ပုလဲမြို့နယ်ထဲက ကန့်ဒေါင့်ကျေးရွာရဲစခန်းကို PLA သိမ်းပိုက်

ပုလဲမြို့နယ်ထဲက ကန့်ဒေါင့်ကျေးရွာရဲစခန်းကို PLA သိမ်းပိုက်

ရန်ကုန် – ၂၀၂၅ ဇွန် ၁၉ (မော်ကွန်း)

ပြီးခဲ့တဲ့သီတင်းပတ်က စစ်ကောင်စီ တိုက်လေယာဉ်ကိုပစ်ချခဲ့တဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲမှာ ဒီနေ့မနက်ပိုင်းကစပြီး တိုက်ပွဲတွေ ပြင်းထန်နေပြီး ၎င်းဒေသက စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာရဲစခန်းတစ်ခုကို သိမ်းပိုက်လိုက်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်လာပါတယ်။

ဒီလဆန်းပိုင်းမှာစတင်ပြီး တော်လှန်ရေးအင်အားစုတွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာ နယ်မြေရဲစခန်းကို ဒီနေ့မနက် ၆ နာရီခွဲခန့်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

ယင်းမာပင်ခရိုင်၊ ပုလဲနယ်မှာရှိတဲ့ ၎င်းကျေးရွာဟာ ပုလဲမြို့နယ်နဲ့ ယောဒေသဖြစ်တဲ့ ကျောနဲ့ ဂန့်ဂေါမြို့တွေကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်မှာရှိပြီး ဒေသတွင်းဗျူဟာအရ အရေးပါတဲ့ ကျေးရွာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုဝင်တချို့က ပြောပါတယ်။

လက်ရှိမှာ ကန့်ဒေါင့်ရဲစခန်းကို သိမ်းလိုက်နိုင်ပြီဖြစ်ပေမယ့် ၎င်းအနီးတစ်ဝိုက်က ဇီးဖြူကုန်းနဲ့အင်မထီးကျေးရွာတွေမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီနေ့မွန်းလွဲပိုင်းထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ မြေပြင်တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဒီနေ့မနက်ပိုင်းကစပြီး ဂျက်ဖိုက်တာ၊ Y-12 နဲ့ ရဟတ်ယာဉ်တွေအသုံးပြုပြီး လာရောက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ၎င်းဒေသခံတစ်ဦးကပြောပါတယ်။

၎င်းကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ တပ်ဖွဲ့ဝင် သုံးဦးလည်း ကျဆုံးခဲ့တယ်လို့ ABSDF ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသတွင်း ပျူစောထီး (ပြည်သူ့စစ်) တပ်တွေ အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ကျေးရွာကို PLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဒီလ ၂ ရက်က စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး သီတင်းပတ် နှစ်ပတ်ကျော်အကြာမှာ အခုလိုပဲ အပြီးသတ် စခန်းသိမ်းနိုင်ခဲ့တာပါ။

PLA တပ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ၎င်းကျေးရွာ တိုက်ပွဲကို ပစ်ကူလာပေးတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ တော်လှန်ရေးမှာ သမိုင်းအစဉ်အလာရှိခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုနဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပြန်လည်ဖွဲ့စည်းထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။

၎င်းတပ်ဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေမှာ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်ခဲ့ပါတယ်။

၎င်းတိုက်ပွဲတွေအတွင်း စစ်ရေးအတွေ့အကြုံတွေ ရယူလာပြီးနောက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ နိုင်ငံရဲ့အလယ်ပိုင်း အညာဒေသတွေထိ ထိုးဖောက်ဝင်ရောက်လာပြီး ဒီဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်တွေ ဒေသကာကွယ်ရေးတပ်တွေနဲ့အတူ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားလာတာပါ။

လက်ရှိမှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတဲ့ ပုလဲနယ်မှာ ရွာပေါင်း ၂၀ ကျော်က ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရပါတယ်။

ပုံစာ – စစ်ရေးပြအခမ်းအနားတစ်ခုမှာတွေ့မြင်ရတဲ့ PLA တပ်ဖွဲ့ဝင်တချို့

ဓါတ်ပုံ – PLA

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."