စည်သူ၊ရေဂင်
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၀ (မော်ကွန်း)
လူအစုလိုက်အပြုံလိုက် COVID – 19 ကူးစက်ခဲ့တဲ့ Music Zone KTV ပိုင်ရှင်နဲ့ဆိုင်မန်နေဂျာတို့ဟာ အင်းစိန်ထောင်ထဲမှာ ကျန်းမာရေးစစ်ဆေးမှုခံယူနေတာကြောင့် ဒီနေ့ ရုံးထုတ်မစစ်ဆေးနိုင်ဘူးလို့ စွပ်စွဲခံရသူဘက်က လိုက်လံဆောင်ရွက်ပေးနေတဲ့ရှေ့နေက ပြောပါတယ်။
“လာမည့် ၂၄ရက်နေ့မှ ပြန်ရုံးထုတ်မယ်”လို့တရားလွှတ်တော်ရှေ့နေ ဦးဇော်သိန်းထွန်းက ပြောပါတယ်။
သူတို့ကို သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက တရားလိုပြုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒီလိုတရားစွဲဆိုဖို့ သင်္ဃန်းကျွန်းမြို့နယ် COVID ကော်မတီက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒီအမှုကို တရားလွှတ်တော်ရှေ့နေ ဦးဇော်သိန်းထွန်းအပါအဝင် ရှေ့နေ ငါးဦးနဲ့ Music Zone ဘက်က ရင်ဆိုင်မှာဖြစ်ပါတယ်။
စွပ်စွဲထားတဲ့ပုဒ်မအရ ပြစ်မှုထင်ရှားရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
လတ်တလောမှာ ရောဂါပိုးကူးစက်မှုမြင့်တက်နေတဲ့ ရန်ကုန်မြို့ကို နေအိမ်တွင်နေထိုင်ရေး(Stay at Home) သတ်မှတ်ထားသလို သင်္ဃန်းကျွန်းမြိုနယ်ဟာလည်း ရောဂါပိုးကူးစက်ခံရသူ အယောက် ၂,၇၀၀ ကျော်အထိ ရှိနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပုံစာ- Music Zone KTV ပိုင်ရှင် နဲ့ မန်နေဂျာတို့ကို အောက်တိုဘာ ၁၆ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်ေခါ်ေဆာင်လာစဉ်
Photo: Sithu
#Dailynews

