ပန်ဆန်းဘာလဲ ပန်ဆန်းဘယ်လဲ

မေလ ၁ ရက်ကနေ ၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့တဲ့ ခြောက်ရက်ကြာ ပန်ဆန်းညီလာခံတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီညီ လာခံကြီးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ (UPWC) နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့ (NCCT) တို့ သဘောတူထားတဲ့ ‘တစ်ပြည်လုံးအပစ်ရပ် ရေးသဘောတူစာချုပ်’ (NCA) မူကြမ်းကို ပြန်လည်သုံးသပ်ညှိ နှိုင်းရင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးရဲ့ သဘော ထားနဲ့ အကြံပြုချက်အသီးသီးကို တင်ပြဆွေးနွေးခဲ့ကြတာဖြစ်ပါ တယ်။ တကယ်တော့ NCA စာချုပ်မူကြမ်း ဆွေးနွေးပွဲအဆင့် ဆင့်မှာ UWSP အဖွဲ့ မပါဖြစ်ခဲ့ပါဘူး။ ရံဖန်ရံခါ လေ့လာသူအဖြစ် နဲ့ တက်ရောက်ခဲ့ကြဖူးတာပဲ ရှိပါတယ်။ ဒီလို NCA စာချုပ်မူ ကြမ်း ဆွေးနွေးပွဲအဆင့်ဆင့်မှာ မပါဝင်ခဲ့တဲ့UWSP အဖွဲ့ဟာ UPWC နဲ့ NCCT တို့ သဘောတူထားတဲ့ NCA စာချုပ်မူကြမ်း ကို ဘာကြောင့် အခုမှ ဝအဖွဲ့ဌာနချုပ် ပန်ဆန်းမြို့မှာ UNFC အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ ပါဝင်တဲ့ ထိပ်သီးအစည်းအဝေး တစ်ရပ်ကို ဦးစီးကျင်းပရတာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ် လာနိုင်ပါတယ်။

မေးခွန်းများ

တကယ်တော့ UWSP  ‘ဝ’အဖွဲ့ရဲ့  မြို့တော် ပန်ဆန်းခေါ် ပန်ခမ်းမြို့ဟာ ပထဝီအနေအထားအရ မြန်မာပြည်အရှေ့ခြမ်း နယ်စပ်တစ်လျှောက်မှာ ရပ်တည်လှုပ်ရှားနေကြတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ အချက်အခြာ အလယ် ဗဟိုမှာ ရှိနေတာပါ။ တစ်နည်းပြောရရင် ကချင်ပြည်နယ်နဲ့ ရှမ်း ပြည်နယ်မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ရှမ်း ပြည်တောင်ပိုင်း မွန်၊ ကရင်ပြည်နယ်က တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ပေါင်းစည်းဆက်စပ်ပေး နိုင်အောင် မဟာဗျူဟာကျတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါ့ အပြင်UWSA တပ်မတော်မှာ အမြဲတမ်း တပ်သားသုံးသောင်း ကျော်နဲ့ အရန်ပြည်သူ့စစ် နှစ်သောင်း နီးပါးရှိထားတဲ့အတွက် မြန်မာပြည်မှာ အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကြီး ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်နိုင်ငံရဲ့ စစ်ရေး နည်းပညာ ပံ့ပိုးကူညီမှုတွေ ရှိနေခဲ့တာ ကြောင့် ခေတ်မီအင်အား တောင့်တင်းမှုအမြင့်မားဆုံးတပ်ဖွဲ့ကြီးလည်း ဖြစ်ပါတယ်။ တစ် ချိန်တည်းမှာ စစ်ရေးအတွေ့အကြုံကြီးမားတဲ့ မိုင်းလားအဖွဲ့နဲ့ ကိုး ကန့်အဖွဲ့တွေဟာ UWSA အဖွဲ့နဲ့ ရေ ရှည်ပူးပေါင်းရပ်တည်လာကြ တဲ့ လက်ဝဲရံ၊ လက်ယာရံ မဟာမိတ်တွေလည်း ဖြစ်ကြပါတယ်။ ဒီလို UWSA အဖွဲ့ရဲ့  မဟာဗျူဟာကျတဲ့ အနေအထားနဲ့ တောင့် တင်းကြွယ်ဝတဲ့ စစ်လက်နက်ပစ္စည်းတွေဟာ မြန်မာပြည်တလွှား၊ အထူးသဖြင့် မြောက်ပိုင်းဒေသမှာ လှုပ်ရှားနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် သဘာဝကျစွာ အဓိကစစ် လက်နက်အင်အား ရေသောက်မြစ်သဖွယ်ဖြစ်နေရပါတယ်။ ဒါ ကြောင့် မြန်မာပြည်မှာ အမျိုးသားအခွင့်အရေးအတွက် တိုက်ပွဲ ဝင်နေကြတဲ့ အင်အားစုမှန်သမျှဟာလည်း UWSA ဌာနချုပ်ဖြစ် တဲ့ ပန်ဆန်းကို ဦးတည်စုစည်းခဲ့ကြတာဖြစ်တယ်။ တစ်ဆက် တည်းမှာ UPWC နဲ့ NCCT တို့ သဘောတူညီထားတဲ့ NCA စာချုပ်မူကြမ်းကိုUWSP ပါဝင်တဲ့ ထိပ်သီးအစည်းအဝေးမှာ    ပြန်လည်သုံးသပ်ညှိနှိုင်းခဲ့ကြပုံရပါတယ်။ UWSA ရဲ့ သဘော ထား မပါဝင်တဲ့ NCA စာချုပ်မျိုးကလည်း လက်တွေ့အားဖြင့် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးကို အာမခံချက်ပေးနိုင်စရာ အကြောင်းမရှိပါဘူး။ ဒီမှာ နောက်ထပ် မေးစရာတစ်ခုရှိလာတာ UWSP အဖွဲ့ဟာ NCA အပစ်ရပ်မူကြမ်းဆွေးနွေးပွဲတွေမှာ ဘာကြောင့် မပါဝင်ခဲ့တာလဲဆိုတဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းနဲ့ ပတ် သက်လို့ UWSP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ”ဝအဖွဲ့ ဟာ အပစ်အခတ်ရပ်စဲပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ကာဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းပါ။ အစိုးရတပ်မတော်နဲ့ တစ်စုံတစ်ရာ စစ်ရေးအရ ထိတွေ့တိုက်ခိုက်မှုလည်း မရှိသေးပါဘူး။ ဒါကြောင့် အပစ်ရပ်စာချုပ် မူကြမ်းကိစ္စမှာ ဘာမှ ပါဝင်ဆွေးနွေးစရာ မလိုအပ်ခဲ့ပါဘူး။ ဝအဖွဲ့အနေနဲ့ အဓိကလို လားတာ အပစ်ရပ်ပြီးနောက် နိုင်ငံရေးဆွေးနွေးမှုတွေ ဆက်လုပ် သွားကြဖို့ပါပဲ။ ဒါကြောင့် UPWC နဲ့ NCCT တို့ အပစ်ရပ်ရေး NCA မူကြမ်း ဆွေးနွေးပြီးချိန်မှာ နိုင်ငံရေးအရ ဆက်လက်ဆွေး နွေးရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း ကြိုတင်ညှိနှိုင်းကြဖို့ ဒီပန်ဆန်းထိပ်သီးညီလာခံကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ ညှိနှိုင်း ဆွေးနွေးရာမှာတော့ ဝအဖွဲ့လည်း ပါဝင်ပါလိမ့်မယ်”လို့ ရှင်းပြခဲ့ ပါတယ်။

ဒါပေမဲ့ ပန်ဆန်းအစည်းအဝေးအတွက် ဖိတ်ကြားရာမှာ NCCT အဖွဲ့ဝင် ၁၆ ဖွဲ့စလုံးကို မဖိတ်ကြားဘဲ UNFC က အဖွဲ့ ဝင် ၁၂ ဖွဲ့ကိုသာ ဖိတ်ကြားခဲ့တာနဲ့ပတ်သက်လို့ ဘာကြောင့်လဲ ဆိုပြီး မေးခွန်းထုတ်မှုတချို့ ရှိနေခဲ့ပါတယ်။ ဝအဖွဲ့အနေနဲ့ NCCT အဖွဲ့ကို အသိအမှတ်မပြုတဲ့သဘော မဟုတ်ပေမယ့် အစိုးရက ဆွေးနွေးဘက်အဖြစ် သဘောထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းမျိုးစုံ ပါဝင်နေလို့ NCCT အဖွဲ့အနေနဲ့ ဖိတ်ကြားလို ဟန် မရှိပါဘူး။ အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် မဟုတ်တဲ့ အဆက်အစပ်မရှိတဲ့ အဖွဲ့အစည်းများကို ဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ပန် ဆန်းညီလာခံကို ချင်းအမျိုးသားတပ်ဦး (CNFၤ)၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး(LDU)၊ ဝအမျိုးသားအဖွဲ့ချုပ်(WNO)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ဒီမိုကရေစီအကျိုးပြုကရင် တပ် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA.PC)၊ ရခိုင်လွတ်မြောက်ရေးပါတီ စတဲ့ NCCT အဖွဲ့ဝင်တွေနဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)နဲ့ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ကို ဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။ တစ်ချိန်တည်းမှာ တပ်မတော်နဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကိုးကန့်တပ်ဖွဲ့  (MNDAA)၊ တအောန်းပလောင်အဖွဲ့  (TNLA)နဲ့ ရခိုင်တပ်မတော် (AA) အဖွဲ့ ကိုယ်စားလှယ်တွေကိုတော့ ဖိတ်ကြားခဲ့ပါ တယ်။ ဒါကြောင့် ပန်ဆန်းညီလာခံစုဖွဲ့မှုမှာ အင်အားကြီးတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ထိပ်သီးတွေ ပါဝင်ခဲ့ပေမယ့် အစိုးရက မလိုလားတဲ့၊ တပ်မတော်က လက်မခံနိုင်တဲ့ အင်အားစုတွေရဲ့ စုစည်းမှုလို့ ယူ ဆဖွယ်ရာဖြစ်ပါတယ်။

နိုင်ငံရေးသဘောထား

ပန်ဆန်းညီလာခံအဖွင့်မိန့်ခွန်းပြောကြားရာမှာ UWSP ဥက္ကဋ္ဌ၊ UWSA စစ်ဦးစီးချုပ် ဦးပေါက်ရိုချန်းက ပြည်တွင်းစစ် ပြဿ      နာကို နိုင်ငံရေးနည်းအရဖြေရှင်းဖို့ အဆိုပြုတင်ပြခဲ့ပါတယ်။ စစ်အစိုးရ ရေးဆွဲပြဋ္ဌာန်းထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရန် အရေးကြီးကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ပေးမှသာလျှင် တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး (NCA) စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ပါဝင်လက်မှတ်ရေးထိုးလိမ့် မည်ဖြစ်ကြောင်းကိုလည်း မေလ ၄ ရက်နေ့က ထုတ်ဖော်ကြေညာ သွားခဲ့ပါတယ်။ ဒီသဘောထားအရ UWSA နဲ့ NCCT တို့ရဲ့ ‘ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေး’လုပ်ငန်းစဉ်ဆိုင်ရာ အခြေ ခံသဘောထား၊ နိုင်ငံရေးအရ တညီတညွတ်တည်း ဖြစ်သွားကြ ပြီဖြစ်ကြောင်း ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ပေးမှသာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ ရေးကို တိုင်းရင်းသားလက်နက်ကိုင်များက လက်မှတ်ထိုးမယ်လို့ ကြေညာလိုက်ခြင်းဟာ တစ်ပြည်လုံးရှိ နိုင်ငံရေးအင်အားစုများရဲ့ သဘောထားနဲ့ တစ်ထပ်တည်းကျ ညီညွတ်သွားစေပေမယ့် NCA စာချုပ်မူကြမ်းကို အလျင်အမြန် လက်မှတ်ထိုးစေချင်တဲ့ သမ္မတဦးသိန်းစိန်ကို နိုင်ငံရေးအရ အရှိုက်ထိုးလိုက်သလို အထိ နာသွားစေနိုင်ပါတယ်။ ဦးသိန်းစိန်က NCA စာချုပ်မှာ အငြင်း ပွားစရာဖြစ်နေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ နိုင်ငံရေး ပြဿ   နာတွေကို နိုင်ငံရေးဆွေးနွေးပွဲဆီကို တွန်းပို့ဘေးဖယ်ထား ပြီးNCA စာချုပ်ကို အလျင်အမြန်လက်မှတ်ထိုးစေချင်တာပါ။ ဒါပေမဲ့ ပန်ဆန်းညီလာခံက NCA စာချုပ် လက်မှတ်ရေးထိုးရေး ကို ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပူးကပ်ပေးလိုက်တဲ့ အတွက် ဦးသိန်းစိန်အဖို့ နိုင်ငံရေးအရ အကြီးအကျယ် အကျပ် ရိုက်သွားစေနိုင်ပါတယ်။ ဒါ့အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်လို တဲ့ ဆန္ဒ လုံးဝမရှိတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တပ်မ တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ စစ်ရေးအရ ဆက်ပြီး ထိပ်တိုက်တိုးစရာအကြောင်းတွေ ပိုမိုတိုးပွားများပြား လာနိုင် ပါတယ်။ အနိမ့်ဆုံးအားဖြင့် သမ္မတဦးသိန်းစိန်ရဲ့ အပစ် ရပ်စာချုပ် အလျင်အမြန်လက်မှတ်ထိုးရေး၊ စိတ်ကူးမိုးတိမ်တွေ ပန်ဆန်းညီလာခံမှာ ပြိုကွဲသွားပြီလို့ ဆိုရပါလိမ့်မယ်။

စစ်ရေးတောင်းဆိုမှုများ

ညီလာခံအဆုံးသတ်နေ့ နောက်ပိုင်း ထုတ်ပြန်ကြေညာ ချက် ၁၂ ချက်ထဲမှာ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ စစ်ဆင်ရေးတွေ ရပ်ဆိုင်းပြီး တိုက်ပွဲတွေ ဆက်လက်မဖြစ်ပွားဖို့ တောင်းဆိုထားပါတယ်။ ဒါ သမ္မတဦးသိန်းစိန် အမိန့်ပေးဆုံးဖြတ် လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာ အမိန့်ပေးဆုံးဖြတ်ရမှာပါ။ အခုအချိန်မှာတော့ စစ်ပွဲတွေဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ကနေ ရခိုင်ပြည်နယ်အနှံ့ ပြန့်နေပါ ပြီ။ ငြိမ်းချမ်းရေး၊ အပစ်ရပ်ရေး ဆွေးနွေးပွဲတွေ စတင်ချိန်က ကချင်ပြည်နယ်မှာKIA ကို အကြီးအကျယ်ထိုးစစ်ဆင်နေရာက နေ ၂ဝ၁၄ ခုနှစ်မှာTNLA အဖွဲ့ရဲ့  တအောန်းပလောင်ဒေသကို အပြင်းအထန် စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ် ဆန်းရောက်ချိန်မှာတော့ ကိုးကန့်ဒေသမှာ ဦးဖုန်ကျားရှင်အဖွဲ့ကို တပ်မတွေ ထည်လဲသုံးပြီး လေကြောင်းထိုးစစ်တွေပါ ဆင်နွှဲခဲ့ကြ ပါတယ်။ အခုနောက်ဆုံးတော့ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်ဒေသအထိ ပျံ့နှံ့သွားခဲ့ပါပြီ။ ဆိုရ ရင် သမ္မတဦးသိန်းစိန်ရဲ့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးကြိုးပမ်းလာ တဲ့ သက်တမ်းသုံးနှစ်အတွင်းမှာ ငြိမ်းချမ်းရေးစကားတွေ မိုးမွှန် အောင် ပြောနေရင်း တပ်မတော်ရဲ့ စစ်ဆင်ရေးအရှိန်အဟုန်က ပိုပိုပြီး မြင့်မားပြင်းထန်၊ ကျယ်ပြန့်လာနေပါတယ်။ ဒီလို ‘မီးစတစ် ဖက်၊ ရေမှုတ်တစ်ဖက်’မူဝါဒတွေ ဆက်လက်ကျင့်သုံးနေလို့က တော့ ငြိမ်းချမ်းရေးမပြောနဲ့၊ အပစ်ရပ်ရေးတောင် ဖြစ်လာနိုင် စရာ အကြောင်းမရှိလှပါဘူး။ ၎င်းတို့ ပူးတွဲညှိနှိုင်းခဲ့ကြတယ်ဆို ပေမယ့် UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ ရခိုင်တပ်မတော် (AA) နဲ့ တအောန်းပလောင် (TNLA) အဖွဲ့တွေကို အစိုးရက အသိ အမှတ်ပြု ပါဝင်ခွင့် မပေးခဲ့ပါဘူး။ အခုနောက်ပိုင်း ပေါ်ပေါက်လာ တဲ့ ဦးဖုန်ကျားရှင်ရဲ့ ကိုးကန့် (MNDAA) အဖွဲ့ကိုလည်း ပြည်ပ က ဝင်ရောက်လာသယောင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စာရင်းမှာတောင် အစိုးရက ထည့်သွင်းအသိအမှတ်ပြုခဲ့ခြင်း မရှိ ခဲ့ကြပါဘူး။ ဒီလို တပ်မတော်နဲ့ နေ့စဉ် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆင်နွှဲနေတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေးစားပွဲကို ဆွဲမခေါ်ဘဲနဲ့ ဘယ်လိုလုပ်ပြီး အပစ်အခတ်ရပ်စဲရေး တစ်ပြည်လုံးအတိုင်း အတာနဲ့ ဖြစ်လာနိုင်မှာလဲ။ ဒီအဖွဲ့တွေကို အစိုးရနဲ့ တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စာရင်း မသွတ်သွင်းခဲ့ပေမယ့် ပန်ဆန်းညီလာခံကတော့ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်စာရင်းသွင်းခဲ့ တယ်။ ဒါကြောင့် အစိုးရနဲ့ တပ်မတော်အနေနဲ့ ပန်ဆန်းညီလာခံ ကို အကောင်းမြင် အသိအမှတ်ပြုစရာ အကြောင်းမမြင်လှပါဘူး။ NCA စာချုပ် လက်မှတ်ရေးထိုးရေးလုပ်ငန်းစဉ်အတွက် ‘ဖျက် မြင်း’တွေရဲ့ အစည်းအဝေးလို့သာ ယူပါလိမ့်မယ်။ ဒါပေမဲ့ သေချာ တာကတော့ ‘ပန်ဆန်းညီလာခံ’တက်ရောက်ခဲ့ကြတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးတွေနဲ့ သင့်လျော်စွာ ဆွေး နွေးညှိနှိုင်းမှု မပြုသမျှတော့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးမဆို ထားနဲ့၊ အပစ်အခတ်ရပ်စဲရေးတောင် လုပ်နိုင်မှာမဟုတ်လို့ သေ နတ်သံတွေကတော့ မုချ ဆက်လက်ဆူညံလွင့်ပျံနေဦးမှာပါ။         ဒီတော့…

ပန်ဆန်းညီလာခံရဲ့ နိုင်ငံရေးအဓိပ္ပာယ်ဘာလဲဆိုတာ ချုပ် ကြည့်လိုက်ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနက် အင်အားအကြီးမားဆုံးအဖွဲ့ဖြစ်တဲ့ UWSA အုပ်စုနဲ့ UNFC အဖွဲ့အစည်းတို့ရဲ့ ပထမဆုံး နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်မှု ခြေလှမ်းကြီးတစ်လှမ်းကို လှမ်းလိုက်တာပါပဲ။ ဒီ အစည်းအဝေးကြီးမှာ UWSA အဖွဲ့ ပါဝင်ဆွေးနွေးခြင်း မရှိခဲ့တဲ့ NCA စာချုပ်မူကြမ်းအပေါ် UNFC အဖွဲ့နဲ့UWSA အဖွဲ့တို့ သဘောထားညှိနှိုင်းသုံးသပ် အကဲဖြတ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဒီ လိုညှိနှိုင်းဆွေးနွေးကြရာမှာ နိုင်ငံရေးအတွင်းသဘောအရ NCA စာချုပ် မချုပ်ဆိုမီ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင် ပြောင်းလဲရန် လိုအပ်တယ်လို့ သဘောထားတူညီခဲ့ကြပါတယ်။ ဒါ့အပြင်NCA စာချုပ် လက်မှတ်ရေးထိုးရာမှာTNLA၊ AA၊ MNDAA အဖွဲ့များ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်ခွင့်ပေးဖို့ အရေးဆိုခဲ့ကြပါတယ်။ တစ် ချိန်တည်းမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေ မှာ ဆင်နွှဲနေတဲ့ တပ်မတော်ရဲ့ စစ်ဆင်ရေးအားလုံး ရပ်ဆိုင်းပေး ဖို့လည်း တောင်းဆိုလိုက်ကြပါတယ်။UWSA အဖွဲ့အနေနဲ့ ဒီ အစည်းအဝေးမှာ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေး တိုင်းအဆင့် ကနေ UNFC နဲ့အတူ ဖက်ဒရယ်ပြည်ထောင်စုအတွင်းမှာ ပြည် နယ်အဆင့်အတန်းရရှိရေးကို တစ်ဆင့်တိုးတင်ပြလိုက်ပါတယ်။ ခြုံပြောရရင် ပန်ဆန်းညီလာခံဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးများရဲ့ နိုင်ငံရေးအရ ညီညွတ်မှုကို တစ်ဆင့်တိုး ပြသလိုက်တာပါပဲ။ ပိုမိုကျယ်ပြန့်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ပိုမိုကျယ်ပြန့်တဲ့ အစည်းအဝေးကိုတော့ ပန် ဆန်းကနေ လော်ခီးလာမှာ ကျင်းပမယ့်NCCT အစည်းအဝေး ကြီးမှာ ထပ်မံမြင်တွေ့ရလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရပါတယ်။ အမှန်ပါပဲ။ ဒီဖြစ်ပေါ်တိုးပွားမှုတွေက သမ္မတဦးသိန်းစိန်ရဲ့ NCA မျှော်လင့်ချက်မိုးတိမ်တွေကို လွင့်ပါးပြိုကွဲသွားစေပါလိမ့်မယ်။      ။

၂၀၁၅၊ဇွန်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၄)မှ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."