ခင်ဦး-၂၀၂၃ ဩဂုတ် ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ နှစ်ရက်ဆက်တိုက် လက်နက်ကြီးလက်နက်ငယ်တွေပစ်ပြီး စစ်ကြောင်းတွေထိုးနေလို့ ခင်ဦးဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“စစ်ကြောင်းက မနေ့က အောင်သာကျေးရွာမှာ အိပ်တာ။ ဒီနေ့ ကြာပင်အိုင်ရွာထဲရောက်သွားပြီ။ စစ်ကြောင်းထိုးနေတာ။ သူတို့(စစ်ကြောင်း)က ရွှေဘိုနယ်စပ်အထိရောက်သွားပြီဆိုတော့ ခင်ဦးနဲ့ရွှေဘိုအစပ်ထိရောက်သွားတော့ ရွှေဘိုနယ်ကော၊ ခင်ဦးနယ်ကကော ရှောင်ရတာ” လို့ သူကပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မနေ့ကတည်းက ခင်ဦးနယ်ထဲကို စစ်ကြောင်းထိုးနေတာကြောင့် ထွက်ပြေးရတဲ့ ဒေသခံတွေထဲက ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း အမောဖောက် သေဆုံးခဲ့ပါသေးတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေဟာ ရွာမီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးတာတွေကိုတော့ မကြားရသေးဘူးလို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။
“သူတို့ ကျေးရွာတစ်ရွာဝင်ပြီဆိုရင်တော့ လက်နက်ကြီးလက်နက်ငယ်တွေကတော့ ပစ်တာပဲ။ ဒီနေ့မနက်ခင်းကတော့ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ နည်းနည်းတော့ဖြစ်တယ်။ နှစ်ဖက်ထိခိုက်မှုကတော့ မသိရသေးဘူး” လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းဟာ ခင်ဦးရွှေဘိုအစပ်က ကြာပင်အိုင်ရွာကိုရောက်နေတာကြောင့် ရွှေဘိုနယ်က သရက်ပင်ဝန်း၊ ခင်ဦးနယ်က တယ်ဘိုပင်၊ ကျွန်းလယ်၊ ရုံးစု စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းကြောင့် ထွက်ပြေးရတဲ့ ဒေသခံတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကောပါလို့ အခက်အခဲတွေကြုံနေပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ခင်ဦးဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ ကိန်းဂဏန်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံအနှံ့မှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ပြည်သူအရေအတွက်ဟာ ၁ ဒဿမ ၆ သန်းနီးပါးရှိလာပြီလို့ ဆိုပါတယ်။
ပုံစာ-စစ်ကောင်စီတပ်စစ်ကြောင်းတွေကြောင့် ထွက်ပြေးနေရတဲ့ ခင်ဦးဒေသခံများ
ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

