အောင်ပိုင်
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၂ (မော်ကွန်း)
ပုသိမ်မြို့အတွင်း Stay at Home အမိန့်ချိုးဖောက်၍ မဲဆွယ်အင်အားပြလှည့်လည်ရာတွင် ဦးဆောင်သူ ၂၂ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်၊ တရားစွဲဆိုသွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။
၎င်းတို့ကိုအရေးယူရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ဧရာဝတီတိုင်းအစိုးရအဖွဲ့ကို အောက်တိုဘာ ၁၇ ရက်ကတင်ပြခဲ့ပြီးနောက် ငါးရက်အကြာတွင် ယခုလိုအရေးယူရန် အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်သည်။
“ မြို့မိ၊ မြို့ဖတွေက ကျွန်တော့်ကို ဖိအားပေးတာတွေရှိပါတယ်။ သတင်းသမားတွေလည်းပါတယ်။ ဒီလိုမဲဆွယ်အင်အားပြသူတွေကို ဘယ်လိုအရေးယူမလဲဆိုပြီး။ ဒါကြောင့် ဦးဆောင်သူတွေရဲ့ အချက်အလက်တွေကိုယူပြီး တိုင်းအစိုးရကို အစီရင်ခံခဲ့တာပါ” ဟု ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြောသည်။
ထိုအမှုဖွင့်ခံရမည့် ၂၂ ဦးသည် အောက်တိုဘာ ၁၇၊ ၁၈၊ ၂၀ ရက်တွင် မဲဆွယ်အင်အားပြ လှည့်လည်ခဲ့သူများဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက် မဲဆွယ်အင်အားပြသူ ၁၇ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ USDP အတွက် မဲဆွယ်အင်အားပြသူငါးဦး ဖြစ်သည်။
ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ယခုအရေးယူခြင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုပြီး မှတ်ချက်ပေးရန်ငြင်းဆိုသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူခံရပါက ကျူးလွန်သူသည် ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိ သို့မဟုတ် ငွေဒဏ်ကျခံရမည်ဖြစ်သည်။
ဧရာဝတီတိုင်းအတွင်းတွင် COVID – 19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ပုသိမ်၊ မအူပင်၊ ဖျာပုံ စသည့် မြို့နယ် သုံးခုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Stay at Home သတ်မှတ်ထားပြီး မဖြစ်မနေအပြင်သွားပါက တစ်အိမ်တစ်ယောက်နှုန်းသာသွားရန် ကန့်သတ်ထားသည်။
ထို့အပြင် ၎င်းတို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားသည့် မဲဆွယ်ရာတွင် လူ ၅၀ ထက်မပိုရဆိုသည့် ကန့်သတ်ချက်ထက် ကျော်လွန်၍ လူထောင်ဂဏန်းဖြင့် မဲဆွယ်အင်အားပြလှည့်လည်ခဲ့ကြခြင်းဖြစ်သည်ဟု ဦးရာဇာအေးက ရှင်းပြသည်။
COVID – 19 ဆိုင်ရာ ကန့်သတ်ချက်ထက် ကျော်လွန်၍ မဲဆွယ်အင်အားပြလှည့်လည်သူများကို မည်ကဲ့သို့ အရေးယူမည်နည်းဟု အောက်တိုဘာ ၁၆ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မော်ကွန်းက မေးမြန်းသော်လည်း နိုင်ငံရေးပါတီများက လုပ်ဆောင်ခြင်း မဟုတ်ကြောင်းသာပြောပြီး အရေးယူမှုအပိုင်းကို ရှင်းရှင်းရှင်းလင်းလင်းမပြောခဲ့ပေ။
ပြည်သူ့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းတွင် ယနေ့မနက်ပိုင်းအထိ COVID – 19 ပိုးတွေ့လူနာ ၇၂၉ ဦး၊ ဆေးရုံဆင်းခွင့်ရသူမှာ ၄၉၅ ဦးရှိပြီး ပုသိမ်မြို့နယ်သည် ၁၃၈ ဦးဖြင့် ဒုတိယ ပိုးတွေ့အများဆုံး ဖြစ်သည်။
ပြီးခဲ့သည့်လကလည်း ဧရာဝတီတိုင်း မြို့နယ် ၁၅ ခုသို့ လှည့်လည် သွားလာခဲ့သည့်NLD မဲဆွယ်ယာဉ်တန်းတွင် လိုက်ပါလာသူတစ်ဦးထံ၌ COVID – 19 ပိုးတွေ့ရှိခဲ့သည်။
တစ်နိုင်ငံလုံးတွင် COVID – 19 ပိုးတွေ့ရှိသူမှာ ယနေ့မနက်အထိ ၃,၉၀၀၀ ကျော်ရှိပြီဖြစ်သည်။
အောက်တိုဘာလ ၁၇ ရက်က ပုသိမ်မြို့တွင် NLD ပါတီ ဝန်းရံသူများ မဲဆွယ်အင်အားပြစဉ်
Photo – Supplied
#Dailynews

