ယင်းမာပင်-၂၀၂၃ ဩဂုတ် ၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာကို စစ်ကောင်စီတပ်တွေ ပြီးခဲ့တဲ့လ ၂၁ ရက်က ဝင်ရောက်စီးနင်းပြီး ပကဖတွေနဲ့ ဒေသခံ ၁၄ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီးတဲ့နောက် စုန်းချောင်းရွာနဲ့ အနီးနားက ကျေးရွာရှစ်ရွာဝန်းကျင်က ဒေသခံတွေဟာ နှစ်ပတ်ကျော်ကြာတဲ့အထိ နေရပ်မပြန်ရဲသေးဘဲ နီးစပ်ရာနေရာတွေမှာပဲနေနေရတယ်လို့ ယင်းမာပင်ဒေသခံတွေက မော်ကွန်းကို ပြောပါတယ်။
“အဲနေ့ကတည်းက အခုချိန်ထိ ကောင်းကောင်းမွန်မွန်ပြန်မနေရဲတော့ဘူး။ ညကျ အဆင်ပြေတဲ့နေရာ တောတွေဘာတွေမှာ သွားအိပ်ရတာပေါ့ဗျာ။ ညဆို စစ်ကောင်စီတပ်တွေဝင်စီးမှာစိုးလို့။ နေတာထိုင်တာက တချို့ကတော့ တောထဲ၊ တချို့ကရွာတွေ၊ ဘုန်းကြီးကျောင်းတွေ၊ နီးစပ်ရာအိမ်တွေနဲ့ တချို့ကျ ကားတွေပေါ်နေကြတာပေါ့ဗျာ” လို့ ကျောက်မှော်ရွာခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေ ညပိုင်းတွေမှာ ကျေးရွာတွေကို ဝင်စီးမှာစိုးလို့ ပြန်မနေရဲတော့တဲ့ ဒေသခံဦးရေဟာ တစ်ထောင်ကျော်အထိရှိနေပြီး လက်ရှိအချိန်မှာ စားနပ်ရိက္ခာ အခက်အခဲတွေရှိလာတယ်လို့ စုန်းချောင်းရွာသားတစ်ဦးကလည်း ပြောပါတယ်။
“ဆေးဝါးပစ္စည်းတွေ၊ ရိက္ခာတွေလိုအပ်ချက်ကတော့ ရှိတယ်ဗျာ။ အခုက နီးစပ်ရာရွာတွေသွားရှောင်ရရင် ရှောင်တဲ့ရွာတွေကနေကျွေးတယ်ပေါ့ဗျာ။ တချို့နေရာတွေမှာဆို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကျွေးထားတာမျိုးတွေတော့ရှိတာပေါ့။ ကူညီပေးတဲ့အဖွဲ့တွေတော့ လာတာမျိုးမရှိသေးဘူးဗျ” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ရန်ကြောင့် ရှောင်နေရတဲ့ကျေးရွာတွေဟာ စုန်းချောင်း၊ သံပို၊ စေသူ၊ ပတိန်ပြင်၊ ကျောက်မှော်၊ ကျွန်းပေါ်၊ နှောပင်စတဲ့ရွာတွေဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်တွေအရသိရပါတယ်။
လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်တွေဟာ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ကနေ ဟုမ္မလင်း၊ ခန္တီးစတဲ့ အထက်အညာဒေသကို ရိက္ခာပို့ဖို့ အခြေအနေတွေရှိနေတာကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့လည်း စစ်ရေးအခြေအနေ အချိန်မရွေး တင်းမာလာနိုင်တယ်လို့ ပကဖ အဖွဲ့တွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေရန်ကြောင့် ရွာထဲမပြန်ရဲဘဲ ကြုံရာနေရာမှာ အိပ်နေရတဲ့ ယင်းမာပင်ဒေသခံတစ်ဦး
Photo – Supplied
#Dailynews

