Photo: ANFREL အာဖဂန်နစ်စတန်မှ မသန်စွမ်း မဲဆန္ဒရှင်တစ်ဦး
အောက်တိုဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၈)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။
လင်းမြတ်နှင့် မင်းလွင်ရေးသည်။
အတားအဆီးမဲ့ ပတ်ဝန်းကျင်လို
ထိုကဲ့သို့ သွားရေးလာရေးကိစ္စအခက်အခဲများသည် နိုင်ငံ ရေးတွင် အခြားသန်စွမ်းသူများနှင့် တန်းတူပါဝင်ခွင့်၊ ပညာရေး နှင့် အလုပ်အကိုင်ရရှိရေးကိစ္စများတွင် ကြီမားသောအတား အဆီးများဖြစ်နေသဖြင့် အတားအဆီးကင်းသော ပတ်ဝန်းကျင် (Barrier Free Environment) တစ်ခုလိုသည်ဟု ဦးစောသောင်း ကြည်က ဆိုသည်။
သို့သော် မြန်မာနိုင်ငံ၏ အနေအထားအရ မသန်စွမ်းသူ များ မဆိုထားနှင့်၊ သန်စွမ်းသည့် သာမန်လူများအတွက်ပင် လွတ်လပ်စိတ်ချစွာ သွားလာလှုပ်ရှား၍ ရသော ပတ်ဝန်းကျင်မှာ နည်းပါးသေးသည်ဟု သူက ဆိုသည်။
မသန်စွမ်းသူများအတွက်မူ ”အမှန်ပြောရရင်တော့ နည်း တယ်ဆိုတာထက် (အတားအဆီးမဲ့တဲ့လမ်းတွေ) လုံးဝမရှိဘူးလို့ ပြောလို့ရတယ်”ဟု ဆိုကာ တဟားဟား ရယ်ပစ်လိုက်သည်။
မြို့ပြလမ်းများသည် မသန်စွမ်းများအတွက်၊ အထူးသဖြင့် မျက်မမြင်များအတွက် အဆင်မပြေပုံကို မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များမိတ်သဟာယအသင်း(ခဝဲခြံမျက်မမြင်ကျောင်း)မှ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ သူကိုယ်တိုင်လည်း အမြင်အာရုံ မသန်စွမ်းသူတစ်ဦးလည်းဖြစ်သည့် ဦးသိန်းလွင်က ယခုလို ပြောပြသည်။
”ပလက်ဖောင်းတွေမှာ ဈေးသည်တွေအများကြီး။ ပလက် ဖောင်းတွေ မညီတာလည်း အများကြီး။ ပလက်ဖောင်းတွေပေါက် နေတာလည်း အများကြီး။ ဒီတော့ ဒုက္ခကလည်း အများကြီး”
မျက်မမြင်များအနေနှင့် လမ်းလျှောက်ရင်း ပလက်ဖောင်း ပျောက်သွားသည့်ကိစ္စ၊ ဓာတ်တိုင်ကို ဝင်တိုက်မိသည့် ကိစ္စများ နှင့် ကြုံရသလို ရေဆင်းပေါက်ထဲသို့ ကျွံကျသည့်ဖြစ်စဉ်များနှင့် လည်း ကြုံရသည်ဟု သူက ဆိုသည်။
ဦးသိန်းလွင်တို့ ခဝဲခြံကျောင်းဝင်းထဲတွင်လည်း ယခင်က မျက်မမြင်များ သွားလာရအဆင်ပြေစေမည့် သင်္ကေတ အမှတ် အသားများ ပြုလုပ်ထားခဲ့သည်ဟုဆိုသည်။ သို့သော် ထိုလမ်းပြ အမှတ်အသားများသည် ကျောင်းထဲတွင်သာရှိပြီး ကျောင်းပြင် တွင် မရှိ။ ထို့ကြောင့် နောက်ပိုင်းတွင် ကျောင်းထဲတွင်လည်း မည် သည့်အမှတ်အသားမှ မထားတော့ဘဲ အမှတ်အသားများမရှိ သည့် အပြင်ပတ်ဝန်းကျင်ကို လေ့လာမှတ်သားပြီး လမ်းလျှောက် တုတ်သုံး၍ မည်သို့ လမ်းလျှောက်ရမည်၊ တုတ်ကိုင်သည့် လက် ဆစ်ကို မည်သို့လွှဲရမည် စသည့်သင်ခန်းစာကိုသာ သင်ပေးတော့ သည်ဟု သူက ဆိုသည်။
”ဒီအမှတ်အသားတွေက အပြင်မှာမှ မရှိတာကြီးကို ကျောင်း ထဲမှာသင်ပြီး ဘယ်မှာသွားသုံးမလဲ”ဟု ဦးသိန်းလွင်က မေးခွန်း ထုတ်သည်။
ဦးသိန်းလွင် သွားရောက်ဖူးသည့် ဂျပန်နိုင်ငံရှိ မြို့အများ စုတွင် လမ်းမလျှောက်နိုင်၍ ဘီးတပ်ကုလားထိုင် အသုံးပြုရသူ များအတွက် ပလက်ဖောင်းတစ်ခုနှင့် တစ်ခုအကူးတွင် တွန်း လှည်းတက်နိုင်လောက်သည့် ဆင်ခြေလျှောလေးများ ပြုလုပ် ထားပြီး မျက်မမြင်များအတွက် ပလက်ဖောင်း၏ အလယ်တွင် တုတ်နှင့်စမ်းသွားလို့ရသည့် မျဉ်းကြောင်းများပြုလုပ်ထားသည် ဟု ဦးသိန်းလွင်က ရှင်းပြသည်။
မျက်မမြင်များသည် ထိုပလက်ဖောင်းပေါ်မှ မျဉ်းကြောင်း လေးများကို လမ်းလျှောက်တုတ်ဖြင့်စမ်းကာ လမ်းလျှောက် သွားလာရန်ဖြစ်ပြီး မျက်မမြင်များ ခလုတ်မတိုက်စေရန် ထိုမျဉ်း ကြောင်းများပေါ်တွင် လူများ ရပ်မနေရ၊ ပစ္စည်များချမထားရ ဟူသည့် စည်းကမ်းများ ထုတ်ထားသည်ဟုဆိုသည်။
မျက်မမြင်များ လမ်းကူးသည့်အခါတွင်လည်း အဆင်ပြေ အောင် အသံပေးစနစ် ဖန်တီးပေးထားသည်ဟု ဦးသိန်းလွင်က ရှင်းပြသည်။
ထို့ကြောင့် မသန်စွမ်းသူများအပြင် ‘လူတိုင်းအတွက်’အဆင်ပြေမည့်၊ အတားအဆီးကင်းသော ပတ်ဝန်းကျင်ကိုပါ ဖန် တီးပေးရန် လိုအပ်နေပြီဟု မသန်စွမ်းသူများ အလုပ်အကိုင်အခွင့် အလမ်းရရှိရေးနှင့်ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေ သော ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြော သည်။ မသန်စွမ်းသူများအတွက်ပင် အဆင်ပြေအောင် လုပ်ပေး နိုင်ပါက သာမန်လူများအတွက်လည်း အဆင်ပြေပြီးသားဖြစ်နေ ၍ ‘လူတိုင်းအတွက်’ဟု သုံးနှုန်းရခြင်းဖြစ်သည်ဟု ဦးမြတ်သူဝင်း က ရှင်းပြသည်။
ထိုသို့ အတားအဆီးကင်းသည့် ပတ်ဝန်းကျင်ဆိုရာ၌ အများပြည်သူစီးသည့် ဘတ်စ်ကားများ၊ ရထားများလည်း ပါဝင် ပြီး မသန်စွမ်းသူများကိုယ်တိုင် ဘတ်စ်ကားပေါ်သို့ အတက် အဆင်းပြုလုပ်နိုင်ရန် ဟိုက်ဒရောလစ်လှေကားများလည်း ရှိရန် လိုသည်ဟု ၎င်းက ဆိုသည်။
သို့သော် မြန်မာနိုင်ငံတွင်တော့ ”လမ်းအပြင်ကို ထွက် လိုက်တာနဲ့ ဘတ်စ်ကားတက်စီးဖို့ ကျွန်တော်တို့အတွက် အဆင် မပြေဘူးဗျ၊ ဝှီးချဲတက်မယ့် အပေါက်ကြီးက ပိတ်ထားတယ်”ဟု ဦးမြတ်သူဝင်းက ဆိုသည်။
ဥပမာဆိုရလျှင် ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့်ဘတ်စ် ကားများတွင် မသန်စွမ်းသူများအတွက် အတက်အဆင်းပြုရန် သီးသန့်လှေကားများ မတွေ့ရသလို ဘတ်စ်ကားပေါ်တွင် မသန် စွမ်းသူများအတွက် သီးခြားပေးထားသည့် နေရာများတွင်ပါ ထိုင်ခုံများ တပ်ဆင်လိုက်သဖြင့် ဘီးတပ်ကုလားထိုင်များ တင် ရန် နေရာမရှိတော့ပေ။
မသန်စွမ်းသူများအတွက် အစကတည်းက ထည့်သွင်းစဉ်း စားပြီး လမ်းတံတားများ၊ ပလက်ဖောင်းများနှင့် အဆောက် အအုံများ ဆောက်လုပ်ခြင်းစသည့် လုပ်ငန်းများကို စနစ်တကျ ကြပ်မတ်ခဲ့ပါက အားလုံးအတွက် အဆင်ပြေသည့်အပြင် ငွေ ကြေးလည်း ပိုမိုကုန်ကျစရာ အကြောင်းမရှိဟု ၎င်းက ယူဆသည်။
”ကားတွေမလောက်လို့ နိုင်ငံခြားက ကားတွေ ထောင်ချီ ပြီး သွင်းသေးတာပဲ။ ကျွန်တော်တို့တက်မယ့် အပေါက်လေး ဖွင့်ပေးတာ ဘာခက်လဲ။ မိုင်ထောင်ချီတဲ့ပလက်ဖောင်းတွေ ဆောက်သေးတာပဲ။ ကျွန်တော်တို့အတွက် ဆင်းလျှောလေး လုပ် ပေးတာ ဘာအပန်းကြီးလဲ”ဟု ဦးမြတ်သူဝင်းက မေးခွန်းထုတ်သည်။
သို့သော် မသန်စွမ်းများအတွက် ထည့်သွင်းစဉ်းစားလုပ် ဆောင်သူများ မရှိသည့်အတွက် မသန်စွမ်းများအတွက်သာမက သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များအတွက်ပါ သွားရေး ခက်၊ လာရေးခက် ဖြစ်ရသည်ဟု ဦးမြတ်သူဝင်းက ဆိုသည်။ ထို့ သို့ မသန်စွမ်းသူများအတွက်ကို ”နိုင်ငံတကာက ထည့်သွင်းစဉ်း စားပေမယ့် ကျွန်တော်တို့နိုင်ငံ ထည့်သွင်း မစဉ်းစားဘူး ဖြစ်နေ တယ်”ဟု ၎င်းက ဆိုပါသည်။
အများနှင့်ဆိုင်သည့် အဆောက်အအုံများတွင် မသန်စွမ်း များအတွက် ကျယ်ဝင်းသည့်သန့်စင်ခန်းများလည်း ဆောက်လုပ် ပေးရန်လိုအပ်သလို အဆောက်အအုံများ၏ တံခါးများတွင် မသန် စွမ်းသူများကိုယ်တိုင် ဖွင့်ရပိတ်ရလွယ်မည့် ဘေးတိုက် ဆွဲ၍ရ သည့် slide တံခါးများတပ်ဆင်ပေးရန် လိုသည်ဟု ဦးမြတ် သူဝင်းက ဆိုသည်။
ထု့ိပြင် အတက်အဆင်းအဆင်ပြေရန် ဓာတ်လှေကားများ နှင့် မျက်မမြင်များအတွက် အချက်ပြ အသံစနစ်များ တပ်ဆင်ပေး ရန် အစိုးရနှင့် ဆောက်လုပ်ရေးကုမ္ပဏီများ၊ ကန်ထရိုက်လုပ်ငန်း ရှင်များအနေဖြင့် ထည့်သွင်းစဉ်းစားပေးသင့်သည်ဟု ဦးမြတ်သူ ဝင်းက တောင်းဆိုသည်။
ထိုဆောင်ရွက်ချက်များ အကောင်အထည်ပေါ်လာစေရန် အစိုးရက ”ပေါ်လစီအရရော၊ မူဝါဒအရရော၊ အသိစိတ်အရရော ထည့်သွင်းစဉ်းစားပေးဖို့” လိုသည်ဟု ၎င်းက တောင်းဆိုသည်။
ရန်ကုန်မြို့မှ ပလက်ဖောင်းများကို လူတိုင်းအတွက် အဆင် ပြေရန် တည်ဆောက်ထားခြင်း ရှိ၊ မရှိကို သိရှိနိုင်ရန် ရန်ကုန်မြို့ တော်စည်ပင်သာယာကော်မတီမှ သက်ဆိုင်ရာဌာနများသို့ မော် ကွန်းက ဆက်သွယ်ခဲ့ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (လမ်းနှင့်တံတား) ဌာနမှ ဒုတိယဌာန မှူး ဦးစိုးသိန်းအောင်က ”ကျွန်တော်တို့အနေနဲ့ မသန်စွမ်းတွေနဲ့ ပတ်သက်ပြီး ပလက်ဖောင်းတွေ တည်ဆောက်တဲ့အခါမှာ ဝှီးချဲလိုမျိုးလက်တွန်းလှည်းတွေနဲ့ သွားလာနိုင်ဖို့ အတွက် လျှော စောင်းတွေ ထည့်သွင်းပေးထားပါတယ်”ဟု ပြောပြသည်။
သို့သော်လည်း ထိုသို့ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ နှင့် တွေ့ဆုံဆွေးနွေးကာ လုပ်ဆောင်ခဲ့ခြင်းတော့မဟုတ်ဟု ဦးစိုး သိန်းအောင်က ဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အဆောက် အအုံဆိုင်ရာ နည်းဥပဒေများတွင်လည်း မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားထားသည့် ညွှန်ကြားချက်များကို မတွေ့ရ။
လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဌာနခွဲ ညွှန် ကြားရေးမှူး ဒေါ်ယုယုဆွေက ပလက်ဖောင်းများကို ဘီးတပ် ကုလားထိုင်များဖြင့် သွားလာရန် လုပ်ပေးထားသည့်နေရာများရှိသော်လည်း ပလက်ဖောင်းပေါ်တွင် ကားကို ဖင်တင်ပြီး ရပ်ခြင်း၊ ပလက်ဖောင်းပေါ်တွင် ပိတ်ပြီးဈေးရောင်းနေခြင်း၊ မီးစက် စသည့် ပစ္စည်းများကို ပလက်ဖောင်းများပေါ်တွင် ချထားခြင်း စသည့် အပြုအမူများ ရှောင်ကြည်ရန် နိုင်ငံသားတစ်ဦးချင်းစီတွင် တာဝန်ရှိကြောင်း မော်ကွန်း၏ မေးမြန်းချက်များကို အီးမေးလ်မှ တစ်ဆင့် ဖြေကြားခဲ့သည်။
ထိုကဲ့သို့ သွားရေးလာရေးအခက်အခဲများနှင့် ပတ်ဝန်း ကျင်မှ လူများ၏ ခွဲခြားဆက်ဆံမှုများကြောင့် မသန်စွမ်းအဖွဲ့ အစည်းများနှင့် ဆက်သွယ်မိသည့် မသန်စွမ်းများလောက်သာ ပညာသင်ကြားရန် အားထုတ်ကြတော့သည်ဟု မသန်စွမ်းသူများ အား အကူအညီပေးနေသော အဖွဲ့အစည်းများက ထောက်ပြ ကြသည်။
မသန်စွမ်းသူတစ်ယောက်ကျောင်းတက်မည်ဆိုပါက မိဘ အုပ်ထိန်းသူ၊ သို့မဟုတ် ဆွေမျိုးများက ကျောင်းတက်ရန် ကြိုပို့ လုပ်ကြရသည်။ အစိုးရက လူတိုင်းအကျုံးဝင်ပညာရေးစနစ်ကို အကောင်အထည်ဖော်မည်ဆိုသည့်တိုင် ကျောင်းရောက်ရန် မလွယ်သည်နှင့်ပင် ကျောင်းသည် မသန်စွမ်းသူများနှင့် ဝေး၍ ဝေး၍ သွားတော့သည်။
မသန်စွမ်းကိုယ်တိုင် မိဘများအကူအညီမပါဘဲ ကျောင်း တက်မည်ဆိုလျှင်လည်း လွတ်လပ်ပြီး အတားအဆီးမဲ့သည့် ပတ် ဝန်းကျင်မရှိသည့်အတွက် တစ်ယောက်တည်းကျောင်းသွားရန် မဖြစ်နိုင်ဘဲ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် အလှမ်း ဝေးကြရသည်ဟု ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူ ဝင်းက ရှင်းပြသည်။
”မသန်စွမ်းတွေကို မခွဲခြားဘူးကွာ၊ လာခဲ့ပါဆိုရင်တောင် (သွားရေးလာရေး အခက်အခဲတွေကြောင့်) မလာနိုင်ဘူး” ဟု ၎င်းက ဆိုသည်။
သည်အတွက် ”စာမတတ်ဘူး။ အခြားသက်မွေးဝမ်းကျောင်း ပညာတွေ မရှိဘူး။ အဲဒီတော့ အလုပ်အကိုင် အခွင့်အလမ်း အရမ်း နည်းတယ်။ ဝင်ငွေမရှိဘူး၊ ဆင်းရဲတယ်”ဟု ပညာသင်ကြားခွင့် နှင့် လွဲနေရသည့် မသန်စွမ်းသူများ၏ ဒုက္ခကို ရှင်းပြသည်။
မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များမိတ်သဟာယအဖွဲ့မှ ဦးသိန်းလွင်ကတော့ မသန်စွမ်းသူများသွားလာနေထိုင်ရန် အဆင်ပြေချောမွေ့သည့် ပတ်ဝန်းကျင်မရှိခဲ့ခြင်းမှာ မသန်စွမ်းသူ များအတွက် ထည့်သွင်းစဉ်းစားပေးသည့် ဥပဒေမရှိခဲ့၍ ဖြစ်သည် ဟု ပြောသည်။
Photo: ANFREL အာဖဂန်နစ်စတန်မှ မျက်မမြင် မဲဆန္ဒရှင်တစ်ဦး
ဘာမျှော်မှန်းလို့ရမလဲ
ဥပဒေပြဋ္ဌာန်းပေးရန် မသန်စွမ်းသူများအဖွဲ့များက အစိုးရ ကို နှစ်အတော်အတန်ကြာ တောင်းဆိုခဲ့ကြသည်။
ထိုသို့ မသန်စွမ်းသူများ၏ လှုံ့ဆော်မှုများကြောင့် နိုင်ငံ တော်သမ္မတက မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂ဝ၁၅၊ ဇွန် ၅ ရက်နေ့က လက်မှတ်ရေထိုး အတည်ပြုပေးခဲ့ပြီ ဖြစ်သည်။
ထိုဥပဒေတွင် မသန်စွမ်းသူများအတွက် အတားအဆီး ကင်းသည့် ပတ်ဝန်းကျင်များ (Barriers Free) ဖန်တီးပေးရမည် ဆိုသည့်အချက် ထိုဥပဒေထဲတွင် ပါဝင်လာပြီဖြစ်သည်။ ယင်း ဥပဒေသည် လာမည့် အောက်တိုဘာ ၅ ရက်တွင် ရက်ပေါင်းကိုးဆယ်ပြည့်မည်ဖြစ်ပြီး နည်းဥပဒေကို ဆက်၍ ပြဋ္ဌာန်းပေးရမည် ဖြစ်သည်။
ယင်းဥပဒေသည် ကုလသမဂ္ဂက အတည်ပြု ထုတ်ပြန်ထား သည့် မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာစာချုပ် (CONVENTION ON THE RIGHTS OF PERSONS WITH DISABLITIES – CRPD) ကို မြန်မာနိုင်ငံက ၂ဝ၁၂ တွင် လက်မှတ်ရေးထိုးပြီးနောက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး မသန်စွမ်းသူများနှင့် သက်ဆိုင်သည့်တစ်ခုတည်းသော ဥပဒေ ဖြစ်သည်ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးညွန့်အောင်က ပြောသည်။
မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေတွင် ရည်ရွယ်ချက် များအဖြစ် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေး မှု ပြည်သူ့ရေးရာနယ်ပယ်အသီးသီးတွင် အခြားသူများနှင့် တန်း တူပါဝင်နိုင်ရန်ဟူ၍ ဖော်ပြထားသည်။ ထို့ကြောင့် မသန်စွမ်းသူ များသည်လည်း အများနည်းတူ နိုင်ငံရေးတွင်ပါဝင်ခွင့်ကို ထို ဥပဒေက ပေးထားသည့် သဘောဖြစ်သည်။
ထို့အပြင် မသန်စွမ်းသူများ အလွယ်တကူအသုံးပြုနိုင်သော ဝန်ဆောင်မှုများ၊ စနစ်များ၊ ပုံစံများ၊ နည်းပညာများ၊ အထောက် အပံ့ပစ္စည်းများ၊ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ခြင်းနည်းပညာများ ကို သုတေသနပြုခြင်းနှင့် တီထွင်ထုတ်လုပ်ပေးရန် စသည့် အချက်များလည်း ပါဝင်လာပြီ ဖြစ်သည်။
နည်းဥပဒေများရေးဆွဲခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေတွင် တာဝန်ပေးထားသည်။
အစိုးရသစ်လက်ထက်တွင် မသန်စွမ်းသူများ အဖွဲ့အစည်း များ ဖွဲ့စည်းခွင့်ပြုခြင်း၊ ဥပဒေပြဋ္ဌာန်းပေးခြင်းများ အပေါ် အားရ ကျေနပ်သော်လည်း မသန်စွမ်းအဖွဲ့အစည်းများနှင့် အစိုးရ၏ပူး ပေါင်းဆောင်ရွက်မှုမှာ အားနည်းနေသေးသည်ဟု မော်ကွန်း မဂ္ဂဇင်းမှ တွေ့ဆုံခဲ့သည့် မသန်စွမ်းအဖွဲ့တချို့က ဝေဖန်သည်။
လာမည့်ရွေးကောက်ပွဲတွင် မသန်စွမ်းများ မဲပေးခွင့် မဆုံး ရှုံးစေရေးအတွက် မသန်စွမ်းဦးရေ စာရင်းကောက်ခြင်း၊ အစိုးရ နှင့် ညှိနှိုင်းခြင်း၊ မသန်စွမ်းသူများအား ရွေးကောက်ပွဲနှင့်ပတ် သက်ပြီး အသိပညာပေးခြင်းများ ပြုလုပ်နေသည်ဟု မသန်စွမ်း များအား အကူအညီအထောက်အပံ့ပေးနေသည့် အဖွဲ့အစည်း အချို့က ဆိုသည်။
မသန်စွမ်းသူများ အခွင့်အရေးအတွက် ဆောင်ရွက်ရာတွင် မသန်စွမ်းအဖွဲ့အစည်းများနှင့် ပါတီများအကြားတွင် ချိတ်ဆက် ဆောင်ရွက်နိုင်မှု အားနည်းဆဲဖြစ်ပြီး ပါတီများတွင် မသန်စွမ်း သူများနှင့်ပတ်သက်၍ တိကျသောမူဝါဒများ ချမှတ်ထားခြင်း မရှိ သေးဟု မသန်စွမ်းသူများရှေ့ဆောင်အသင်းမှ ကိုနေလင်းစိုးက ဆိုသည်။
”ပါတီပိုင်းက စိတ်ဝင်စားတယ်ဆိုတာထက် ကိုယ်စား လှယ်တွေလောက်ပဲ စိတ်ဝင်စားတယ်လို့ ပြောရမယ်”ဟု ပြောသည်။
မသန်စွမ်းအဖွဲ့အစည်းတွေ ကိုယ်တိုင်လည်း နိုင်ငံရေး ပါတီများနှင့် ချိတ်ဆက်သည့် အဖွဲ့အစည်းနည်းနေခြင်းမှာ အား နည်းချက်တစ်ခုအဖြစ် ရှိနေဆဲဟု ၎င်းက ဆိုသည်။
”ဒီတော့ သူ့အကြောင်း ကိုယ်မသိ၊ ကိုယ့်အကြောင်း သူ မသိဖြစ်နေတာပေါ့”ဟု ကိုနေလင်းစိုးက ဆိုသည်။
မြန်မာတစ်နိုင်ငံလုံးရှိ နှစ်သန်းကျော်ခန့်ရှိသော မသန် စွမ်းများ၏ ထောက်ခံမှုကို ပါတီများအနေဖြင့် ထည့်သွင်းစဉ်းစား စေလိုသည်ဟု ကိုနေလင်းစိုးက ဆိုသည်။
သို့သော် မသန်စွမ်းသူများ မဲပေးခွင့် အခွင့်အရေး မဆုံးရှုံး ရစေရန်မှာ ”ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိသလို သက် ဆိုင်ရာပါတီတွေမှာလည်း တာဝန်ရှိတယ်”ဟု တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က မော်ကွန်း ကို ပြောသည်။
”ကျွန်တော်တို့က ကူညီပေးရမှာပေါ့။ မသန်စွမ်းသူက ကိုယ်တိုင်သွားမပေးနိုင်ဘူးဆိုရင် သွားပေးနိုင်အောင် ကူညီပေး ရမယ်၊ (သွား)မပေးနိုင်ဘူးဆိုရင်လည်း ကြိုတင်မဲပေးနိုင်အောင်၊ ကိုယ်ပေးချင်တဲ့လူကို ပေးလို့ရအောင် မဲရုံကိုယ်စားလှယ်တွေ ရော၊ ကော်မရှင်ရော ပါပြီးတော့ စီစဉ်ပေးရမှာပေါ့” ဟု ဦးဝင်း မြင့်က ပြောသည်။
မသန်စွမ်းသူများအနေဖြင့်လည်း မိမိယုံကြည်ရသူများနှင့် အတူ၊ သို့မဟုတ် မဲရုံဝန်ထမ်းများ၏ အကူညီဖြင့် မဲပေးရာတွင် မိမိဆန္ဒမဲကို ပွင့်လင်းရဲရင့်စွာ တောင်းဆိုခြင်းဖြင့် မိမိတို့၏ မဲပေး ခွင့် အခွင့်အရေးမဆုံးရှုံးအောင် ဆောင်ရွက်ရမည်ဟု ဦးဝင်းမြင့် က တိုက်တွန်းသည်။
”ကာယကံရှင်က ကိုယ်ပေးချင်တဲ့လူကို ပေးဖို့ ပွင့်ပွင့်လင်း လင်း ပြောရမှာပဲ၊ ဘာမှ ကြောက်နေစရာမလိုဘူး”ဟု ဦးဝင်းမြင့် က ဆိုသည်။
ခွဲခြားမှုကို တိုက်ဖျက်ပါ
မသန်စွမ်းသူများ မဲပေးနိုင်ဖို့ ခက်ခဲနေသေးသလို မသန် စွမ်းသူများ ကိုယ်တိုင် ရွေးကောက်ပွဲများတွင် ပါဝင် ရွေးချယ်ခံခွင့် ရရှိရန်လည်း ခက်ခဲနေဆဲဟု မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းက ပြောသည်။
”ကျွန်မတို့ဆီမှာ မသန်စွမ်းတွေ ကိုယ်တိုင်ရွေးချယ်ခံနိုင်ဖို့ က ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွဲခြားဆက်ဆံမှုနဲ့ ပတ် သက်ရင် အမျိုးသမီး၊ အမျိုးသား (ကျား၊ မ) ခွဲခြားတာ၊ မသန်စွမ်း တွေကို ခွဲခြားတာ၊ ကလေးသူငယ်တွေကို ခွဲခြားတာတွေက အတော်လေးပြုပြင်ယူရဦးမှာပါ”ဟု သူက ဆိုသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုရွာမှ ဦးအောင်နိုင် ကတော့ ၎င်းတို့မသန်စွမ်းသူများ၏ ဘဝကို ရင်ဘတ်ချင်းစပ်၍ ဆောင်ရွက်ပေးမည့်သူကို မဲပေးလိုသည်ဟု မော်ကွန်းမဂ္ဂဇင်းနှင့် တွေ့ဆုံစဉ်က ပြောဆိုသည်။
ရွေးကောက်ပွဲတွင် မသန်စွမ်းသူများထဲမှလည်း ပါဝင်ရွေး ကောက်ခံစေလိုသည်မှာ သူ့ဆန္ဒဖြစ်သည်။ သူက ”ကျွန်တော်တို့ လို မသန်စွမ်းတွေကိုယ်တိုင် ကိုယ်စားလှယ်တွေထဲမှာ ပါရင် သူ တို့ကို ကျွန်တော်ကိုယ်တိုင် မဲပေးချင်တယ်”ဟု သူ၏ ဆန္ဒကို ပြောပြသည်။
”နေရာတွေ၊ ပလက်ဖောင်းတွေ ကောင်းတာ မကောင်း တာထက် မသန်စွမ်းသူတွေအပေါ် နားလည်ပေးမှုလေးရှိရင် သူ တို့ တာဝန်ရှိတဲ့နေရာကို ရောက်သွားလို့ရှိရင် လုပ်ပေးကြမှာပဲ”
ခဝဲခြံမျက်မမြင်ကျောင်းမှ ဦးစောသောင်းကြည်ကလည်း ယခုလိုလည်း ရင်ဖွင့်သည်။
”ကျွန်တော်တို့မသန်စွမ်းတွေကို နားလည်ပေးမယ့်လူကို ကျွန်တော်တို့ကိုယ်တိုင် သွားရွေးချယ်ချင်တယ်ဗျာ”
Photo: Zayar Hlaing မစ္စတာဘီဒါယက်ဒတ်စ်
ရွေးကောက်ပွဲများ၌ မသန်စွမ်းသူများအတွက် မဲပေးခွင့်ရ ရေးသည် မြန်မာနိုင်ငံအပါအဝင် အာရှဒေသမှ ဒေသတွင်းနိုင်ငံ များတွင် စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်ပါသည်။ ယင်းကဲ့သို့ အာရှ ဒေသမှ မသန်စွမ်းများ ရွေးကောက်ပွဲတွင် ကြုံတွေ့နေကြသည့် အခက်အခဲများ၊ အခြေအနေများကို သိရှိနိုင်ရန် လွတ်လပ်သော ရွေးကောက်ပွဲများစောင့်ကြည့်ရေး အာရှကွန်ရက် (Asia Network for Free Elections – ANFREL ) မှ Mission Coordinator ဖြစ်သူ မစ္စတာဘီဒါယက်ဒတ်စ် (Mr.Bidhayak) ကို မော်ကွန်းမဂ္ဂဇင်းက အောက်ပါအတိုင်း မေးမြန်းခဲ့ပါသည်။
မေး။ ။ အာရှဒေသတွင်းက မသန်စွမ်းတွေဟာ ရွေးကောက်ပွဲ တွေမှာ ဘယ်လိုပြ ဿ နာတွေနဲ့ ရင်ဆိုင်ကြရလဲ။ သူတို့ရဲ့ အခွင့် အရေးတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ပဲ ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ဘယ်လိုတွေ ချိုးဖောက်ခံနေကြရလဲ။
ဖြေ။ ။ ရွေးကောက်ပွဲနေ့မှာ မသန်စွမ်းတွေ တွေ့ကြုံရလေ့ ရှိတဲ့ ပြဿ နာတွေက မဲရုံတွေကို ရောက်အောင်သွားဖို့ကိစ္စပဲ။ နိုင်ငံ တော်တော်များများမှာ မသန်စွမ်းတွေ မဲရုံသွားပြီး မဲပေးဖို့ အတွက် အဆင်ပြေအောင် လုပ်ပေးထားကြတာ မရှိဘူး။ ဥပမာ- နိုင်ငံတော်တော်များမှာ မဲရုံတွေဟာ လှေကားအသုံးပြုပြီး တက် သွားရတဲ့ နှစ်ထပ်အဆောက်အအုံတွေမှာ လုပ်ကြတာများတယ်။ ဘီးတပ်ကုလားထိုင်နဲ့ သွားနေရတဲ့သူတွေ၊ မျက်မမြင်တွေနဲ့ ရုပ် ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေတဲ့သူတွေအတွက် အဲဒီအခက်အခဲ တွေကို ကျော်လွှားဖို့ဆိုတာက တော်တော်စိန်ခေါ်မှုများတယ်။
မေး။ ။ ရွေးကောက်ပွဲနေ့တွေမှာ မသန်စွမ်းတွေအတွက် ဘယ် လိုအကူအညီမျိုး လိုအပ်မလဲ။
ဖြေ။ ။ မသန်စွမ်းတွေအတွက် ကောင်းမွန်တဲ့ အထောက်အပံ့တွေ ရှိဖို့လိုပါမယ်။ ဥပမာ-မျက်မမြင်တွေအတွက်ဆိုရင် သူတို့ကို မဲရုံ မှာ ကူညီမယ့်လူ ရှိရပါမယ်။ ပြီးတော့ မဲရုံတွေကို လွယ်လွယ်ကူကူ ဝင်လို့ရမယ့် ဝင်ပေါက်တွေ စီစဉ်ပေးရပါမယ်။ မဲပြားတွေက ဘ ရေးစာ (မျက်မမြင်များရေးသည့် Braille စာ) နဲ့ဆိုရင် ပိုပြီး ပြည့်စုံကောင်းမွန်ပါမယ်။ ခြေလက်မသန်စွမ်းတဲ့ သူတွေနဲ့ ဘီး တပ်ကုလားထိုင်နဲ့ သွားနေရတဲ့သူတွေအတွက် မဲရုံကိုဝင်ဖို့ ဆင် ခြေလျှောတွေရှိရပါမယ်။ မဲရုံက နှစ်လွှာ၊ သို့မဟုတ် သုံးလွှာမှာဆို ရင် ဓာတ်လှေကားရှိရပါမယ်။
ရွေးကောက်ပွဲနေ့တင်မဟုတ်ပါဘူး။ မဲဆွယ်စည်းရုံးနေတဲ့ အချိန်၊ မဲဆန္ဒရှင်မှတ်ပုံတင်တဲ့အချိန်နဲ့ ကြိုတင်မဲပေးတဲ့ အချိန် တွေမှာပါ (မသန်စွမ်းတွေအတွက်) အလွယ်တကူ သွားရေးလာ ရေး အဆင်ပြေအောင် လုပ်ပေးဖို့လိုအပ်ပါတယ်။ မသန်စွမ်းတွေ ခွဲခြားဆက်ဆံမခံရစေဖို့ သူတို့အတွက် သီးခြားနေရာတွေလည်း လုပ်ပေးရပါမယ်။
မေး။ ။ အစိုးရက မသန်စွမ်းတွေရဲ့ အခက်အခဲကို အပြည့်အဝ သိရှိ အသိအမှတ်ပြုဖို့နဲ့ ရွေးကောက်ပွဲတွေမှာ သူတို့ကို ထည့် သွင်း စဉ်းစားပေးဖို့အတွက် ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်း (CBO)တွေအနေနဲ့ ဘယ်လို တွန်းအားပေးသင့်ပါသလဲ။
ဖြေ။ ။ CBO တွေရဲ့အခန်းကဏ္ဍဟာ ကြီးမားပါတယ်။ ရွေး ကောက်ပွဲ မဲဆွယ်တဲ့နေရာ၊ မဲဆန္ဒရှင်မှတ်ပုံတင်တဲ့နေရာတွေနဲ့ မဲရုံတွေကို အားလုံး တန်းတူညီမျှ လက်လှမ်းမီရေးကို သူတို့တစ် တွေ အရေးဆိုနိုင်ပါတယ်။ ရွေးကောက်ပွဲစနစ်တွေပြုပြင် ပြောင်း လဲဖို့ အရေးဆိုတဲ့လှုပ်ရှားမှုတွေမှာ ဒီအချက်ကို သော့ချက်ကျတဲ့ ကိစ္စတစ်ခုအဖြစ် ထည့်သွင်းလုပ်ဆောင်နိုင်ပါတယ်။
မေး ။ ။ ရွေးကောက်ပွဲမဲဆွယ်တဲ့လှုပ်ရှားမှုတွေမှာ မသန်စွမ်းတွေ နဲ့ပတ်သက်ပြီး ပြောဆိုတဲ့ ပါတီရယ်လို့ မကြားမိဘူး။ ဒေသတွင်း နိုင်ငံတွေမှာရော ဘယ်လိုရှိပါသလဲ။ (ဒေသတွင်းက နိုင်ငံရေး ပါတီတွေရော) မသန်စွမ်းတွေကို လျစ်လျူရှုကြသလား။
ဖြေ။ ။ ကံမကောင်းစွာပဲ ဒေသတွင်း နိုင်ငံတော်တော်များများမှာ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲကာလမှာ မသန်စွမ်းတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုပုံမရဘူး။ (ရွေးကောက်ပွဲကာလ တင် မဟုတ်ဘူး) သူတို့(မသန်စွမ်း)တွေ လွတ်လပ်စွာ သွားလာ ခွင့်၊ ခွဲခြားဆက်ဆံမခံရရေး ဥပဒေတွေနဲ့ ပတ်သက်ရင်လည်း နိုင်ငံရေးပါတီတွေဟာ ထုတ်ဖော်ပြောဆိုပုံ မရပါဘူး။ ။ အပိုင်း(၁ )သို့

