မီးခြစ်များက ပြောသောဇာတ်လမ်းများ

မီးခြစ်များက ပြောသောဇာတ်လမ်းများ

ဇူလိုင်-သြဂုတ်ထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

မီးခြစ်တွေကို ကျွန်တော် စိတ်ဝင်စားတယ်ဆိုရင် သင့် အနေနဲ့ အံ့သြကောင်းအံ့သြနေပါလိမ့်မယ်။ ကျွန်တော် အမှန် တကယ်မီးခြစ်တွေကို စိတ်ဝင်စားပါတယ်။ ကျွန်တော့်ဘဝမှာ မီး ခြစ်တွေကို အမှန်တကယ်ထိတွေ့ခွင့်ရတာက မူလတန်းကျောင်း သားအရွယ်မှာ ဖြစ်ပါတယ်။ အဘွားက သူ့ရဲ့ ဓာတ်မီးခြစ်ကို ဓာတ်ဆီကုန်တိုင်း ကျွန်တော့်ကို ဓာတ်ဆီထည့်ခိုင်းလေ့ရှိပါတယ်။ တစ်ခါတစ်ရံ မီးခြစ်ကျောက်ကုန်နေရင်ဖြစ်စေ၊ မီးစာကုန်နေရင် ဖြစ်စေ မီးခြစ်ပြုပြင်ထိန်းသိမ်းရေး (Maintenance) တာဝန်ကို ကျွန်တော့်ယူခိုင်းတယ်။

အဘွားက ဆေးလိပ်ကြိုက်သူပီပီ မီးခြစ်ကို အမြဲဆောင် ထားတတ်တယ်။ အများသုံးလေ့သုံးထရှိတဲ့ မီးခြစ်က ဓာတ်မီး ခြစ်လို့ခေါ်တဲ့ ဓာတ်ဆီထည့်ရတဲ့ မီးခြစ်လေး။ မီးခြစ်အရောင်က ခရမ်းရောင်၊ ဒါမှမဟုတ် အပြာရောင်။ ဓာတ်မီးခြစ်တွေက ဒီနေ့ ခေတ်မှာ ဘယ်သူမှ မသုံးကြတော့ဘူး။ အဘွားက ဓာတ်မီးခြစ် ကို သူ့ရဲ့ အတွင်းခံအင်္ကျီအိတ်ကပ်ထဲမှာ အမြဲထည့်ထားတယ်။ တစ်ခုခုစားပြီးလို့ ခံတွင်းချဉ်တဲ့အခါ သနပ်ဖက်ဆေးလိပ်အထုပ် ကြီးတွေကို မီးခိုးချောင်းချောင်းထအောင် ဖွာလေ့ရှိတယ်။

ဓာတ်ဆီကို လောင်စာအဖြစ် ထည့်သုံးရတဲ့ ဓာတ်မီးခြစ် တွေကို အခုအခါ မြင်ဖို့ ခဲယဉ်းသွားပြီ။ ဓာတ်မီးခြစ်တွေရဲ့ အရွယ် က အခုခေတ် ဂက်စ်မီးခြစ်အရွယ်ပါပဲ။ ဓာတ်မီးခြစ်တွေမှာ မီးခြစ် ကျောက်ထည့်ဖို့ ပိုက်ခေါင်းရှည်ရှည်လေးပါပြီး အဲဒီပိုက်လေးထဲ ကို မီးခြစ်ကျောက်ထည့်ကြရတယ်။ ပြီးမှ စပရိန်တပ်ထားတဲ့ ဝက် အူနဲ့ တင်းအောင် ကျပ်ရတယ်။ အဘွားက ဓာတ်မီးခြစ်အတွက် ဓာတ်ဆီကို အလှဆီပုလင်းလေးထဲ ထည့်ထားတတ်တယ်။ မီးခြစ် အတွင်းထဲမှာ ဂွမ်းတွေကို ထိုးသိပ်ထည့်ထားရပြီး ဓာတ်ဆီထည့် တဲ့အခါ မီးခြစ်ဖင်ပိတ်ကို ချွတ်ပြီးမှ ပြောင်းပြန်လှန်ထည့်ကြရ တယ်။ မီးစာလည်း ပါတော့ မီးစာမကုန်အောင် ဆွဲထုတ်ရတယ်။ မီးခြစ်ထဲမှာ မီးစာလုံးဝကုန်သွားရင် မီးစာကြိုးကို အပ်ချည်ကြိုးနဲ့ ချည်ပြီးမှ  မီးခြစ်ထဲက ဂွမ်းတွေ အကုန်ထုတ်ပြီး ထည့်ကြရတာပေါ့။

အဘွားမှာ မောင်နှမသုံးယောက်ရှိပေမယ့် ထူးထူးခြားခြား မိန်းကလေးဖြစ်တဲ့ အဘွားက ဆေးလိပ်သောက်တတ်ပြီး အစ်ကို ရယ်၊ မောင်ရယ် နှစ်ယောက်စလုံးက ဆေးလိပ်မသောက်တတ်ဘူး။

အဖေ့ဘက်က အဘိုးကလည်း ထူးထူးခြားခြား ဆေးလိပ် ကြိုက်သူဖြစ်တယ်။ အဘိုးကိုင်တဲ့ မီးခြစ်က ငွေရောင်ဓာတ်မီးခြစ် လေး။ ဓာတ်ဆီထည့်ပြီးသုံးရတာ ဖြစ်ပေမယ့် အဘွားရဲ့ ဓာတ်မီး ခြစ်လို ဘီးကို လက်မနဲ့ ဖိခြစ်စရာ မလိုဘူး။ ဘီးအပေါ်မှာ ခလုတ် လေးတပ်ဆင်ထားပြီး မီးခြစ်ချင်ရင် ခလုတ်ကို နှိပ်လိုက်ရုံပဲ။

မီးခြစ်ပြားပြားပုပုလေးတွေလည်း အဘိုးအဘွားလက် ထက်က သုံးခဲ့ကြတာရှိတယ်။ အဲဒီမီးခြစ်တွေကလည်း ဓာတ်ဆီ ထည့်သုံးကြရတာဖြစ်ပေမယ့် ဘီးအပေါ်မှာ ခလုတ်အဖုံးလေး တပ်ဆင်ထားကြတယ်။ ကြေးရတတ်တွေသာ အဲဒီလို မီးခြစ်တွေ သုံးကြတယ်။

မီးခြစ်တွေအကြောင်းပြောရင် မီးခြစ်စက်ရုံအမှတ် (၁)က ထုတ်တဲ့ နတ်သမီးမီးခြစ်များ ထည့်ပြောမှ ပြည့်စုံမှာပါ။ ကြယ်စင် ကို ဆွတ်ခူးနေတဲ့ နတ်သမီးမီးခြစ်များက မြို့ကြီးပြကြီးသာမက တောနယ်တွေက ရွာငယ်ဇနပုဒ်တွေအထိ ရောက်ရှိခဲ့တဲ့ ထုတ် ကုန်တစ်ခုဖြစ်ခဲ့တာ သေချာတယ်။ နတ်သမီးမီးခြစ်တွေနဲ့အတူ ရပ်သုံးရွာသုံးအဖြစ် လူထုကြားမှာ ကျန်ခဲ့တဲ့စကားက ဥတုသုံးပါး ခံသည်ဆိုတဲ့ စကားလုံးဖြစ်တယ်။ နတ်သမီးမီးခြစ်တွေရဲ့ သက် တမ်းတစ်လျှောက်မှာ အမှန်တကယ်လည်း ဥတုသုံးပါး ခံခဲ့တယ်။ နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး သုံးလို့ရတာလေ။

နတ်သမီးမီးခြစ်ရဲ့ မူလအစဟာ နိုင်ငံခြားသား (ဆွီဒင်လူ မျိုး)တွေ ပိုင်ဆိုင်ခဲ့ကြတာပေါ့။ မန္တလေးမြို့ရဲ့ အနောက်ထိပ် မီး အိမ်နီရပ်ကွက်နဲ့ လက်တစ်ကမ်းအကွာမှာ တည်ရှိခဲ့တယ်။ ကျွန် တော်ငယ်စဉ်က အဲဒီမီးခြစ်စက်ရုံထဲကို အလည်အပတ်ရောက်ဖူး တယ်။ စက်ရုံထဲက ဘိုတဲအဆောက်အအုံဟာ ကလေးငယ်တစ် ယောက်အဖို့ အံ့သြဘနန်းဖြစ်စရာတွေချည်းပဲ။ စက်ရုံဝင်း အကျယ်ကြီးထဲမှာ ကုန်ထုတ်လုပ်တဲ့ အဆောက်အအုံ၊ ပန်းခြံ၊ အားကစားကွင်း၊ သက်သာဆိုင်၊ အပန်းဖြေရိပ်သာ စတဲ့ နေရာ အားလုံးဟာ သူ့နေရာနဲ့ သူ အံဝင်ခွင်ကျဖြစ်နေတယ်။ လူမျိုးခြား၊ ဘာသာခြားတည်ထောင်ခဲ့တဲ့ စက်ရုံဝင်းမှာ စေတီလေးတစ်ဆူ တောင် တည်ထားလိုက်သေးတယ်။ စက်ရုံဘုရားပွဲကို နှစ်စဉ် မပျက် ကျင်းပခဲ့တာပေါ့။

ကျွန်တော့်ဘကြီးတစ်ယောက်က စက်ရုံမှာ အလယ် အလတ်ဆင့်ရာထူးနဲ့ သက်ပြည့်အငြိမ်းစားပင်စင်ယူခဲ့သူဖြစ် တယ်။ စက်ရုံမှာ ဘကြီးတာဝန်ထမ်းဆောင်စဉ်က နှစ်စဉ် စက်ရုံ ဘုရားပွဲရာသီရောက်ရင် ကျွန်တော် လိုက်သွားလေ့ရှိတယ်။ စက် ရုံအဝင်ပေါက်မှာရှိတဲ့ သက်သာဆိုင်က လက်ဖက်ရည်ကျဲကျဲကို သတ္တုတိုကင်ပြားအဝိုင်းလေးနဲ့ သောက်ကြရတာပါ။ (တိုကင် တစ်ခု ပြားခြောက်ဆယ်ပေးရတယ်။) ပြင်ပပေါက်ဈေး လက်ဖက် ရည်တစ်ခွက် တစ်ကျပ်ဖြစ်နေချိန်မှာ စက်ရုံသက်သာဆိုင်က တစ်ခွက်ပြားခြောက်ဆယ်။ အဲ…ဒါပေမဲ့ သက်သာဆိုင်မှာ စိတ် ကြိုက်မှာခွင့်တော့ မရှိဘူး။ အဖျော်ဆရာစိတ်ကူးပေါက်သလို ဖျော်လိုက်တဲ့ လက်ဖက်ရည်ကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ငြင်းခွင့်မရှိဘူး။ သက်သာဆိုင်မှာ လက်ဖက်ရည်တစ်ခွက် သောက်ဖို့အရေး လွယ်တာတော့ မဟုတ်ဘူး။ ငွေစာရင်းမှာ တို ကင်သွားလဲရတယ်။ အဖျော်ဆရာဆီ တိုကင်ပြပြီး လက်ဖက်ရည် မှာရတယ်။ လက်ဖက်ရည်ရပြီဆိုရင် ဆိုင်မန်နေဂျာဆီ တိုကင် သွားပေးရတယ်။ ပြီးမှ ကိုယ့်ခွက်ကိုယ်ယူပြီး သောက်ရတယ်။ အဲဒါ ၁၉၈၅ ခုနှစ် ဝန်းကျင်က လူနေမှုပုံစံပါပဲ။

၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီတက်လာတော့ စက်ရုံ၊ အလုပ်ရုံတွေကို ပြည်သူပိုင်သိမ်းပြီး မြန်မာ့နည်း၊ မြန်မာ့ ဟန်ဆိုရှယ်လစ်စနစ်ကို အကောင်အထည်ဖော်လိုက်ကြတယ်။ မီးခြစ်စက်ရုံလည်း စက်မှု(၁)ဝန်ကြီးဌာနအောက် ရောက်သွားရ တယ်။ စံပြလုပ်သားဆုတွေ၊ ဘာတွေ ပေးတော့ ကျွန်တော်ကြီး တော်ကြီးတစ်ယောက်က မီးခြစ်စက်ရုံမှာ လုပ်နေရင်း စံပြလုပ် သားဆု ရခဲ့ဖူးသေးတယ်။ ကြီးတော်ကြီးတို့ တစ်မိသားစုလုံး စက်ရုံ ဝန်ထမ်းတွေ ဖြစ်ကြတယ်။

၁၉၈၈ ခုနှစ် အရေးတော်ပုံကာလမှာ မီးခြစ်စက်ရုံလုပ်သား တွေလည်း လူထုနဲ့ ထပ်တူ တက်တက်ကြွကြွပါဝင်ခဲ့တာ အမှတ်ရ စရာပါပဲ။ အဲဒီအချိန်က စက်အပိုပစ္စည်းဝယ်ရတာ ခက်ခဲလာတာ ကြောင့် တရုတ်စက်ပစ္စည်းတွေနဲ့ အစားထိုးဖို့ မူလလက်ဟောင်း ဆွီဒင်စက်တွေကို ဖြုတ်ချလိုက်တယ်။ ပုဂ္ဂလိကပိုင်ဆိုင်မှုဘဝ တုန်းက နှစ်စဉ် အမြတ်အစွန်းရနေတဲ့ စက်ရုံဟာ မြန်မာ့နည်း၊ မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို ဖော်ဆောင်ချိန်ရောက်ပါမှ ကုန် ထုတ်လုပ်မှုဂရပ်မျဉ်းက အောက်ကို ထိုးဆိုက်လာတယ်။

အံ့သြစရာမဟုတ်ပေမယ့် အံ့သြစရာဖြစ်နေတယ်။ မြေ၊ စက်ရုံ၊ လုပ်သား၊ နည်းပညာ၊ ဈေးကွက် အားလုံးအဆင်သင့်ရှိနေ တဲ့ စက်ရုံတစ်ရုံကို အခမဲ့ရလိုက်တာတောင် ဈေးကွက်မှာ တောင့်မခံနိုင်အောင် ကျွန်တော်တို့လူမျိုးက ညံ့ခဲ့တယ်ဆိုတာ သမိုင်းသက်သေပဲ။ မီးခြစ်စက်လိုပါပဲ၊ သတင်းစာတိုက်တွေ၊ အချိုရည်စက်ရုံတွေ၊ ရုပ်ရှင်ရုံတွေ အလကားရလိုက်တာတောင် မလုပ်တတ်၊ မကိုင်တတ်လို့ မြေကွက်လက်ညှိုးထိုးရောင်းစားနေ ရတဲ့ အဖြစ်။ တကယ်တော့ ရှိတာလေး ခွာရောင်းတယ်ဆိုတာ စီး ပွားရေးသမားကောင်းတွေရဲ့ လုပ်ငန်းစဉ်ထဲမှာ မပါဘူး။ အဲဒါက မုဆိုးမစီးပွားရှာနည်းပဲ။ (ဒါတွေထားလိုက်ပါတော့)

၁၉၉ဝ ခုနှစ်ဝန်းကျင်မှာ တရုတ်နိုင်ငံလုပ် စက်ကိရိယာ တွေ တပ်ဆင်ပြီး စက်ရုံလည်ပတ်ပြန်တယ်။ ဒီတစ်ခါတော့ ကုန် အမှတ်တံဆိပ်က ရွှေစင်ရုပ်မဟုတ်တော့ဘူး။ နန်းမြို့ရိုးပုံစံဖြစ် သွားပြီ။ ဘူးဒီဇိုင်းကိုလည်း ပြောင်းလိုက်ကြပြန်တယ်။ မူလက မီး ခြစ်ဘူးကို သစ်ပါးလွှာနဲ့ ပြုလုပ်ထားတာပါ။ အသစ်ပြန်ထုတ်တဲ့ မီးခြစ်ဘူးက ဂျပ်စက္ကူကို ယမ်းသုတ်ထားပြီး မူလဘူးထက် အရွယ်အစားအနည်းငယ်သေးလာတယ်။

ဈေးကွက်မှာ အောင်မြင်ပြီးသား ကုန်အမှတ်တံဆိပ်တစ်ခု ကို ဘာကြောင့်ပြောင်းလိုက်ကြမှန်း ဘယ်သူမှ သိခွင့်မရခဲ့ဘူး။ ကုန်အမှတ်တံဆိပ် (Brand Name) တစ်ခု ဈေးကွက်မှာ ပေါက် ဖို့ဆိုတာ အချိန်၊ ငွေကြေး၊ နည်းပညာပုံအောပြီး ရင်းနှီးမြှုပ်နှံထား ရတယ်ဆိုတာ စီးပွားရေးသမား (Business Man) တွေကသာ သိတာပါ။ သူတစ်ပါးရဲ့ စက်ရုံကို အလကားယူရုံမက ကုန်အမှတ် တံဆိပ်ကိုပါ ကိုယ့်သဘောနဲ့ကိုယ် ပြောင်းလိုက်တဲ့အကျိုးကျေးဇူး ကို မကြာခင်မှာပဲ ကောင်းကောင်းကြီး ခံစားလိုက်ရတယ်။ ကုန် အမှတ်တံဆိပ်ပြောင်းပြီး ဆယ်စုနှစ်အကြာလောက်မှာ စက်ရုံ ပိတ်သိမ်းလိုက်ရတာပါပဲ။ မူလပိုင်ရှင်က လက်မဲ့ဖြစ်၊ မူလစက် ပစ္စည်း(ဆွီဒင်နိုင်ငံလုပ်)တွေက သံရည်ကြိုစက်ရောက်၊ နောက် ဝယ်လာတဲ့ တရုတ်စက်ပစ္စည်းတွေက အဟောသိကံဖြစ်၊ ရာ ဂဏန်းရှိတဲ့ စက်ရုံလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်၊ ပြောရမယ် ဆိုရင် မိအေးနှစ်ခါနာရုံမကဘူး၊ လေး၊ ငါးခါနာကြရတဲ့အဖြစ်တွေ ရွှေပြည်ကြီးမှာ တစ်ထောင့်တစ်ညအိပ်ရာဝင်ပုံပြင်တွေထက် များတယ်။ အခုတော့လည်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော် မရှင်ရဲ့ ကောင်းမှုနဲ့ ကျပ်သိန်းထောင်ပေါင်းများစွာရှိတဲ့ ငွေပမာဏနဲ့ ပုဂ္ဂလိကလက်ထဲ ရောက်သွားပါပြီ။

စံပြလုပ်သားကောင်း နှစ်ကြိမ်တိတိရခဲ့ပြီး သက်ပြည့်ပင် စင်ယူခဲ့တဲ့ ကျွန်တော့်ကြီးတော်ကြီး မီးခြစ်စက်အလုပ်သမကြီးက တော့ မီးခြစ်စက်ရုံအကြောင်းပြောတိုင်း အသံတုန်တုန်း၊ မျက် ရည်ဝဲတုန်း။

နတ်သမီးမီးခြစ်ဘဝမှာ မီးခြစ်တွေဟာ ပြည်ပပို့ကုန်ဖြစ်ခဲ့ တယ်ဆိုရင် ခင်ဗျားမအံ့သြပါနဲ့။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မီးခြစ် စက်ရုံက မီးခြစ်တွေ တင်ပို့ခဲ့တာပါ။ မီးခြစ်ဘူးကို ကိုယ်စားပြုပြီး ခေါ်တဲ့ အခေါ်အဝေါ်တစ်ခု ရှိသေးတယ်။ မြို့ပြက တိုက်ခန်းတွေကို မီးခြစ်ဘူးတိုက်ခန်းတွေလို့ ခေါ်ကြတာလေ။ ဖင်မလှည့်သာ ခေါင်းမလှည့်သာ တိုက်ခန်းတွေက အခုဆိုရင် သိန်းရာဂဏန်း ကြီးကြီးပေးပါမှ ကပ်နိုင်တော့မယ့် အနေအထားရောက်နေပြီ။ မြေသင်းနံ့လေးရှူနိုင်ဖို့ဆိုတာ ဒီနေ့ခေတ်မှာ ဘယ်သူမှ အိပ်မက် မမက်ရဲဘူး။

သစ်သားမီးခြစ်ဘူးတွေဟာ အခုဆိုရင် မျိုးတုံးပျောက် ကွယ်တော့မယ့် အ္တနရာယ်ကို ရင်ဆိုင်နေရပြီး သူ့နေရာမှာ အရောင်အသွေးဒီဇိုင်းစုံတဲ့ ဂက်စ်မီးခြစ်လှလှလေးတွေ ဝင် ရောက်လာတယ်။ စဝင်ခါစက ယိုးဒယားနိုင်ငံက ဝင်ရောက်တာ ဖြစ်ပေမယ့် အခုတော့ ထုံးစံအတိုင်း ပေါက်ဖော်ကြီးတို့နိုင်ငံကနေ ဖောချင်းသောချင်းဝင်ရောက်လာပြီး ဈေးကွက်ထဲမှာ ကျပ် ၁ဝဝ ပေးဝယ်ရင် အရပ်ထဲက ကုန်စုံဆိုင်မှာ ဂက်စ်မီးခြစ်လှလှတစ်လုံး လွယ်လင့်တကူဝယ်လို့ရတယ်။ သစ်သားမီးခြစ်ကတော့ ထမင်း ထုပ်သိုးအောင် ရှာရလိမ့်မယ်။ ဂန္ဓလရာဇ်ဖြစ် ဆင်တံဆိပ် သစ် သားမီးခြစ်တွေ ဈေးကွက်ထဲမှာ တစ်ခါတစ်ရံတွေ့ရတာတော့ ရှိ တယ်။ ဒါပေမဲ့ စုံရေမက်ရေ သိပ်မဝယ်ကြတော့ဘူး။ ခြစ်မကောင်း တာလည်း ပါတာပေါ့။

ကျွန်တော့်အစ်ကိုတစ်ယောက်က မီးခြစ်လှလှလေးတွေ ကိုင်တာ ဝါသနာပါတယ်။ ရွှေရောင်မဂ္ဂနက်တိုက် မီးခြစ်လှလှ လေးကို အချိန်တော်တော်ကြာသည်အထိ တမြတ်တနိုးကိုင်တာ သတိထားမိတယ်။ (သူ့ကောင်မလေးပေးထားတဲ့ လက်ဆောင် ဆိုတာ နောက်မှ သိရတယ်။) မဂ္ဂနက်တိုက် မီးခြစ်တွေက ဓာတ် ငွေ့ရည်ဖြည့်ပေးရပြီး မီးခတ်ရတဲ့ အကြိမ်က အကန့်အသတ်ရှိ တယ်။ တချို့မီးခြစ်တွေက အကြိမ်တစ်သောင်း၊ တချို့က နှစ် သောင်းစသဖြင့် ရှိကြတယ်။ အစ်ကို့သူငယ်ချင်းတွေက  အစ်ကို့ ဆီက မီးခြစ်ငှားရင် ဘယ်တော့မှ မငှားဘူး။ သူသောက်နေတဲ့ ဆေးလိပ်မီးက တစ်ဆင့်သာ မီးညှိစေတယ်။ ကျွန်တော်တို့ခေတ် အထိတိုင်အောင် ချစ်သူမိန်းကလေးဆီက မီးခြစ်လက်ဆောင် ပေးတဲ့ ဓလေ့ထွန်းကားဖူးတယ်။ အခုခေတ်ကတော့ မန်မိုရီစတစ် တို့၊ ဟန်းဆက်တို့မှသည် ပြိုင်ကားလှလှတို့၊ ကွန်ဒိုကောင်း ကောင်းတို့ လက်ဆောင်ပေးကြတဲ့ ခေတ် ရောက်နေပါပကော။

မီးခြစ်နဲ့ပတ်သက်ပြီး သီချင်းတောင် လုပ်ဆိုခဲ့ကြသေး တာပေါ့။

”ကြံကြံxxxကြံကြံဖန်ဖန်xxxမေးမယ်xxxမေးပါxxxမေးပါ xxxနင်ဟာxxxနင်ဟာ ချစ်တတ်သလားလို့xxxဘာစကားတွေ ပြောတယ်xxxဘာကို နင်ရှက်လဲxxxငါဆိုလိုတာကxxxဟို ဟို ဟိုးxxxမီးခြစ်ပါ”

ဇစ်ပိုမီးခြစ်ကတော့ အမျိုးကောင်းသားတော်တော်များ များ ခရေစီဖြစ်ကြရတဲ့ မီးခြစ်ဖြစ်တယ်။ ကြော်ငြာပုံကလည်း ကောင်းတယ်လေ။ ဇာတ်လိုက်မင်းသားက ဇစ်ပိုမီးခြစ်ခြစ်ပြီး လေယာဉ်ပျံပေါ်က ပစ်ချလိုက်တာ ရန်သူ့စခန်းပေါ် မီးမငြိမ်းဘဲ ဇစ်ပိုမီးခြစ်ကျသွားပြီး မီးဟုန်းဟုန်းတောက်သွားပါရောလား။ ဇစ်ပိုဟာ အဲဒီကတည်းက လူငယ်ထုရဲ့ အသည်းစွဲချစ်မိတ်ဆွေ ဖြစ်သွားခဲ့တယ်။ ဇစ်ပိုက သူများမီးခြစ်တွေထက် စာရင်းနည်း နည်းတော့ ဘဝင်မြင့်တယ်။ သူ့မီးခြစ်ကျောက်ကို သီးသန့်ထည့် သုံးရတဲ့အပြင် လောင်စာဆီကိုလည်း သူ့လောင်စာဆီသာ ထည့် သုံးရတယ်။ ဈေးနှုန်းကလည်း သောင်းဂဏန်းပေးမှသာ ရနိုင် တယ်။ မိတ်အင်ယူအက်စ်အေကိုး။ အဲ…ထောင်ဂဏန်းလောက်ပဲ သုံးပြီး ဇစ်ပိုအမှတ်တံဆိပ်ပါတဲ့ မိတ်အင်ယူအက်စ်အေ ကိုင်ချင် သပဆိုရင်လည်း စိန့်တိုင်းရင်းဖြစ် မီးခြစ်တွေက ဈေးကွက်ထဲမှာ အဆင်သင့်။ ပေါက်ဖော်ကြီးတို့ရဲ့ လက်စွမ်းပြချက်တွေကို အန် ကယ်လ်ဆမ်လည်း လက်မြှောက်ထားရတယ်။

ကျွန်တော်ကြည့်ခဲ့ဖူးတဲ့ ဓာတ်ရှင်ကားထဲမှာ မင်းသားကို လူဆိုးဗိုလ်က တံတားပေါ်မှာ သေနတ်နဲ့ ပစ်လိုက်တာ မင်းသား ရင်ဝ ကျည်ဆန်မှန်ပြီး တံတားပေါ်ကနေ ရေထဲကို ပြုတ်ကျသွား တယ်။ နောက်တစ်ခန်းမှာ မင်းသားထွက်လာတော့ ဘာဒဏ်ရာ ဒဏ်ချက်မှ မရှိဘူး။ ချိုးအမြုတေတို့၊ ဝက်စွယ်အံပိတ်တို့များ မင်း သားလက်ထဲ ရှိနေသလားမှတ်ရတယ်။ ဘယ်ဟုတ်လိမ့်မတုံး။ မင်းသားက သူ့အင်္ကျီအိတ်ကပ်ထဲမှာ ဇစ်ပိုမီးခြစ်ထည့်ထားတာ ကိုး။ ကျည်ဆန်က မင်းသားကို တိုက်ရိုက်မထိဘဲ ဇစ်ပိုမီးခြစ်ကို မှန်ပြီး ရေထဲပြုတ်ကျသွားမှန်း ဇာတ်ကြောင်းပြန်တဲ့အခန်းမှာ ပါ မှ သိရတော့တယ်။ ကြော်ငြာကို ကြော်ငြာမှန်းမသိအောင် ကြော် ငြာခြင်းအတတ်ပညာတစ်ခု။

ကောင်းဘွိုင်ဇာတ်ကားတွေမှာတော့ ဆေးပြင်းလိပ်ကြီးခဲ၊ စောင်ကြမ်းကြီးခြုံထားတဲ့ ကောင်းဘွိုင်တွေက သစ်သားမီးခြစ် ဆန်ကြီးတွေကို ဂျင်းဘောင်းဘီနဲ့ ခတ်ပြီး ဆေးလိပ်မီးညှိ   ကြတယ်။

အခုတော့ ဈေးကွက်ထဲမှာ မီးခြစ်တွေ ပုံသဏ္ဌာန်မျိုးစုံနဲ့ ဝင်နေပါပြီ။ ဘောလ်ပင်ပုံမီးခြစ်ရှိတယ်။ သေနတ်ပုံမီးခြစ်ရှိတယ်။ အသံဖမ်းတိပ်ခွေပုံစံမီးခြစ်လည်းရှိတယ်။ မီးခြစ်ယဉ်ကျေးမှု တဖြည်းဖြည်း ပြောင်းသွားတာ မျက်စိရှေ့မှာတင် မနည်းဘူး။

ကျွန်တော် ဒီစာရေးနေစဉ်မှာပဲ မူလပိုင်ရှင်ဟောင်း (ဆွီ ဒင်နိုင်ငံသား)မိသားစုဝင်တွေ မ္တနလေးကို အလည်လာကြသေး တယ်။ ပိုင်ရှင်ရဲ့သားနဲ့ ကျွန်တော့်ဘကြီးက ငယ်ငယ်က ကစား ဖော်တွေဆိုတော့ မန္တလေးရောက်ခိုက် ဘကြီးနဲ့ တွေ့ပြီး ရှေး ဟောင်းနှောင်းဖြစ်တွေ ပြောကြဆိုကြတယ်။ ဘကြီးက ဘိုလို ပြောတော့ ဗမာလိုပြောစမ်းပါလို့ သူတို့က ပြန်ပြောကြတယ်။ ဘကြီးရဲ့ ကစားဖော်က ဗမာပြည်မှာ မွေးဖွားကြီးပြင်းသွားတာမို့ ဗမာစကားကို ထမင်းစားရေသောက်ပြောနိုင်တယ်။ ကျွန်တော် သိမထားတဲ့ သမိုင်းဇာတ်ကွက်လေးတစ်ကွက် ဘကြီးဆီက တစ် ဆင့်ကြားခဲ့ရလို့ ဖောက်သည်ချပါရစေ။ စက်ရုံပိုင်ရှင်ဆွီဒင်ကြီးက နွေရာသီဆိုရင် ပြင်ဦးလွင်တက် အနားယူသတဲ့။ အဲဒီလို နားတဲ့ အခါ ဘကြီးရဲ့ အဖေ၊ ကျွန်တော်တို့အဘိုးက ကားနဲ့ မောင်းပြီး ပို့ ရတာလေ။ ကားပေါ်မှာ ဘကြီးတို့ ကလေးငယ်တွေပါသလို စက် ရုံပိုင်ရှင်ကြီးရဲ့ သား ဘကြီးရဲ့ ကစားဖော်လည်း ပါတာပေါ့။ ပြင်ဦး လွင်ရောက်တဲ့အခါ ဘယ်သူနဲ့ တွေ့သလဲဆိုတော့ ကုန်းဘောင် ဆက်ဆွီဒင်နွယ်ဖွား ကပြားမလေးနဲ့ တွေ့ကြလေသတဲ့။

(အခုတော့ အီတလီနိုင်ငံမှာ မြန်မာထမင်းဆိုင်ဖွင့်ထားလေရဲ့) အဲဒီလို ပြင်ဦးလွင်မှာ တွေ့ပြီးနောက်ပိုင်း ဆွီဒင်နိုင်ငံကို အလည်ခေါ်သွားတာတွေ ဘာတွေ ရှိတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကပြားမလေး လည်း မင်းဘဏ္ဍာဖြစ်သွားရရှာတယ်။ ကျွန်တော့်ဘကြီးကတော့ သူ့စက်ရုံပိုင်ရှင်ကြီးအတွက် ဂုဏ်ယူတယ်။

”သွားလေသူ ဥက္ကဋ္ဌကြီးက ငါတို့စက်ရုံ ပိုင်ရှင်ထက် နောက်ကျတာပေါ့ကွာ၊ ဟား ဟား ဟား” ဘကြီးရဲ့ရယ်သံကို ကျွန်တော် သရုပ်ခွဲကြည့်တယ်။ ကျေ နပ်အားရတဲ့ လေသံပါသလို သရော်တော်တော်လေသံလည်း ပါဝင်တယ်လို့ထင်တယ်။ ခင်ဗျား တို့ရော ဘယ်လိုထင်ကြသလဲ။

ဘကြီးသူငယ်ချင်းကတော့ သူ့အဖေရဲ့ စက်ပစ္စည်းတွေကို သံရည် ကြိုတဲ့အထဲ ထည့်လိုက်တယ်ဆိုတာ သိရတော့ နှမြောမဆုံးဘူး။ စုတ်တသပ်သပ်နဲ့ ဖြစ်နေရှာတယ်။

သင်္ခါရဆိုတဲ့ တရားသဘောကို ဘာသာခြားတစ်ယောက် သိနားလည်လောက်အောင်အထိ ဘကြီးလည်း ရှင်းမပြနိုင်ဘူး။ စက်ရုံထုတ်လုပ်ပုံအဆင့်ဆင့်ကို တိုးရစ်ဆွဲဆောင်မှုအဖြစ် ပြစား ရင်ပဲ တကယ်ထုတ်လုပ်ရောင်းချတာထက် ပိုမိုမြတ်စွန်းနိုင် ကြောင်း ဆွီဒင်ကြီးက ပြောပြရှာတယ်။ ကျွန်တော့်ဘကြီးကတော့ စုံထောက်တင်မောင်ဆွေ ပရိသတ်ပီပီ ပခုံးလေးတွန့်ပြီး လက်ဝါး ဖြန့်တဲ့ ပုံစံလေး လုပ်ပြလိုက်တယ်။

ဆရာမင်းလူ (ထင်တာပဲ)က မီးခြစ်နဲ့ ပတ်သက်တဲ့ အက် ဆေးတစ်ပုဒ် ရေးခဲ့ဖူးတယ်။ မီးခြစ်ရော ဆေးလိပ်ပါဆောင်သူက ပထမတန်းစား ဆေးလိပ်သမားတဲ့။ မီးခြစ်ပဲ သီးသန့်ဆောင်သူ ကတော့ ဒုတိယတန်းစား ဆေးလိပ်သောက်သူ၊ တတိယတန်းစား ဆေးလိပ်ကြိုက်သူကတော့ မီးခြစ်မဆောင်ဘဲ ဆေးလိပ်ပဲ ဆောင်ထားလေ့ရှိသူ၊ စတုတ္ထတန်းစား ဆေးလိပ်နှစ်သက်သူက ဆေးလိပ်လည်း မဆောင်သလို မီးခြစ်လည်း မကိုင်ဘူး။ ကြုံရာ ကျပန်းဝယ်သောက်သူ၊ ကျွန်တော့်ဆရာသမားတစ်ယောက်က တော့ ဆေးလိပ်သောက်သူ မဟုတ်ပါဘဲ မီးခြစ်ဆောင်သူ။ ဘာ ဖြစ်လို့ မီးခြစ်ဆောင်ထားတာလဲ စပ်စုကြည့်တော့ မိတ်ဆွေ အပေါင်းအသင်းတွေ ဆေးလိပ်သောက်ချင်တဲ့အခါ အလွယ် တကူမီးညှိလို့ရအောင်လို့တဲ့။ သွားလေရာမှာ လွယ်အိတ်တစ်လုံး အမြဲလွယ်ထားတတ်ပြီး လွယ်အိတ်ထဲမှာ မီးခြစ်အမြဲပါသူပေါ့။

မီးခြစ်နဲ့ပတ်သက်ပြီး ရပ်သုံးရွာသုံး ဝေါဟာရဖြစ်နေတဲ့ စကားလုံးတစ်လုံးရှိတယ်။ ဝမ်းခြစ်၊ ဝမ်းတောက်တဲ့။ ဆိုလိုတာကတော့ တစ်ခါခြစ်၊ တစ်ခါရတယ်ဆိုတဲ့ သဘော။အရင်ခေတ်က လူတစ်ယောက်ကို အမြင် ကပ်ရင် မီးခြစ်ကောင်းကောင်းတစ်လုံး ဝယ်ပေးလိုက်ပါတို့၊ကင်မရာတစ်လုံးလောက်ဝယ်ပေးလိုက်ပေါ့တို့ဆိုတဲ့စကားတွေ ခေတ်စားခဲ့ဖူးတယ်။    မီးခြစ်ကောင်းကောင်းတစ်လုံး ဝယ်ပေးလိုက်ရင် လောင်စာဆီဖိုး၊  မီးခြစ်ကျောက်ဖိုးအခက်တွေ့သွားစေမယ်ဆိုတဲ့သဘောလည်းပါတယ်။  အခုခေတ်မှာတော့ လူတစ်ယောက်ကို အမြင်ကတ်ရင် အဲဒီလောက်အရင်းအနှီးစိုက်ထုတ်စရာမလိုတော့ဘူး။ ရှေ့တစ်ပတ်၊ နှစ်ထိပ်စီးလေးကောင်းတယ်လို့ပြောလိုက်ရုံပဲ။  (လေပဲစိုက်ရတာကိုး) မိတ်ဆွေတို့လည်းဝါသနာပါရင် စမ်းကြည့်ကြပေါ့။      ။

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."