မပျောက်သေးသည့် ဒဏ်ရာ

မပျောက်သေးသည့် ဒဏ်ရာ

၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂) မှ အက်ဆေးဖြစ်ပါသည်။

ဝေလင်း ရေးသည်။

လွန်ခဲ့သော အနှစ် ၂ဝ က စာသင်ပေးခဲ့ဖူးသည့် ဆရာတစ်ယောက်နှင့် ရန်ကုန်မြို့လယ်တွင် သုံး ကြိမ်ခန့်ဆုံဖူးသည်။ ခြောက်တန်းကျောင်းသား ဘဝက အင်္ဂလိပ်စာသင်ပေးခဲ့ဖူးသော ဆရာဖြစ် ၏။ သို့သော် ဆရာ့ကို ကျွန်တော် နှုတ်မဆက်ဖြစ်။ နှုတ်လည်း မဆက်ချင်။ ဆရာ့ကိုတွေ့လျှင် ကျွန်တော့် သူငယ်ချင်းအေးလွင်ကိုလည်း သတိရမိ၏။

တစ်ရက်က ဧမာနွေလ ခရစ်ယာန်ဘုရား ကျောင်းအနီး လက်ဖက်ရည်ဆိုင်တွင် အမျိုးသမီးနှင့်အတူ မနက်စာစားပြီး ဆိုင်က ပြန်အထွက် ဆရာ့ကို ထပ်၍ တွေ့လိုက်သေးသည်။ ဆရာသည် ဆိုင်ထဲတွင် ထိုင်နေရင်း မဟာဗန္ဓုလပန်းခြံဘက် သို့ ငေးကြည့်ကာနေသည်။ စားပွဲတွင် သူတစ်ယောက်တည်းဖြစ်၏။ လက်ဖက်ရည်တစ်ခွက်ကို ရှေ့တွင် ချထားသည်။

ကျွန်တော်က အမျိုးသမီးကို ”အဲဒါ ကိုယ်တို့ငယ်ငယ်တုန်း က ဆရာလေ”ဟု သူ့အနားကပ်ပြီး တိုးတိုးလေးပြောပြလိုက် တော့ ”အယ်…အဲဒါဆို သွားနှုတ်ဆက်လိုက်လေ”ဟု ဆရာ့ကို သွားနှုတ်ဆက်ဖို့ တိုက်တွန်းသည်။

”ဟင့်အင်း၊ ကိုယ် မနှုတ်ဆက်ချင်ဘူး”

”သွားလိုက်ပါ။ သွားနှုတ်ဆက်လိုက်ပါ။ ဘာဖြစ်လို့တုံး” ဟု ဆက်၍ တိုက်တွန်းသည်။

”ဟင့်အင်းကွာ၊ ထားလိုက်တော့”ဟု ပြောပြီး သူနှင့် လမ်းခွဲကာ ကျွန်တော်သွားစရာရှိသည့်နေရာသို့ ထွက်လာခဲ့တော့ သည်။ ”ဟင်…တကယ့်လူပဲ”ဟု ပြောကျန်ခဲ့ပြီး သူလည်း သူသွားစရာရှိသည့်ဘက်သို့ ထွက်သွားလေသည်။

ဆရာ့ကို နှုတ်မဆက်ဘဲ လက်ဖက်ရည်ဆိုင်က ထွက်လာခဲ့ သည့်တိုင် ကျွန်တော့်အတွေးထဲတွင် ဆရာ့ပုံရိပ်က ကပ်၍ ပါလာ သည်။ ဆရာ့အကြောင်းကို ကျွန်တော်ပြန်တွေးနေမိသည်။

ဆရာသည် အသားဖြူရုံမျှမက မဆိုစလောက် နီ၍ပင်နေ သည်။ ဆံပင်က ဘေးခွဲဖြစ်သည်။ ထူးခြားသည်က ဘေးသို့ ခွဲ ထားသော ဆရာ့ဆံပင်သည် နဖူးပေါ်သို့ ဝဲကာကျနေတတ်သည်။ ဆရာသည် နဖူးပေါ်ကျနေသည့်ဆံပင်ကို လက်ဖြင့်သပ်၍ မဖြီး။ ခေါင်းကလေးကို ဆတ်ခနဲလှည့်ကာ ပြန်မ,တင်တတ်သည်။

ဆရာ့အရပ်က မနိမ့်၊ မမြင့်။ ကျွန်တော် ခြောက်တန်း ကျောင်းသားဘဝက ဆရာနှင့် တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။ အင်္ဂလိပ် စာသင်သည့်ဆရာမက ခွင့်ယူထားသဖြင့် ဆရာက ခေတ္တဝင်သင် ပေးရာမှ ဆရာနှင့် ဆုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ဆရာ့နာမည်ကိုတော့ ကျွန်တော် မမှတ်မိတော့ပါ။

ဆရာ့ကို မှတ်မှတ်ရရဖြစ် နေခြင်းက ကျွန်တော့်သူငယ်ချင်း အေးလွင်နှင့်လည်း ပတ်သက်၍နေသည်။ အေးလွင်နှင့် ကျွန် တော်က လေးတန်းကျောင်းသားဘဝက စတင်ခင်မင်ခဲ့ကြခြင်း ဖြစ်သည်။

သူက ကျွန်တော့်ထက် အသက်ကြီးသည်။ အရပ်ရှည်ပြီး လမ်းလျှောက်လျှင် ခါးအနည်းငယ်ကိုင်း၏။ သူ့မျက်နှာက ရောင် ရောင်ကလေးခွက်ကာနေ၏။ အသားညိုသည်။ နှာခေါင်းပြား သည်။ မျက်ရစ် မရှိ။ မျက်ပေါက်ကျဉ်းသည်။

သူ့ကိုကြည့်လိုက်လျှင် အမြဲပြုံးနေတတ်သည်။ ရယ်စရာ များလည်း ပြောတတ်သည်။ သူစိတ်ညစ်တာကို သိပ်မတွေ့ရ။ စိတ်ညစ်သည့်အခါမျိုးတွင်လည်း သူ့မျက်နှာက သိသိသာသာ ကြီး ညှိုးနေတတ်သည်။ ထိုအချိန်မျိုးတွင် သူသည် စကားမပြော တော့။ စာရေးခုံပေါ်တွင် ခေါင်းတင်ကာ ငြိမ်ပြီးနေတတ်၏။

သူသည် လေးတန်းနှစ်က ညီမဖြစ်သူနှင့် တစ်ခန်းတည်း ဖြစ်သောကြောင့် ညီမဖြစ်သူ စာမရ၍ အရိုက်ခံရ၊ အဆူခံရပြီဆို လျှင်လည်း အေးလွင် မျက်နှာပျက်နေတတ်သည်။ ရှက်တတ် သည်။ တစ်ခါတစ်ရံ ထိုသို့ဖြစ်ပါက သူ့ညီမဆီ သွားပြီး ဆူတတ် သည်။ သူ့ညီမကလည်း ”ငါ့ဘာသာငါ အရိုက်ခံရတာ ဘာဖြစ်လဲ ဟယ်” ဆိုတာမျိုး ပြန်ပြောလိုက်လျှင် ရှူးရှူး ရှူးရှူးနှင့် သူ့စာ ရေးခုံသို့ ပြန်လာတတ်သည်။

သူနှင့် ကျွန်တော် ရင်းနှီးခဲ့ရသည့်အကြောင်းကလည်း ဤသို့ဖြစ်သည်။ လေးတန်းနှစ်စတွင် ကျွန်တော်က အတန်း၏ အလယ်လောက်တွင် ထိုင်သည်။ သမိုင်းသင်သည့်ဆရာမက တစ်ပတ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် စာမေးတတ်သည်။ နှစ်စတွင် ကျွန်တော်သည် တစ်ခုံတည်းထိုင်သည့် သူငယ်ချင်းများနှင့်အတူ ဆရာမအရှေ့သွားကာ စာအံရသည်။

တစ်ရက်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် အကြောင်းကို ဆိုပြရသည်။ မနက်မိုးလင်းမှ စာကျက်လာရခြင်း ကြောင့် ကျွန်တော် စာကို ကောင်းကောင်း မရ။ ဟိုနေရာ ထောက်၊ ဒီနေရာထောက် ဖြစ်နေသည်။

ထို့ကြောင့် အတူစာအံရသည့် အတန်းဖော်များ၏ ပါးစပ် ကိုကြည့်ကာ လိုက်ဝါးချဖို့လုပ်သည်။ သို့သော် သူတို့ကလည်း ကျွန်တော့်ကို အားကိုးနေခြင်းဖြစ်သည်။ သုံးယောက်စလုံးက ထစ်ထစ်ငေါ့ငေါ့ဖြစ်ကာ ရှေ့မဆက်နိုင်ခြင်းကြောင့် ဆရာမက ”နင်တို့ မရဘူး။ ပြန်ကျက် ပြန်ကျက် ပြန်ကျက်”ဟု လက်ထဲရှိ ဝါးခြမ်းပြားဖြင့် ကျွန်တော်တို့သုံးယောက်၏ ခေါင်းကို တစ် ယောက်တစ်ချက် ရိုက်ရင်း ပြောသည်။

အတန်းရှေ့တွင် ထိုသို့အရိုက်ခံလိုက်ရခြင်းကြောင့် ကျွန်တော် အရမ်းရှက်မိသည်။ ထို့ကြောင့် နောက်ပိုင်းဆရာမက စာ ကျက်လာခဲ့ဟုဆိုလျှင် သေချာကျက်လာသည်။ ပြီးလျှင် တစ်ခုံ တည်းထိုင်သည့် သူငယ်ချင်းသုံးယောက်နှင့်အတူ ဆရာမအရှေ့ သွားကာ စာအံပြရသည်။

ကျွန်တော်က ရှေ့က ဆိုသွားလျှင် ကျန်နှစ်ယောက်က ကျွန်တော့်ကို ကြည့်ကာ လိုက်ဆိုကြသည်။ ထို့ကြောင့် ကိုယ်ဆို ချင်တိုင်း မဆိုနိုင်။ သူတို့နှစ်ယောက်ကို စောင့်ရသည်။ အကြိမ် တိုင်းလိုလိုဖြစ်လာသည့်အခါ ကျွန်တော်သည် ထိုစာသင်ခုံတွင် မထိုင်တော့ဘဲ အတန်း၏နောက်ဆုံးခုံတွင် ထိုင်နေကြသော အေးလွင်နှင့်(ကို)မြင့်သိန်းဇော်တို့ ထိုင်ခုံသို့ ပြောင်းထိုင်လိုက်သည်။

အကြောင်းမှာ သူတို့က အမြဲတမ်း စာရသည်။ အစမ်းစာ မေးပွဲများတွင်လည်း အမြဲတမ်းအောင်သည်။ ထို့အပြင် သူတို့နှင့် ကျွန်တော် စရိုက်ချင်းတူသည်။ တတွဲတွဲလည်း လုပ်သည်။ အေး ချမ်းမေသီချင်း စီးရီးထွက်စဉ်က ကျွန်တော်တို့သုံးယောက်လက်ထဲသို့ တိပ်ခွေရောက်သည်နှင့် ‘တစ်စစီကျိုးပဲ့နေတယ်’သီချင်း ကို အလွတ်ရအောင် လုပ်သည်။ အတူဆိုခဲ့ကြသည်။ ထို့ကြောင့် သူတို့နှင့်တွဲမိကာ သူတို့ထိုင်ခုံသို့ ကျွန်တော်ရောက်သွားလေ သည်။ ထိုအခါ အေးလွင်နှင့် ကျွန်တော် အတော် ရင်းနှီးခဲ့ကြသည်။

စာသင်နှစ်ကုန်ခါနီးတွင် သမိုင်းဘာသာသင်သည့်ဆရာမ က သူ့အရိုက်ကို မခံရသူတွေ မတ်တတ်ရပ်ဖို့ပြောသည့်အခါ အတန်း၏ နောက်ဆုံးခုံတွင် ထိုင်နေသည့် အေးလွင်နှင့် (ကို)မြင့်သိန်းဇော်က မတ်တတ်ရပ်ရသည်။ ကျွန်တော်က ထိုင်နေ သဖြင့် ဆရာမက ”နင်က အရိုက်ခံရဖူးလား”ဟု မေးသည်။

ထိုအခါ အရင်က ကျွန်တော်နှင့် တစ်ခုံတည်းထိုင်ကာ အတူတူအရိုက်ခံဖူးသူ ကိုကိုဦးက ”ဒီကောင်အရိုက်ခံဖူးတယ်။ ကျွန်တော် သိတယ်။ ကျွန်တော်တို့နဲ့အတူတူ အရိုက်ခံရတာ ဟဲ…ဟဲ…ဟဲ…”ဟု နှာခေါင်းမှ ထွက်နေသည့် နှပ်ချေးကို ပြန်ရှုံ့ ကာ အာပေါင်အာရင်းဖြင့် အော်ပြောလေသည်။

ဤသို့ဖြင့် ကျွန်တော်တို့သည် လေးတန်းအောင်မြင်ကာ မူလတန်းကျောင်းမှ အမှတ်(၇)အထက်တန်းကျောင်းကြီးသို့ ပြောင်းခဲ့ရလေသည်။ အထက်တန်းကျောင်းကြီးသို့ ရောက်သော အခါ မူလတန်းကျောင်းတွင် တစ်ခန်းတည်းနေခဲ့ရသည့် အတန်း ဖော်အားလုံး ကွဲသွားကြသည်။ အေးလွင်ကလည်း အခြားအခန်း သို့ရောက်သွားသည်။ ကျွန်တော်နှင့် အေးလွင်ညီမက တစ်ခန်း တည်းကျသည်။ ထို့ကြောင့် တစ်ခါတစ်ရံ အေးလွင်က ကျွန်တော် တို့အခန်းသို့ ရောက်လာတတ်သည်။

နောက်တစ်နှစ် ခြောက်တန်းတက်သည့်အခါမှာတော့ ကျွန်တော်နှင့် အေးလွင်တစ်ခန်းတည်းကျသည်။ ကျွန်တော်က စာသင်ခန်း၏ နောက်ဆုံးထိုင်ခုံတွင် ထိုင်ပြီး အေးလွင်က ကျွန် တော့်အရှေ့မှာ ထိုင်သည်။ ကျွန်တော့်ဘေးတွင် မူလတန်းတုန်း က တစ်ခန်းတည်နေခဲ့သည့် သူငယ်ချင်းတစ်ယောက်ထိုင်သည်။ ထို့ကြောင့် ခြောက်တန်းနှစ်တွင် ကျွန်တော်တို့ သူငယ်ချင်း အရင်းကြီးသုံးယောက် အတူနေခွင့်ရခဲ့သည်။

အေးလွင်သည် အရင်အတိုင်းပင် ပျော်ပျော်နေသည်။ အရွှန်းဖောက်သည်။ သို့သော် သူသည် တခြားသောသူများနှင့် အပေါင်းအသင်း သိပ်မလုပ်။ ကျွန်တော်တို့နှင့် သူ့အိမ်အနားက ရွယ်တူလူငယ်တချို့နှင့်သာ စကားပြောသည်။ အပေါင်းအသင်း လုပ်သည်။

ကျွန်တော်က တခြားသူငယ်ချင်းများနှင့်အတူ လမ်း လျှောက်လာလို့ အေးလွင်နှင့် လမ်းမှာတွေ့လျှင် ”ဟေ့…အေး လွင်”ဟု လှမ်းနှုတ်ဆက်လိုက်ပါက ”အေး…သူငယ်ချင်း”ဟုသာ ပြောပြီး ပြုံးပြနှုတ်ဆက်ကာ ခေါင်းငုံ့လျက် ထွက်သွား တတ်သည်။ ဘယ်တော့မှ ရပ်ပြီး စကားမပြော။

ထိုသို့သောအခါမျိုးတွင် သူ့ကိုကြည့်ရသည်မှာ ရှက်နေ သည့်ပုံစံမျိုး တွေ့ရသလို တခြားသူများနှင့်လည်း စကားပြောလို စိတ် ရှိဟန်မတူ။ သူကိုယ်တိုင်ကလည်း လမ်းလျှောက်သည့်အခါ ဘေးပတ်ဝန်းကျင်ကို သိပ်မကြည့်။ ခြေလှမ်းကျဲကျဲလှမ်းကာ ခေါင်းငိုက်စိုက် ငိုက်စိုက်နှင့်သာ သွားသည်။ အလယ်ခွဲထားသော သူ့ဆံပင်ကို မကြာခဏဆိုသလို ဘယ်လက်ဖြင့် သပ်သပ်တင် တတ်၏။

ကျွန်တော်တို့ ခြောက်တန်းနှစ်က အင်္ဂလိပ်စာသင်ပေး သည့် ဆရာမက ခွင့်ယူထားသဖြင့် ဆရာတစ်ယောက်က အစား ထိုး ဝင်ပေးသည်။ ကျွန်တော့်အတွက်တော့ ကျောင်းဆရာနှင့် ပထမဦးဆုံး စာသင်ဖူးခြင်းသာဖြစ်၏။ ဆရာသည် ကျောင်းသား၊ ကျောင်းသူများအား အင်္ဂလိပ်မီးနင်းများ ဖတ်ခိုင်းသည်။ ပြီးလျှင် ဘယ်ကနေ ဘယ်အထိ အလွတ်ကျက်လာခဲ့ဟုဆိုကာ အိမ်စာ ပေးသည်။

နောက်ရက်ဆိုလျှင် ဆရာက အင်္ဂလိပ်စာအုပ်ထဲမှ ပုံပြင် များကို ဖတ်ပြသည်။ စာတစ်ကြောင်းဖတ်ပြီးသွားလျှင် စကား လုံးတချို့ကို ကျောက်သင်ပုန်းတွင်ရေးချပြီး ”ဒါ ဘာအဓိပ္ပာယ် တုံး”ဟု မေးတတ်သည်။ တစ်ယောက်က အဓိပ္ပာယ်ပြောလိုက် လျှင် စာတစ်ကြောင်းလုံးကို ရှင်းပြပြီး နောက်တစ်ကြောင်းကို ဆက်သွားသည်။

ထိုသို့မဟုတ်ဘဲ ဘယ်သူမှ မဖြေနိုင်ပါက သူမေးချင်သည့် သူကို လက်ညှိုးထိုးကာ မေးသည်။ မဖြေနိုင်ပါက ထိုသူကို ဆက် ၍ မတ်တတ်ရပ်စေပြီး နောက်တစ်ယောက်ကို ထပ်မေးတတ် သည်။ မဖြေနိုင်သည့်သူများလာပါက စာမကျက်ကြဘူးလားဟု ဆိုကာ ဆိုဆုံးမတတ်သည်။

သို့သော် ထိုသို့ဖြစ်ခြင်းက ရှား၏။ တစ်ယောက်မဟုတ် တစ်ယောက်က လှမ်းပြောတတ်သည်။ ထိုသို့ဆရာက မေးတိုင်း ပြန်ဖြေသူများတွင် အေးလွင်က အများဆုံးဖြေသည်။ ဆရာက ”ဒါ ဘာအဓိပ္ပာယ်တုံး”ဟု ကျောက်သင်ပုန်းမှာ ရေးပြီး ပြော လိုက်လျှင် အေးလွင်က ချက်ချင်းဖြေသည်။ တစ်ခါတလေ သူ့ ဘာသာသူ ကျိန်းသေအောင် စာအုပ်မှာ ချရေးလိုက်ပြီး ခဏ စဉ်းစားလိုက်သည်။ ပြီးလျှင် ဘာဆိုတာ လှမ်းပြောသည်။

ရှေ့ဆုံးအတန်းက စာတော်သည်ဟုဆိုသော ကျောင်းသား၊ ကျောင်းသူများပင် ပြန်မဖြေနိုင်။ နောက်တန်းတွင် ထိုင်သည့် အေးလွင်ကပဲ မကြာခဏ ဖြေနေသည်။ သူစိမ်းတွေနှင့် စကား ပြောလျှင်ပင် ရှက်တတ်သော အေးလွင်က ယခုလိုလှမ်းဖြေနေ တာကိုကြည့်ပြီး ကျွန်တော် လေးစားသွားသည်။ ”ဟေ့လူ၊ ကျွမ်း လှချည်လား”ဟု ပြောတော့ ကျွန်တော့်ကို ရယ်ပြသည်။ အေးလွင်သည် သူ့ကိုယ်သူ ဂုဏ်ယူသလို ထိုသို့ဖြေနိုင်ခြင်းအတွက် လည်း ဝမ်းသာနေ၏။

ထိုသို့ အင်္ဂလိပ်မီးနင်းများ အလွတ်ရနေခြင်းကြောင့် ”မင်း ဘယ်လိုစာကျက်တုံး”ဟု မေးကြည့်ရာ သူသည် ကျောင်းဆင်း အိမ်ပြန်ရောက်လို့ ထမင်းစားပြီးသည်နှင့် မီးနင်းများကို ကျက် သည်။ မနက်မိုးလင်းသည့်အခါ တစ်ခေါက်ကျက်သည်။ တစ်ခါ တလေ ကျောင်းလာသည့်အချိန် လမ်းတွင် ကျက်လာသည်ဟု ဆိုသည်။

အင်္ဂလိပ်စာအချိန်ဆိုလျှင် ဆရာ မလာလျှင် ကောင်းမှာပဲ ဟု ကျွန်တော်က တွေးသည်။ အကြောင်းမှာ ဆရာက စာမေး သောကြောင့်ဖြစ်၏။ ထိုစဉ်က ဆရာမှလွဲ၍ အခြားကျန်သည့် ဘယ်ဆရာမမှ စာ မမေး။ သို့သော် အေးလွင်က အင်္ဂလိပ်စာ အချိန်ဆိုလျှင် သူ့အစွမ်းကို ပြရသောကြောင့် ကျွန်တော်တို့လို မဟုတ်။ ဆရာကို မျှော်သည်။

တစ်ရက်တွင် ဆရာသည် ပုံမှန်အတိုင်း အင်္ဂလိပ်မီးနင်းများ ကို မေးကာ အင်္ဂလိပ်ပုံပြင်များကို ဖတ်ပြသည်။ အေးလွင်က လည်း ဆရာမေးလျှင် လှမ်းဖြေသည်။ တစ်နေရာတွင် ဆရာက “Sink” ဆိုတာ ဘာလဲဟု ကျောက်သင်ပုန်းတွေ ရေးချလိုက်ပြီး မေးသည်။ အေးလွင်သည် ထိုစကားလုံးကို အကြိတ်အနယ် စဉ်းစားသည်။

”အဲဒီ အဓိပ္ပာယ်ကို ငါသိတယ်ကွာ၊ နေပါဦး”ဟု တီးတိုး ရေရွတ်ကာ စဉ်းစားသလိုလုပ်သည်။ ပြီးလျှင် ”အဲဒါ ဟုတ်လား မသိဘူး” ဟု ဆိုပြီး သူ့ဘာသာသူ တစ်ယောက်တည်းပြောကာ စဉ်းစားနေရင်းက အဓိပ္ပာယ်တစ်ခုကို လှမ်းပြောလိုက်သည်။ ထို အခါ ဆရာက ”မှားတယ်”ဟု ပြော၏။ ရှေ့တန်းမှ တစ်ယောက်က အဖြေမှန်ကို ပြောလိုက်သောအခါ အေးလွင်က ”ဟာကွာ၊ ဟုတ် သားပဲ”ဟုဆိုပြီး ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်သွားသည်။

ဆရာသည် စာကို ဆက်သင်နေရင်း ကျွန်တော်တို့ အနောက်ဘက်သို့ ဖြည်းဖြည်းချင်းလျှောက်လာသည်။ လက်ထဲ တွင်လည်း ကြိမ်လုံးတစ်ချောင်း ကိုင်လာသည်။ ကျွန်တော်တို့ အနားသို့ရောက်သောအခါ ”စောစောက မှားပြောလိုက်တာ ဘယ်သူလဲ။ မတ်တတ်ရပ်”ဟုဆိုသည်။

အေးလွင်တော့ ဘယ်လိုရှိမည်မသိ၊ ကျွန်တော်ကတော့ ကြောင်တောင်တောင် ဖြစ်သွားသည်။ ဘာလုပ်ဖို့လဲ မသိဘူးဟု ကျွန်တော်တွေးနေမိသည်။ အေးလွင်သည် မျက်လုံးပေကလပ်၊ ပေကလပ်ဖြင့် မတ်တတ်ရပ်သည်။ ခါးကိုင်းကိုင်းလေးဖြင့်။ သူ့ ကိုယ်သူ ဝေခွဲမရ ဖြစ်နေပုံရသည်။ ဆရာက ”လက်ဖြန့်”ဟု ဆို သောအခါ ညာဘက်လက်ဝါးကို ဖြန့်ပြီး တံတောင်ဆစ်ကို ဘယ် ဘက်လက်ဖြင့် ကိုင်ထားသည်။ သူ့မျက်နှာမှာ သွေးမရှိတော့။ အတန်းသားအားလုံး၏ မျက်လုံးတို့သည် အေးလွင်ကို ကြည့်နေ ကြသည်။

ဆရာသည် အေးလွင်ကို ရိုက်လိမ့်မည်ဟု ကျွန်တော် လုံးဝ မထင်။ ရိုက်သည့်တိုင်အောင် စတိလောက်သာ ရိုက်လိမ့်မည်ဟု ထင်လိုက်သည်။

သို့သော် ဆရာသည် တစ်တောင်လောက်ရှိသော ကြိမ်လုံး ဖြင့် အေးလွင်၏ လက်ဝါးကို အားပြင်းပြင်းနှင့်လွှဲကာ ရိုက်ချ လိုက်သည်။ ‘ဖောင်း’ဆိုသည့် အသံနှင့်အတူ အေးလွင်သည် ‘အား’ဟု အသံထွက်သွားသည်။ နာလွန်းသဖြင့် လက်ကို အတင်းခါသည်။ အပူလောင်ခံရသူတစ်ဦးပမာ လက်ကို ပါးစပ် အနားတေ့ကာ လေနှင့် တဟူးဟူးမှုတ်သည်။

စာသင်ခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ အားလုံးက အေးလွင်၏ အဖြစ်ကို ကြည့်နေကြသည်။ ဆရာက ”ထိုင်”ဟုဆို ကာ အတန်းရှေ့သို့ ပြန်သွားပြီး စာဆက်သင်သည်။ အေးလွင် သည် သူ့လက်ကိုကြည့်ကာ ငရုတ်သီးစပ်နေသူတစ်ဦးပမာ ပါး စပ်က အသံထွက်နေသည်။ သူ့လက်ကို ကျွန်တော် လှမ်းကြည့် လိုက်သည်။ လက်ဖမိုးသည် ချက်ချင်းညိုကာ ဖောင်းတက်လာ သည်။ ကျွန်တော်သည် အေးလွင်ကို ကြည့်ကာ အရမ်းသနားသွား သလို ဆရာ၏လုပ်ရပ်ကိုလည်း အံ့သြမိသည်။ ဒေါသလည်း ဖြစ် မိသည်။

ဆရာသည် ပုံမှန်အတိုင်း စာဆက်သင်သည်။ မီနင်းများကို မေးသည်။ သို့သော် ကျောင်းသူ၊ ကျောင်းသားတို့၏ အသံများက တိတ်ဆိတ်ကာနေသည်။ ဘယ်သူမှ မဖြေတော့။ ကျောင်းသူ၊ ကျောင်းသားများ ကြောက်ရွံ့သွားဟန်ရှိသလို စိတ်မကောင်း ဖြစ်သွားကြဟန်လည်း တူသည်။ ဆရာက ”ရဲရဲသာဖြေ၊ မှားမှာ မကြောက်နဲ့”ဟုဆိုသည်။

ကျွန်တော်သည် ဆရာ့ကို ဒေါသအရမ်းဖြစ်မိသည်။ ”ဒီလို ရိုက်မှတော့ ဘယ်သူက ပြောရဲမှာလဲကွ”ဟု ထပြီး မပြောရဲ သည့်တိုင် စိတ်ထဲကတော့ ရေရွတ်နေမိသည်။ ဆရာ့အချိန် ပြီး သွားသောအခါ ကျောင်းသူ၊ ကျောင်းသားများသည် ခါတိုင်းလို ဆူညံမနေတော့။ တိတ်ဆိတ်သွားကြသည်။ အေးလွင်မှာလည်း ဒေါသထွက်ကာ ကျန်ခဲ့သည်။ ခဏကြာတော့ အရိုက်ခံရသည့် နေရာက ဖောင်းပြီး သွေးခြည်ဥနေသည်။

မှန်မှန်ကန်ကန်ဖြင့် ကြိုးစားဖြေနေတုန်းကတော့ ချီးကျုး စကား တစ်ခွန်းမဆို။ ”မှန်တယ်၊ တော်တယ်၊ သူ့လို စာကျက် ထားကြ”လို့ တစ်ခွန်းမဆို။ ဒါ့အပြင် အမြဲတမ်းမှန်ပြီး တစ်ခါ တလေ မှားဖြေမိတာကိုပင် ခွင့်မလွှတ်ဘဲ ပြင်းပြင်းထန်ထန် ရိုက် နှက်အပြစ်ပေးလိုက်သေးသည်။ ကျွန်တော်သည် ထိုကိစ္စကို ထပ်ခါထပ်ခါပြောရင်း ဒေါသထွက်နေမိသည်။

နောက်ရက် ဆရာအတန်းထဲသို့ဝင်လာသည်။ ပုံမှန် အတိုင်း စာသင်သည်။ စာမေးသည်။ သို့သော် အားတက်သရော မဖြေကြတော့။ သူငယ်ချင်းအေးလွင်မှာ လုံးဝမဖြေတော့ပါ။ အရိုက်ခံရသည့်နေ့ကပင် မဖြေတော့ဘူးဟု ဆုံးဖြတ်ထားပြီးဖြစ် ၏။ တစ်ခါတလေ ဆရာက မေးသော်လည်း ဘယ်သူမှ ပြန်မဖြေ သောအခါ ဆရာက ”မှားမှား၊ မှန်မှန် ရဲရဲသာ ဖြေ။ ဘာမှ မကြောက်နဲ့” ဟု ပြောသည်။

သို့သော် ထိုစကားက ကျွန်တော်တို့အတွက်တော့ ရယ် စရာဟာသလို ဖြစ်သွားသည်။ အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာ တော့ အေးလွင်၏ အသံကို မကြားရတော့ပါ။ သူသည် ရှက်လည်း ရှက်သလို တော်တော်စိတ်ထိခိုက်သွားပုံလည်း ရသည်။

နောက်တစ်နှစ် ကျွန်တော်ခုနစ်တန်းတက်တော့ အေး လွင်ကို မတွေ့ရတော့ပါ။ သူကျောင်းဆက် မတက်တော့။ အိမ်မှာ အဆင်မပြေလို့ ကျောင်းမနေတော့ဟု သိရသည်။ ကျွန်တော် သူတို့အိမ်သို့ သွားလည်ဖူးသည်။ သူတို့မိသားစုသည် စီးပွားရေး ချောင်လည်သည်တော့ မဟုတ်။ သူ့အဖေက ခြေထောက်တစ် ဖက်ဆုံးရှုံးထားသော စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည်။

အေးလွင်ကျောင်းမနေတော့သည့်နောက်ပိုင်း သူနှင့် ကျွန်တော် မတွေ့ဖြစ်တော့ပါ။ ကျွန်တော် ရှစ်တန်းအောင်ပြီး အ.ထ.က(၇)မှ ကျောင်းထွက်ကာ ကိုးတန်း၊ ဆယ်တန်းကို ရန်ကုန်တွင် ဆက်နေခဲ့သည်။ ကျောင်းပိတ်လို့ တစ်ခေါက် ပုသိမ် ပြန်သည့်အခါ အေးလွင်ကို တွေ့လိုက်ရသေးသည်။

ကျွန်တော့်အိမ်သို့သွားရာလမ်း၏ မလှမ်းမကမ်းတွင် သူတို့ အိမ်ရှိသည်။ အေးလွင်သည် အဝတ်တွေလျှော်နေသည်။ ကျွန် တော်က ”ဟေ့ကောင် အေးလွင်”လို့ လှမ်းခေါ်တော့ သူက သေ ချာကြည့်သည်။ ”ဟေ့ကောင် ငါကွ”ဟု ပြောပြီး အနားကပ်သွား တော့ ”ဟာ…သူငယ်ချင်း နေကောင်းလား”ဟု ဆိုကာ နှုတ် ဆက်သည်။ ကျွန်တော်တို့နှစ်ယောက် စကား ခဏပြောဖြစ်သည်။

သူက ကျွန်တော့်ကို ကျောင်းပြီးသွားပြီလားလို့မေးသ ဖြင့် ဆယ်တန်းအောင်သွားပြီဖြစ်ကြောင်း ပြောတော့ သူ့မျက်နှာမကောင်း။ ”အေးကွာ၊ မင်းကို ငါ အခုလိုတွေ့ရတာ ဝမ်းသာတယ် သူငယ်ချင်း။ ငါကတော့ အရင်အတိုင်းပဲကွာ”ဟု ပြောပြီး အား ငယ်သလိုဖြစ်သွားသည်။

ကျွန်တော် နောက်တစ်ခေါက် ပုသိမ်ပြန်တော့ အေးလွင် သတင်းကို မေးဖြစ်သည်။ သူ အိမ်ထောင်ကျသွားပြီဟုသိရ၏။ မိန်းမနှင့်အတူ ငါးရံ့ကျော်ရွာတွင် နေသည်ဟု သတင်းကြားသည်။ သူနှင့် လူချင်းတော့ မတွေ့ဖြစ်တော့။ တလောက သူ့အဖေနှင့် အမေကို သတင်းစာတစ်စောင်တွင် တွေ့လိုက်ရသေးသည်။ သူ တို့အိမ်အပါအဝင် လူနေအိမ်တချို့ စစ်တပ်၏ နယ်နိမိတ်အတွင်း ရှိသဖြင့် ဖယ်ရှားခံရသည့် သတင်းတစ်ပုဒ်တွင် သူ့အဖေနှင့် အမေ၏ဓာတ်ပုံကို တွေ့လိုက်ရခြင်းဖြစ်သည်။

ဤနှစ်ဆန်းပိုင်းက ပုသိမ်ကို တစ်ခေါက်ရောက်ခဲ့သေး သည်။ အေးလွင်အဖေနှင့် စကားပြောခဲ့ရသေး၏။ သူ့အဖေမှာ အရင်အတိုင်း ဘာမှမပြောင်းလဲ။ အသက်ကြီးလာသည်ဟုပင် မထင်ရ။ အေးလွင်းသတင်းမေးကြည့်တော့ ”ဒီကောင် သူ့မိန်းမ နဲ့ကွ။ ရွာမှာ”ဟု ပြန်ဖြေသည်။

အေးလွင်ကို ကျွန်တော်အရမ်းတွေ့ချင်သည်။ သူနှင့်တွေ့ရ လျှင် ခြောက်တန်းနှစ်က သူအရိုက်ခံခဲ့ရသည့်အကြောင်းကို ကျွန်တော်ပြန်ပြောဖြစ်မည်။ အချိန်တွေ ကြာမြင့်ခဲ့ပြီဖြစ်ရာ ဒီ အကြောင်းတွေကို သူမှတ်မိပါတော့မလား မသိ။ ကျွန်တော် ကတော့ ဘယ်တော့မှ မမေ့။ သူ့ကိုရိုက်ခဲ့သည့် ဆရာ့ကိုလည်း ကျွန်တော် မမေ့။ ယနေ့အထိပင်ဖြစ်သည်။

ဆရာ့ကို လမ်းမှာတွေ့တိုင်း ဒီအဖြစ်အပျက်ကို အမှတ်ရ သည်။ အခုတစ်ခေါက် ဆရာ့ကိုတွေ့တော့ ”ငါ ဆရာ့ကို ဘာ ကြောင့် နှုတ်မဆက်နိုင်ရတာလဲ”ဟု ကျွန်တော်ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိသည်။ ဆရာ့ကို ကျွန်တော် မုန်းနေခြင်းမဟုတ် တာတော့ ကျိန်းသေသည်။

သွားနှုတ်ဆက်မည်ထားဦးတော့၊ ကျွန်တော့်သူငယ်ချင်း အရိုက်ခံရသည့်ကိစ္စကို မေ့ထားပြီး စိတ်ထဲက မပါဘဲနှင့်တော့ ဆရာ့ကို ကျွန်တော် ခဏတဖြုတ်လောက်နှင့် သွားမနှုတ်ဆက် နိုင်။ ဆရာနှင့် စကားပြောခွင့်ရခဲ့လျှင်လည်း ကျွန်တော့် သူငယ် ချင်း အေးလွင်အကြောင်းနှင့် ကျွန်တော်ခံစားရသမျှအားလုံးကို ပြောပြမည်သာဖြစ်သည်။ သို့မှသာ ကျွန်တော့်စိတ်ထဲ ရှင်းရှင်း လင်းလင်းဖြစ်မည်။ ဤသို့မဟုတ်လျှင် ဆရာ့ကို လမ်းမှာ ဘယ် နှကြိမ်တွေ့တွေ့ ကျွန်တော်နှုတ်ဆက်လိမ့်မည် မဟုတ်ပါ။     ။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."