ရာဇဝင်ထဲမှာ PCO ကို ထားခဲ့မှာလား

Photo: Thet Oo Mon

၂၀၁၁၄၊အောက်တိုဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၇)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

သက်ဦးမွန် ရေးသည်

စက်တင်ဘာလ၏ ပူပြင်းအိုက်စက်သော နေ့လည်ခင်း နေရောင်အောက်၌ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်း ထောင့် တဝိုက်သည် လမ်းသွားလမ်းလာများဖြင့် ပျားပန်းခက်မျှစည်ကားနေသည်။ မီးပွိုင့်တွင်လည်း ကားများကအ တောင့်လိုက် တန်းစီစောင့်နေကြသည်။စည်ကားဆူညံလျှက်ရှိသော ထိုလမ်းဆုံတွင် သူမတူအောင် တိတ်ဆိတ်ငြိမ်သက်နေသော နေရာလေးတစ်ခုကလည်း ရှိ နေပြန်သည်။ ထိုနေရာကား PCO ဟု လူအများ အတိုကောက်ခေါ်ဝေါ်သည့် Public Call Office ခေါ် အများပြည်သူသုံး တယ်လီဖုန်းရုံကလေးပင်ဖြစ်သည်။

ဖုန်းရုံထဲတွင်တော့ မီးခိုးရောင်နှင့် ဝါကျင့်ကျင့် တယ်လီဖုန်းနှစ်လုံးတို့က တိတ်ဆိတ်စွာ အနားယူလျက်ရှိသည်။ ထိုဖုန်းနှစ် လုံးဘေးတွင် စာအုပ်လေးတစ်အုပ်နှင့် အချိန်မှတ်နာရီလေးတစ်ခုတို့ရှိသည်။ သူတို့ကလည်း မျှော်တော်ယောင်။ အထဲကို လှမ်းကြည့်လိုက်တော့ PCO ဝန်ထမ်းတစ်ဦးက ပလတ်စတစ်ထိုင်ခုံပေါ်မှာ အိပ်စက်လို့။ ဆူညံနေသော ပတ်ဝန်းကျင်သည် သူ့ကို အနှောက်အယှက်ပေးနိုင်သည့်ပုံမပေါ်ပါ။

မကြာသေးသော ကာလကအထိ PCO ဖုန်းရုံများသည် ဖုန်းလာရောက်အသုံးပြုသူများဖြင့် လှုပ်ရှားသက်ဝင်ခဲ့ကြပါသည်။ မိုဘိုင်းဖုန်းတစ်လုံး၏ တန်ဖိုးခေါင်ခိုက်ချိန်က PCO ဖုန်းရုံများသည်သာ လူအများစုလက်လှမ်းမီသည့် ဆက်သွယ်ရေးရုံ များဖြစ်ခဲ့သည်။သို့သော်လည်း တန်ဖိုးနည်းဆင်းကဒ်များပေါများလာပြီး နောက်တွင်တော့ နွေရာသီတွင် သစ်ပင်များက ခါချလိုက်သဖြင့် ကြွေကျမြေခကြရသော ရော်ရွက်ဝါများကဲ့သို့ သက်တမ်း နှစ် ၂၀ နီးပါးရှိ PCO ဖုန်းရုံများသည်လည်း တစ်ဖြုတ်ဖြုတ် ကြွေ လွင့်လာနေပါသည်။

ထောင့်ငါးရာတန်ဖုန်းနှင့် နှစ်သိန်းတန်ဖုန်းများမပေါ်မီ ၂၀၁၂ ခုနှစ်တုန်းက မြန်မာတစ်နိုင်ငံလုံးတွင် PCO ဖုန်းအလုံး ၃,၁၄၃ လုံးနှင့် ဝန်ထမ်းဦးရေ ၂,၀၂၈ ဦးရှိခဲ့ပါသည်။ ယခုအခါတွင်တော့ ဖုန်းအလုံးရေ ၁,၈၉၂ လုံးနှင့် ဝန်ထမ်းဦးရေ ၉၇၅ ဦးသာရှိတော့သည်ဟု ဆိုပါသည်။ သဘောမှာ ဖုန်းရုံအရေအတွက်နှင့် ဝန်ထမ်းဦးရေမှာ ထက်ဝက်ကျော် ကျဆင်း သွားခြင်းဖြစ်ပါသည်။

PCO ၏ အခန်းကဏ္ဍ

ယခင်စစ်အစိုးရလက်ထက် မြန်မာနိုင်ငံတွင် ငွေကြေးတတ်နိုင်သော သူများသာ မိုဘိုင်းဖုန်းသုံးစွဲနိုင်သည့်အနေအထား တစ်ခုဖြစ်ခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငှားရမ်းချထားသော မိုဘိုင်းလ်ဖုန်းဆင်းမ်ကတ်တစ်ကတ်၏ တရားဝင် တန်ဖိုးသည်ပင် ၁၅ သိန်းရှိပြီး ပြင်ပတွင် ထို့ထက် သုံးဆ၊ လေးဆအထိ ဈေးပေါက်ခဲ့ဖူးပါသည်။

သို့ဖြစ်ရာ PCO ဖုန်းဆိုင်များနှင့် ရပ်ကွက်အတွင်းရှိ ပုဂ္ဂလိကကြိုးဖုန်းများကိုသာ လူအများစုက အားကိုးအားထားပြုခဲ့ကြရ သည်။ အချို့ကတော့ မိမိတို့အိမ်နှင့် နီးသော PCO နှင့် ပုဂ္ဂလိကကြိုးဖုန်းများကို ၎င်းတို့၏ လူမှု ဆက်သွယ်ရေးနှင့် အလုပ် အကိုင်အတွက် ခေါ်ဖုန်းအဖြစ် အားထားအသုံးပြုကြသည်။

ကုမ္ပဏီတစ်ခုတွင် အကြီးတန်းသုတေသီလုပ်ကိုင်နေသော အသက် ၂၉ နှစ်အရွယ် မဆွေဇော်ဆိုရင် ယခင်သူ ဖုန်းမကိုင် နိုင်သည့် လွန်ခဲ့သော တစ်နှစ်ခန့်အချိန်အထိ သူတို့လမ်းထဲမှာရှိသော လူခေါ်ပေးသောဖုန်းကို အားကိုးအားထားပြုရသည်။သူ့အလုပ်အကိုင်နှင့် လူမှုဆက်ဆံရေး ကိစ္စများအတွက် ဖုန်းသည်မရှိမဖြစ်အရေးပါခဲ့သည်။ သို့ပေမယ့်လည်း PCO ဖုန်းနှင့် ရပ်ကွက်ထဲက ဖုန်းများကို အသုံးပြုရသည်မှာ သူ့အတွက် အဆင်ပြေလှသည်တော့မဟုတ်။

“ဖုန်းမရှိခင်တုန်းက ရပ်ကွက်ထဲမှာ ကြိုးဖုန်းရှိတဲ့အိမ်ကိုချိတ်ထားရတယ်…ဟိုးအရင် PCO ဆိုင်ရှိတယ် လမ်းထိပ်မှာ။ အဲ့တုန်းကတော့ ဖုန်းပြောခလည်းပေးရတယ်။ လာခေါ်ပေးတယ်ဆိုရင် ဆိုက်ကားခလည်းပေးရတယ်။ အဆင်မပြေဘူး”ဟု ထိုစဉ်တုန်းက အခက်အခဲဖြစ်ရပုံကို သူကပြန်ပြောပြသည်။

၂၀၀၉ ခုနှစ်ဝန်းကျင်တွင်တော့ FEC ၂၀ တန်နှင့် ၅၀ တန် တစ်ခါသုံးမိုဘိုင်းဖုန်းကတ်များကို အစိုးရက ချထားပေးခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင်တော့ ငါးသိန်းတန်မိုဘိုင်းလ် ဖုန်းကတ်များချထားပေးခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ကျပ်နှစ်သိန်းတန် မိုဘိုင်း လ်ဖုန်းများကို ချထားပေးခဲ့ပါသည်။

၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင်တော့ မြန်မာနိုင်ငံတွင် နိုင်ငံတကာနည်းတူ ပြည်သူအများ လူတိုင်းစေ့ဖုန်းကိုင်နိုင်ရေး စီမံ ချက် အရ မြန်မာ့ဆက်သွယ်ရေးက ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဆင်းကဒ်များကို မဲနှိုက်ပြီး ချပေးခဲ့သည်။ သို့သော် လိုသ လောက် ဝယ်ယူနိုင်သည့် အနေအထားတော့ မဟုတ်သေးပါ။

ယခုနှစ်လည်ပိုင်း အော်ရီဒူးက ဆင်းကတ်များကို လိုသလောက်ရောင်းချလာခြင်းနှင့် မြန်မာ့ဆက်သွယ်ရေးကလည်း ယခင်နှင့်စာလျင် ပိုမိုလွတ်လပ်စွာ ရောင်းချပေးလာသောကြောင့် တစ်ချိန်က လူတန်းစား အလွှာတစ်ခုသာကိုင်နိုင်သော မိုဘိုင်းဖုန်းများကို လူအများစု လက်လှမ်းမီလာကြသည်။

“သူများတကာဖုန်းဆိုင်မှာ သူများမျက်နှာကြည့်ပြီးဖုန်းကိုင်ရတဲ့ ဒုက္ခတော့ကင်းသွားတာပေါ့။ အပိုပိုက်ဆံလည်း မကုန် တော့ဘူး” ဟု နိုင်ငံတော်အစိုးရက ချပေးသော ၁၅၀၀တန် ဆင်းကဒ်ကို မဲပေါက်သောသူဆီမှ တစ်သိန်းခွဲနှင့် ဝယ်ပြီးကိုင်နိုင်နေပြီဖြစ်သော မဆွေဇော်က ပြောပြသည်။

သို့သော် အဆင်မပြေတာတစ်ခုတော့ရှိသည်ဟု မဆွေဇော်ကဆိုသည်။ “လိုင်းမမိဘူး အဲဒါတော့တစ်ခုဆိုးတယ်” ဟု သူက ဆိုသည်။

PCO ကို နှုတ်ဆက်ကြပြီ

တန်ဖိုးနည်းဆင်းမ်ကဒ်များအား လွတ်လွတ်လပ်လပ်နှင့် ပေါပေါများများရရှိလာသည့်အချိန်တွင်တော့ ယခင်က PCO ဖုန်းနှင့် ပုဂ္ဂလိကကြိုးဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုတို့ကို အားကိုးခဲ့ကြသော မဆွေဇော်တို့လို လူအများစု၏ အာရုံသည် PCO အပေါ်တွင် မရှိတော့သလောက် လျော့နည်းလာနေပါသည်။သို့ဖြစ်ရာ ဖုန်းရုံအရေအတွက် ကျဆင်းလာသကဲ့သို့ နေ့စဉ်ရရှိသည့် ဝင်ငွေသည်လည်း ကျဆင်းလာသည်ဟု မြို့ထဲ တစ် ဝိုက်ရှိ PCO ဖုန်းရုံ ဝန်ထမ်းများက ဆိုပါသည်။

မြို့ထဲတွင် အကောင်းဆုံးဖုန်းရုံဟု PCO ဝန်ထမ်းများသတ်မှတ်ထားကြ သည့် မြို့တော် ခန်းမအနီးရှိ ဧမာနွေလခရစ်ယာန် ဘုရားကျောင်းဘေးက ဖုန်းရုံတွင် ယခင်က တစ်နေ့ ကျပ်နှစ်သောင်း ကျော်ဝင်ငွေရှိရာက ယနေ့အခါတစ်သောင်း ကျော်ခန့်သာရတော့သည်ဟု အဆိုပါဖုန်းရုံဝန်ထမ်း မသိမ့်က ပြောပြပါသည်။

တစ်ချို့ဖုန်းရုံတွေကတော့ တစ်နေ့ နှစ်ထောင်၊ သုံးထောင်ခန့်သာ ဝင်ငွေရှိတော့သည်ဟုဆိုကြသည်။ ဖုန်းရုံတွေ ဝင်ငွေကျ လာတော့ ဖုန်းရုံဝန်ထမ်းများ၏ ဝင်ငွေသည်လည်း ကျဆင်းလာတော့သည်။“(PCO ဝန်ထမ်း) လုပ်ထားတဲ့ နှစ်တွေက အရမ်းများလို့သာ အလုပ်မထွက်တာ။ မိသားစုဝင်ငွေ မကာမိဘူး။ ဒီနေရာက ကောင်းလို့သာ။ ကျန်တွေနေရာတွေရောက်ရင် အဆင်မပြေဘူး” ဟု မသိမ့်က ပြောပြပါသည်။

အသက် ၃၄ နှစ်အရွယ် မသိမ့်မှာ လွန်ခဲ့သော ဆယ်နှစ်ခန့်၊ ဖုန်းခေါ်ဆိုခ တစ်မိနစ် ၅ ကျပ်အချိန်ကတည်းက PCO ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလကုန်လျှင် အလုပ်နှုတ်ထွက်တော့မည်ဟု သူကဆိုသည်။ အကြောင်း ကတော့ PCO ဝန်ထမ်းအဖြစ်နှင့် ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့သောကြောင့်ဟုဆိုပါသည်။တကယ်တော့ PCO ဝန်ထမ်းများသည် နေ့စားသမားများဖြစ်ကြပြီး တစ်ရက်လုပ်ခ တစ်ရာကျပ်ဖြင့် တစ်လလုပ်အားခ သုံးထောင်ကျပ်သာရရှိသူများဖြစ်ကြသည်။ အပိုဝင်ငွေအဖြစ် မိနစ်စွန်းများကိုတော့ ခံစားခွင့်ရကြသည်။

(မိနစ်စွန်းဆိုသည်မှာ ဥပမာ စာဖတ်သူဖုန်းပြောချိန်သည် တစ်မိနစ်ပင်မပြည့်၊ စက္ကန့် ၃၀ ခန့်သာကြာသည်ဆိုပါစို့။ ငွေရှင်း သည့်အခါကျလျင် တစ်မိနစ်စာပေးရမည်ဖြစ်သည်။ PCO ဝန်ထမ်းများက ဆက်သွယ်ရေးသို့ ငွေပြန်သွင်းသည့်အခါ စာဖတ်သူပြောသော စက္ကန့် ၃၀ အတွက်သာ ငွေသွင်းရန်လိုအပ်ပြီး ကျန်စက္ကန့် ၃၀ စာငွေကြေးကို PCO ဝန်ထမ်းများက ယူထားခွင့်ရရှိသည်။ ဤသည်ကို မိနစ်စွန်းအပိုဝင်ငွေဟု ခေါ်ကြခြင်းဖြစ်သည်။)

PCO ဝန်ထမ်းများမှာ ကိုယ်ကျသည့်မြို့နယ်တွင် ဖုန်းရုံ ၃၀ ရှိပါက ရုံ ၃၀လုံး တွင် တစ်လတစ်ခါ အလှည့်ကျ တာဝန် ထမ်း ဆောင်ကြရပြီး တစ်နေရာနှင့်တစ်နေရာ ဝင်ငွေခြင်းလည်းမတူညီကြသည့်အတွက် ဝင်ငွေကို ခန့်မှန်း၍ မရနိုင်ကြပါ။ဝင်ငွေကောင်းသည့် ဖုန်းရုံများသို့ရောက်လျင် ဝင်ငွေမြိုးမြိုးမြက်မြက်ရရှိတတ်ပြီး ဝင်ငွေမကောင်းသည့်နေရာ ရောက်ပြန် လျင်တော့ စုစောင်းထားသမျှ ပြန်ကုန်ကြရသည်ဟု မသိမ့်ကရှင်းပြပါသည်။ကုန်သည်လမ်းနှင့် လမ်း ၄၀ ထောင့်တွင်ရှိသော PCO ဖုန်းရုံတွင် လုပ်သက် ခုနစ်နှစ်ရှိသည့် အသက်  ၅၂ အရွယ် ဒေါ်ခင်သန်းဦးကလည်း တစ်နေ့တစ်ခြားဆိုးရွားလာသော သူ့လုပ်ငန်းနှင့်ပတ်သက်ပြီး ညည်းညူနေသည်။

သူအနေနှင့် လုပ်သက်ကြာလာသည်ကတစ်ကြောင်း၊ တစ်ခြားအလုပ်ပြောင်းဖို့ရာအတွက်လည်း အသက်အရွယ် ရလာပြီ ဖြစ်သောကြောင့် သည်လုပ်ငန်းကိုသာ ဆက်လက်လုပ်နေရသည်ဟု ဒေါ်ခင်သန်းဦးက ဆိုပါသည်။သူ့နေရာက မနက် ၈နာရီမှ ည ၁၁နာရီအထိဖွင့်သော ဖုန်းရုံဖြစ်သည်။ မနက်ပိုင်းအမျိုးသမီးဝန်ထမ်းစောင့်ပြီး ညနေ ၅နာရီမှ ညဘက်အထိ အမျိုးသားဝန်ထမ်းစောင့်ရပါသည်။ သူ့နေရာမှာ ယခင်က ည၊ မနက်ပေါင်း တစ်ရက် တစ် သောင်းကျော် ဝင်ငွေရှိပြီး ယနေ့တွင်တော့ ခြောက်ထောင်ခန့်သာရတော့သည်ဟု ဒေါ်ခင်သန်းဦး ပြောပြပါသည်။ယနေ့ PCO ဖုန်းအသုံးပြုသူများမှာ ဖုန်းမကိုင်နိုင်သေးသူများနှင့် ဖုန်းကိုင်ထားသော်လည်း ငွေကုန်သွားသည့်အတွက် လာရောက်သုံးစွဲသူတို့သာရှိသည်ဟု ဒေါ်ခင်သန်းဦးက လက်ရှိအနေအထားကို ပြောပြသည်။

သူ့နည်းသူ့ဟန် ရှိနေဦးမည့် PCO

လက်ကိုင်ဖုန်းများကို အသုံးပြုသူများလာနေသော်လည်း လမ်းဘေးရှိ အများပြည်သူသုံးဖုန်းရုံများကတော့ သူ့နည်းသူ့ဟန် နှင့်ရှိနေဦးမည်ဟု မြန်မာ့ဆက်သွယ်ရေးကဆိုပါသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာတွင် လည်း အများပြည်သူသုံးတယ်လီဖုန်းရုံများရှိကြသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်ကတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုတယ်လီဖုန်းဌာန ဒုအင်ဂျင်နီယာချုပ် ဦးသိန်းဟုတ် က မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း အသုံးပြုသူဦးရေ များလာသောကြောင့် အများပြည်သူသုံး PCO ဖုန်းများကို လူစောင့်စရာ မလိုသည့် ကတ်ဖုန်းများအဖြစ်ပြောင်းလဲ တပ်ဆင်သွားရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မီဒီယာများကို ပြောကြား ခဲ့ဖူးပါသည်။

PCO လုပ်ငန်းဆိုသည်မှာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးသည့်လုပ်ငန်းဖြစ်ပြီး သုံးစွဲသူဦးရေကျဆင်းလာသော်လည်း အရေးပေါ်ကိစ္စရပ်များတွင် အသုံးပြုနေကြရဦးမည်ဟု အများပြည်သူသုံးတယ်လီဖုန်းလုပ်ငန်းတာဝန်ခံ(ရန်ကုန်)အရာရှိက မော်ကွန်းကို ပြောပြသည်။

“ပြည်သူလူထုကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုပဲလေ။ မြို့ထဲတွေလည်း ဆက်နေတာပါပဲ။ ကျတာတော့ ကျလာတာ ပေါ့။ အရင်ကဆယ်ယောက်ဆက်မယ်။ အခုငါးယောက်ပဲ ဆက်တော့မယ် ဒီသဘောပဲ” ဟု သူကဆိုသည်။

“ဆင်ခြေဖုန်းတွေ မြောက်ဥက္ကလာတို့၊ လိူင်သာယာတို့ အရေးရယ်၊ အကြောင်းရယ်ဆိုရင် တို့ PCO ဖုန်းတွေပဲ အားကိုးရ တာလေ” ဟု အဆိုပါအရာရှိကဆိုသည်။

PCO ဖုန်းတွေ မတိမ်ကောနိုင်သည့်အကြောင်းကိုလည်း အဆိုပါအရာရှိက ယခုလိုဆိုသည်။

“တစ်ချို့နေရာတွေကျတော့ ဟန်းဖုန်းလိုင်းမမိတာတွေရှိတယ်။ အဲ့အခါကျတော့ ဒီကောင် (ကြိုးဖုန်း) နဲ့ပဲချရတာပဲ”

[ ပြီးပါပြီ။ ]

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."