ခန္ဓာရင်း၍ စီးပွားရှာကြသူများ အပိုင်း(၂)

ခန္ဓာရင်း၍ စီးပွားရှာကြသူများ အပိုင်း(၂)

၂၀၁၃၊မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၄)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

ဉာဏ်လင်း နှင့် ဇေယျာလှိုင် ရေးသည်။

အကဲ့ရဲ့ခံဘဝများ

လိင်အလုပ်သမားများ၏ဘဝကအာဏာပိုင်များ၏ အရေးယူမှုကို စိုးရွံ့ထိတ်လန့်နေရသည့် တစ်ချိန်တည်းတွင်၎င်းတို့ပတ်ဝန်းကျင်၏ ကဲ့ရဲ့ရှုတ်ချသည့်ဒဏ်၊ ခွဲခြားဆက်ဆံသည့်ဒဏ်ကိုပါ ခါးစည်းခံကြရသည်။

”ရပ်ကွက်ထဲ လမ်းထွက်လျှောက်ရင်ကိုပဲ မကြားတကြား စကြ၊ နောြက်ကန့ ဲအမျိုးမျိုး ကဲ့ရဲ့ရှုတ်ချတာကို ခံရတယ်”ဟု လိင်အလုပ်သမအဖြစ် ဆယ်နှစ်ကျော်အသက်မွေးဝမ်းကျောင်းပြုခဲ့သည့် မအင်ကြင်းခိုင်က ဆိုသည်။

လိင်အလုပ်သမားများအနေနှင့်မည်သို့ပင် ၎င်းတို့၏ ပတ်ဝန်းကျင်တွင်ပြန်လည်ဝင်ဆံ့ဖို့ကြိုးစားသည့်တိုင်ပ,အထုတ်ခံကြရသည်။ လျစ်လျူအရှုခံကြရသည်။

အခန့်မသင့်ပါက ရပ်ကွက်က ရဲစခန်းကို သတင်းပေးတိုင် ကြားမည့်အန္တရာယ်ကိုလည်း လွယ်ပိုးထားကြရင်းတဖြည်းဖြည်းနှင့် သူတို့၏ဘဝ၊ သူတို့၏လူမှုအဝန်းအဝိုင်းကား ကျဉ်းသထက်ကျဉ်းမြောင်းလာကာ နောက်ဆုံးတော့ဘဝတူများနှင့်သာ ဘဝကို နေပျော်သလိုနေလိုက်ကြသည်များလည်း ရှိတတ်သည်။

စင်စစ် လိင်အလုပ်သမားများ၏ဘဝကား လူမှုပတ်ဝန်းကျင်တွင် သိက္ခာကျရရုံသာမကသေး၊ ဧည့်သည်များနှင့်ထိတွေ့ဆက်ဆံရသည့်အခါတွင်လည်း ကံမကောင်းပါက အနိုင်ကျင့်ခံကြရသည်၊မတော်မတရား ဆက်ဆံခံကြရပြန်သည်။

”ဘာဥပဒေမှ မရှိတဲ့အတွက် ဧည့်သည်က လည်း စော်က ားတယ။် ရတဲ့ကြေးနဲ့ နှိမ်တယ်။ အဆိုးဆုံးကတော့ တစ်ယောက်တည်းကခေါ်သွားပြီး ဟိုရောက်တဲ့အခါ တစ်ယောက်မက ဆက်ဆံတာကိုခံရတယ်”ဟု မအင်ကြင်းခိုင်က တစ်ချိန်တစ်ခါက ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်တစ်ခုကို သတိရလေဟန်ဖြင့် ပြောပြသည်။

နာကျင်ဖွယ်ရာ၊ ထိတ်လန့်တုန်လှုပ်ဖွယ်ရာအဖြစ်အပျက်ကို ကြုံတွေ့ရတုန်းက မအင်ကြင်းခိုင် ဒီလောကထဲကိုရောက်ခါစပဲရှိသေးသည်။ အသက်က ၂ဝကျော်။ ဒီလောကထဲ ရောက်လာပုံကလည်း ဆင်းရဲမှုကို အခြေတည်ကာ ပတ်ဝန်းကျင်၏ စေ့ဆော်မှုဖြင့် ရောက်ခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

မိဘနှစ်ပါးနှင့် သားငယ်ကိုထောက်ပံ့ပေးနိုင်ရန် ရန်ကုန် မှာရှိသည့်(ဖအေတူ မအေကွဲ) အစ်မဖြစ်သူ၏ အိမ်မှာ နေရင်း အလုပ်တစ်ခုလုပ်မည်ဟု ရည်ရွယ်လျက် အိမ်ထောင်ကွဲ မအင်ကြင်းခိုင်တစ်ယောက် ရန်ကုန်သို့ ရောက်လာခဲ့သည်။ အစ်မဖြစ်သူ၏ အိမ်မှာ နေထိုင်ပြီးအလုပ်ရှာနေရင်း တစ်ရက်တော့ ခဲအိုဖြစ်သူက သူ့ကို အလိုမတူဘဲ သားမယားအဖြစ် ကျင့်ကြံလိုက်သည်။

ထိုဖြစ်ရပ်ကို သိသွားသည့် အစ်မဖြစ်သူက သူ့ယောကျ်ားနှင့် အတင်းအကြပ် ယူရမည်ဟု ဖိအားပေးရာ မယူနိုင်သည့် နောက်ဆုံး မအင်ကြင်းခိုင်အိမ်မှထွက်ပြေးခဲ့သည်။ ပုဇွန်တောင်မှတ်တိုင်သို့ရောက်လာသည့် မအင်ကြင်းခိုင် တစ်ယောက် ဘယ်သွားလို့ ဘယ်လာရမည်မသိ။ ဘာလုပ်လို့ ဘာကိုင်ရမည်မသိ။စိတ်ဆင်းရဲမှုတို့ဖြင့် တစ်ကိုယ်လုံး ပူပင်လောင်မြိုက်နေသည်။

ပုဇွန်တောင်မှတ်တိုင်၏ ညနေခင်းသည် ဘတ်စ်ကား အတက်အဆင်း လုပ်သူများနှင့် ရှုပ်ယှက်ခက်နေသည်။တဖြည်းဖြည်းနှင့် နေ့အလင်းရောင်တို့ကွယ်ပျောက်ကာ မှောင်ရိပ်တို့ သန်းလာသည်။ ထိုညအဖို့ပင် အိပ်စရာနေရာ မရှိဖြစ်ကာ ယောင်ချာချာဖြစ်နေသောမအင်ကြင်းခိုင်ထံသို့ အမျိုးသမီးတစ်ဦးချဉ်းကပ်လာပြီး ယခုလိုပြောသည်တဲ့။နေရေးထိုင်ရေး၊ စားရေး သောက်ရေးပူပန်စရာမလို၊ ပိုက်ဆံလည်း ရဦးမည်၊တစ်ခုတော့ ရှိသည်၊ ခန္ဓာကိုယ်ရင်းရမည်။

မအင်ကြင်းခိုင်အတွက် ရွေးချယ်စရာ အခြားမရှိ။ အဆိုပါ အမျိုးသမီး ခေါ်ဆောင်ရာ စော်ဘွားကြီးကုန်းအနီးရှိပြည့်တန်ဆာအိမ်သို့သာ လိုက်သွားဖြစ်ခဲ့သည်။ သည်လိုနှင့် မအင်ကြင်းခိုင် လိင်အလုပ်သမဘဝသို့ ရောက်လာခဲ့သည်ဆိုပါတော့။

ဒီလောကထဲ ရောက်လာလို့မှ သိပ်မကြာသေး။ တစ်ရက်တော့ ခေါင်းဖြစ်သူက မအင်ကြင်းခိုင်အား ဧည့်သည်တစ်ယောက်နှင့် ထည့်ပေးလိုက်သည်။လာခေါ်သည့်သူက အာဏာပိုင်ထဲမှတစ်ယောက်။

မင်္ဂလာဒုံမြို့နယ်ထဲရှိ ခြံဝင်းကြီးတစ်ခုအတွင်းက အဆောင်တစ်ခုပေါ်သို့ရောက်သွားသည့်အခါမှာတော့ယောကျ်ားသား ၄ဝ လောက်က မအင်ကြင်းခိုင်ကို စောင့်နေကြသည်။ သူ့ကိုတစ်ယောက်ပြီးတစ်ယောက် ဆက်ဆံကြလိမ့်မည်ဆိုသည်ကို မအင်ကြင်းခိုင် ရိပ်မိသည်။ လေးယောက်လောက်နှင့် နေလိုက်ပြီးသည့်နောက်တွင် မအင်ကြင်းခိုင် မခံမရပ်နိုင်ဖြစ်လာသည်။

သို့ဖြစ်ရာ ဆက်မနေနိုင်တော့ကြောင်းနှင့် ပြန်ပို့ပေးစေချင်ကြောင်းသူ့ကို ခေါ်လာသူအား မအင်ကြင်းခိုင်မေတ္တာရပ်ခံသည်။

”အဲဒီတော့ အဲဒီလူက ‘မရဘူး

ကောင်မ၊ နင့်ကို ပိုက်ဆံပေးပြီးခေါ်လာတာ၊ နေရမှာပဲ’ဆိုပြီး အတင်းခိုင်းတယ်။မနေနိုင်ဘူး၊ ပိုက်ဆံပြန်လိုက်ယူဆိုတော့ပါးရိုက်တယ်။ ကျွန်မက အော်တဲ့အခါကျမှ သူတို့အထက်က လူကြီးတွေ ကြားသွားမှာစိုးလို့ ဆိုပြီး ပြန်လွှတ်တယ်”

ညကြီးအချိန်မတော် ကားလမ်းမတစ်လျှောက် လျှောက်လာရင်း စော်ဘွားကြီးကုန်းနားအရောက် ထိုအချိန်တုန်းကအဖမ်းအဆီးကလည်း ကြမ်းနေချိန်ဖြစ်သောကြောင့် ဆံပင်ဖားလျားချကာအရူးမဟန်ဆောင်ပြီး ထော့ကျိုး၊ ထော့ကျိုးနှင့် ထွက်ပြေးလာခဲ့ရပုံကို မအင်ကြင်းခိုင် ယခုအထိ ကွက်ကွက်ကွင်းကွင်းမှတ်မိနေဆဲ။

မည်သို့ပင် အနှိပ်စက်ခံရပေမယ့်လိင်အလုပ်သမားများအဖို့မှာ အမှုဖွင့်တိုင်ကြားစရာနေရာကား မရှိ။တိုင်တန်းစရာနေရာမဲ့မှုကြောင့်လိင်အလုပ်သမားများဘဝမှာ ဖြစ်သမျှအံကြိတ်ခံကြရသည့်အဖြစ်ကို မဇာကြီးက ယခုလို ပြောပြသည်။

”(ဧည့်သည်တွေနှိပ်စက်လို့) သွားတွေကျိုးပြီး ပြန်လာရတာရှိတယ်။ ကျိုးပဲ့အောင် အရိုက်ခံရတာတွေရှိတယ်။ ဒါပေမဲ့ သွားတိုင်စရာနေရာ မရှိဘူးလေ”

ကျန်းမာရေး အသိပညာ

ဥပဒေအရ အကာအကွယ်မရှိသည့်အပြင် ပတ်ဝန်းကျင်၏ အသိအမှတ်ပြုမှုကိုလည်း မခံကြရသော လိင်အလုပ်သမားများ၏ဘဝမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူရေးမှအစ သူတို့ဘဝတွင် အခက်အခဲမျိုးစုံ ကြုံကြရကြောင်း ဦးတည်အုပ်စုများအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းစီမံကိန်း (Targeted Outreach Program- TOP) အဖွဲ့၏ အကြီးတန်းအစီအစဉ်မန်နေဂျာလည်းဖြစ်သည့်(APNSW၏ ဥက္ကဋ္ဌ) ဒေါ်ကေသီဝင်း ကဆိုသည်။

”အများမသိအောင် လုပ်စားကြတာဆိုတော့ ကျန်းမာရေး ပညာပေးတဲ့နေရာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ နေရာတွေကို သွားဖို့ အခက်အခဲတေရွ ြှိကတယ။် ကျန်း မာရေးဝန်ဆောင်မှုပေးချင်တဲ့သူတွေ လိုက်ရှာပေမယ့် လက်လှမ်းမမီတဲ့ နေရာတွေလည်း ရှိတယ်”ဟုဒေါ်ကေသီဝင်းက ဆိုပါသည်။

သို့ဖြစ်ရာ လိင်အလုပ်သမားများအကြား မလိုလားအပ်ဘဲ ကိုယ်ဝန်ရသွားခြင်းများရှိသလို HIV အပါအဝင် လိင်မှတစ်ဆင့် အခြားရောဂါများလည်း အကူးစက်ခံရခြင်းများလည်းရှိသည်ဟု ဆိုပါသည်။

အမျိုးသားခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေး အစီအစဉ်မှ ယမန်နှစ်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအဆိုအရ မြန်မာနိုင်ငံရှိ အမျိုးသမီးလိင်အလုပ်သမားများအကြား HIV ကူးစက်နှုန်းမှာ ၉ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး အမျိုးသား လိင်အလုပ်သမားများအကြား ကူးစက်ခံရနှုန်းမှာ ၇ ဒသမ ၈ ရာခိုင်နှုန်း ရှိသည်ဟု ဆိုပါသည်။

လိင်အလုပ်သမားများအကြား HIVကူးစက်မှုနှုန်း လျှော့ချနိုင်ရေးအတွက် လိင်ဆက်ဆံသည့်အခါ ကွန်ဒုံးကိုအဖြစ်မနေသုံးစွဲကြရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုက်လံပညာပေးမှုများ အရှိန်ရလာပြီဖြစ်သောကြောင့် လိင်အလုပ်သမားများအကြား HIV ကူးစက်နှုန်းမှာ ယခင်နှစ်များနှင့် ယှဉ်ထိုးကြည့်မည်ဆိုလျှင် သိသိသာသာ လျော့ကျလာကြောင်း HIV တားဆီးကာကွယ်ရေးလုပ်ဆောင်နေသူများက ဆိုသည်။

၁၉၉၈ ခုနှစ်တုန်းကဆိုလျှင် လိင်အလုပ်သမားများအကြား HIV ကူးစက်နှုန်းမှာ ၁၈ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့သည်ဟုဆိုပါသည်။ ထိုစဉ်က ကိန်းဂဏန်းနှင့်ယှဉ်လျှင် ဒီကနေ့ လိင်အလုပ်သမားများအကြား HIV ကူးစက်မှုနှုန်းမှာ ထက်ဝက်နီးပါး လျော့ကျလာခဲ့သည်။

လိင်အလုပ်သမားများအကြားကျန်းမာရေး ဗဟုသုတမြင့်တက်လာသည့်တိုင်၊ HIVကူးစက်မှုနှုန်းလည်းလျော့ကျလာသည့်တိုင် လူမှုအသိုင်းအဝိုင်းက ၎င်းတို့တစ်တွေသည် HIV ရောဂါပိုးလိုက်ဖြန့်နေသူများဟု ထင်မြင်ယူဆနေကြဆဲ ဖြစ်ပါသည်။

”ဒီထက် အမြင်ကျယ်ကျယ် ကြည့်ကြဖို့လိုပါမယ်။ သူတို့တွေချည်းပဲရှိနေလို့က ရောဂါမပြန့်ပွားပါဘူး။ ကြားထဲမှာ ဖြန့်နေတာက သူတို့ဖောက်သည်တွေပဲ”ဟုကုလသမဂ္ဂHIV/AIDS ကာကွယ်တားဆီး ရေးအဖွဲ့UNAIDS မှ ဒေါက်တာစိုးနိုင်က ဆိုသည်။

”သူတို့ကို ဖမ်းတဲ့သူတွေလည်းအဲဒီအထဲမှာ ပါချင်ပါမယ်။ တကယ်တော့သူတို့(လိင်အလုပ်သမားတွေ) က အဖြန့်ခံရတဲ့သူပဲဖြစ်လိမ့်မယ်”

လိင်အလုပ်သမားများအပေါ် ဆက်ဆံမှုများလျော့ကျဖို့၊ ပပျောက်ဖို့ဆိုလျှင် ဘာသာရေးခေါင်းဆောင်များ၊လူမှုရေး ခေါင်းဆောင်များ၊ ထင်ပေါ်ကျော်ကြားသူများက ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ဒေါက်တာစိုးနိုင်က ယူဆသည်။

”ဘာသာရေးခေါင်းဆောင်တွေကဟာ…ဒီလိင်လုပ်ငန်းကြီးတွေက ကောင်းပါတယ်၊ မွန်မြတ်ပါတယ်လို့ ပြောစရာမလိုပါဘူး။ ပြောမှာလည်း မဟုတ်ဘူး။ ဘာသာရေးခေါင်းဆောင်တွေက ဆုံးမတော့ဆုံးမရမှာပဲ။

”ဒါပေမဲ့ ဆုံးမတဲ့နေရာမှာလည်းအမျိုးမျိုးရှိနိုင်ပါတယ်။ ဒါတွေကို ပိုပြီးတော့ ရှုတ်ချချင်စရာဖြစ်သွားအောင်ပြောလည်း ရတာပဲ။ သို့တည်းမဟုတ်မေတ္တာတရားကို အခြေခံပြီးတော့ လူတိုင်းကို လေးစားသင့်တယ်ဆိုတဲ့ အခြေအနေမျိုး ပြောပြီး ဆုံးမတာလည်းဖြစ်နိုင်တာပဲ”

လိင်အလုပ်သမားများအကြား HIV ကူးစက်မှု လျော့ကျ လာသော်လည်းလိင်အလုပ်သမားများထံသို့ ကျန်းမာရေးအသိပညာ သွားရောက်ဖြန့်ဝေရာတွင်အခက်အခဲများရှိနေဆဲဖြစ်ကြောင်းတော်ဝင်ခရေမှ မဇာကြီးက ဆိုပါသည်။

မဇာကြီး၏ အဆိုအရ အနှိပ်ခန်းများ၊KTV များတွင် လုပ်ကိုင်နေသူများကို ကွန်ဒုံးသုံးကြဖို့၊ သွေးစစ်ကြဖို့ သွားပြောသည့်အခါ အချို့သော အနှိပ်ခန်းမန်နေဂျာများနှင့်KTV မန်နေဂျာများကပေးမဝင်ချင်ကြဟုဆိုပါသည်။

”သူတို့ဆီက မိန်းကလေးတွေကအဲဒီလိုလုပ်စားကြတာ မဟုတ်ဘူးဆိုပြီးပေးမဝင်ချင်ဘူး။ ကိုယ့်လူတွေအကြောင်းကိုယ် ပဲ သိတယ်။ ကိုယ့်လူတွေ အထဲမှာလှောင်ပိတ်နေကြတယ်”

အနှိပ်ခန်းပိုင်ရှင်နှင့် KTV ပိုင်ရှင်အချို့အနေနှင့် ၎င်းတို့ ဝန်ထမ်းများကိုHIV နှင့် ပတ်သက်ပြီး အသိပညာပေးသူများအား အသာတကြည်ပေးမဝင်ချင်ကြသော်လည်း ၎င်းတို့ဆီမှ ဝန်ထမ်းတစ်ယောက်ယောက်HIV ရှိနေပြီဆိုပါက သိလျှင်သိချင်း အလုပ်ထုတ်ပစ်တတ်သည်ဟု ဆိုပါသည်။

”ခိုင်းကောင်းတဲ့အချိန်မှာ လုပ်ငန်းရှင်တွေက ဒီမိန်းကလေးတွေကို ခိုင်းစား ကြတယ်။HIV/AIDS ဖြစ်ပြီဆိုရင်တော့ သူတို့ဆိုင်မှာ လူမကျမှာစိုးလို့မောင်းထုတ်ပစ်လိုက်တတ်တယ်”ဟုမဇာကြီးက ပြောပြသည်။

HIV ကူးစက်မှုနှုန်းလျှော့ချရေးအတွက် ကွန်ဒုံးသုံးစွဲရေး လုပ်ဆောင်နေကြသော်လည်း တစ်ဖက်တွင် လိင်အလုပ်သမားများအနေနှင့် ကွန်ဒုံးကို သွားလေရာ ယူဆောင်သွားဖို့ အခက်အခဲဖြစ်ကြရပြန်သည်။ အကြောင်းမူ ရဲများက စစ်ဆေးသည့်အခါ ကွန်ဒုံးတွေ့ သွားပါက ဖြေရှင်းရခက်သောကြောင့်ဟု ဆိုပါသည်။

”ကျန်းမာရေးဘက်ကကျတော့ရာနှုန်းပြည့်ကွန်ဒုံးသုံးစွဲရေးဆိုပြီး ကွန်ဒုံးသုံးခိုင်းတယ်။ ရဲတွေကကျတော့ ကွန်ဒုံးတွေ့ပြီဆိုရင် နင်တို့ Sex Worker တွေပဲဆိုပြီး ဖမ်းတယ်”ဟု လိင်အလုပ်သမတစ်ဦးက ၎င်းတို့အနေနှင့် အခက်ကြုံရပုံကိုပြောပြသည်။

”ဒီနှစ်ခုကြားမှာ ကျွန်မတို့က ဘာလုပ်ရမှာလဲ”ကွန်ဒုံးကို လိင်လုပ်ငန်းလုပ်ခြင်းခံနေကြရသည့် လိင်အလုပ်သမားများအဖို့မှာ ဖောက်သည်သနားမှ ချမ်းသာရာရမည့် အနေအထားတွင် ရှိနေ ပါသည်။

ဥပဒေအရ ကာကွယ်ပေးရေး

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခါစ မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲရေးများကို ကဏ္ဍအားလုံးတွင်လုပ်ဆောင်နေကြစဉ်မှာ ပြည်တန်ဆာများအား ဥပဒေအရ အကာအကွယ်ပေးနိုင်ရေးအတွက် အရေးဆိုမည်ဆိုသောအသံများကိုလည်း ကြားနေရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီးFacebookကဲ့သို့သော လူမှုကွန်ရက်များတွင်အတော်ကလေး ပွက်လောရိုက်သွားခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (Burma Students’ Democratic Front-ABSDF) ၏ ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန်က သူ၏ Facebook စာမျက်နှာတွင် ယခုလို ဝေဖန်ရေးသားထားသည်။

”မြန်မာတပ်မတော် ဒုက္ခပေါင်းစုံပေးကတည်းက မြန်မာပြည်ဟာ စီးပွားရေး ချွတ်ခြုံကျသွားတယ်။ ပြည့်တန်ဆာတွေ အများကြီးဖြစ်လာတယ်။ လွတ်လပ်မှုဆုံးရှုံးမှု၊ လာဘ်စားမှု၊ တရားဥပဒေကင်းမဲ့မှု၊ စီးပွားရေးပျက်ကပ်တွေကို ဆိုးကျိုး (အဖြစ်)ခံစားလာရတယ်။ ဒါတွေကိုမတိုက်ဖျက်ဘဲ ပြည့်တန်ဆာကို တရားဝင်ပြုလုပ်ခြင်းဟာ တိုင်းပြည်ကို ပိုပြီးပျက်စီးသွားစေနိုင်တယ်”

ပြည့်တန်ဆာများအတွက် ဥပဒေအရ တစ်စုံတစ်ရာ အကာအကွယ်ရရှိရေးလိုလားသများအနေနှင့်ထိုကဲ့သို့တောင်းဆိုကြရခြင်းမှာ မြန်မာအမျိုးသမီးများထိုအလုပ်ကို သူ့ထက်ငါ လုပ်စားလာကြစေရေးအတွက် အားပေးအားမြှောက်လုပ်နေခြင်း လုံးလုံး မဟုတ်ဟု ဆိုပါသည်။

”သူတို့အားထုတ်နေကြတာကမတတ်သာလို့ ဒီလိုဘဝကို ရောက်သွားတဲ့သူတို့လေးတွေကို စောင့်ရှောက်ပေးဖို့လိုအပ်တာကို အရေးဆိုနေကြတာပါ။တရားဥပဒေအရ အရေးယူခံရတယ် ဆိုဦးတော့ တရားခွင်မှာ သူတို့ဘက်ကသက်သက်ညှာညှာ ရပ်တည်ပေးကြဖို့၊ပိုမိုတရားမျှတမှုတွေရရှိဖို့ တောင်းဆိုနေကြတာဖြစ်ပါလိမ့်မယ်”ဟု ဒေါက်တာစိုးနိုင်က ဆိုသည်။

”ဒီမှာက ဥပဒေကို ပြုပြင်ပြောင်းလဲပေးဖို့ပြောရင် လမ်းထောင့်တိုင်းမှာ’ဘိ’ ဖွင့်ပေးဖို့ ပြောနေတာပဲလို့ ထင်နေကြတာ။ ဒါတွေဟာရှိနေမှာပဲ။ လက်မခံလို့မရဘူး။ ဒီမှာ မရှိပါဘူးလို့ ငြင်းနေလို့လည်းမရဘူး”

တိုင်းပြည်တိုးတက်ပြောင်းလဲလာသည့်အခါ လိင်အလုပ်သမားများ၏ ဘဝသည်လည်း ကျန်ရစ်မနေခဲ့ဘဲ အတူတွဲပြီး တိုးတက်လာအောင် လုပ်ဆောင်ကြဖို့လိုအပ်ကြောင်း ဒေါက်တာစိုးနိုင်ကအကြံပြုသည်။

”ဒီအပိုင်းက ကျန်နေခဲ့မယ်၊ရောဂါတွေ ကူးစက်နေမယ်ဆိုလို့ရှိရင်တစ်ချိန်ကျရင် ကျန်တဲ့လူတွေဆီကိုလည်း ဒီရောဂါက လာမှာပဲ”(အပြည်ပြည်ဆိုင်ရာ လူဦးရေဝန်ဆောင်မှု (Population Services International-PSI) ၏ ပရောဂျက်တစ်ခု ဖြစ်သည့်)TOP အဖွဲ့မှ ဒေါ်ကေသီဝင်းကလည်း လူမှုအသိုင်းအဝိုင်းအနေဖြင့်”လိင်အလုပ်သမားတွေကို တရားဝင်လက်ခံမပေးနိုင်ဘူးဆိုရင်တောင် လူမှုရေးရှုထောင့်၊ ကျန်းမာရေးရှုထောင့်ကကြည့်ပေးကြဖို့သင့်တယ်”ဟုဆိုသည်။

ပတ်ဝန်းကျင်၏ နှိမ့်ချဆက်ဆံခံရမည်ကို စိုးရိမ်သောကြောင့် လိင်အလုပ်သမားများမှာ ကျန်းမာရေးအရ လိုအပ်လာသည့်အတွက် ဆေးခန်းပြရမည့်အခါရပ်ကွက်ထဲက ဆေးခန်းများသို့ သွားရောက်ပြသရမည်ကိုပင် မဝံ့မရဲဖြစ်ကြရသည်ဟု ဆိုပါသည်။

လိင်အလုပ်သမားများအား ကျန်းမာရေးပညာပေးကာ ရောဂါကာကွယ်နိူင်အောင် အခွင့်အလမ်းများ ပေးမည်ဆိုပါက တစ်ချိန်တွင် ၎င်းတို့အထဲမှ လင်ကောင်း၊ သားကောင်းလည်း ရချင်ရနိုင်သလို တခြားအလုပ်အကိုင်ကိုလည်းပြောင်းလုပ်ချင် လုပ်နိုင်ကြလိမ့်မည် ဖြစ်ကြောင်း ဒေါက်တာစိုးနိုင်က သုံးသပ်သည်။

အမှန်တကယ်လည်း ဒီအလုပ်ကိုစွန့်လွှတ်ကာ အခြား အလုပ်များသို့ ကူးပြောင်းလုပ်သွားကြသူတွေ၊ ကူးပြောင်း ဖို့ကြိုး စားနေကြသူတွေ ရှိနေပါသည်။အချို့လည်း ကံအားလျော်စွာအလုပ်သစ်မှာ အောင်မြင်ပြီး အလုပ်ဟောင်းကို အပြီးပိုင် စွန့်ခွာသွားနိုင်သူများလည်း ရှိကြပါ သည်။

တချို့လည်း အလုပ်သစ်မှာ ပျော်မွေ့ချင်ပေမယ့် အလုပ်ရှင်က ၎င်းတို့၏နောက်ကြောင်းရာဇဝင်ကို သိသွားသည့်အခါ အလုပ်ဖြုတ်ခံကြရသည်များလည်းရှိတတ်သလို လုပ်ဖော်ကိုင်ဖက်များကကွယ်ရာတွင် နှုတ်နှင့် အကြမ်းဖက်ကြသည်များလည်း ရှိတတ်သဖြင့် မထူးဇာတ်ခင်းကာ အလုပ်ဟောင်းကိုပဲ ပြန်ပြောင်းလုပ်ကြသူများလည်း ရှိတတ်ပါသည်။

မအင်ကြင်းခိုင်ကတော့ ဘဝသစ်၊အလုပ်သစ်မှာ မည်သို့သော စိန်ခေါ်မှုများနှင့် ကြုံရ၊ကြုံရ အလုပ်ဟောင်းကို အပြီးပိုင် စွန့်လွှတ်ကာ အလုပ်သစ်မှာ ပျော်မွေ့နိုင်ဖို့ ကြိုးစားနေသည်။

တော်ဝင်ခရေအဖွဲ့မှ ချေးငှားပေးသော ငွေအရင်းအနှီးနှင့် အဝတ်အစားအရောင်းအဝယ်လုပ်ပြီး ပိုက်ဆံရှာဖွေရင်းဖြင့် လိင်အလုပ်သမအလုပ်ကို အပြီးပိုင်စွန့်လွှတ်ဖို့ မအင်ကြင်းခိုင် စိတ်ပိုင်းဖြတ်ထားသည်။

မအင်ကြင်းခိုင်ကဲ့သို့ အလုပ်ဟောင်းကိုစွန့်ကာ အလုပ် သစ်တစ်ခုသို့ပြောင်းလဲလုပ်ကိုင်လိုသူများအတွက်အသေးစား ငွေချေးပေးနေသည့် တော်ဝင်ခရေမှ မဇာကြီးပြောပြသည်ကအလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာမည်ဆိုပါက လက်ရှိအလုပ်ကိုစွန့်လွှတ်ချင်သော လိင်အလုပ်သမားအမြောက်အမြားရှိသည်ဟု ဆိုပါသည်။

မအင်ကြင်းခိုင်၏ သူငယ်ချင်းမနှင်းဆီသည်လည်း သည်အလုပ်ကို ရာသက်ပန် စွန့်လွှတ်ချင်နေပြီဖြစ်သည်။ သို့သော် လောလောဆယ်တွင် ယခုအလုပ်ဖြင့် မိသားစု ဝင်ငွေရှာရနေရတုန်းပင်ဖြစ်သည်။ အသက် ၄ဝ အရွယ် မနှင်းဆီမှာအိမ်စရိတ်အပြင် တက္ကသိုလ်တက်နေသည့် သားဖြစ်သူကိုလည်း ထောက်ပံ့ပေးနေရသေးသည်။

တကယ်တော့ မနှင်းဆီ ဒီအလုပ်ကိုကာလတစ်ခုအထိ စွန့်လွှတ်ခဲ့ဖူးသည်။အချိန်ကာလအားဖြင့် အသက် ၂ဝ ကျော်အိမ်ထောင်ကျသည့် အချိန်မှစပြီး လင်ယောကျ်ားဆုံးသွားခဲ့သည့် အချိန်အထိဒီအလုပ်ကို စွန့်လွှတ်ခဲ့ဖူးပါသည်။

သို့သော်လည်း လွန်ခဲ့သည့် လေးနှစ်ကျော်လောက်က လင်ယောကျ်ား ဆုံးသွားသည့်အချိန်မှစပြီး မိသားစုဝင်ငွေရှာဖို့ သူ့ခေါင်းပေါ် လုံးလုံးရောက်လာသည်။သားဖြစ်သူကိုကား အလုပ်မခိုင်းရက်။ပညာရေးကို ဆုံးခန်းတိုင်အောင် သင်စေချင်သည်။ သူ့တုန်းကလို ပညာတစ်ပိုင်းတစ်စဖြစ်ရမည်ကို မနှင်းဆီ စိုးရိမ်သည်။

သို့ဖြင့် အခြားအလုပ်တစ်ခုလည်းလုပ်ရင်း၊ ဒီအလုပ်ကိုလည်း ပြန်လုပ်ရင်းဖြင့် ပိုက်ဆံရှာပြီး သားဖြစ်သူကို ကျောင်းထားလာသည်မှာ ဆယ်တန်းအောင်လို့တက္ကသိုလ်ပထမနှစ်သို့ပင် တက်ရောက်နေလေပြီ။

မနှင်းဆီက သူ့သားကို အလုပ်တစ်ဖက်နှင့် အဝေးသင်မယူစေလို။ နေ့ကျောင်းသားအဖြစ် အချိန်ပြည့် ကျောင်းတက်စေသည်။ လိုအပ်သည့်ပိုက်ဆံကို သူတစ်ယောက်တည်း ကုန်းရုန်းရှာသည်။

”ကျွန်မတို့တစ်တွေထဲမှာ ကျွန်မတို့လို မိခင်တွေ အများကြီး။ ဒီအလုပ်နဲ့ကလေးတွေကို ကျောင်းထား၊ တချို့ဆိုဆယ်တန်းအောင်လို့ ဗိုလ်ကြီးဖြစ်သွားတဲ့သူနဲ့။ ကျွန်မတို့လို ခန္ဓာကိုယ်ရင်းပြီး သားသမီးတွေကို လုပ်ကျွေးနေတဲ့ မိခင်တွေရဲ့မေတ္တာက…”

မနှင်းဆီဆက်ပြောရန် အားထုတ်သော်လည်း စကားသံက တော်တော်နှင့်ထွက်မလာတော့ပါ။ ရှိုက်သံတိုးတိုးသဲ့သဲ့သာ သူ့ ဆီမှ ထွက်လာသည်။

မဇာကြီးပြောပြချက်အရ သူ၏ သူငယ်ချင်းတစ်ယောက်ဆိုလျှင် သားဖြစ်သူဗိုလ်ကြီးအား သွားတွေ့ချင်သည့်တိုင်သွားမတွေ့ဝံ့ဘဲ ဖြစ်နေသည်ဟု ဆိုပါသည်။ HIVကူးစက်ခံထားရသည့် ထိုမိခင်မှာ ကိုယ်ခံအားလည်း ကျနေပြီဖြစ်ရာ ဆေးသောက်နေရသည်။

မိခင်ဖြစ်သူ စိုးရိမ်သည်က သားဖြစ်သူကို သွားတွေ့သည့်အခါ အကယ်၍များ သူ့မှာထိုရောဂါရှိနေသည်ကို သက်ဆိုင်ရာက သိသွားလျှင် သားဖြစ်သူ၏ ရာထူးကို ထိခိုက်သွားမည့်ကိစ္စပင်ဖြစ်သည်။

ထိုသို့သော အဖြစ်မျိုးနှင့် နောင်တစ်ချိန်တွင် ကြုံတွေ့ရမည်ကို စိုးရိမ်သောကြောင့် မနှင်းဆီကတော့ သူ့သား ဆယ်တန်းအောင်တုန်းက ဗိုလ်သင်တန်းလျှောက်မည် တကဲကဲလုပ်နေသည်ကို ငိုကြီးချက်မနှင့် ဟန့်တားခဲ့ရသည်ဟုဆိုသည်။

”မျက်ရည်ကျပြီးပြောခဲ့ရတယ်။ဗိုလ်သင်တန်းမလျှောက်ပါနဲ့လို့။ နောက်ကြောင်း ရာဇဝင်တွေလိုက်ရင် သား ဒုက္ခရောက်နေမှာစိုးလို့”

တကယ်ဆိုလျှင် မနှင်းဆီမှာ HIV ပိုးရှိနေပြီဖြစ်သည်။ ဆေးလည်းသောက်နေရသည်။ သားဖြစ်သူက မိခင်ဖြစ်သူမှာHIV ပိုးရှိသည့်အတွက် ဆေးသောက်နေရသည်ကိုတော့ သိထားသည်။ မနှင်းဆီကလည်း ဖွင့်ပြောထားသည်။ သို့သော်ဘယ်ကဘယ်လို ကူးစက်လာသည်ကိုမူသားဖြစ်သူက မမေး။

”မမေးရက်လို့နဲ့ တူတယ်။ သားကတစ်ခုတော့ ပြောရှာတယ်။ အမေ ကျန်းမာအောင်တော့ နေပေးပါတဲ့”

ကျန်းမာရေးအရ မနှင်းဆီ နားချင်လှပြီ။ သို့သော် သားဖြစ်သူ ဘွဲ့ရပြီးအလုပ်မရသေးခင်အထိတော့ ကြံ့ကြံ့ခံကာ ဒီအလုပ်ကို ဆက်လုပ်ရဦးမည်ဟုမနှင်းဆီ တွေးထားသည်။

တစ်ချိန်တည်းတွင်လည်း မိခင်ဖြစ်သူ ဒီအလုပ်လုပ်ကာ ပိုက်ဆံရှာပေးနေရသည်ကို သားဖြစ်သူသိသွားလို့ လုံးလုံးမဖြစ်။ သားဖြစ်သူသိထားသည်က ဈေးထဲမှာ သူ့မိခင် စားသောက်ကုန်ရောင်းသည်ဆိုတာလောက်ပဲ သိထားသည်။

သားဖြစ်သူ သိသွားလျှင် သူ့ကိုဘယ်လိုထင်မလ။ဲ သားဖြစ်သူအရှက်ကြီးရှက်ရမည်၊ စိတ်အထိခိုက်ကြီးထိခိုက်သွားမည်ကိုလည်း မနှင်းဆီ စိုးရိမ်သည်။

သို့အတွက်ကြောင့်လည်း ဧည့်သည်ရှာရာတွင် ရပ်ကွက်နှင့် နီးသည့်နေရာများမှာ မရှာမိစေဖို့ မနှင်းဆီတအားသတိထားရသည်။ တစ်ချိန်တည်းတွင်လည်း အဖမ်းခံမထိအောင် ပုန်းလျှိုးကွယ်လျှိုး လုပ်ရသည်။ ခေါ်သမျှလူနောက်လိုက်နေလို့ကလည်း မဖြစ်။

သားဖြစ်သူအတွက် ထိုသို့ ကိုယ့်ကိုယ်ကိုယ် အလောင်ကျွမ်းခံနေရင်းအကယ်၍များ ကံမကောင်း၊ အကြောင်းမသင့်လို့ စီမံချက်နှင့် ပက်ပင်းတိုးခဲ့သည်ရှိသော် မနှင်းဆီတို့ သားအမိဘဝက မည်သို့ ဖြစ်သွားလေမည်နည်း။    ။   အပိုင်း(၁)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."