ပင်လုံနောက်ကြောင်း

၂၀၁၃၊မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၄)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။

တင်နိုင်တိုး ရေးသည်။

(မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်မှု ဖြစ်စဉ်များတွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး မြန်မာပြည်သူလူထုအတွက် အကျိုးပြုခဲ့သော်လည်းယနေ့ခေတ်တွင်လူအများစု၏အမေ့လျော့ခံဖြစ်နေသော အကြောင်းခြင်းရာများကို မော်ကွန်း မဂ္ဂဇင်းမှ ပြန်လည်ဖော်ထုတ်လိုသောဆန္ဒဖြင့်အမေ့ခံကဏ္ဍကို ထည့်သွင်း ဖော်ပြရခြင်းဖြစ်ပါသည်။အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ လူမျိုးစု၊ စာတစ်အုပ်၊ မြို့တစ်မြို့၊အဆောက်အအုံ၊ အယူအဆ၊ စနစ်တစ်ခု စသဖြင့် အကြောင်းအရာအမျိုးမျိုးဖြစ်နိုင်ပါသည်။)

ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့်အတူ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားချိန်တွင် ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးစနစ်က ပြန်လည်အသက်ဝင်လာသည်။ အိန္ဒိယနိုင်ငံ၊ ဆင်းမလားမြို့တွင် ရုံးဖွင့်လှစ်ထားသည့် ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ၁၆၊ အောက်တိုဘာ ၁၉၄၅ တွင် ကလီယိုပက်ထရာသင်္ဘောဖြင့် မြန်မာပြည်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။

ဘုရင်ခံရောက်ရှိပြီးနောက်တစ်နေ့တွင် ရန်ကုန်မြို့တော်ခန်းမ၌ ဘုရင်ခံအား မြို့သူမြို့သားများက ကြိုဆိုပွဲကျင်းပခဲ့ကြသည်။ ယင်းကြိုဆိုပွဲ၌ ဘုရင်ခံက မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းနောက် အောက်တိုဘာ (၁၈)ရက်နေ့တွင် ဘုရင်ခံ ဆာဒေါ်မန်စမစ်က မြန်မာပြည်အသံလွှင့်ရုံမှနေ၍ မြန်မာပြည်သူပြည်သားများအား အသံလွှင့်မိန့်ခွန်း ပြောကြားခဲ့သည်။ စက္ကူဖြူ (White Paper) စီမံကိန်း စတင်ပြီဖြစ်ပါသည်။

စက္ကူဖြူစီမံကိန်းဟူသည် အခြားမဟုတ်။ ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှတို့ မြန်မာပြည်ကို ပြန်ရလျှင် မည်သို့မည်ပုံအုပ်ချုပ်မည်ကို ဖော်ပြထားသည့် စီမံကိန်းဖြစ်သည်။ ယင်းစီမံကိန်းကိုဒုတိယကမ္ဘာစစ်အတွင်း ဘုရင်ခံဆာဒေါ်မန်စမစ်တို့ ဆင်းမလားတွင် ရုံးစိုက်စဉ်က ရေးဆွဲကာ ဗြိတိသျှပါလီမန်၌ အတည်ပြုထားသော စီမံကိန်းဖြစ်သည်။ ယင်းစီမံကိန်းကို ဘုရင်ခံ မြန်မာပြည်သို့ပြန်မရောက်မီ ၁၇၊ မေ ၁၉၄၅ ကပင် ကြေညာခဲ့ပြီးဖြစ်သည်။

စက္ကူဖြူစီမံကိန်းသည်ပင် အသစ်အဆန်းမဟုတ်ဘဲ ၁၉၃၅ခုနှစ် မြန်မာနိုင်ငံ ဥပဒေပုဒ်မ ၁၃၉ အရ အုပ်ချုပ်သည့်စနစ်ဖြစ်သည်။ ယင်းပုဒ်မ ၁၃၉ အရ ဘရင်ခံက တိုင်းပြည်၏ အချုပ်အခြာကို ချုပ်ကိုင်ထားပြီး ဗြိတိသျှအစိုးရသို့ တိုက်ရိုက်တာဝန်ခံကာအုပ်ချုပ်ရမည်ဖြစ်သည်။ ဘုရင်ခံလက်အောက်တွင် ဘုရင်ခံ၏အမှုဆောင်ကောင်စီကို ထားရှိရာ ဆာပေါ်ထွန်းမှာ ယင်းကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်ပါသည်။ အုပ်ချုပ်ရေးအစီအစဉ်အရ မြန်မာပြည်ကို ဗြိတိသျှဓနသဟာယနယ်အတွင်းပါဝင်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးပေးမည်ဖြစ်ပြီး တောင်တန်းနှင့် မြေပြန့်ဒေသများကိုယခင်ကကဲ့သို့ ခွဲခြားအုပ်ချုပ်ရန်ဖြစ်ပါသည်။

သို့ဖြင့် ဘုရင်ခံ ဆာဒေါ်မန်စမစ်လက်ထက်တွင် ပြည်သူတို့၏ မကျေနပ်မှုများက ပိုမိုကြီးထွားလာခဲ့သည်။ ၁၈၊ မေ ၁၉၄၆နံနက် ၁ဝ နာရီတွင် အင်းစိန်ခရိုင်၊ ထန်းတပင်မြို့၌ တောင်သူလယ်သမား အင်အား ၁,ဝဝဝ ကျော် ဆန္ဒပြခဲ့ရာ ထန်းတပင်ရဲအုပ်ဦးမောင်ကလေးအမိန့်ဖြင့် ပစ်ခတ်နှိမ်နင်းမှုကြောင့် ပြဿနာပိုမိုကြီးထွားလာခဲ့ရသည်။ ထန်းတပင်တောင်သူလယ်သမားများဆန္ဒပြမှုက ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော ပြည်သူ့ရဲဘော်အဖွဲ့က တောင်သူလယ်သမားများအား စစ်ရေးလေ့ကျင့်ခန်းများသင်ပြပေးသည်ဆိုကာ ဖမ်းဆီးခဲ့မှုကြောင့် ဖြစ်ပါသည်။ ယင်းသို့နိုင်ငံရေးမငြိမ်သက်မှုများ ပေါ်ပေါက်လာခြင်းကြောင့်ပင် ၁၄၊ ဇွန်၁၉၄၆ တွင် ဘုရင်ခံဆာဒေါ်မန်စမစ်၊ လေဒီဒေါ်မန်စမစ်နှင့် သမီးပက်ထရစ်ရှာတို့ အော်ဒူးနားသင်္ဘောဖြင့် ပြန်လည်ထွက်ခွာသွားကြရသည်။

၂၇၊ ဇူလိုင် ၁၉၄၆ တွင် ဆာဟူးဘတ်ရန့်စ်ကို မြန်မာပြည်ဘုရင်ခံ ရာထူးခန့်အပ်လိုက်ပါသည်။ ဆာဟူးဘတ်ရန့်စ်လက်ထက်တွင် ဖဆပလကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ သို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် အမှုဆောင်ကောင်စီ ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတာဝန်များ ယူခဲ့ရသည်။

ဖဆပလအဖွဲ့ ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ပါဝင်လာသည်နှင့် တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့သည်။ ဘုရင်ခံကလည်း ဖဆပလ၏ တောင်းဆိုချက်ကို တုံ့ပြန်လျက် အင်္ဂလိပ်နန်းရင်းဝန်အက်တလီနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးခွင့်ရရှိစေရန် ဆောင်ရွက်ပေးခဲ့သည်။ သို့ဖြင့်ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၂၊ ဇန်နဝါရီ ၁၉၄၇ တွင် အင်္ဂလန်သို့ အိန္ဒိယမှတစ်ဆင့် ထွက်ခွာသွားရာ ဇန်နဝါရီလ ၉ ရက်နေ့တွင် လန်ဒန်မြို့တော်သို့ ရောက်ရှိခဲ့ကြသည်။

လန်ဒန်တွင် ဗြိတိသျှကိုယ်စားလှယ်များနှင့် မြန်မာကိုယ်စားလှယ်များ မြန်မာ့လွတ်လပ်ရေးကိစ္စ တွေ့ဆုံဆွေးနွေးကြသည်။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးမည်ဆိုလျှင် ရှမ်းပြည်နယ်အပါအဝင် တောင်တန်းဒေသများကိုပါတစ်ပါတည်းပေးရန် တောင်းဆိုသည်။ ထိုသို့အရေးဆိုနေစဉ်အတွင်း ရှမ်းစော်ဘွားအချို့က ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းစော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်ကြောင်း အင်္ဂလန်နန်းရင်းဝန်ထံ ကြေးနန်းစာပေးပို့ခဲ့ကြသည်။ သို့ဖြင့် တောင်ကြီးနှင့်သီပေါမြို့များတွင် လူထုအစည်းအဝေးများ ပြုလုပ်ကာ ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းလူထုကိုယ်စားလှယ်ဖြစ်ရုံမျှမက ဗိုလ်ချုပ်အောင်ဆန်း၏ တောင်းဆိုချက်များကိုပါ လူထုက ထောက်ခံကြောင်း ကြေးနန်းပြန်လည် ပေးပို့ရတော့သည်။

၂၅၊ ဇန်နဝါရီ ၁၉၄၇ တွင် ဦးဖေခင်က တောင်ကြီးမြို့ လူထုအစည်းအဝေးမှ ပြည်သူလူထု၏ ထောက်ခံမှုကို ရန်ကုန်ဖဆပလ၊လန်ဒန်ရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှနန်းရင်းဝန်တို့ထံသို့ကြေးနန်းသတင်းပေးပို့လိုက်သည်။ စင်စစ်အားဖြင့် ဗြိတိသျှတို့ကမြန်မာပြည်ကို လွတ်လပ်ရေးပေးရလျှင် တောင်တန်းဒေသများကို ချန်လှပ်ထားလိုကြသည်။ ၂၇၊ ဇန်နဝါရီ ၁၉၄၇ တွင် အောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုသောအခါ တောင်တန်းသားများအရေးနှင့်ပတ်သက်၍ မြန်မာပြည်မနှင့် တောင်တန်းဒေသပူးပေါင်း၍လွတ်လပ်ရေးယူလိုသည်၊မယူလိုသည်ကိုတောင်တန်း သားများ၏ ဆန္ဒရယူရမည်ဟူသော အချက်တစ်ချက် ပါရှိလာခဲ့သည်။

သို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ၂၊ ဖေဖော်ဝါရီ ၁၉၄၇တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ပင်လုံမြို့လေးတွင် ညီလာခံကျင်းပရန် စီစဉ်ခဲ့ရသည်။ ၃၊ ဖေဖော်ဝါရီ၁၉၄၇ တွင် တိုင်းရင်းသားကိုယ်စားလှယ်များ လူမျိုးစုအလိုက်လည်းကောင်း၊ လူမျိုးစုအဖွဲ့အချင်းချင်းလည်းကောင်း ပဏာမညှိနှိုင်းဆွေးနွေးမှုများ စတင်ပါသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပင်လုံညီလာခံသို့ တက်ရောက်လေ့လာမည်။ ဗြိတိသျှအစိုးရက စေလွှတ်သည့် ဒိုမီနီယံဆိုင်ရာ ပါလီမန်အတွင်းဝန် ဘော်တွန်လေ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ပင်လုံညီလာခံကျင်းပနေဆဲ ၇၊ ဖေဖော်ဝါရီ ၁၉၄၇ တွင်တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့၊ ရှမ်းပြည်နယ်ကောင်စီအမှုဆောင်အဖွဲ့တို့ကို ဖွဲ့စည်းခဲ့ကြသည်။ ယင်းညီလာခံသို့ ကချင်ဒူဝါများ၊ ဂျိန်းဖောကိုယ်စားလှယ်များ၊ ချင်းကိုယ်စားလှယ်များ၊ ရှမ်းစော်ဘွားများနှင့် လူထုကိုယ်စားလှယ်များအပြင်ကေအင်ယူအဖွဲ့မှ ဖဒိုဝီရီကျော်၊ သထုံဦးလှဖေ၊ စောစံကေး၊ဦးချစ်တီးစသူတို့သည် လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။ထို့ပြင် နယ်ခြားဒေသဆိုင်ရာ မင်းကြီး မစ္စတာစတီဗင်ဆင်လည်းတက်ရောက်ခဲ့၏။

၈၊ ဖေဖော်ဝါရီ ၁၉၄၇၊ မွန်းလွဲ ၁ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံသို့ ရောက်လာပြီး ဖေဖော်ဝါရီ ၉ ရက်နေ့တွင် မစ္စတာဘော်တွန်မလေတို့ ရောက်ရှိလာကြသည်။ ဆွေးနွေးညှိနှိုင်းမှုများအပြီး ၁၂၊ ဖေဖော်ဝါရီ ၁၉၄၇ တွင်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွတိုင်းရင်းသားကိုယ်စားလှယ်များပါဝင်သည့် ပင်လုံစာချုပ်ကိုပင်လုံမြို့လေး၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံစာချုပ်ကားတောင်တန်းဒေသနှင့် မြေပြန့်ဒေသ တစ်ပေါင်းတည်း လွတ်လပ်ရေးရယူမည့် ပြယုဂ်ပင် ဖြစ်ပါသည်။

ပင်လုံစာချုပ်ကို ပင်လုံမြို့လေးတွင် ကိုယ်စားလှယ် (၂၃)ဦး လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့နောက် ၂၄၊ ဖေဖော်ဝါရီ၁၉၄၇ တွင် မြန်မာပြည်ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က ပင်လုံစာချုပ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက သဘောတူညီပြီးဖြစ်သဖြင့် ဗြိတိသျှအစိုးရအား သဘောတူလက်ခံရန် တင်ပြခဲ့ရာဗြိတိသျှအစိုးရက သဘောတူလက်ခံခဲ့သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါလှသည့် ပင်လုံစာချုပ်ချုပ်ဆိုသောနေ့ကို လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။   ။

ကျမ်းကိုး။ ။

(၁) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်(မြဟန်)

(၂) ပင်လုံရုပ်ပုံလွှာ (ကျော်ငြိမ်း)

(၃) မြန်မာ့ရက်စဉ်သမိုင်း (ဒုတိယတွဲ၊သမိုင်းသုတေသနဦးစီးဌာန)

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."