကအခမဲ့ပေးမည့် ဆေးဝါးကိုပဲ မျှော်လင့်စောင့် စားရုံ မှတစ်ပါး အခြားဘာမှမတတ်နိုင်။ ကိုယ်ခံအားကျဆင်းမည့် အချိန်ကိုသာ ဆက်လက်စောင့်နေရပေလိမ့်မည်။

အေအာတီဆေး၏ သဘောတရားကလည်း အခြားရောဂါ များ ကို ကုသသည့် ဆေးနှင့် လုံးလုံးမတူ။ သုံး၊ လေးလသောက်ပြီး ရပ်ပစ်လို့ရသည့် ဆေးမျိုးလည်းမဟုတ်။ ကိုယ်ခံအားကို ထိန်း ထားနိုင်ဖို့ တစ်သက်လုံး စိတ်ရှည်လက်ရှည် သောက်သွားရသည့် ဆေးမျိုးဖြစ်သည်။ ထို့ပြင် ဆေးကိုပုံမှန်အဆက်မပြတ် သောက် ပေးဖို့လည်း လိုအပ်ပါသည်။

ဆေးပေးရသည့် အဖွဲ့အစည်းများဘက်မှလည်း ဤ ဆေး ကို တစ်သက်လုံးပေးရမည်ဖြစ်သောကြောင့် လွယ်ကူသည့်ကိစ္စ မဟုတ်ဟု UNAIDS မှ ဒေါက်တာစိုးနိုင်ကဆိုသည်။

“ဆေးတစ်ခုတည်းရှိရုံနဲ့ ပြီးသွားတာမဟုတ်ဘူး။ နိုင်ငံအနှံ့ အပြားမှာရှိနေတဲ့ လိုအပ်တဲ့သူတွေဆီကို ပုံမှန်ရောက်ဖို့ဆိုတာ တော်တော်အရေးကြီးတဲ့ ကိစ္စ၊ တော်တော်စီမံ ဆောင်ရွက်ရတဲ့ ကိစ္စ” ဟု ၎င်းက ဆိုပါသည်။

“ပိုက်ဆံတစ်ခုတည်းနဲ့လည်း ပြီးတာမဟုတ်ဘူး။ လူအင်အားလိုတယ်။ ဆေးလိုအပ်နေတဲ့ လူတွေကို ရော့ . . . အင့်ဆိုပြီး ပေးလိုက်လို့လည်းမရဘူး။ အသေအချာ counseling လုပ်ဖို့လို တယ်။ စနစ်တကျလုပ်ကိုင်နိုင်ကြဖို့လိုတယ်”

ဆေးသောက်ရာတွင်လည်း ပုံမှန်သောက်မှသာ အကျိုးရှိ မည်ဖြစ်ပြီး ဆေးပုံမှန် မသောက်ဖြစ်ပါက ဆေးမတိုးတော့ခြင်း ကဲ့သို့သော ဆိုးကျိုးများဖြစ်လာနိုင်ကြောင်းလည်း ဒေါက်တာ စိုးနိုင်က ထောက်ပြသည်။

ဆေးလိုအပ်သူများနှင့် ဆေးခန်းများအကြား ပေါင်းကူး ပေးနေသော Phoenix Association ခေါင်းဆောင် ဦးသီဟကြိုင် ကလည်း အေအာတီ ဆေးပေးရသည်မှာ အခြားလူသားချင်း စာနာ ထောက်ထားရေးကိစ္စများတွင် အကူအညီပေးရသည်များနှင့် လုံးလုံး မတူပုံကို ယခုလိုရှင်းပြသည်။

“ဒီရောဂါကျတော့ တခြားဟာတွေနဲ့မတူဘူး။ မီးဘေး သင့်တယ်ဆိုရင် စောင်ပေးလိုက်၊ ခြင်ထောင်ပေးလိုက်၊ အိမ် ဆောက်ပေးလိုက်လို့ရတယ်။ ဒီရောဂါကျတော့ စဉ်ဆက်မပြတ် ကုသနေမှ။ ရုပ်ပိုင်း၊ စိတ်ပိုင်းနှစ်ခုလုံးကိုစောင့်ကြည့်ပြီး ထောင် သွားအောင်လုပ်ရတဲ့ကိစ္စ”

အချို့ဆိုလျှင် ဆေးပေးမည့်နေရာကို လာရောက်ဆေးယူ ရန်ပင် သူတို့လက်ထဲမှာ လမ်းစရိတ်က လုံလုံလောက်လောက် မရှိတတ်ကြပါ။ ဆေးလိုအပ်သူများ တစ်နိုင်ငံလုံးတွင် ပျံ့နှံ့နေထိုင် ကြသော်လည်း ဆေးပေးဝေသည့်နေရာများမှာ မြို့ကြီးများတွင် သာရှိရာ သွားရေးလာရေး  အခက်အခဲဖြစ်ကြသည်ဟု  ဆိုပါသည်။

မနွေးနွေး (၂၄) နှစ်ဆိုလျှင် သူ့ခင်ပွန်းကို ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ၎င်းတို့ရွာကနေ ရန်ကုန်ကိုခေါ်ပြီး ဆေးလာယူဖို့ကိုပင် လက်ထဲတွင် ခရီးစရိတ် မရှိသဖြင့် အချိန်အတော်ကြီးကြာ သွားသည်။

ရန်ကုန်ရောက်တော့ သူ့ယောက်ျား၏ CD4 အရေအတွက် မှာ ၃၇ အထိ ထိုးကျသွားပြီဖြစ်သည်။ ယခုတော့ ဆေးဝါး မှန်မှန် မှီဝဲရမှု၊အစားအသောက်မှန်မှုတို့ကြောင့် ကိုယ်ခံအား ပြန်ကောင်းလာပြီဖြစ်သည်ဟု သူကိုယ်တိုင်၌မှာလည်း HIV ကူးစက်ခံနေရသည့် မနွေးနွေး(အမည်လွှဲ)က ပြောပြသည်။

“ဒါတောင် သူ့မိဘတွေဘက်က ပိုက်ဆံပေးလိုက်လို့ လာဖြစ်တာ”ဟု မနွေးနွေးက စိတ်သက်သာသွားသည့်ဟန်ဖြင့် ဆိုသည်။

ရခိုင်ပြည်နယ်ကဲ့သို့ ပဋိပက္ခများဖြစ်ပွားနေသော ဒေသများတွင်တော့ ဆေးပေးဝေသည့်နေရာသို့ ဆေးလိုအပ်သူများ သွားလာနိုင်ရေးမှာ အခက်အခဲများရှိနေသည်ဟု ဆိုပါသည်။

ထိုဒေသမှာ အခြားသော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း များနှင့်အတူ အေအာတီ ဆေးဝါးဖြည့်ဆည်းပေးနေသော (MSF-Holland) ကို ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ဒေသခံတွေက လက်မခံသဖြင့် စစ်တွေရှိ Phoenix  နှင့် ပူးပေါင်းဆောင်ရွက်နေ သည့် Utopia အဖွဲ့က Myanmar Positive Group နှင့်ပေါင်းကာ ဆေးဝါးများကို ဖြန့်ဖြူးပေးနေရသည်ဟုဆိုပါသည်။

“(ဆေးလိုအပ်တဲ့သူတွေထဲမှာ)ရခိုင်လူနာက များတယ်။ ဘင်္ဂါလီက ရှစ်ယောက်လောက်ပဲရှိတယ်။ ၃ဝဝ ကျော်မှာ ကျန်တာက ရခိုင်တွေ” ဟု ဦးသီဟကြိုင်ကဆိုသည်။

“လမ်းပန်းဆက်သွယ်ရေးမှာ စရိတ်စက နည်းနည်းတက် လာတယ်။ ကာဖျူး (နေဝင်ညမထွက်ရအမိန့်)ထုတ်ထားတာ ရှိတော့ စစ်တွေမြို့ပေါ် ကို (ဆေး) လာထုတ်ရင် ညအိပ်ရတာတွေ ရှိတယ်”

ဦးသီဟကြိုင် နောက်တစ်ချက်ထောက်ပြသည်က မြန်မာ ပြည်တစ်ဝန်း အချို့နေရာများတွင် ဆေးလိုအပ်သူများအနေနှင့် လိုအပ်သော သတင်းအချက်အလက်များကို လက်လှမ်းမမီဖြစ်နေကြသည်ဟုဆိုပါသည်။

မည်သည့်နေရာတွင် ဆေးရနိုင်မည်ဆိုသည်ကို မသိကြ သကဲ့သို့ ဘယ်အဆင့်ရောက်မှ ဆေးစသောက်ရမည်ကိုလည်း မသိရှိကြကြောင်း Phoenix Association တည်ထောင်သူလည်း ဖြစ်သည့် ဦးသီဟကြိုင်ကဆိုသည်။

“ရောဂါဖြစ်တိုင်း တချို့က ဆေးမလိုသေးဘူးလေ။ ဘယ် အဆင့်မှာ ဘာတွေသောက်ပြီး ဘာလုပ်ရမယ်ဆိုတာ မသိတော့ ရမ်းသန်းကုပြီး ဒုက္ခတွေရောက်ရော” ဟု ၎င်းကဆိုသည်။

အချို့သူများမှာ ကိုယ်ခံအားကျဆင်းလာသည်နှင့်အမျှ တီဘီရောဂါကဲ့သို့သော ကူးစက်ရောဂါများ အကူးခံနေရသော် လည်း CD4 အရေအတွက်က ဆေးပေးရမည့်အနေအထားအထိ မကျသေးသဖြင့် ဦးစားပေးစာရင်းထဲတွင် မပါဝင်ကြသူများ လည်း ရှိသည်ဟုဆိုသည်။

တချို့ဆိုလျှင် မိမိတို့အလှည့် တော်တော်နှင့် မကျနိုင် သဖြင့် စိတ်မရှည်ဘဲ နေရပ်ကို ပြန်သွားကြသည်များလည်း ရှိ သည်ဟုဆိုပါသည်။

“တချို့ကလည်း ဆက်ပြီး တန်းမစီတော့ဘူး။ အဲဒီအခါမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပေါင်းပြီး ကျသွားတာ ပေါ့။ နောက်ဆုံးပိတ် ဆေးရတဲ့အချိန်ကျတော့ ခံနိုင်ရည်မရှိ တော့ဘူး”ဟု ဖြစ်လေ့ဖြစ်ထရှိသည့် သဘောသဘာဝကို ဦးသီဟကြိုင်က ရှင်းပြသည်။

စိန်ခေါ်မှုများစွာ

HIV နှင့် နေထိုင်နေရသူများအတွက် သူတို့ဘဝမှာ ကိုယ်ခံအား ထိန်းနိုင်ရေး ကြိုးပမ်းနေရသည့် တစ်ချိန်တည်းတွင် အခြားစိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ယင်းတို့ထဲမှ အကြီးမားဆုံး စိန်ခေါ်မှုမှာ ခွဲခြားဆက်ဆံခံကြ ရခြင်းပင်ဖြစ်သည်။ မော်ကွန်း မဂ္ဂဇင်းက တွေ့ဆုံမေးမြန်းမိသမျှ HIVနှင့် နေထိုင်နေရသူများအားလုံးက သူတို့တစ်တွေ၏ နိစ္စဓူဝ ဘဝတွေမှာ ပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံမှုကို ခံခဲ့ကြရသူတွေ ချည်း ဖြစ်နေသည်ဟု ပြောကြသည်။

မနွေးနွေးတို့ လင်မယားဆိုလျှင် ပတ်ဝန်းကျင်၏ မကြား တကြားရော၊ ပေါ်ပေါ်တင်တင်ကော ကဲ့ရဲ့ ရှုံ့ချမှုကို ခံခဲ့ရသည် ဟုဆိုသည်။

ဆေးရုံတွင် ဆေးစစ်သည့်အခါ ခင်ပွန်းနှင့်သူ့ တွင်HIV ရှိနေပြီဟူသည့် အဖြေကို သူတို့နှင့်အတူ ဆေးရုံသို့ ပါလာသော ရွာသားက ရွာပြန်ရောက်သည့်အခါ တစ်ယောက်စကား၊ တစ်ယောက်နား ဖောက်သည်ချ လိုက်သောကြောင့် တစ်ရွာလုံး က မနွေးနွေးတို့ လင်မယားကို ရှောင်သွားတော့သည်ဟု မနွေးနွေး က ပြန်ပြောပြသည်။

“သူ့(ခင်ပွန်း) မိဘ၊ ညီအစ်ကိုမောင်နှမတွေကတောင် မဆက်ဆံကြတော့ဘူး”ဟု မနွေးနွေးက ပြောပြသည်။

အဆိုးဆုံးကတော့ ပဲခူးတိုင်းဒေသကြီးအတွင်းက ဆေးရုံ တစ်ခုမှာ တက်ရောက်ကုသနေတုန်း ဆရာဝန်တစ်ဦး၏ နှိမ့်ချ ဆက်ဆံပြောဆိုလိုက်မှုပင်ဖြစ်သည်။ ထိုဆရာဝန် ပြောပြခဲ့သည့် စကားလုံးများကြောင့် မနွေးနွေးရင်မှာ အခုအထိနာနေတုန်း။

“နင်တို့မှာ ကူးစက်ရောဂါဖြစ်နေပြီ။ အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ဆိုတာ ကုလို့မရဘူး သိရဲ့လား။ ဒီမှာ ကုမပေး ဘူးဆိုပြီး တခြားလူနာတွေကြားထဲမှာ အော်ပြောတာ။ အကုန် သိကုန်ကြတာပေါ့။ ရှက်လည်း တအားရှက်တယ်”ဟု ထိုစဉ်က ဖြစ်ရပ်များကို မနွေးနွေးက စိတ်မကောင်းစွာဖြင့် ပြန်ပြောင်း ပြောပြသည်။

ထိုစဉ်တုန်းက ဘေးနားမှ လူနာအားလုံး၏ မျက်လုံးတွေ က မနွေးနွေးတို့ လင်မယားအပေါ်မှာ။

ယခုတော့လည်း ၎င်းတို့ လင်မယား တည်းခိုနေသော မြောက်ဥက္ကလာ၊ ဝေဘာဂီဆေးရုံရှေ့က အာသောကာရာမ ဘုန်း ကြီးကျောင်းတွင် သူတို့လို ဘဝတူHIV ရှိနေသူများနှင့် တွေ့ဆုံ စကားပြောခွင့်ရသည့်အတွက်  မနွေးနွေး ဖြေဆည်နိုင်နေပါပြီ။

သို့သော်လည်း သူတို့လင်မယားနှစ်ယောက်စလုံးမှာHIV ရှိနေသည်ဆိုသည်ကို တစ်ရပ်တစ်ကျေးမှာ နေထိုင်နေသည့် သူ့အမေကိုတော့ လုံးဝထုတ်ပြောမည်မဟုတ်ဟု မနွေးနွေးက ဆုံးဖြတ်ထားသည်။

“အမေသိရင် သေသွားလိမ့်မယ်။ အမေက တအား ရိုး တာ။ ပြောလို့မဖြစ်ပါဘူး”ဟု ကိုယ့်အတွက်နှင့် အရှက်ရကာ ဒုက္ခများသွားမည့် အမေအတွက် မနွေးနွေးစိုးရိမ်သည်။

HIV ။AIDS တားဆီးကာကွယ်တိုက်ဖျက်ရေး လုပ် ဆောင်နေသူများ၏ အဆိုအရ ယခင်တုန်းကနှင့်စာလျှင်တော့ ပညာပေးမှုများ ပြုလုပ်လာသည့်အတွက် အချို့သောအသိုင်း အဝိုင်းများတွင် ခွဲခြားဆက်ဆံမှုများ တဖြည်းဖြည်း လျော့နည်း လာသည်ဟုဆိုသည်။ သို့သော်လည်း နေရာတော်တော်များတွင် ခွဲခြားဆက်ဆံမှုမှာ မြင့်မားနေဆဲဖြစ်သည်ဟုဆိုပါသည်။   အပိုင်း( ၂ )သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."