အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၂၆ (မော်ကွန်း)
NLD က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေး ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းချက်အပေါ် တိုင်းရင်းသားပါတီများက တုန့်ပြန်မှုမတူညီသည်ကို တွေ့ရသည်။
NLD နိုဝင်ဘာ ၁၂ ရက်တွင် တိုင်းရင်းသားပါတီ ၄၈ ပါတီကို “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ဟူ၍ ခေါင်းစဉ်တပ်ထားသည့် ကမ်းလှမ်းချက်တစ်စောင်ကို ထုတ်ပြန်၍ ဖိတ်ခေါ်ခဲ့သည်။
ယင်းဖိတ်ခေါ်ချက်အပေါ် မည်သို့ တုန့်ပြန်မည်ကို ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အချို့ အနိုင်ရရှိပြီး လွှတ်တော်အတွင်း ဝင်ရောက်ခွင့်ရှိမည့် တိုင်းရင်းသားပါတီ ၁၁ ခုကို မော်ကွန်းက မေးမြန်းကြည့်ရာ တုန့်ပြန်မှု မတူညီသည်ကို တွေ့ရခြင်းဖြစ်သည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) ဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်က “ဒါကို အကြောင်းပြန်ကြားဖို့ မရှိဘူး၊ သူတို့က ပူးပေါင်းဆောင်ရွက်ဖို့ ပြောတဲ့ဟာလေ။ ခါတိုင်းလည်း အဲဒီလို စာတွေ အများကြီးထွက်တာပဲ၊ ၈၈ ကတည်းကလည်း ဒီအတိုင်းပဲ ပြောနေတာလေ၊ အခု ရွေးကောက်ပွဲ ပြီးသွားတဲ့အခါမှာ သူတို့သဘောထားက ဒီအတိုင်းပဲ ဆက်ရှိနေပါတယ်ဆိုတာကို ပြောတဲ့သဘောလို့ပဲ ကျွန်တော်မြင်ပါတယ်”ဟု ပြောသည်။
မွန်ညီညွတ်ရေးပါတီကလည်း SNLD ပါတီလိုပင် အကြောင်းပြန်ကြားစရာမလိုကြောင်း ပြောသည်။
NLD ၏ ကမ်းလှမ်းချက်အပေါ် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD)တို့က ပူးပေါင်းဆောင်ရွက်မည်ဟု သဘောထားမှတ်ချက်ပေး သည်။
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ‘ဝ’ အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က ကမ်းလှမ်းမှုကို ကြိုဆိုကြောင်းသာ အကြောင်းပြန်ကြားမည်ဟု ပြောသည်။
ရခိုင်အမျိုးသားပါတီနှင့် ရခိုင့်ဦးဆောင်ပါတီက ဆွေးနွေးနေဆဲဟု ပြောကြားပြီး ကရင်ပြည်သူ့ပါတီက စောင့်ကြည့်ဦးမည်ဟု ဆိုသည်။
#Dailynews

