မင်းကင်း – ၂၀၂၂ ဖေဖော်ဝါရီ ၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ကကျေးရွာသုံးရွာကိုအာဏာသိမ်းစစ်ကောင်စီနဲ့ ပျုစောထီးအဖွဲ့တွေ မီးရှို့ဖျက်ဆီးလို့ အိမ်ပေါင်း ၁၃ဝ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၃၁ရက်နေ့နဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့တွေက ချင်းတွင်းမြစ်ကနေ ရေယာဥ်နဲ့ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ မင်းကင်းနယ် သင်တောအုပ်စု ဘင်ရွာ၊ အုန္နဲဘုတ်ရွာ၊ အနောက်တောရွာတို့က အိမ်တွေကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပါတယ်။
ဒီလို အကြမ်းဖက်ခဲ့လို့ ဘင်ရွာမှာ မီးဘေးသင့် အိမ်ခြေ(၁၀၆)လုံး၊ ဘင်ရွာ ငွေသောင်ယံမှာ နေအိမ်(၂၁)လုံး၊ အနောက်တောရွာမှာ နေအိမ်(၃)လုံး၊ အုန္နဲဘုတ်ရွာ နေအိမ်(၄)လုံး စုစုပေါင်း ၁၃၄ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိဒေသရဲ့ရာသီဥတုဟာ အအေးပိုနေတဲ့ကာလဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေမှာ ခြုံစရာစောင်မလောက်ငှဘဲ အခက်အခဲတွေ့ကြုံနေရကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
အိုးအိမ်မဲ့ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးနဲ့အလှူခံဌာနကို ဘင်ရွာမှာ ဖွင့်လှစ်ထားပြီး အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီ မီးရှို့သွားတဲ့ရွာတွေကို သုံးရက်ဆက်တိုက် မီးငြှိမ်းသတ်ခဲ့ရပါတယ်။
ဒီကျေးရွာတွေလို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်ဖျက်ဆီးမှုကိုခံခဲ့ရတဲ့ ကင်းစံပြကျေးရွာပြည်သူတွေက အခြေခံစားကုန်သောက်ကုန်တွေ၊ အဝတ်အထည်၊ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ပေးပို့ကူညီပေးခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုက အသိပေးပါတယ်။
ဓါတ်ပုံများ- ချင်းတွင်းချစ်သူ
#Dailynews

