ကမ္ဘာ့ကြိုးဝိုင်း အပြင်က မြန်မာ့ရိုးရာလက်ဝှေ့ အပိုင်း(၂)

        အပျော်တမ်းစနစ် ဖွံ့ဖြိုးဖို့ လို

မြန်မာ့ရိုးရာလက်ဝှေ့ကို လူအများစိတ်ဝင်စားပြီး ဖွံ့ဖြိုး လာစေရန် အပျော်တမ်းကစားသမားများကို ပြုစုပျိုးထောင် မွေးထုတ်ပေးရမည်ဟု ရုရှားနိုင်ငံလုံးဆိုင်ရာ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ မစ္စတာဒင်းနစ်ဗလာဒီမာက ဘာသာပြန်က တစ်ဆင့် ပြောဆိုသည်။

မြန်မာ-ရုရှား မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲစီစဉ်ရန်နှင့် နိုင်ငံ တကာမြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဖွဲ့စည်းရန်အတွက် မြန်မာ နိုင်ငံသို့ရောက်လာသည့် မစ္စတာဒင်းနစ်က ဆုကြေးစားစနစ်မှာ အရေအတွက်အနည်းငယ်သော ပရော်ဖက်ရှင်နယ်ကစားသမား များအတွက်သာဖြစ်သဖြင့် လူအများ စိတ်ဝင်စားလာအောင်      ”အပျော်တမ်းစနစ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး လုပ်ဆောင် သင့်တယ်”ဟု မော်ကွန်းကို ပြောပြသည်။

မြန်မာ့လက်ဝှေ့လောကတွင် ကလပ်အသင်းများမှ ထွက် ပေါ်လာသည့် ကစားသမားတိုင်းမှာ ဆုကြေးစားပြိုင်ပွဲများ၌ ပါဝင် ထိုးသတ်နေကြသူများဖြစ်သည်။ အခြားသော ကိုယ်လုံ ပညာရပ်များဖြစ်သည့် တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ဂျူဒိုတို့ကဲ့သို့ အပျော်တမ်းကစားသမားဟူ၍ မည်မည်ရရ မရှိပေ။

ဆုကြေးငွေချီးမြှင့်ခြင်းမရှိဘဲ ဆုတံဆိပ်သာပေးသည့် ပြည်နယ်နှင့်တိုင်း မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် သည့် ကစားသမားများကို ရိုးရာလက်ဝှေ့လောက၏ အပျော် တမ်းကစားသမားအဖြစ် သတ်မှတ်ကြသည်။

”တချို့မိဘတွေက ကိုယ့်ကလေးကို(လက်ဝှေ့ထိုးတာ) အန္တရာယ်များလို့ မလွှတ်ချင်ဘူးလေ။ အပျော်တမ်းကြတော့ လုံးဝ ဘေးအန္တရာယ်ကင်းတယ်။ ကျန်းမာရေးတွေ၊ ဘာတွေ ထိခိုက်မှု မရှိဘူး။ အဲဒါဆို ပြည်သူလူထုအများကြီးက စိတ်ဝင်စား သွားမယ်။ လူတွေအများကြီး ကစားလာမယ်။ အဲဒါမှပေါက်သွား မှာ”ဟု မစ္စတာဒင်းနစ်က ဆက်၍ ရှင်းပြသည်။

ရုရှားနိုင်ငံတွင် အပျော်တမ်းရိုးရာလက်ဝှေ့သမားများ လေ့ကျင့်ရာတွင် ထိခိုက်မှုမရှိအောင် ခေါင်းစွပ်အပါအဝင် အကာ အကွယ်ပစ္စည်းများ ထုတ်လုပ်နေပြီဖြစ်သည်ဟုလည်း သူက ဆိုသည်။

လက်ရှိ မြန်မာ့ရိုးရာလက်ဝှေ့လောကတွင် ဆုကြေးစား လက်ဝှေ့သမားများသာရှိပြီး အပျော်တမ်းကစားသမားများ မရှိ ဘဲ ဖြစ်နေသည်ဟုလည်း ဦးစိုင်းဇော်ဇော်က ပြောပါသည်။

မြန်မာ့ရိုးရာလက်ဝှေ့သမားအားလုံးသည် ပရော်ဖက်ရှင်နယ်ကစားသူများဖြစ်သောကြောင့် ၎င်းတို့သည် ”အပျော်တမ်း ကို ဆင်းပြီးတော့ မကစားချင်တော့ဘူး”ဟု သူက ပြောသည်။ သို့သော် ပြည်နယ်နှင့်တိုင်းပြိုင်ပွဲများတွင် အကြောင်းအမျိုးမျိုး ကြောင့် သွားရောက်ကစားကြရသည်များလည်း ရှိသည်ဟု ဆိုသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲတွင် ဆုကြေးအဖြစ် ငွေ သားချီးမြှင့်မှုမရှိဘဲ ဆုတံဆိပ်သာချီးမြှင့်ပြီး ပြိုင်ပွဲကာလ ရက်တို အတွင်း ပွဲစိပ်စိပ်ထိုးသတ်ရသဖြင့် ”ကစားသမားအများစုက စိတ်ဝင်စားမှုနည်းတယ်”ဟု သူက ရှင်းပြပါသည်။

ရိုးရာလက်ဝှေ့သည် ပြင်းထန်သည့် ကိုယ်ခံပညာရပ်တစ်ခု ဖြစ်သောကြောင့် အပျော်တမ်းပြိုင်ပွဲများ ကျင်းပမည်ဆိုပါက လက်ရှိချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများကို မထိခိုက်စေ ဘဲ အားကစားအသွင်ပြောင်းလဲနိုင်ရန် ကိုယ်ကာ၊ ခေါင်းစွပ်များ ကို အသုံးပြုရမည်ဟု သူက သုံးသပ်ပြောဆိုသည်။

အပျော်တမ်းကစားသမားများ ပေါ်ထွက်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး ရိုးရာလက်ဝှေ့ပွဲများကို ၂ဝ၁၄ က နောက်ဆုံး ကျင်းပခဲ့ပြီး ယမန်နှစ်ကမူ အစိုးရအပြောင်းအလဲကြောင့် မကျင်းပ နိုင်ဘဲ ရပ်နားခဲ့သည်။ ယခုနှစ်တွင်တော့ ယင်းပြိုင်ပွဲကို ပြန်လည် ကျင်းပမည်ဟု ဦးစိုင်းဇော်ဇော်က ဆိုသည်။

ယခင်စစ်အစိုးရလက်ထက်က မျိုးဆက်သစ် ရွက်ပုန်း ကစားသမားများ ထွက်ပေါ်လာရန် ရည်ရွယ်ကျင်းပသည့် ပြည် နယ်နှင့် တိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် မိမိတို့ဒေသမှမဟုတ် ဘဲ တခြားဒေသမှ ကစားသမားများကို ငှားရမ်းပြီး ဒေသကိုယ် စားပြု ယှဉ်ပြိုင်စေခြင်းများကြောင့် ”တကယ်တမ်း အဲဒီဒေသက ကစားသမားတွေ မထွက်တော့ဘူး။ ထွက်မယ့် အခွင့်အရေး ဆုံး ရှုံးသွားတယ်။ ပြိုင်ပွဲရဲ့ အနှစ်သာရမဲ့သွားတယ်”ဟု မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံးမှ အလုပ်အမှုဆောင်တစ်ဦးဖြစ်သူ အား ကစားကလောင်ရှင် ဇင်လင်းထွန်း(ဓနုဖြူ)က ပြောပြသည်။

ထို့ကြောင့် အစိုးရအနေဖြင့် ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်ပြိုင်ပွဲများမှ ပြည်နယ်နှင့်တိုင်းပြိုင်ပွဲ များအထိ စနစ်တကျလုပ်ဆောင်သွားရန် လိုအပ်သည်ဟုလည်း သူက အကြံပြုသည်။

ရင်းနှီးမြှုပ်နှံသူ မရှိ

မြန်မာနိုင်ငံတွင် မြန်မာ့ရိုးရာလက်ဝှေ့သည် ဘောလုံးပြီး လျှင် ဒုတိယလူကြိုက်အများဆုံး အားကစားဖြစ်ပြီး အခြားသော ရေကူး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ တင်းနစ်စသည့် ကစားနည်းများထက်လည်း ပြိုင်ပွဲအရေအတွက်နှင့် ပရိသတ် အားပေးမှု ပိုမိုများပြားသည်ဟု မြန်မာ့လက်ဝှေ့လောကသား များက ဆိုကြသည်။

သို့သော် ရိုးရာလက်ဝှေ့အားကစားတွင် ရင်းနှီးမြှုပ်နှံရန်  ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တချို့ကို ဖိတ်ခေါ်သော်လည်း စိတ်ဝင်စားမှုမရှိဟု မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံး ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြောသည်။

”မြန်မာ့လက်ဝှေ့က တစ်ဦးကောင်း၊ တစ်ယောက်ကောင်း နဲ့ ထိုးဖောက်နိုင်တယ်။ ပညာအားကောင်းပြီး သက်လုံကောင်းတဲ့ လူဟာ နောက်ဆုံးတော့ ရှေ့တန်းရောက်သွားတာပဲ။ တစ်ကိုယ် ချင်း အစွမ်းရှိသလောက် ထွန်းပေါက်တဲ့ အားကစားနည်းမျိုးပါ။ ကုန်ကျစရိတ်လည်း အများကြီးသက်သာတယ်”ဟု သူက ဆိုသည်။

မြန်မာ့ဘောလုံးလောကတွင် ငွေကြေးတောင့်တင်းသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ငွေကြေးစိုက်ထုတ်မှု ဖြင့် မြန်မာနေရှင်နယ်လိဂ်ခေါင်းစဉ်နှင့် အပျော်တမ်းမှ ဆုကြေး စားစနစ်သို့ ပြောင်းလဲခဲ့ကြသလို ရိုးရာလက်ဝှေ့လောကကိုလည်း စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဦးက ဝင်ရောက်ရင်းနှီးမြှုပ်နှံ လာပါက လက်ဝှေ့လောကတစ်ခုလုံး အဆင်ပြေသွားနိုင်ကြောင်း ရိုးရာလက်ဝှေ့ပွဲစီစဉ်သူ ဦးစိုင်းဇော်ဇော်က အကြံပြုသည်။

အထက်ပါ အကြံပြုချက်ကို မြန်မာ့ရိုးရာလက်ဝှေ့ကို လေ့ လာနေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သိုင်းပေါင်းစုံ ပြိုင်ပွဲ (Mixed Martial Arts – MMA)စီစဉ်သူတစ်ဦးလည်း ဖြစ်သူ ဇေကမ္ဘာကုမ္ပဏီမှ ဦးဇေသီဟကလည်း ထောက်ခံသည်။ သူက…

”တကယ်ပံ့ပိုးရမှာက အားကစားဝန်ကြီးဌာနဆိုတာထက် ကျွန်တော်တို့လို စိတ်ပါဝင်စားတဲ့သူတွေ၊ ငွေကြေးတတ်နိုင်တဲ့သူ တွေက ပံ့ပိုးရမယ်။ ဒါ အဓိကပဲ”ဟု ဆိုသည်။

မြန်မာ့လက်ဝှေ့ကို အချိန်ယူလေ့လာပြီး ရင်းနှီးမြှုပ်နှံမည် ဆိုပါက စီးပွားဖြစ်နိုင်သော်လည်း အနည်းဆုံး ငါးနှစ်၊ ခြောက်နှစ် ခန့်အထိ အရှုံးခံပြီး ရင်းနှီးထားရမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

မြန်မာ့ရိုးရာလက်ဝှေ့ကို အားကစားတစ်ခုအပြင် စီးပွား ရေးတစ်ခုအနေဖြင့်လည်း လုပ်ဆောင်၍ရအောင် လွတ်လပ်ခွင့် တချို့ကို ဖော်ဆောင်ပေးမှသာလျှင် ရိုးရာလက်ဝှေ့လောက တိုး တက်လာလိမ့်မည်ဟု ဦးဇေသီဟက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် မွေထိုင်း၊  (MMA) သိုင်းပေါင်းစုံပြိုင်ပွဲများမှာ ကမ္ဘာ့ဈေးကွက်၌ အောင်မြင်မှုများစွာရရှိနေရာ စီးပွားရေးလုပ် ငန်းရှင်များအနေဖြင့် ရိုးရာလက်ဝှေ့ကို နိုင်ငံတကာအထိ ထိုး ဖောက်နိုင်ပါက စီးပွားရေးအရ အကျိုးအမြတ်များစွာ ရရှိနိုင် သည်ဟု ဦးစိုင်းဇော်ဇော်က ပြောသည်။

”ဘောလုံး(မြန်မာနေရှင်နယ်လိဂ်)မှာလိုပဲ စီးပွားရေးအရ မဖြစ်ပေမယ့် သူတို့ရဲ့ပုံရိပ်ကိုဘောလုံးနဲ့ မြှင့်တင်ထားနိုင်တယ်။ တကယ်တမ်း နိုင်ငံတကာကို ထိုးဖောက်နိုင်လို့ MMA တို့လို ပေါက်သွားပြီဆိုရင် စီးပွားရေးအရလည်း အောင်မြင်ပြီ”ဟု သူ ကဆိုသည်။

 

ရိုးရာလက်ဝှေ့နှင့် စပွန်ဆာ

ရိုးရာလက်ဝှေ့လောက ဖွံ့ဖြိုးတိုးတက်ရေးတွင် စပွန်ဆာ ပေးသည့် ကုမ္ပဏီများကလည်း အရေးပါသည့်အခန်းကဏ္ဍတွင် ရှိသည်။ လက်ဝှေ့ပွဲများစီစဉ်ရာ၌ ကြုံတွေ့ရသည့် အဓိက အခက် အခဲမှာ ကြော်ငြာစပွန်ဆာများ ရှာဖွေရခြင်းဖြစ်သည်ဟု ပွဲသွင်း သူများနှင့် ရိုးရာလက်ဝှေ့အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပြောသည်။

လက်ဝှေ့ပွဲကျင်းပရာတွင် ပွဲစီစဉ်သူအနေဖြင့် လက်ဝှေ့ သမားများ၏ ထိုးသတ်ကြေးအပြင် ၎င်းတို့၏ သွားလာနေထိုင် စားသောက်စရိတ်များပါကျခံရပြီး ပြည်ပလက်ဝှေ့သမား ခေါ်ယူ ပါက လေယာဉ်လက်မှတ်၊ ဗီဇာကြေးကအစ အားလုံး တာဝန်ယူ ရသဖြင့် ကြော်ငြာစပွန်ဆာများမရရှိပါက ပွဲမကျင်းပနိုင်ကြောင်း လက်ဝှေ့ပွဲသွင်းသူများက ဆိုကြသည်။

ယခုနှစ် ဧပြီ ၂ ရက်က ကျင်းပခဲ့သည့် မြန်မာ-ရုရှား လက် ဝှေ့ပွဲတွင် မြန်မာပြည် အလွတ်တန်း လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်း၊ တူးတူးနှင့် ရုရှားချန်ပီယံနှစ်ဦးတို့ပါဝင်သည့် အဓိကတွဲဆိုင်းနှစ် ဆိုင်း၏ ကုန်ကျစရိတ်သည် သိန်း ၃၅ဝ ရှိပြီး လက်မှတ်ရောင်းရ ငွေမှာ သိန်း ၂ဝဝ ကျော်သာရှိရာ ကုမ္ပဏီများမှ စပွန်ဆာမရရှိ ပါက ရပ်တည်နိုင်မည်မဟုတ်ကြောင်း ယင်းပွဲစီစဉ်သူ ဦးဝဏ္ဏက မော်ကွန်းကို ရှင်းပြသည်။

မြန်မာ့ရိုးရာလက်ဝှေ့ပွဲများတွင် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများဖြစ်သည့် ဦးအောင်ကိုဝင်းနှင့် ဦးဇော်ဇော်တို့မှ လွဲ၍ တခြားသောကြော်ငြာစပွန်ဆာပေးမည့် စီးပွားရေးလုပ်ငန်း ရှင် မရှိသလောက် နည်းပါးသည်ဟု သူကပြောသည်။

”ကျန်တဲ့စပွန်ဆာတွေက နိုင်ငံခြားကလာလုပ်တဲ့ MMA လိုဟာမျိုးကိုသာ ဒေါ်လာသိန်းချီပေးပြီး ပြည်တွင်းပွဲကို သိန်း ၁ဝဝ၊ ၂ဝဝ ပေးဖို့က လက်တွန့်နေတယ်”ဟု အားမလိုအားမရ ဟန်ဖြင့် ဦးဝဏ္ဏ ကဆိုသည်။

MMA ပြိုင်ပွဲသည် ကမ္ဘာပေါ်တွင် လူကြိုက်များသည့် နာမည်ကျော်သိုင်းပေါင်းစုံပြိုင်ပွဲတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၄ဝ မှ သန်းနှင့်ချီသည့် ရုပ်သံကြည့်ပရိသတ်များ၏  အားပေးမှုကို ရရှိ ထားသည်ဟု ဦးစိုင်းဇော်ဇော်က ပြောပြသည်။ တစ်ကြိမ် ကျင်းပ လျှင် ကျပ်သိန်း ၅,ဝဝဝ ခန့်ကုန်ကျသော MMA ပြိုင်ပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ပြီး တတိယ အကြိမ်ပြိုင်ပွဲကို ယခုနှစ်အတွင်း ကျင်းပသွားမည်ဟုလည်း သိရသည်။

မြန်မာ့ရိုးရာလက်ဝှေ့၏ ဒေသတွင်းပြိုင်ဘက်ဖြစ်သည့် မွေထိုင်းဆိုလျှင် ထိုင်းအစိုးရကိုယ်တိုင်က ဦးဆောင်ဦးရွက်ပြု ကူ ညီပံ့ပိုးပေးလျက်ရှိပြီး စီးပွားရေးကုမ္ပဏီများထံမှလည်း ကြော်ငြာ စပွန်ဆာအများအပြားရရှိကြသဖြင့် ပြိုင်ပွဲများကို ဟိုတယ်များ၊ ရှော့ပင်းစင်တာများ၌ ခမ်းခမ်းနားနားကျင်းပပြီး အခမဲ့ပြသလေ့ ရှိသည်။

မွေထိုင်းလောက၌ အကြီးအကျယ်ဆုံးပြိုင်ပွဲမှာ ထိုင်းဖိုက် ဖြစ်ပြီး စပွန်ဆာပေးသည့်ကုမ္ပဏီများက ပါဝင်ယှဉ်ပြိုင်မည့် လက်ဝှေ့သမားများ၏ မည်သည့်တွဲဆိုင်းကို တာဝန်ယူဆုချီးမြှင့် မည်ဆိုသည်ကို ကြိုတင်ကြေညာသည်။ ယင်းပွဲ၌ အနိုင်ရရှိသည့် ချန်ပီယံကို စပွန်ဆာကုမ္ပဏီက ငွေသားဆုအဖြစ် ဘတ်တစ် သန်း၊ နှစ်သန်း (မြန်မာငွေ ကျပ်သိန်း ၃ဝဝ၊ သိန်း ၆ဝဝ ဝန်းကျင်)အထိ ပေးလေ့ရှိသည့်အပြင် ကားများ၊ တိုက်ခန်းများလည်း ပေးသည်ဟု ဦးဝဏ္ဏက ပြောပြသည်။

”အဲဒီပွဲမှာ အီဆူဇူး (Isuzu) က အသစ်စက်စက်ကားတစ် စီး အမြဲတမ်းလက်ဆောင်ပေးတယ်။ ဒီမှာ ကားမပြောနဲ့၊ ဆိုင် ကယ်ပေးမယ့်သူတောင် မရှိဘူး”ဟု သူက ဝေဖန်သည်။

မြန်မာနိုင်ငံတွင် လက်ရှိကျင်းပနေသည့် ရိုးရာလက်ဝှေ့ပွဲ များမှ စပွန်ဆာများမှာ လူချင်းရင်းနှီးသဖြင့် မကောင်းတတ်၍ ကြော်ငြာထည့်ပေးနေရသည့် သဘောသာဖြစ်သည်ဟု ဦးဇေသီဟက ဆိုသည်။

ရိုးရာလက်ဝှေ့ပွဲပေါင်း ၅ဝ ကျော် စီစဉ်ခဲ့သူ ဦးစိုင်းဇော်ဇော် က စပွန်ဆာမရဘဲ ကျင်းပခဲ့ရသည့် လက်ဝှေ့ပွဲများနှင့် ပတ်သက် ပြီး ယခုလိုပြောသည်။

”စပွန်ဆာလည်းမရ။ ရုပ်သံကနေ Live လည်း ပြမယ်ဆို ပြီး ပြလိုက်တာ ရုံကို လူမလာတော့ဘူး။ လက်ဝှေ့ပွဲတစ်ပွဲတည်း ကျွန်တော် သိန်း ၁၆ဝ ရှုံးဖူးတယ်။ ကျွန်တော့်ဘဝတစ်သက်တာမှာ မှတ်မှတ်ရရပဲ”

နိုင်ငံတကာတွင် လက်ဝှေ့ပွဲများ ရိုက်ကူးရေးအတွက် မီဒီယာကုမ္ပဏီများက အခကြေးငွေပေးရသော်လည်း မြန်မာ နိုင်ငံတွင် ရုပ်သံရိုက်ကူးခမရသည့်အပြင် ရိုက်ကူးမှုအဆင်ပြေ စေရန် ပွဲစီစဉ်သူက ငွေကြေးအကုန်အကျခံရတာမျိုးပင် ရှိသည် ဟု လက်ဝှေ့ပွဲစီစဉ်သူ ဦးဝဏ္ဏက ရှင်းပြသည်။

”ရုပ်သံရိုက်တဲ့အတွက် တစ်ပြားမှ မရဘူး။ တိုက်ရိုက်များ လွှင့်လိုက်ရင် ရုံထဲကို လူမလာတော့ဘူး။ အဲဒီအပြင် နောက်ထပ် ရုပ်သံရိုက်တဲ့အတွက်ကြောင့် မီးတို့၊ အသံတို့ကောင်းအောင် နောက်ထပ်သိန်း ၂ဝ လောက် အကုန်ခံစီစဉ်ရတယ်”ဟု သူက ဆက်ရှင်းပြသည်။

မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံးမှစီစဉ်သည့် ထိုင်း-မြန်မာလက်ဝှေ့ပြိုင်ပွဲ(ONE ON ONE BIG FIGHT)တွင် ရုပ်သံတစ်ခုမှ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ပြသခဲ့ရာ ပရိသတ် များ အားပေးခဲ့ကြပြီး နှစ်နှစ်အတွင်း မကြာခဏထုတ်လွှင့်ရ သည်အထိ အောင်မြင်ခဲ့သည်ဟု အစည်းအရုံး ဥက္ကဋ္ဌ ဦးခင်မောင် စိုးက ပြောသည်။

ယင်းလက်ဝှေ့ပွဲတွင် ရုပ်သံရိုက်ကူးခ မရသည့်အပြင် အစည်းအရုံးမှ ခွေထုတ်ရန်အတွက် ယင်းလက်ဝှေ့ပွဲ ရုပ်သံမှတ် တမ်း ဗီဒီယိုဖိုင်အား တောင်းယူရာ၌ပင် အခက်အခဲကြုံတွေ့ခဲ့ရ ကြောင်း သူက ဆက်ပြောသည်။

လက်ဝှေ့အစည်းအရုံးက ဦးဆောင်ကျင်းပသည့် လက်ဝှေ့ ပွဲတစ်ပွဲတွင် ရုပ်သံရိုက်ကူးထုတ်လွှင့်ပေးရန် ရုပ်မြင်သံကြား လိုင်းတစ်ခုကို သွားရောက်ညှိနှိုင်းရာ ရိုက်ကူးခတောင်းသဖြင့် အဆင်မပြေခဲ့ဟု ဦးခင်မောင်စိုးက ရှင်းပြသည်။

 

ရုပ်သံလိုင်းများမှ ဝင်ငွေမရသည့်အတွက် လက်ရှိအခြေ အနေတွင် လက်ဝှေ့ရုံသို့လာရောက်ကြည့်ရှုသည့် ပရိသတ်ကို မှီပြီး ရပ်တည်နေရသည်ဟု ရိုးရာလက်ဝှေ့ပွဲသွင်းသူများက ပြော ဆိုသည်။

လက်ဝှေ့ပွဲများသို့ လာရောက်ကြည့်ရှု အားပေးကြသူများ မှာ ပုံမှန်လာရောက်သည့် အမာခံပရိသတ်များသာဖြစ်ပြီး လူ ငယ်များ စိတ်ဝင်စားလာစေရန်မှာ ”ရုပ်သံနဲ့သွားရမယ်”ဟု ဝါ ရင့်အားကစားကလောင်ရှင် ဇင်လင်းထွန်း(ဓနုဖြူ)က အကြံ  ပြုသည်။

ထိုင်းနိုင်ငံတွင် ထိုင်းဖိုက်ကို Channel 3 ရုပ်သံလိုင်းမှ ရိုက်ကူးခွင့် ပင်တိုင်ယူထားပြီး ဘီယာချမ်း၊ အီဆူဇူး၊ အမ်-၁၅ဝ အချိုရည်တို့အပါအဝင် အဓိကစပွန်ဆာ၊ တွဲဖက်စပွန်ဆာများ အများအပြားရရှိထားသဖြင့် ရုံပြည့်ရန် လက်မှတ်မရောင်းတော့ ဘဲ အခမဲ့ပြလေ့ရှိသည်ဟု ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာခဲ့ သည့် ဦးစိုင်းဇော်ဇော်က မော်ကွန်းကို ပြောပြသည်။

ဦးဝဏ္ဏက စိတ်ပျက်နေသည့်လေသံဖြင့် ယခုလိုဆိုသည်။

”ငါတို့ရဲ့ပြဿ      နာက ရုပ်သံမရိုက်ဘူးဆိုရင် စပွန်ဆာက မပေးချင်ဘူး။ ငါတို့က ဆူးကြားက ဘူးခါးပေါ့ကွာ”  အပိုင်း(၁)သို့   |  အပိုင်း(၃)သို့

၂၀၁၆-သြဂုတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၇) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ကျော်မျိုးထွန်း ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."