မလေးရှားက ဘဝများ
မလေးရှားတွင်ရှိသော မြန်မာရွှေ့ ပြောင်းလုပ်သားများမှာလည်း အသက် အန္တရာယ်လုံခြုံရေးအပါအဝင် လုပ်ငန်း ရှင်များ၏ ဖိနှိပ်မှုနှင့် အချိန်မရွေးဖမ်းဆီးခံရမည့်အခြေအနေများနှင့်ပါ ရင်ဆိုင်နေ ရသည်ဟု မလေးရှားရောက် မြန်မာရွှေ့ ပြောင်းလုပ်သားများအရေးဆောင်ရွက် နေသူ ဦးမျိုးညွှန့်က ဆိုပါသည်။
မလေးရှားတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများလုပ်ကိုင်ရသည့်အလုပ် များမှာ စက်ရုံ၊ အလုပ်ရုံ၊ ဆီအုန်းခြံများ၊ ဥယျာဉ်ခြံလုပ်ငန်း၊ စားသောက်ဆိုင် အစ ရှိသည်တို့တွင် လုပ်ကိုင်ကြပြီး လုပ်သား ဦးရေ ခြောက်သိန်းကျော်ရှိလိမ့်မည်ဟု အဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။
အများဆုံးမှာ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများဖြစ်ပြီး တစ်လပျမ်းမျှ ဝင်ငွေမှာ မလေးရှားငွေ ရင်းဂစ် ၇ဝဝ ခန့် (မြန်မာငွေ နှစ်သိန်းကျော်) ရရှိကြသည် ဟု ဦးမျိုးညွန့်က ဆိုပါသည်။
လုပ်ငန်းခွင်အတွင်းကြုံရသည့် ပြဿနာများမှာ ကျန်သည့်ဒေသတွင်း နိုင်ငံများနည်းတူ လုပ်ခလစာအပြည့်အဝ မရရှိမှု၊ ခွဲခြားဆက်ဆံခံရမှုများကို ကြုံ တွေ့ရသည်ဟု သူကဆိုပါသည်။
မြန်မာလုပ်သားတစ်ဦးအနေနှင့် စက်ရုံတစ်ရုံတွင် အလုပ်ဝင်ရောက်လုပ် ကိုင်မည်ဆိုပါက နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်စသော အထောက် အထားများကို အလုပ်ရှင်က သိမ်းဆည်း ထားတတ်သည်ဟုဆိုသည်။
ထိုအခြေအနေတွင် မြန်မာလုပ် သားအချို့သည် လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုများကြုံလာရပါက ရှိသည့် အထောက်အထားများကိုထားပစ်ခဲ့ကာ ထွက်ပြေးတတ်ကြသောကြောင့် တရား ဝင်လုပ်သားအဖြစ်မှ တရားမဝင်လုပ် သားများဖြစ်သွားကြသည်ဟု ဦးမျိုးညွန့် က ရှင်းပြပါသည်။
ထိုသို့တရားမဝင်လုပ်သားများဆိုလျှင် အချိန်မရွေးဖမ်းဆီးခံရနိုင်ပြီး ပုန်း လျှိုးကွယ်လျှိုးနေထိုင်ကာ လုပ်ကိုင်စား သောက်ကြရပါသည်။ မြန်မာလုပ်သား များအတွက် နောက်ထပ်စိုးရိမ်ရသည့် တစ်ချက်မှာ လုယက်ခံရတတ်ခြင်းဖြစ် ပါသည်။
ဦးမျိုးညွန့်နေထိုင်သည့် မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ကိုတာယာတာ ဟုခေါ်သောနေရာတွင် နံနက် ၆ နာရီ ဝန်းကျင်ဆိုလျှင် လုယက်မှုတစ်ခုကြောင့် ‘ကယ်ကြပါ’ဟူသော အကူအညီတောင်း သံကို အမြဲတမ်းလိုလိုကြားရတတ်သည် ဟု ဦးမျိုးညွန့်က ဆိုသည်။ (ကိုတာယာ တာကုန်တိုက်အနီးဝန်းကျင်သည် မြန်မာ အများစုနေထိုင်သော နေရာဖြစ်ပြီး ယင်း ကုန်တိုက်ကို အစွဲပြု၍ ထိုနေရာတစ်ဝိုက် ကို ကိုတာယာတာနေရာဟု မြန်မာရွှေ့ ပြောင်းလုပ်သားများက ခေါ်ကြသည်။)
ယခင်အစိုးရအဆက်ဆက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ပြဿနာ တစ်စုံတစ်ရာဖြစ်လာပါက မြန်မာသံရုံး အနေနှင့် ဖြေရှင်းပေးဖို့အသာထား၊ သွား ရောက်တိုင်ကြားသည်ကိုပင် မကြိုက် သည့်သဘောကို တွေ့ရသည်ဟု မလေး ရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ စီနိုင်းမြို့ အခြေ စိုက် အသောကကျန်းမာရေး ဖောင်ဒေး ရှင်းမှ ဘဏ္ဍာရေးမှူး ဦးရာဇာဝင်းက တယ်လီဖုန်းမှတစ်ဆင့် မော်ကွန်းကို ပြောပြပါသည်။
မြန်မာသံရုံးများနှင့်ပတ်သက်လျှင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သား များအရေး ဆောင်ရွက်နေသော အဖွဲ့ အစည်းများမှာလည်း ပြောစရာရှိနေသည်။
အလုပ်သမားရေးရာကိစ္စများအကူ အညီလိုအပ်ပါက ဆက်သွယ်ရန် ထိုင်း နိုင်ငံဆိုင်ရာမြန်မာသံရုံးက ဖုန်းနံပါတ် များပေးခဲ့သော်လည်း တကယ်တမ်း ဆက်သွယ်သည့်အခါ ပေးခဲ့သည့်ဖုန်းများ မှာ ဖုန်းဝင်ပြီး ကိုင်မည့်သူမရှိ ဖြစ်နေ သည်ဟု မဲဆောက်အခြေစိုက် ရောင်ခြည် ဦးအဖွဲ့မှ ဦးစိုးမိုးကလည်း ဆိုသည်။
အစိုးရ ဘာလုပ်သင့်
အစိုးရသစ်အနေနှင့် ရွှေ့ပြောင်း လုပ်သားများအတွက် ”လုံခြုံစိတ်ချရတဲ့ ရွှေ့ပြောင်းသွားလာမှုစနစ် ဖြစ်ပေါ်လာ ရေးကို သေသေချာချာလေး လုပ်ဆောင် ပေးသင့်တယ်”ဟု ရွှေ့ပြောင်းအလုပ် သမားအခွင့်အရေးကွန်ရက်မှ ဦးစိန်ဌေး က အကြံပြုသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လုပ်သားများအနေနှင့် တရားဝင်ဥပဒေ နှင့်အညီ သွားရောက်နိုင်ရန်၊ ရောက်ရှိ သည့် နိုင်ငံများတွင်လည်း အသီးသီးသော မြန်မာသံရုံးများက မြန်မာလုပ်သားများ ကို ဥပဒေနှင့်အညီခံစားခွင့်များ ရရှိစေ ရန်နှင့် ဥပဒေချိုးဖောက်ခံရသူများကို လည်း ထိထိရောက်ရောက်ကာကွယ်ပေး ရန် အလုပ်သမားအဖွဲ့အစည်း၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးစေလိုသည်ဟု သူက အကြံပြုသည်။
မြန်မာသံရုံးများအနေနှင့် မြန်မာ အလုပ်သမားအရေးကို တတ်နိုင်သလောက် ဆောင်ရွက်ပေးနေသည်ဟု အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုး အောင်က ဆိုသည်။
သို့ပေမဲ့ ဝန်ထမ်းအင်အားနှင့် ဘတ် ဂျက်အနေအထားအရ ထိထိရောက် ရောက်မဆောင်ရွက်နိုင်သည်များလည်း ရှိ သည်ဟု သူက ဆိုသည်။
ရွှေ့ပြောင်းလုပ်သားများအဆင် ပြေရေး၊ ၎င်းတို့ကိုမှီခိုနေသောမိသားစု များ အကျိုးဖြစ်ထွန်းရေးအတွက် အိမ်ရှင် နိုင်ငံများအနေနှင့် လုပ်ကိုင်နိုင်သည့် အရာများစွာရှိသည်ဟု ယမန်နှစ်က ထုတ် ပြန်ခဲ့သော ‘အာရှ-ပစိဖိတ် ရွှေ့ပြောင်း သွားလာခြင်း’အစီရင်ခံစာက သုံးသပ် ထားသည်။
မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံပါဝင်သည့် အာရှ-ပစိဖိတ်ဒေသတွင် မတူညီသောနှုန်းများဖြင့် စီးပွားရေး ဖွံ့ ဖြိုးလာနေသကဲ့သို့ ရွှေ့ပြောင်းလုပ်သား လိုအပ်မှုသည်လည်း မြင့်တက်လာနေရာ မိမိနိုင်ငံပြင်ပသို့ ထွက်ခွာ အလုပ် လုပ်မည့် လူဦးရေသည် ရှေ့လျှောက် များပြား လာရန်သာရှိသည်ဟုလည်း အထက်ပါ အစီရင်ခံစာက ဆိုသည်။
”မှန်ကန်တော်တည့်တဲ့မူဝါဒတွေ၊ အထောက်အပံ့ပေးနိုင်တဲ့ ဝန်ဆောင်မှု တွေရှိတယ်ဆိုရင် လုပ်သားရွှေ့ပြောင်း သွားလာမှုဟာ နိုင်ငံတွင်းအလုပ်လက်မဲ့ ဖြစ်ခြင်းကိုလျှော့ချနိုင်တယ်။ ပြီးတော့ ကျွမ်းကျင်မှုကို မြှင့်တင်ပေးလို့လည်းရ တယ်”ဟု အဆိုပါအစီရင်ခံစာက အကြံ ပြုထားသည်။
ပထမခြေလှမ်းအဖြစ် သက်ဆိုင်ရာ နိုင်ငံများသည် ရွှေ့ပြောင်းသွားလာလုပ် ကိုင်လိုသူများအတွက် သိက္ခာရှိသော အလုပ်မျိုးရရှိအောင် လုပ်ဆောင်သင့် သကဲ့သို့ လူမှုရေးရာအကာအကွယ်ပေး နိုင်အောင်လည်း လုပ်ဆောင်သင့်သည်ဟု အထက်ပါ အစီရင်ခံစာက ဆိုသည်။
လောလောဆယ်တွင်တော့ မဟာ မဲခေါင်ဒေသခွဲတွင် ရွှေ့ပြောင်းလုပ်သားဦး ရေ အများဆုံးထုတ်လုပ်နေသည့် မြန်မာ နိုင်ငံ၌ ကြီးမားသောရွှေ့ပြောင်းသွားလာမှု ကို စီမံကွပ်ကဲပေးနိုင်သော မူဘောင်မရှိ သေးဟု ILO က ယမန်နှစ်က ထုတ်ပြန် သည့် အစီရင်ခံစာတွင် ထောက်ပြထားသည်။
ရွှေ့ပြောင်းမြန်မာအလုပ်သမား အခွင့်အရေးကွန်ရက်မှ ဦးစိန်ဌေးက ယခု လိုအကြံပြုသည်။
”အစိုးရက ဦးဆောင်ပံ့ပိုးပေးရပါ မယ်။ ဒါဆိုရင် ပြဿနာတော်တော်များ များက လျော့ကျပြေလည်သွားဖို့ရှိတယ်”
အစိုးရသစ်ကို မျှော်လင့်ကြ
တပ်မတော်အစိုးရအဆက်ဆက်က မျက်ကွယ်ပြုခဲ့သော ရွှေ့ပြောင်းလုပ် သားအရေးကို ဦးသိန်းစိန်အစိုးရက ထဲထဲ ဝင်ဝင်ဆောင်ရွက်ခဲ့သော်လည်း မူဝါဒ ပိုင်းဆိုင်ရာ မခိုင်မာမှု၊ အတွေ့အကြုံနည်း ပါးမှု၊ ဝန်ကြီးအပြောင်းအလဲများမှုနှင့် ဗဟိုထိန်းချုပ်မှုစနစ်တို့ကြောင့် အောင် မြင်မှုနည်းပါးခဲ့သည်ဟု ဦးစိန်ဌေးက ဆိုသည်။
ထို့ကြောင့်လက်ရှိ အစိုးရသစ်တက် လာသည့်အချိန်တွင် ရွှေ့ပြောင်းလုပ်သား များအတွက် ယခင်ထက် ဖိဖိစီးစီးဆောင် ရွက်မည်ဟု မျှော်လင့်ရကြောင်း သူက ယူဆသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ နှစ်သစ်ကူးမိန့်ခွန်း၊ အလုပ်သမားနေ့မိန့် ခွန်းများတွင် ရွှေ့ပြောင်းလုပ်သားများ အတွက် တန်းတူအခွင့်အရေးရရှိစေဖို့ အတိအလင်းထည့်သွင်းပြောဆိုခဲ့သလို မေ ၉ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှင့်တွေ့ဆုံစဉ်မှာလည်း နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ရွှေ့ပြောင်းလုပ်သားအရေးကို ခေါင်းစဉ် တစ်ခုအနေနှင့် ထည့်သွင်းတောင်းဆို ညှိနှိုင်းခြင်းသည် ကောင်းမွန်သော အလားအလာဖြစ်သည်ဟု ဦးစိန်ဌေးက ဆိုသည်။
”သက်တမ်းနှစ်လမပြည့်ခင် ဒီလို တွေဆောင်ရွက်ခဲ့တာကြည့်ရင် ဒါဟာ အစိုးရသစ်အနေနဲ့ ရွှေ့ပြောင်းအလုပ် သမားတွေအပေါ် အလေးထားကြောင်း ဖော်ပြနေတာပဲ”ဟု သူက မှတ်ချက်ပြုသည်။
နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာတွင် ထိုင်းနိုင်ငံခြား ရေးဝန်ကြီးက မြန်မာလုပ်သားများကို ထိုင်းလုပ်သားများနှင့်တန်းတူ အခွင့် အရေးရရန် တဖြည်းဖြည်းတိုးမြှင့်ဆောင် ရွက်နေပြီဖြစ်သည်ဟု ပြောကြားခဲ့သည်။
လက်ရှိအစိုးရသစ်လက်ထက်တွင် ရွှေ့ပြောင်းလုပ်သားများကို ပိုမိုအကာ အကွယ်ပေးရန် ဆောင်ရွက်ထားသည်ဟု အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ဆိုသည်။
အစည်းအဝေးများတွင် မြန်မာ နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ၏ နစ်နာ မှုအခက်အခဲများကို ပြောဆိုခဲ့ရာတွင် ထိုင်းဘက်မှလည်း မြန်မာရွှေ့ပြောင်း လုပ်သားများ၏ နစ်နာမှုဖြစ်စဉ်များကို အထောက်အထားနှင့်တကွ တိတိကျကျ တောင်းခံတတ်သည်ဟုဆိုသည်။
”ဥပမာ-မဲဆောက်သွားတဲ့လမ်းမှာ ရဲဖမ်းတယ်၊ငွေညှစ်တယ်၊ ပစ္စည်းစစ်တယ် လို့ပြောရင် သူတို့က ဘယ်နေ့ကလဲ၊ ဘယ် ဂိတ်မှာလဲဆိုတာ တောင်းတာပေါ့။ ဒါပေမဲ့ အလုပ်သမားဆိုတော့ခက်တယ်။ သူတို့ (ငွေညှစ်တဲ့သူတွေ)ကို ဓာတ်ပုံရိုက်ဖို့ဆို တာ လုပ်နိုင်ဖို့ခက်တယ်။ အဲဒါကြောင့် သူ တို့ကို အထောက်အထားအတိအကျပေးဖို့ ခက်နေတယ်”ဟု ဦးမျိုးအောင်က ဆိုသည်။
ထိုကြောင့် လက်ရှိအစိုးရသစ်လက် ထက်တွင် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား ( Certificate of Identity – CI ) ကတ်များကို ပြုလုပ်ပေး ရန် စီစဉ်နေသည်ဟု ဦးမျိုးအောင်က ရှင်း ပြပါသည်။
နေပြည်တော်တွင် ဧပြီ ၃ဝ ရက်မှ မေ ၂ ရက်အထိ ပြုလုပ်သော မြန်မာ-ထိုင်းနှစ်နိုင်ငံအလုပ်သမားအရေး ညှိနှိုင်း အစည်းအဝေးတွင် နှစ်ဦးနှစ်ဖက်သဘောတူညီခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်မှ CI ကတ်ထုတ်ပေးပြီးပါက ထိုင်းဘက်မှ နှစ် နှစ်စာနေထိုင်ခွင့်ဗီဇာထုတ်ပေးမည်ဖြစ် ကြောင်း အမြဲတန်းအတွင်းဝန် ဦးမျိုး အောင်က ပြောပြသည်။ ဤသို့ဖြင့် အလုပ် သမားများ တရားဝင်လုပ်ကိုင်ခွင့် ရရှိလာ မည်ဖြစ်သည်။
မလေးရှားရှိ ရွှေ့ပြောင်းလုပ်သား များအတွက်လည်း အစီအစဉ်အချို့ကို အစိုးရက အကောင်အထည်ဖော်နေ သည်။ ပြီးခဲ့သည့် ဇွန် ၅ ရက်က မလေးရှား နိုင်ငံရှိ မြန်မာသံရုံးက မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမားအရေးကို ဆောင်ရွက် နေသည့် အဖွဲ့အစည်းများကို ခေါ်ယူကာ ဆွေးနွေးခဲ့သည်ဟု အသောကကျန်းမာ ရေးဖောင်ဒေးရှင်းမှ ဦးရာဇာဝင်းက ဆို ပါသည်။
ထိုဆွေးနွေးပွဲတွင် မြန်မာသံရုံးက လူမှုအဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်း ကာ မလေးရှားရောက် မြန်မာလုပ်သား များအရေးကို ကူညီဆောင်ရွက်နိုင်ရန် အဖွဲ့အစည်းတစ်ခုဖွဲ့ကာ ဆောင်ရွက်မည် ဟု ပြောဆိုခဲ့ကြောင်း ဦးရာဇာဝင်းက ပြန် ပြောပြသည်။
ထို့အပြင် မြို့နယ်အသီးသီးတွင်ရှိ သော လူမှုအဖွဲ့အစည်းတစ်ခုစီမှ တစ် ယောက်ချင်းစီကို သံရုံးကိုယ်စားလှယ် အဖြစ် တရားဝင် စာထုတ်ပေးကာ ရွှေ့ ပြောင်းအလုပ်သမားများအရေးကို ဆောင်ရွက်မည်ဟု သံရုံးက ပြောဆိုခဲ့ ကြောင်း ဦးရာဇာဝင်းက ပြောပြပါသည်။
ထိုသို့အစိုးရသစ်လက်ထက်တွင် ပြောင်းလဲလာသောအခြေအနေများမှာ မလေးရှားရှိ မြန်မာရွှေ့ပြောင်းလုပ်သား များအတွက် အခြေအနေကောင်းတစ်ရပ် ဖြစ်လာသည်ဟု သူက ဆိုသည်။
”ကိုယ့်မြန်မာနိုင်ငံသားတွေ မျက်နှာ မငယ်ရတော့ဘူးပေါ့။ ကိုယ့်နောက်မှာ မား မားမတ်မတ်ရပ်တည်ပေးမယ့် မိဘတွေလို ဖြစ်လာတာပေါ့” ဟု ဦးရာဇာဝင်းက ဆိုပါသည်။
သို့သော် လက်ရှိအချိန်အထိတော့ သံရုံးတွင်ဆွေးနွေးထားသော ကိစ္စရပ်များ ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိသေးဟု သူက ပြောပါသည်။
ကျီးလန့်စာစား ဘဝများ
မြန်မာရွှေ့ပြောင်းအလုပ်သမား အရေးကို ထိပ်ပိုင်းခေါင်းဆောင်များ ဆွေး နွေးပြောဆိုနေကြသော်လည်း အောက် ခြေပိုင်းတွင် အပြောင်းအလဲတစ်စုံတစ်ရာ မရှိသေးဟု အလုပ်သမားအရေးဆောင် ရွက်သူများက ဆိုသည်။
အသက် ၃၁ နှစ်အရွယ် မညိုတို့ လင်မယားဆိုလျှင် ထိုင်းနိုင်ငံသို့လာရောက် အလုပ်လုပ်နေသည်မှာ လေးနှစ်ကျော်ပြီ ဖြစ်သော်လည်း အထောက်အထားဆိုလို့ ဘာဆိုဘာမှမရှိသောကြောင့် အမြဲထိတ် လန့်နေရသည်ဟုဆိုသည်။
နှလုံးရောဂါသည်မညိုတစ်ယောက် ညဘက်တစ်ရေးနိုးတိုင်း ပတ်ဝန်းကျင်ကို အမြဲတမ်းထကြည့်မိသည်ဟုဆိုသည်။ ထို သို့ထိတ်လန့်စွာနေထိုင်နေရင်း ပြီးခဲ့သည့် ဧပြီနောက်ဆုံးပတ်အတွင်း လုယက်မည့် သူတစ်ဦးနှင့် ပက်ပင်းကြုံလိုက်ရသေးသည်။
သူအလုပ်လုပ်ကိုင်ရာတောင်ယာမှထွက်သော ဘူးသီးသွားရောင်းရန် စက်ဘီး နှင့် ထွက်လာစဉ် လမ်းထောင့်တွင် နက်ပြာ ရောင်ဂျာကင်နှင့် ဆိုင်ကယ်ဦးထုပ်ကို အပြည့်ဆောင်းထားသူတစ်ဦးက သူ့ကို ခဏရပ်ဟု ထိုင်းဘာသာစကားနှင့် လှမ်း ပြောသည်။ သို့ပေမဲ့ သူက ကိုယ်နှင့် မသိ သည့် သူစိမ်းတစ်ယောက်ဖြစ်သည့် အတွက် မရပ်ဘဲ စက်ဘီးကို နင်းပြေးကာ အသိတစ်ယောက်အိမ်သို့ ပြေးဝင်ခဲ့သည်။ ထိုလူသည် ဆက်မလိုက်ဘဲ နောက်မှာကျန်ခဲ့သည်။
နောက်မှသိရသည်မှာ ထိုသူသည် ထိုနားတစ်ဝိုက်တွင် လုယက်နေသူတစ်ဦး ဖြစ်ပြီး မကြာခဏဆိုသလို ပိုက်ဆံနှင့် ပစ္စည်းများ ပါသွားတတ်သည်ဟု လေးနှစ် အရွယ်သမီးငယ်ကို ပေါင်ပေါ်တင်ထားရင်း မညိုက ပြောပြသည်။
မညိုတို့ကဲ့သို့ မြန်မာရွှေ့ပြောင်းလုပ် သားများအနေနှင့် လက်ရှိအချိန်တွင် ကိုယ့်အန္တရာယ်ကို အဆင်ပြေသလို တိမ်း ရှောင်ကာ လုပ်ကိုင်စားသောက် နေကြရပါသည်။
မိမိရပ်ရွာနှင့်ဝေး၍ ရေခြားမြေခြား တွင် လာရောက်လုပ်ကိုင်ရသောကြောင့် တစ်ခါတစ်ရံ အဆင်မပြေမှုတွေကြုံတိုင်း မိမိ၏မိဘများကို လွမ်းဆွတ်တမ်းတမိ သည်ဟု သူက ရင်ဖွင့်သည်။ တစ်ယောက် တည်း ကြိတ်ငိုခဲ့ရသော ညတွေလည်းရှိခဲ့ သည်ဟု သူက ဆိုသည်။
ငွေကြေးစုမိဆောင်းမိမရှိသေး သောကြောင့် လောလောဆယ်တွင် မိမိရပ် ရွာကိုမပြန်နိုင်သေးပါ။ လက်ရှိသူတို့ဘဝကို မညိုက”ညောင်သီးလည်းစား လေး သံလည်း နားထောင်”ရသည့် ဘဝအဖြစ် တင်စားပြောဆိုသည်။ ။
၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။
သက်ဦးမွန် ရေးသည်။