ရန်ကုန်မြို့ပြ အနှေးယာဉ် လောက

ရန်ကုန်မြို့ပြ အနှေးယာဉ် လောက

အောက်တိုဘာလထုတ်-၂၀၁၄၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၇)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

သန်းထိုက်ရေးသည်။

‘အနီရောင် သာကေတ’ဟူသော ယာဉ်နောက်လိုက်၏ လူ ခေါ်သံနှင့်အတူ သာကေတသို့သွားမည့် မီနီဘတ်စ်ကားတစ်စီးက သူ့ဆိုက်ကားကို ကျော်တက်၍ ပိတ်ရပ်လိုက်သောကြောင့် ဆိုက် ကားကို ရုတ်တရက်အရှိန်သတ်လိုက်ရင်း ချွေးစို့နေသော နှုတ် ခမ်းများဖြင့် ကိုကျော်နောင်နောင်လှိုင်က တစ်စုံတစ်ရာကို ဆဲဆို ရေရွတ်လိုက်သည်။ ပြီးတော့ ဟွမ်းသံတတီတီမြည်နေသော၊ လူ တင်နေသော ကားများကြား ကွေ့ဝိုက်ကျော်တက်လိုက်သည်။

”အ္တနရာယ်များတာတွေ၊ ပင်ပန်းတာတွေ ရှိပေမယ့် ပုံမှန် ဝင်ငွေလေးရလို့လုပ်နေတာပါ။ ပန်းရံလုပ်တယ်ဆိုရင် တစ်နေ့ လေး၊ ငါးထောင်လောက်ပဲရတယ်။ ဆိုက်ကားနင်းတာကတော့ ကိုးထောင်၊ တစ်သောင်းလောက်ရတယ်”ဟု ကိုကျော်နောင် နောင်လှိုင်က ပြောသည်။

တစ်နေ့ထက် တစ်နေ့ ကားစီးရေ တိုးပွားလာနေသော ရန် ကုန်မြို့၏ လမ်းမများထက်တွင် မော်တော်ယာဉ်များကြား လွန်း ထိုးသွားလာ လှုပ်ရှားနေရသော ကိုကျော်နောင်နောင်လှိုင်တို့လို ဆိုက်ကားနင်းသမားများ၏ နိစ္စဓူဝဘဝက အ္တနရာယ်များလှသည်။

ယခင်ကနှင့်စာလျှင် မော်ဒယ်လ်မြင့်သော တက္ကစီကား များ များပြားလာသည့်တိုင် ဆိုက်ကားများ၏ အခန်းကဏ္ဍကား မှေးမှိန်၍ မသွားပေ။ မြို့နေလူထု၏ အားပေးမှုကို ဆက်လက်ရရှိ နေဆဲပင်ဖြစ်ပါသည်။

ဈေးနှုန်းချိုသာမှုရှိသည့်အပြင် ယာဉ်ကြောကျပ်မှာကို လည်း စိုးရိမ်စရာမလိုသောကြောင့် ဆိုက်ကားကို အသုံးပြုနေရ ဆဲဖြစ်ကြောင်း ဆိုက်ကား စီးနင်းသူများက ပြောပြကြသည်။

”ဆိုက်ကားစီးပြီး ဈေး၊ ဒါမှမဟုတ် တခြားရပ်ကွက်သွားရင် နှစ်ရာလောက်ပဲပေးရတယ်။ ကားငှားစီးရင် ထောင့်ငါးရာ၊ နှစ် ထောင်လောက် ပေးရတယ်။ နောက်ပြီး ဘတ်စ်ကားစီးရင်လည်း ကားပိတ်နေတာတွေနဲ့ဆိုတော့ အရမ်းကြာတယ်။ ဒါကြောင့် ဆိုက်ကားပဲ စီးဖြစ်တာများတယ်”ဟု  တောင်ဥက္ကလာပတွင် နေ ထိုင်သော ကိုသက်နိုင်က ပြောပြသည်။

ဆိုက်ကားသမားများတွင် တက္ကစီနှင့် အခြားယာဉ်မောင်း များ ပေးလေ့မရှိသော ဝန်ဆောင်မှုများလည်း ရှိနေပြန်သည်။

”ကျွန်တော်တို့ကတော့ အထုပ်အပိုးတွေလည်း ထမ်းပေး တယ်၊ ပစ္စည်းပို့ပေးဆိုလည်း ပို့ပေးရတယ်”ဟု ၁၂၄ လမ်းထိပ် တွင် ဂိတ်ထိုးသော ကိုကျော်နောင်နောင်လှိုင်က ပြောပြသည်။

ဆိုက်ကားကို ဆရာ၊ ဆရာမများ၊ ကျောင်းသားများနှင့် ကျောင်းသားမိဘများ စီးကြသကဲ့သို့ ဈေးသွားဈေးပြန်များ လည်း အားပေးကြသည်။ အိမ်မှ လမ်းထိပ်သို့ အကြောင်းအမျိုး မျိုးဖြင့် ထွက်ကြသူအချို့ စီးတတ်ကြသကဲ့သို့ တစ်ရပ်ကွက်မှ တစ်ရပ်ကွက်သို့ သွားလိုသူအချို့လည်း ဆိုက်ကားစီးကြသည်။ အထူးသဖြင့် ဘတ်စ်ကားစီးရန် အဆင်မပြေသော နေရာများတွင် ဆိုက်ကားသမားများသည် မျက်နှာပွင့်လန်းကြသည်။

ကိုလိုနီခေတ်နှောင်းပိုင်းတွင် စတင်ပေါ်ပေါက်လာသော ဆိုက်ကားများကို ရန်ကုန်၊ မ္တနလေးကဲ့သို့သော မြို့ကြီးများတွင် သာမက အခြားသော မြို့ငယ်များတွင်လည်း ပေါများစွာ မြင်တွေ့ နေရသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ၌ပင် မှတ်ပုံတင်ထားသော လူစီးဆိုက်ကားစီးရေ ၂၂,၈၈၅ စီးရှိ သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(မြို့ တော်စည်ပင်)က ဆိုပါသည်။

အခြားမြို့များရှိ ဆိုက်ကားသမားများနှင့် ရန်ကုန်မြို့မှ ဆိုက်ကားသမားများကို ချိန်ထိုးကြည့်မည်ဆိုလျှင် ရန်ကုန်မြို့ပြ မှ ဆိုက်ကားသမားများသည် ပို့ဆောင်ဆက်သွယ်ရေးယာဉ်အမျိုး မျိုးတို့နှင့် ယှဉ်ပြိုင်သည့်နေရာတွင် ပိုမိုပြင်းထန်သကဲ့သို့ အခြား သော အကန့်အသတ်များနှင့်လည်း ရင်ဆိုင်ကြရသည်။

အဆိုပါ အကန့်အသတ်များထဲမှ တစ်ခုမှာ မြို့တော်စည် ပင်က အနှေးယာဉ်လိုင်စင်အသစ်ချပေးခြင်းကို ရပ်တန့်လိုက် ခြင်းပင်ရှိသည်။

လူလိုင်စင်(အနှေးယာဉ်မောင်းလိုင်စင်) များကို ယခုအထိ ပြုလုပ်ပေးလျက်ရှိသော်လည်း ရန်ကုန်စည်ပင်သာယာ နယ်နိ မိတ်အတွင်း ယာဉ်ကျောပိတ်ဆို့မှု နည်းပါးစေရန် ၂ဝဝ၂ ခုနှစ်၊ ဧပြီလတစ်ရက်နေ့မှ စတင်ကာ အနှေးယာဉ်လိုင်စင်သစ်များ ချ မပေးတော့ကြောင်း မြို့တော်စည်ပင်၊ စီမံရေးရာဌာန၊ လုပ်ငန်း ရေးရာဌာနခွဲ၊ အနှေးယာဉ်မှတ်ပုံတင်ရုံးမှ ဌာနခွဲမှူး ဦးမြင့်ဦးက ပြောပြသည်။

လိုင်စင်ချမပေးတော့သည့်အခါ ရလဒ်အဖြစ် လိုင်စင်ဘီး တွေ ဈေးတက်ကုန်သည်။ နေရာဒေသပေါ်မူတည်ပြီး လိုင်စင်ဘီး တစ်စီး၏ တန်ဖိုးသည် ရှစ်သိန်း၊ ကိုးသိန်းမှသည် ၁၄ သိန်း၊ ၁၅ သိန်းအထိ ပေါက်ဈေးရှိပြီး အချို့နေရာများတွင် သိန်း ၂ဝ လောက်အထိ ဈေးပေါက်သည်။ လှိုင်မြို့နယ်ရှိ လိုင်စင်ရှိဆိုက် ကားများမှာ ဆိုက်ကားလောကတွင် ဈေးအမြင့်ဆုံးဖြစ်သည်ဟု ဆိုကြသည်။ အခြားမြို့နယ်များထက် ၎င်းမြို့နယ်အတွင်း နေထိုင် သူများမှာ ဆိုက်ကားကို ပိုမိုအသုံးပြုသောကြောင့်ဟု ဆိုက်ကား သမားများက ပြောသည်။

လိုင်စင်မဲ့ဘီးတစ်စီး၏ ဈေးနှုန်းကတော့ ကျပ်တစ်သိန်း ဝန်းကျင်ရှိသည်ဟုဆိုပါသည်။ ပြ ဿ နာက အချိန်မရွေး အသိမ်း ခံရနိုင်သည်။

နှိုင်းရလျှင် ရန်ကုန်မြို့တွင် ဘီးသုံးဘီးတပ်၊ လူအားနှင့် နင်း ရသော လိုင်စင်ရှိ ဆိုက်ကားတစ်စီး၏ ဈေးနှုန်းသည် ဘီးနှစ်ဘီး တပ်၊ စက်အားဖြင့် မောင်းနှင်ရသော လိုင်စင်ရှိ တရုတ်နိုင်ငံထုတ် မော်တော်ဆိုင်ကယ် သုံး၊ လေးစီးစာခန့်ရှိသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် မော်တော်ယာဉ် ဈေးနှုန်းများ ကျဆင်းလာသော မြန်မာနိုင်ငံတွင် ကားတစ်စီးကို လွတ်လပ်စွာ ဝယ်ယူ၍ရသော်လည်း ဆိုက်ကားတစ်စီးဝယ်ယူ နိုင်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။

ဆိုက်ကားပိုင်ပြီးသားသူများကလည်း သူတို့အတွက် ပုံမှန် ဝင်ငွေရှာဖွေပေးနေသော ဆိုက်ကားများကို ပြန်မရောင်းလိုကြ ပါ။ သို့ဖြစ်ရာ ဆိုက်ကားဈေးကွက်တွင် အဝယ်သာလိုက်ပြီး အရောင်းက အေးစက်သည့်သဘောမျိုးဖြစ်နေသည်။

”၁၉၈၈ မတိုင်ခင်ကတည်းက ခုနစ်ထောင်၊ ရှစ်ထောင် လောက်နဲ့ ဝယ်ထားတာဆိုတော့ ထပ်လည်း ရင်းစရာမလိုဘူး၊ တခြားဟာတွေလည်း မကျွမ်းကျင်တာနဲ့ဘဲ ပုံမှန်ဝင်ငွေရှိတဲ့ ဆိုက်ကားတွေပဲ မရောင်းဘဲထားတာပါ”ဟု မိသားစုစီးပွားရေး အဖြစ် ဆိုက်ကားငါးစီးထောင်ထားသော ကိုနိုင်မင်းဝေက ရှင်းပြသည်။

ပျမ်းမျှအားဖြင့် လိုင်စင်ဘီးတစ်စီးလျှင် အုံနာကြေးအဖြစ် တစ်ရက်လျှင် ၁,၅ဝဝ ကျပ်ဝန်းကျင် ပေးရလေ့ရှိသည်။ လိုင်စင် ရှိဘီးအား အုံနာကြေးပေးပြီး မနင်းချင်သူတွေကတော့ လိုင်စင်မဲ့ ဘီးကိုပဲ တစ်သိန်းဝန်းကျင်ဖြင့်ဝယ်ကာ စွန့်စွန့်စားစားနင်းကြ သည်များ လည်း ရှိသည်။

လမ်း ၅ဝ တစ်ဝိုက်တွင် ဆိုက်ကားနင်းနေသော ကိုထွန်း ထွန်း(အမည်လွှဲ)ဆိုလျှင် လိုင်စင်ဘီးနင်းလျှင် နေ့စဉ် အုံနာကြေး ၁,၅ဝဝ ကျပ် ပေးနေရမည်စိုးသောကြောင့် လိုင်စင်မဲ့ဘီးကို ဝယ် ပြီးနင်းနေသည်။ သို့သော် သတိအမြဲထားရသည်။

”ကြာသပတေးနေ့ဆိုရင်တော့ ဖမ်းတာ၊ ဆီးတာရှိလို့ မထွက်ဘူး”ဟု ဆိုက်ကားနင်းသက် ဆယ်နှစ်ကျော်ရှိပြီး တစ် နေ့လျှင် ဆယ်နာရီကျော် ဆိုက်ကားနင်းသည့် ကိုထွန်းထွန်းက ဆိုသည်။

တာမွေဘက်မှာဆိုလျှင်တော့ အင်္ဂါနေ့တွင် လိုင်စင်မဲ့ဘီး များကို ဖမ်းသည်ဟု ကိုကျော်နောင်နောင်လှိုင်က ပြောပြသည်။ သို့သော် ပုံမှန်ဖမ်းခြင်းမဟုတ်ဟုလည်း သူက ဆိုသည်။

လိုင်စင်ကန့်သတ်လိုက်သည့်အတွက် လိုင်စင်မဲ့ဘီးအရေ အတွက်မှာ များပြားလာသည်ဟုလည်း မင်္ဂလာတောင်ညွန့်တွင် အုံနာကြေးတစ်ရက် ထောင့်ငါးရာပေးပြီး ဆိုက်ကားနင်းနေသူ ကိုကျော်နောင်နောင်လှိုင်က ဆိုသည်။

”ဘလက်(လိုင်စင်မဲ့ဆိုက်ကား) တွေက တော်တော်များ များကို ရှိတယ်။ ကျွန်တော်တို့ဂိတ်ကတော့ နားလည်မှုတစ်ခုပေါ့။ လက်မခံစရာလည်း သူတို့မိသားစုဆိုတာ ရှိသေးတယ်”ဟု သူက ဆိုသည်။

Photo: Than Htike     ပုဇွန်တောင်မြို့နယ်တွင်း သွားလာနေသော ဆိုက်ကားတစ်စီး

ရန်ကုန်မြို့တွင် ဆိုက်ကားနင်းနေကြသူအများစုမှာ ရန် ကုန်ပြင်ပမှ ရောက်လာကြသူများဖြစ်ပြီး စုဆောင်းရသမျှကို နယ်ရှိ ၎င်းတို့ မိသားစုများထံ ပို့ပေးကြရသည်။

၄၉ လမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ဆိုက်ကားဂိတ် တွင် ဂိတ်ထိုးသည့် ကိုအောင်ဝင်းဆိုလျှင် နတ်မောက်မှ ရောက် လာခဲ့သူဖြစ်ပြီး ရှာဖွေစုဆောင်းရသမျှကို နယ်ရှိသူ့မိသားစုထံ ပုံမှန်ပို့ပေးနေရသူဖြစ်သည်။

”သားတကွဲ၊ မယားတကွဲ လုပ်စားနေရတာ၊ ရွာမှာဆိုရင် လည်း ဒီလိုဝင်ငွေမရဘူး။ တောမှာလုပ်စားလည်း ထမင်းငတ်ဖို့ပဲ ရှိမယ်”ဟု ပုဇွန်တောင်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း တွင်နေပြီး ဆိုက်ကားနင်းနေသော ကိုအောင်ဝင်းက ပြောပြသည်။

လက်လှုပ်မှ ပါးစပ်လှုပ်ရသည့် သူတို့၏ ရရစားစားဘဝကို ဆိုက်ကားနင်းသက် အနှစ် ၂ဝ ရှိသည့် ကိုအောင်ဝင်းက သူတို့ ဘဝမှာ ”မတ်တတ်စာပဲရှိတယ်၊ တုံးလုံးစာမရှိဘူး”ဟု မှတ်ချက် ပြုသည်။ သဘောမှာ ကျန်းမာနေချိန်၊ အလုပ်လုပ်နိုင်ချိန်တွင်သာ စာရေးသောက်ရေးအတွက် အဆင်ပြေသော်လည်း နာမကျန်း ဖြစ်၍ တုံးလုံးလဲသွားလျှင်တော့ စားရေးသောက်ရေး အခက် အခဲဖြစ်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထိုသို့ကြမ်းရှလှသော ဘဝတစ်ခုကို ဖြတ်သန်းနေရသည့် အထဲတွင် လိုင်စင်မဲ့ဘီးနင်းသူများ၏ဘဝက ”ညောင်သီးလည်း စား၊ လေးညှို့သံလည်း နားထောင်”ဆိုသလို အဖမ်းမခံရအောင် သတိနှင့် နင်းနေကြရသည်။

အရင်တုန်းကတော့ လိုင်စင်မဲ့ဘီးတွေကို ယာဉ်ထိန်းရဲနှင့် မြို့တော်စည်ပင်က ဖမ်းပြီး ယခုအခါမှာတော့ မြို့တော်စည်ပင် ကပဲ ဖမ်းသည်ဟုဆိုသည်။

”လူလိုင်စင်တို့၊ ဆိုက်ကားလိုင်စင်တို့စစ်တယ်။ ဝစ် သောက်ဘီး(လိုင်စင်မဲ့ဆိုက်ကား)ကျတော့ သိမ်းတယ်။ တစ်ခါ တော့ အသိတစ်ယောက် ဘီးကို ဖမ်းပြီး သိမ်းသွားတာကြုံဖူး တယ်”ဟု ကိုကျော်နောင်နောင်လှိုင်က ဆက်ပြောသည်။

ဆိုက်ကားသမားများ၏ ဘဝအခြေအနေက သနားစရာ ကောင်းသည်ဟု ဆိုက်ကားအုံနာ ကိုနိုင်မင်းဝေက ယခုလိုဆိုသည်။

”သူတို့ဘဝတွေက သနားဖို့ကောင်းတယ်၊ အလုပ်လည်း လုပ်ရ၊ စည်ပင်လည်း ကြောက်ရသေးတယ်”

ရုံးပြင်ကွက်လပ်တွင် စုပုံထားသော အစီးနှစ်ဆယ်ခန့်ရှိ လက်တွန်းလှည်းများကို လက်ညှိုးညွှန်ပြရင်း အနှေးယာဉ်မှတ်ပုံ တင်ရုံးဌာနစုမှူး ဦးဝင်းကျော်က ”လူလိုင်စင်မရှိသူတွေကိုတော့ ဒဏ်ရိုက်တယ်။ လိုင်စင်မရှိတဲ့ ဆိုက်ကားတွေကိုတော့ သိမ်း ဆည်းတယ်”ဟု ပြောပြသည်။

ယခုနှစ်အတွင်း၌ပင် ဖမ်းဆီးရရှိသော လိုင်စင်မဲ့ အနှေး ယာဉ်အရေအတွက်မှာ ၃၈ဝ ခန့်ရှိပြီဖြစ်ကြောင်း ဆိုက်ကားများ တစ်စီးပေါ် တစ်စီး ထပ်ထားသောကြောင့် တောင်ပုံရာပုံ ဖြစ်နေ ၍ ဂိုဒေါင်ကြီးသဖွယ်ဖြစ်နေသော အနှေးယာဉ်မှတ်ပုံတင်ရုံးထဲ တွင် ဦးဝင်းကျော်က ရှင်းပြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ပြီးခဲ့ သည့်နှစ်က လိုင်စင်ပြုလုပ်မှုနှင့် စည်းကမ်းဖောက်မှုများကို ဒဏ် ရိုက်ရာမှ ရရှိသည့် ငွေပမာဏမှာ သိန်းပေါင်း ၂၅ဝ နီးပါးရရှိ ကြောင်း ဦးဝင်းကျော်က  စာရင်းစာရွက်များတွင် ဆယ့်ငါးမိနစ် ခန့် တွက်ချက်ပြီးပြောပြသည်။

မြို့တော်စည်ပင်က လိုက်လံဖမ်းဆီးရာတွင် အချို့မြို့နယ် များ၌ စည်ပင်ဝန်ထမ်းများနှင့် ဆိုက်ကားသမားများကြား ပဋိ ပက္ခဖြစ်ရသည်များလည်း ရှိပါသည်။

အနှေးယာဉ်များအနေနှင့် မြို့ပြ၏ အရေးပါသော သယ်ယူ ပို့ဆောင်ရေးကဏ္ဍကို တတ်စွမ်းသမျှ အားဖြည့်ပေးနေသည့်တိုင် သူ့တို့ကို သီးသန့်အကာအကွယ်ပေးထားသည့် ဥပဒေတော့ မရှိပါ။

”အနှေးယာဉ် ကာကွယ်ရေးဥပဒေဆိုတာတော့မရှိဘူး။ မော်တော်ယာဉ် ဥပဒေနဲ့ပဲ ကာကွယ်ပေးထားတယ်”ဟု အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်ဇော်မင်းထွန်းက ရှင်းပြသည်။

မော်တော်ယာဉ်ဥပဒေတွင် ယာဉ်ကြီးက ယာဉ်ငယ်ကို တိုက်သည်ဖြစ်စေ၊ ယာဉ်ငယ်က ယာဉ်ကြီးကို တိုက်သည်ဖြစ်စေ၊ အရေးယူသည့်အခါ ယာဉ်စည်းကမ်းဖောက်ဖျက်သည့် ယာဉ်ကို သာ အရေးယူသည်ဟု ၎င်းက ဆက်လက်ရှင်းပြသည် ။

ဆိုက်ကားနင်းသက် ဆယ်နှစ်ကျော်စီရှိပြီဖြစ်သော ကိုဝင်း စိုး၊ ကိုဆယ်မောင်နှင့် ကိုကျော်နောင်နောင်လှိုင်တို့ သုံးဦးစလုံး ကတော့ သူတို့လုပ်သက်တစ်လျှောက်တွင် ယာဉ်အန္တရာယ် မကြုံတွေ့ခဲ့ဖူးဟု ဆိုပါသည်။

ပြီးခဲ့သည့်နှစ်အတွင်း ရန်ကုန်တိုင်းစည်ပင်သာယာနယ်နိမိတ်အတွင်းတွင် ယာဉ်တိုက်မှုပေါင်း ၂,၁၄၃ မှုဖြစ်ခဲ့ပြီး ဆိုက် ကားကို အခြားယာဉ်များက တိုက်သော်လည်း ဆိုက်ကားက တိုက်သော အမှုမရှိဟု စာရင်းစာရွက်များကို လှန်လှောကြည့်ရင်း ရဲအုပ်ဇော်မင်းထွန်းက ပြောသည်၊၊

”အနှေးယာဉ်တိုက်မှုတွေက ယာဉ်တိုက်မှုအားလုံးနဲ့ ယှဉ်လိုက်ရင်တော့ ပြောပလောက်အောင်မရှိပါဘူး”ဟု သူက ဆက်ပြောသည်။

အနှေးယာဉ်တိုက်မှု ပြောပလောက်အောင်မရှိသော်လည်း တစ်စထက်တစ်စ ကျပ်တည်းရှုပ်ထွေးလာနေသော ရန်ကုန်မြို့၏ လမ်းမများထက်တွင် ကိုအောင်ဝင်းတို့မှာ ဘဝပေးအခြေအနေ အရ ဆိုက်ကားနင်းနေရဆဲဖြစ်သည်။

”ဘယ်နင်းချင်ပါ့မလဲဗျာ၊ ကိုယ့်အသက်နဲ့ရင်းပြီး နင်းနေရ တာ”ဟု ဆိုက်ကားဂိတ်ရှိ တန်းလျားမှာထိုင်ရင်း ကားလမ်းမကို ကြည့်ကာ ကိုအောင်ဝင်းက ဖွင့်ဟသည်။ ပြီးတော့ သူက ယခုလို လည်း ပြောသေးသည်။

”မိသားစု စားနိုင်သောက်နိုင်ရုံလောက်ရရင် တခြား အလုပ်ပဲပြောင်းလုပ်တော့မယ်”။        ။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."