ကုန်စျေးနှုန်းနွံထဲ တဖြည်းဖြည်းနစ်လာနေတဲ့ မြန်မာပြည်သူများ

ရန်ကုန် – ၂၀၂၃ စက်တင်ဘာ (မော်ကွန်း)

တောင်ဒဂုံ (၁၄၀) ရပ်ကွက်က ဆိုင်ကယ်ကယ်ရီသမားဦးမျိုးဟာ ဘေးကာတွေ၊ ရှေ့မီးကြီးတွေမရှိတော့တဲ့ သူ့ရဲ့ ခပ်စုတ်စုတ်ဘေးတွဲဆိုင်ကယ်ကို ရောင်းချဖို့စီစဉ်နေပါပြီ။

သူဟာ လွန်ခဲ့တဲ့ငါးနှစ်ကတည်းက တောင်ဒဂုံမြို့နယ်ထဲမှာ ဆိုင်ကယ်ကယ်ရီဆွဲပြီး အသက်မွေးနေသူတစ်ဦးပါ။ ကလေးနှစ်ယောက်ဖခင်ဖြစ်တဲ့ သူ့ရဲ့ဝင်ငွေက တစ်ရက်ကို ကျပ်တစ်သောင်းနီးပါးရှိပါတယ်။

လွန်ခဲ့တဲ့ခြောက်လက သူ့ရဲ့ဆိုင်ကယ်ကို အင်ဂျင်ချဖို့ငွေလိုတာကြောင့် ရပ်ကွက်ထဲငွေတိုးချေးသူဆီကနေ ၂၀ တိုးနဲ့ ကျပ်တစ်သိန်းချေးယူခဲ့ပြီး နောက်တစ်ကြိမ်မှာတော့ ဘေးတွဲဆင်ဖို့ ကျပ်တစ်သိန်းထပ်မံချေးယူခဲ့ရပါတယ်။

ချေးငွေနှစ်ကြိမ်အတွက် အတိုးတွေတက်လာခဲ့ပြီး ခြောက်လအတွင်း အတိုးရောအရင်းပါ လေးသိန်းနီးပါးရှိလာပြီးတဲ့နောက်မှာတော့ ဆိုင်ကယ်ကိုရောင်းချဖို့ဖြစ်လာတယ်လို့ ဦးမျိုးကပြောပါတယ်။

ဆိုင်ကယ်ကယ်ရီတွေ ပေါများလာမှု၊ စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုတွေကြောင့် ဝင်ငွေကျဆင်းခဲ့ပြီး အခုလို အကြွေးတွေတင်လာတာလို့ သူကပြောပါတယ်။

“အကြွေးဆပ်ဖို့ကို ဘယ်လိုမှမတတ်နိုင်တော့တာ။ ဆီဈေးနဲ့ ကုန်ဈေးနှုန်းနဲ့ ဘယ်လိုမှလိုက်မမီတော့ဘူး။ ဆိုင်ကယ်ရောင်းပြီး သူများဆိုင်ကယ်ပဲ ငှားဆွဲတော့မယ်” လို့ သူကပြောပါတယ်။

Photo – Mawkun

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေဖြစ်လာပြီး ပြည်တွင်းမှာ အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။

တရိပ်ရိပ်မြင့်တက်လာနေတဲ့ ကုန်ဈေးနှုန်းဒဏ်ကို ဦးမျိုးတို့လို အောက်ခြေကပြည်သူတွေ အဆိုးရွားဆုံး ထိခိုက်ခံစားကြရပါတယ်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့နှစ်အတွင်းထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်စောင်မှာ နိုင်ငံရဲ့စီးပွားရေးကျဆင်းမှုကို ထောက်ပြခဲ့ပါတယ်။

တိုင်းပြည်ရဲ့စီးပွားရေး သိသိသာသာကျဆင်းသွားပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ဟာလည်း ၂၀၁၉ နဲ့ နှိုင်းယှဉ်ရင် ၁၃ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ အစီရင်ခံစာကဆိုပါတယ်။

နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာလည်း မပြောပလောက်တဲ့နှုန်းနဲ့သွားနေပြီး တိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်းအထိသာ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ပြည်တွင်းကိုတင်သွင်းရတဲ့သွင်းကုန်တွေ ဈေးနှုန်းမြင့်တက်တာ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေများလာတာ၊ ပြည်တွင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေ ပိုမိုဆိုးရွားပြင်းထန်လာတာတွေကြောင့် နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုပြီးမရေမရာဖြစ်လာကြရတယ်လို့ ဆိုပါတယ်။

ခေါင်ခိုက်လာတဲ့ အထွေထွေစားသောက်ကုန်ဈေးနှုန်းများ
မရှိမဖြစ် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ငရုတ်သီး၊ ကြက်သွန်နဲ့ အသားငါး၊ ဟင်းသီးဟင်းရွက် ဈေးနှုန်းတွေဟာ အာဏာမသိမ်းခင်ကထက် နှစ်ဆကျော်မြင့်တက်သွားတယ်လို့ ကုန်သည်တွေကလည်း ပြောပါတယ်။

ပြည်တွင်းစားသုံးတဲ့ ဆန်ကြမ်းအမျိုးအစားဖြစ်တဲ့ ဧည့်မထဆန် ၂၄ ပြည် ဝင်တစ်အိတ်ကို ၂၀၂၀ က ကျပ်သုံးသောင်းဝန်းကျင်ရှိပေမယ့် လက်ရှိမှာတော့ တစ်အိတ်ကို ကျပ်ရှစ်သောင်းနီးပါးထိ မြင့်တက်နေတယ်လို့ သင်္ဃန်းကျွန်းစံပြဈေးမှာ ဆန်လက်လီလက်ကားရောင်းချနေတဲ့ ကိုအေးဝင်းက ပြောပါတယ်။

ဒါ့အပြင် ရွှေဘိုပေါ်ဆန်းမွှေးဆန်ဟာလည်း ၂၀၂၁ အတွင်းက တစ်အိတ်ကို ကျပ်ခြောက်သောင်းဝန်းကျင်ရှိရာကနေ လက်ရှိမှာ ကျပ် ၁၆၀,၀၀၀ အထိ မြင့်တက်သွားတယ်လို့ သူကပြောပါတယ်။

“ဈေးဆိုင်တွေကလည်း ကုန်ဈေးနှုန်းက တစ်ခါဝယ်တစ်ခါတက်နေရတဲ့အခါ လူတွေလာမေးတိုင်း ‘ဈေးတက်နေလို့’ လို့ဖြေရလွန်းလို့ အဲ့ဒီစကားကပြောနေကျစကားတောင်ဖြစ်နေတယ်။ ဘာမေးမေး ဈေးတက်နေလို့ပါလို့ပဲ ပြောရတော့တယ်” လို့ သူက မှတ်ချက်ပြုပါတယ်။

Photo – mawkun

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးဖြစ်သူမမိုးမိုးက “ကုန်ဈေးနှုန်းကတော့ ဘာမေးမေး တက်နေတာ၊ ကျွန်မမှာ ဈေးတစ်ခါသွားရင် တော်တော်ခေါင်းစားရတယ်။ တစ်ခါတလေ ဈေးထဲရောက်ပြီးမှ ပါသွားတဲ့ပိုက်ဆံကိုင်ပြီး ဘာဝယ်ရမလဲမသိလို့ငိုချင်လာတယ်” လို့ ပြောပြပါတယ်။

မမိုးမိုးရဲ့ခင်ပွန်းဟာ ဆေးကုမ္ပဏီတစ်ခုမှာ လခစားဝန်ထမ်းတစ်ဦးဖြစ်ပြီး သူတို့မှာသားတစ်ယောက်၊ သမီးတစ်ယောက်ရှိပါတယ်။

ခင်ပွန်းဖြစ်သူရဲ့လုပ်ခလစာကတိုးမလာပေမယ့် ကုန်ဈေးနှုန်းကတိုးလာနေတော့ နေ့စဉ်ဈေးဝယ်ချက်ပြုတ်ရတာ အခက်အခဲတွေဖြစ်လာတယ်လို့ မမိုးမိုးက ပြောပါတယ်။

လက်ရှိမှာ ဘဲဥတစ်လုံး ၄၀၀ ကျပ်ဖြစ်နေပြီး တစ်နပ်စာမိသားစုထမင်းဝိုင်းအတွက် ဘဲဥငါးလုံးပါအချဉ်ဟင်းတစ်ခွက်ကို ကျပ်ငါးထောင်ခန့်ကုန်ကျတယ်လို့ သူကပြောပါတယ်။

“ဒါတောင် အသားငါးတွေမချက်သေးဘူးနော်၊ ဒါက ဟင်းတစ်ခွက်စာပဲပြောသေးတာနော်။ ဆန်နဲ့ ဆီပါတွက်ရင် ဘယ်လိုစားရမလဲကို မသိတော့ဘူး” လို့ သူကညည်းပါတယ်။

မြင့်တက်လာတဲ့ဆန်ဈေးနှုန်းကြောင့် မမိုးမိုးတို့လို အိမ်ထောင်စုတွေဟာ ဆန်ကို အရင်လိုအိတ်လိုက်မဝယ်နိုင်တော့ဘူးလို့ ပြောပါတယ်။

“အရင်က လကုန်ရင်တော့ ဆန်တစ်အိတ်လောက် ထောင်ထားနိုင်တယ်။ အခုဈေးနှုန်းနဲ့ဆို တစ်အိတ်မဝယ်နိုင်တော့ဘူး။ တစ်ခါဝယ်ရင် ၁၀ ပြည်၊ ၁၅ ပြည်လောက်ပဲ အိတ်လေးနဲ့ဝယ်နိုင်တော့တယ်” လို့ မမိုးမိုးက ပြောပါတယ်။

ဆန်ဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ ဆန်စပါးထုတ်လုပ်မှုဟာလည်း လျော့ကျသွားခဲ့ပြီး နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှု ကျဆင်းလာတယ်လို့ ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ (FAO) က ယခုနှစ်ဇွန်လမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် စပါးရိတ်သိမ်းတဲ့ရာသီမှာ မြန်မာနိုင်ငံရဲ့ ဆန်စပါးထုတ်လုပ်မှုဟာ တန်ချိန်ပေါင်း ၂၄ ဒသမ ၇ သန်းရှိနိုင်ပြီး ငါးနှစ်အတွင်း ပျှမ်းမျှအထွက်နှုန်း ရှစ်ရာခိုင်နှုန်းလျော့ကျသွားတာဖြစ်တယ်လို့ FAO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် ဓာတ်မြေသြဇာလို သွင်းအားစုတွေရှားပါးတာ၊ ဈေးခေါင်ခိုက်တာတွေကြောင့် အထွက်နှုန်း လျော့ကျသွားတာလို့ အစီရင်ခံစာကဆိုပါတယ်။

ဆန်စပါးအထွက်နှုန်းကျဆင်းခဲ့တာကြောင့် ဧည့်မထဆန်ဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ် နှစ်ဆန်းပိုင်းကနေ တောက်လျှောက်တက်လာခဲ့ပြီး ဒီနှစ်မေလအရောက်မှာ စံချိန်တင်အမြင့်ဆုံးရောက်ရှိသွားခဲ့တယ်လို့ ထောက်ပြထားပါတယ်။

Photo – Mawkun

မြင့်တက်လာတဲ့ ငွေဖောင်းပွမှု

အခုလို အထွေထွေကုန်ဈေးနှုန်းတွေမြင့်တက်ခဲ့တာဟာ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာမှုနဲ့ စစ်ကောင်စီရဲ့ ငွေကြေးဈေးကွက် စီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့်လို့ ကျွမ်းကျင်သူတွေကထောက်ပြထားပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာ၊ ဘတ် အစရှိတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ အာဏာမသိမ်းခင်ကထက် သုံးဆကျော်မြင့်တက်သွားပါတယ်။

လက်ရှိမှာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃,၅၀၀ ဝန်းကျင်နဲ့ ထိုင်းတစ်ဘတ်ကို ၁၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်နေတာပါ။

အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်က စီးပွားရေးပညာရှင် ပါမောက္ခစတိဗ်အိပ်ချ်ဟန်ကီ (Steve H. Hanke) က မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး သူ့ရဲ့ တွက်ချက်မှုကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာက သူ့ရဲ့ Twitter မှာ တင်ခဲ့ပါတယ်။

ပါမောက္ခဟန်ကီ တွက်ချက်ထားတဲ့ မြန်မာနိုင်ငံရဲ့ နှစ်စဉ် ငွေဖောင်းပွမှုနှုန်း

https://twitter.com/steve_hanke/status/1570543734361444352?lang=en
ပြင်ပဈေးကွက်မှာဖြစ်နေတဲ့ ဒေါ်လာနဲ့ ကျပ်ငွေလဲလှယ်နှုန်းအပေါ် မူတည်တွက်ချက်ထားတာဖြစ်ပြီး ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားတဲ့ ငွေဖောင်းပွမှုနှုန်းထက် ပိုမိုတွက်ချက်ထားတယ်လို့ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံရဲ့ငွေဖောင်းပွမှုနှုန်းကို ၁၈ ရာခိုင်နှုန်းခန့်လို့ ခန့်မှန်းထားပေမယ့် သူကတော့ ငွေဖောင်းပွမှုနှုန်းဟာ ၁၀၀ ရာခိုင်နှုန်းကျော်ထိ ရှိတယ်လို့ တွက်ချက်ခဲ့တာပါ။

မြန်မာနိုင်ငံဟာ အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးအကျပ်အတည်းတွေရင်ဆိုင်လာရပြီး ကမ္ဘာပေါ်မှာ ငွေကြေးဖောင်းပွမှုအမြင့်ဆုံးနိုင်ငံတွေရဲ့စာရင်းမှာပါဝင်လာပြီလို့ ပါမောက္ခဟန်ကီက ထောက်ပြထားပါတယ်။

အဲ့ဒီလို ပြည်တွင်းမှာ ငွေဖောင်းပွမှုတွေ မြင့်တက်လာတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ စီမံခန့်ခွဲမှု မှားယွင်းညံ့ဖျင်းမှုကြောင့်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူဦးတင့်လွင်က သုံးသပ်ပါတယ်။

သူဟာ NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။ စစ်ကောင်စီလက်ထက်မှာ စီးပွားရေးနဲ့ပတ်သက်လို့ ဘက်ပေါင်းစုံကကျဆင်းလာတယ်လို့ သူကထောက်ပြပါတယ်။

အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာမလည်ပတ်နိုင်တော့ဘဲ ရောင်းဝယ်ဖောက်ကားမှု ကျဆင်းလာတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းလာတာ၊ ပြည်တွင်းကုန်ထုတ်လုပ်မှု ကျဆင်းလာတာတွေဟာ စီးပွားရေးကျဆင်းစေတဲ့ အချက်တွေဖြစ်တယ်လို့ သူကပြောပါတယ်။

“အခွန်ဘဏ္ဏာရရှိမှု ကျဆင်းတယ်၊ တိုင်းပြည်ဝင်ငွေကျတယ်၊ ကုန်စည်ရှားပါးမှု ဒေါ်လာစျေးမြင့်မှုတို့ကြောင့် ပြည်ပက ကုန်စည်တင်သွင်းမှုလျှော့တယ်။ တစ်ခါ အစိုးရက ဒေါ်လာကိုချွေတာလိုတဲ့အတွက် import တွေကို တားမြစ် လျှော့ချတယ်။ အဲဒီကနေ ကုန်စည်ရှားပါးမှုပိုဖြစ်၊ စျေးတွေပိုတက်တယ်၊ ဒီတော့ မြန်မာငွေစျေးကျတယ်” လို့ ဦးတင့်လွင်က သုံးသပ်ပါတယ်။

တိုးမလာတဲ့ လုပ်ခလစာ
မြန်မာကျပ်ငွေတန်ဖိုးကျပြီး အရပ်ရပ်ကုန်စျေးနှုန်းတွေထိုးတက်နေပေမယ့် အခြေခံလုပ်ခလစာတွေတိုးမလာတာကြောင့် ဝင်ငွေနည်းအောက်ခြေလူထုဟာ မိသားစုစားဝတ်နေရေးအကျပ်အတည်းကို နည်းမျိုးစုံနဲ့ရုန်းကန်ဖြေရှင်းရပါတော့တယ်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မှာနေထိုင်တဲ့ ကိုဇော်ထူးဟာ ဇူလိုင်လကုန်ပိုင်းကစတင်ပြီး တရုတ်နယ်စပ်လောက်ကိုင်မြို့က ကားပြင်ဆိုင်တစ်ဆိုင်မှာ သွားရောက်အလုပ်လုပ်ကိုင်နေရပြီဖြစ်ပါတယ်။

သူဟာ အရင်ကတော့ ဒဂုံမြို့သစ်တောင်ပိုင်းက ဘတ္ထရီအိုးထုတ်လုပ်တဲ့ စက်ရုံတစ်ရုံမှာ တစ်လကိုကျပ်သုံးသိန်းခန့်ရရှိတဲ့ စက်ရုံဝန်ထမ်းတစ်ဦးပါ။

ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် သူ့ရဲ့လုပ်ခလစာလေးနဲ့ မိသားစုကိုထောက်ပံ့ဖို့ မလောက်ငှတော့တဲ့အတွက် သူငယ်ချင်းတစ်ယောက်နဲ့ ဆက်သွယ်မိခဲ့ပြီး လောက်ကိုင်မြို့မှာ သွားရောက်လုပ်ကိုင်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

မိသားစုနဲ့ တစ်နှစ်အရွယ်သာရှိသေးတဲ့သမီးလေးကို မခွဲခွာချင်ပေမယ့် လက်ရှိဝင်ငွေအတိုင်း ဆက်လက်ရပ်တည်ဖို့ မဖြစ်တော့ဘူးလို့ သူကပြောပါတယ်။

“ကျွန်တော့်သမီးလေးကိုမခွဲနိုင်ဘူး၊ ဒါပေမယ့် မတတ်နိုင်ဘူးဗျာ။ လက်ရှိအလုပ်ကဝင်ငွေနဲ့ဆို ကျွန်တော့်သမီးနဲ့ မိသားစုကို ထောက်ပံ့ကျွေးမွေးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ဒီကြားထဲ အိမ်လခကတက်သွားတယ်။
ကလေးအနာဂတ်အတွက် စုဖို့ဆောင်းဖို့နေနေသာ မငတ်အောင်မနည်းလုပ်နေရတယ်” လို့ သူက ပြောပါတယ်။

သူဟာ လက်ရှိမှာတော့ လောက်ကိုင်မြို့ကကားပြင်ဆိုင်မှာ တစ်လကို ယွမ် ၂,၀၀၀ (မြန်မာကျပ် ၁၀ သိန်းခန့်) နဲ့ အလုပ်လုပ်ကိုင်နေပါပြီ။

Photo – Mawkun

အခြေခံလုပ်ခလစာတိုးမလာတဲ့အပြင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရဲ့တစ်ဦးချင်းဝင်ငွေလည်း လျော့ကျသွားတယ်လို့ စီးပွားရေးအဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။

တိုင်းပြည်လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်မှာရောက်နေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဆိုးရွားဆုံးစီးပွားရေးကျဆင်းတဲ့နိုင်ငံတွေထဲမှာပါ၀င်ပြီး အခြားနိုင်ငံတွေနဲ့ယှဉ်ရင် စီးပွားရေး ပြန်လည်နလန်ထူဖို့ကို အများကြီးနောက်ကျနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

 

နိုင်ငံပိုင်ဘဏ်နှစ်ခု အရေးယူပိတ်ဆို့ခံရခြင်းနဲ့ ကျပ်နှစ်သောင်းတန်ဂယက်

နိုင်ငံရဲ့ ကျပ်တည်းနေတဲ့အချိန်မှာပဲ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို နိုင်ငံပိုင်ဘဏ်တွေကို အမေရိကန်ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပါတယ်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်(MICB)တို့ကို ပြီးခဲ့တဲ့ဇွန်လက စီးပွားရေးပိတ်ဆို့ကန့်သတ်မှုစာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။

အဲဒီ့နောက်မှာတော့ ဒေါ်လာငွေလဲလှယ်နှုန်းတွေ ရက်ပိုင်းအတွင်းမှာပဲမြင့်တက်ခဲ့ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းတွေဟာလည်း ကန့်သတ်ခံရမှုတွေရှိလာခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်ကို ဩဂုတ် ၁ ရက်မှာ ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။

ပြည်တွင်းငွေကြေးဈေးကွက်မှာ ရိုက်ခတ်မှုတွေရှိခဲ့ပြီး ငွေလဲလှယ်နှုန်းတွေ၊ ရွှေဈေးတွေဟာလည်း အချိန်တိုအတွင်းထပ်မံ မြင့်တက်ခဲ့ပြန်ပါတယ်။

ဒေါ်လာဈေးဟာ အထက်ပါဘဏ်နှစ်ခု အရေးယူပိတ်ဆို့မခံရခင် ယခုနှစ်ဇွန်လဆန်းပိုင်းက တစ်ဒေါ်လာကို ကျပ် ၂,၉၀၀ ကျပ်ဝန်းကျင်မှာရှိနေရာက တရိပ်ရိပ်နဲ့ထိုးတက်လာခဲ့ပြီး ဇူလိုင်လဆန်းပိုင်းမှာ တစ်ဒေါ်လာကို ၃,၀၀၀ ကျပ်၊ ဩဂုတ်လဆန်းအရောက်မှာတော့ တစ်ဒေါ်လာကို ၃,၅၀၀ ကျပ်ကျော်ကို ဆက်တိုက်မြင့်တက်ခဲ့ပါတယ်။

သြဂုတ်လကုန်ပိုင်းမှာကျပ်လေးထောင်နားအထိရောက်ရှိခဲ့ပြီး နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်သူတွေကို စစ်ကောင်စီကဖမ်းဆီးတာတွေပြုလုပ်တာကြောင့် လက်ရှိမှာတော့ ၃,၅၀၀ ဝန်းကျင်ကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ငွေစက္ကူအသစ်ရိုက်နှိပ်ထုတ်ဝေမှုဟာ မြန်မာကျပ်ငွေတန်ဖိုးကို ထိုးကျသွားစေခဲ့တယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ဦးတင့်လွင်က ပြောပါတယ်။

ဒါ့အပြင် ကျပ်ငွေတန်ဖိုးကျဆင်းနေချိန် ပြည်တွင်းမှာစီးပွားရေးကျဆင်းနေတာ၊ ဒေသတွင်း လုပ်ခလစာအနည်းဆုံး နိုင်ငံအဖြစ်ရှိနေတာတွေက ရေရှည်မှာ အထွေထွေအကျပ်အတည်းကို ရင်ဆိုင်ရဖွယ်ရှိတယ်လို့ သူကသုံးသပ်ပါတယ်။

“စီးပွားရေး တည်ငြိမ်မှုမရှိ၊ လောင်စာနဲ့ လျှပ်စစ်စွမ်းအင်ရရှိမှု သေချာမှုမရှိတဲ့နိုင်ငံမှာ ဒီလုပ်ခသတ်မှတ်ချက်က အလုပ်ရှင်တွေအတွက်ကျ နည်းလှတာမဟုတ်ပေမယ့် အလုပ်သမားများအတွက်ကျ လက်ရှိအခြေခံစားသောက်ကုန် ဈေးနဲ့ဆို အတော်လေးအဆင်မပြေနိုင်ပါဘူး” လို့ သူကမှတ်ချက်ပြုပါတယ်။

အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်နေမှု၊ ကျပ်ငွေတန်ဖိုးကျဆင်းလာမှု၊ စီးပွားရေးကျဆင်းလာမှုတွေက လူထုကို ပိုမိုကျပ်တည်းလာစေခဲ့ပြီး ပိုင်ဆိုင်မှုတွေရောင်းချရတာ၊ ချေးငှားရတာနဲ့ အသုံးစရိတ်တွေကို ကန့်သတ်သုံးစွဲရတဲ့ အခြေအနေကိုတွန်းပို့နေတာပါ။

တောင်ဒဂုံက ကယ်ရီသမားဦးမျိုးကတော့ သူ့ရဲ့ ဆိုင်ကယ်လေးရောင်းထွက်သွားရင် အကြွေးတွေထိုးဆပ်ရတော့မှာပါ။

ကိုယ်ပိုင်ဆိုင်ကယ်ကိုရောင်းပြီး သူများဆိုင်ကယ်ကို အငှားကယ်ရီဆွဲရတော့မှာကြောင့် ပိုခက်ခဲလာမယ့် သူ့အခြေအနေကို ဦးမျိုးက စိုးရိမ်ပြီးအခုလိုပြောလိုက်ပါတယ်။

“ဘာမှလုပ်စားကိုင်စားလို့ အဆင်မပြေတော့ဘူး၊ ဒီအတိုင်း ကြာရင်တော့ လမ်းဘေးရောက်တော့မှာပဲ”

 

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."