ကမ္ဘာ့ကြိုးဝိုင်း အပြင်က မြန်မာ့ရိုးရာလက်ဝှေ့ အပိုင်း(၁)

မြန်မာ့ရိုးရာလက်ဝှေ့ အားကစားကို လွန်ခဲ့သော နှစ်ပေါင်း ၃၈ နှစ် (၁၉၇၈) က ရုရှားနိုင်ငံမှ အားကစားနည်းပြများမြန်မာနိုင်ငံသို့ လာရောက်ပြီး လနှင့်ချီနေထိုင်ကာ လေ့လာသင်ယူခဲ့ကြဖူးသည်။ ယနေ့ ရုရှားနိုင်ငံတစ်ဝန်းတွင် မြန်မာ့ရိုးရာလက်ဝှေ့ကလပ် တစ်ရာအထိရှိလာပြီး အပျော်တမ်းလက်ဝှေ့သမား သုံးသောင်းကျော်နှင့် ကြေးစားလက်ဝှေ့သမား ၂ဝဝ ကျော်အထိ ရှိနေပြီဖြစ်သည်။

ရုရှားနိုင်ငံလုံးဆိုင်ရာ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ဦးဆောင်ပြီး နိုင်ငံပေါင်း ၁၉ နိုင်ငံပါဝင်သည့် ဥရောပ-အာရှ မြန် မာ့ရိုးရာလက်ဝှေ့ချန်ပီယံလုပွဲ၊ ရုရှားနိုင်ငံလုံးဆိုင်ရာ မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံလုပွဲနှင့် ဒေသအလိုက် မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံလုပွဲများ နှစ်စဉ်ကျင်းပလျက်ရှိသည်။

အဆိုပါအဖွဲ့ချုပ်က တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန် အပါအဝင် ယခင်ဆိုဗီယက်ပြည်ထောင်စုနိုင်ငံများ၊ ဥရောပတိုက် မှ အီတလီ၊ စပိန်၊ ပြင်သစ်၊ ဆွစ်ဇာလန်နိုင်ငံများသို့ သွားရောက် ၍ မြန်မာ့ရိုးရာလက်ဝှေ့မိတ်ဆက်ပွဲများ ကျင်းပခဲ့ပြီးဖြစ်သလို အမေရိကန်နိုင်ငံသို့လည်း သွားရောက်မိတ်ဆက်ရန် စီစဉ်လျက် ရှိသည်။

ရုရှားနိုင်ငံက မြန်မာ့လက်ဝှေ့ကို နိုင်ငံတကာ၌ ကျယ်ကျယ်ပြန့်ပြန့်ထိုးဖောက်နေသည့်အချိန်တွင် ယင်းလက်ဝှေ့အား ကစား၏ မူလဇာစ်မြစ်ဖြစ်သည့် မြန်မာနိုင်ငံမှာတော့ ဖွံ့ဖြိုးတန်သလောက် မဖွံ့ဖြိုးဘဲဖြစ်နေသည်။

ယနေ့ မြန်မာနိုင်ငံတွင် ရိုးရာလက်ဝှေ့ကလပ် ၃ဝ ကျော်နှင့် ကြေးစားလက်ဝှေ့သမား ၁၅ဝ ခန့်သာရှိနေသေးသည်။ သဘော ကတော့ မြန်မာနိုင်ငံရှိ ရိုးရာလက်ဝှေ့ကလပ်အရေအတွက်သည် ရုရှားတွင်ရှိသည့် မြန်မာ့လက်ဝှေ့ကလပ်အရေအတွက်၏ သုံးပုံ တစ်ပုံနီးပါးသာရှိပြီး ကြေးစားလက်ဝှေ့သမားမှာလည်း ရုရှား နိုင်ငံထက် ၅ဝ ခန့်နည်းနေသည်။

လူငယ်များကြားတွင် မြန်မာ့ရိုးရာလက်ဝှေ့ကို စိတ်ဝင်စား မှုနည်းနေပြီး ရိုးရာလက်ဝှေ့ကို မသိသူ၊ ရိုးရာလက်ဝှေ့ပွဲ မကြည့် ဖူးသူများရှိနေသည်ဟု ၂ဝ၁၃ က ဂျပန်လေ့လာရေးအဖွဲ့တစ်ဖွဲ့မှ လုပ်ခဲ့ဖူးသည့် စစ်တမ်းတစ်စောင်ကို ကိုးကား၍ မြန်မာ့ရိုးရာ လက်ဝှေ့အစည်းအရုံး ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြောပြသည်။

”တိုင်းတစ်ပါးက ကိုယ့်ပညာကို ဒီလောက်အထိ တလေးတစားနဲ့ တန်ဖိုးထားနေတာကို ကိုယ့်ဆီမှာ တန်ဖိုးထားရကောင်း မှန်း မသိဘူးဖြစ်နေတယ်။ တော်တော်ဝမ်းနည်းစရာကြီး” ဟု သူက သုံးသပ်သည်။

မြန်မာ့ရိုးရာလက်ဝှေ့ကို ပြည်သူများစိတ်ဝင်စားမှုနည်း နေရခြင်းနှင့် မဖွံ့ဖြိုးရခြင်း၏ အဓိကအချက်မှာ အစိုးရ၏ကူညီ ပံ့ပိုးမှု မရှိသလောက်နည်းပါးနေခြင်းနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများကိုယ်တိုင် စိတ်ဝင်စားမှုမရှိခြင်းတို့ကြောင့် ဖြစ် သည်ဟု မြန်မာ့ရိုးရာလက်ဝှေ့လောကသားများက ထောက်ပြ ကြသည်။

လက်ဝှေ့ပွဲစီစဉ်သူတစ်ဦးဖြစ်သူ မြန်မာမီဒီယာဂရုဖ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝဏ္ဏက ”အစိုးရမှ ဂရုမစိုက်တာ။ လှည့် မကြည့်တာ။ အားကစားဝန်ကြီးတောင်မှ (သူစီစဉ်တဲ့)လက်ဝှေ့ပွဲတွေမှာ တစ်ခါပဲ လာကြည့်ဖူးတယ်”ဟု ဆိုသည်။

ဦးဝဏ္ဏသည် သူ၏ လုပ်သက်ဆယ်နှစ်တာကာလအတွင်း မျိုးဆက်သစ်လက်ဝှေ့ပွဲများအပါအဝင် ပွဲပေါင်း ၈ဝ ကျော် စီစဉ်ခဲ့ သည်ဟုဆိုသည်။

ရိုးရာလက်ဝှေ့ ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရက ဦးဆောင် ဦးရွက်ပြု ဆောင်ရွက်လာမည်ဆိုပါက စီးပွားရေးလုပ်ငန်းရှင် ကြီးများလည်း ရိုးရာလက်ဝှေ့လောက၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာလိမ့်မည်ဟု သူက တစ်ထစ်ချယုံကြည်နေသည်။

အစိုးရအထောက်အပံ့အားနည်း

စစ်အစိုးရလက်ထက်က မြန်မာ့ရိုးရာလက်ဝှေ့နှင့် ပတ်သက်ပြီး အဖွဲ့ချုပ်သီးသန့်မရှိဘဲ အားကစားဝန်ကြီးဌာနရှိ မြန်မာ နိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်လက်အောက်၌သာ ထားရှိခဲ့ သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ပြီးခဲ့သည့် ၂ဝ၁၁ တွင်မှ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကို သီးသန့်ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ရိုးရာလက်ဝှေ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရိုးရာ လက်ဝှေ့လောကသားများ၊ ဝါသနာရှင်များဦးဆောင်ပြီး မြန်မာ့ ရိုးရာ လက်ဝှေ့အစည်းအရုံးကို ၂ဝ၁၃ က ဖွဲ့စည်းတည်ထောင် ခဲ့သည်။

ယခင်စစ်အစိုးရလက်ထက်နှင့် ဦးသိန်းစိန်လက်ထက်တို့ တွင်  ရိုးရာလက်ဝှေ့ကို အားပေးမြှောက်စားမှုမရှိသည့်အပြင် ပွဲ ကျင်းပခွင့်တင်ရာ၌ပင် နိုင်ငံတော်အကြီးအကဲ၊ အစိုးရအဖွဲ့နှင့် နိုင်ငံခြားရေးမူဝါဒကော်မတီ (Foreign Affairs Policy Committee – FAPC) အထိ စာတင်ခဲ့ရသည်။

ယင်းသို့ ခွင့်ပြုချက်အဆင့်ဆင့် တောင်းခံရပြီး မည်သည့် အချိန်မှ ခွင့်ပြုချက်ရမည်ကို မသိရသည့်အတွက် လက်ဝှေ့သမား များကို ကြိုတင်စာချုပ်ချုပ်ဆိုခြင်းအပါအဝင် ပွဲစီစဉ်ရာတွင် အခက်အခဲများစွာ ရှိခဲ့ကြသည်ဟု လက်ဝှေ့ပွဲစီစဉ်သူများက ဆိုသည်။ ပြီးခဲ့သည့် ၂ဝ၁၄ က စပြီး ယင်းသို့ အဆင့်ဆင့်ခွင့်ပြုချက် တောင်းခံရခြင်း မရှိတော့ပေ။

လက်ရှိ မြန်မာနိုင်ငံတွင် ရိုးရာလက်ဝှေ့ပွဲတစ်ပွဲ ကျင်းပမည်ဆိုလျှင် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်သို့ စာတင်ပြီး ခွင့်ပြုချက်ရမှသာ အားကစားရုံ ငှားရမ်း ခွင့်၊ ပွဲကျင်းပခွင့်ရသည့် အခြေအနေဖြစ်သည်။

သို့သော် အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ သူတို့၏ ရိုးရာ လက်ဝှေ့ဖြစ်သည့် မွေထိုင်းကို အမျိုးသားရေးပညာရပ်တစ်ခု အနေဖြင့် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင်က များစွာ ထောက်ပံ့ပေးသည်ဟု မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံး ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ရှင်းပြသည်။

ထိုင်းနိုင်ငံတွင် လက်ဝှေ့ပွဲတစ်ပွဲကျင်းပမည်ဆိုပါက အာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခံနေစရာမလိုဘဲ ပွဲနေရာ ငှားရမ်းပြီး ထိုးသတ်မည့်လက်ဝှေ့သမားများကို နှစ် ယောက်တစ်တွဲ (တွဲဆိုင်းများ) စီစဉ်ရုံဖြင့် အလွယ်တကူပွဲ ကျင်းပနိုင်သည်ဟုလည်း သူက ပြောပြသည်။

မပြည့်စုံသည့် လက်ဝှေ့ကလပ်များ

လက်ရှိမြန်မာနိုင်ငံရှိ လက်ဝှေ့ကလပ်အများစုမှာ ကလပ်ပိုင်ရှင်များ၊ ဝါသနာရှင်စီးပွားရေးသမားအချို့၏ ထောက်ပံ့ကူညီ မှုဖြင့်သာ ရပ်တည်နေခြင်းဖြစ်သည်။

ကလပ်အသင်းတွင် လာရောက်လေ့ကျင့်ကစားနေသည့် ကစားသမားများထံမှ အခကြေးငွေရယူခြင်းမရှိဘဲ ပွဲထိုးသတ် ခွင့်ရသည့် ကစားသမားများထံမှ ၎င်းတို့ရရှိသည့် ထိုးသတ် ကြေးကို ရာခိုင်နှုန်းတစ်ခု (ကလပ်အသင်းအလိုက် ၁ဝ ရာခိုင် နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ) သတ်မှတ်ပြီး နည်းပြဆရာနှင့် ကလပ်အတွက် လိုအပ်သည့် လေ့ကျင့်ရေးကိရိယာများ ဝယ်ယူ ကာ ပြန်လည်သုံးစွဲလေ့ရှိကြသည်။

ရိုးရာလက်ဝှေ့ကလပ်အများစုတွင် လိုအပ်သည့် လေ့ကျင့်ရေးပစ္စည်းကိရိယာ မပြည့်စုံခြင်း၊ လေ့ကျင့်ရန်အဆောက် အအုံကျယ်ကျယ်ဝန်းဝန်း မရှိခြင်းတို့ကြောင့် နိမ့်ကျသည့်အခြေအနေတွင်ရှိနေသည်ဟု နဂါးမာန်လက်ဝှေ့ကလပ်မှ နည်းပြချုပ် ဦးကျော်စိုးက မော်ကွန်းကို ပြောသည်။

ကလပ်ကို ငွေကြေးအကုန်အကျခံထူထောင်ကြသည့် စီးပွားရေးလုပ်ငန်းရှင်များမှာလည်း ကလပ်အသင်းမှ မည်သည့် အကျိုးအမြတ်မှ ပြန်လည်မရရှိနိုင်သောကြောင့် ”သူတို့မှာ ပီတိ က လွဲပြီး ဘာမှမျှော်လင့်ချက် မရှိဘူး”ဟု သူက ပြောပြသည်။

ရန်ကုန်အခြေစိုက်လက်ဝှေ့ကလပ်တစ်ခုဖြစ်သည့် အဖြူ ရောင်သွေးသစ်ကလပ်ဆိုလျှင် ယင်းကလပ်တည်ရှိရာ မြောက် ဥက္ကလာပ၌ လေ့ကျင့်စရာနေရာမရှိသဖြင့် ကားအသွားအလာ နည်းသည့် ကွန်ကရစ်လမ်းပေါ်၌ နေပူမရှောင်၊ မိုးရွာမရှောင် လေ့ ကျင့်ခဲ့ရသည်။ နောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ယင်းလမ်းပေါ်တွင် တာလပတ်မိုးပေးသဖြင့် အနည်းငယ် အဆင် ပြေသွားခဲ့သည်။

ရန်ကုန်အခြေစိုက် ကလပ်အသင်းတချို့မှာ ဘုန်းကြီး ကျောင်းများ၊ ကွန်ကရစ်လမ်းများပေါ်နှင့် ခုံးကျော်တံတား အောက် နေရာများ၌ပင် လေ့ကျင့်နေရဆဲဖြစ်သည်ဟု လက်ဝှေ့ လောကသားများက ဆိုပါသည်။

”အားကစားဝန်ကြီးဌာနအနေနဲ့ ကျွန်တော်တို့ ကလပ် အသင်းတွေကို ပံ့ပိုးမှုဆိုတာကတော့ တစ်စုံတစ်ရာ ဘာမှမရှိခဲ့ဖူး ဘူးလို့ပဲ ဆိုချင်တယ်”ဟု ဦးကျော်စိုးက မြန်မာ့လက်ဝှေ့ကလပ် များ၏ အခြေအနေကို ရှင်းပြသည်။

မြန်မာပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်း(မုဒုံ သား)က ”ယိုးဒယားမှာဆိုရင် ကလပ်အသင်းတွေကို တစ်နှစ်ကို ဘယ်လောက်ဆိုပြီး အစိုးရက ထောက်ပံ့ပေးတာတွေရှိတယ်။ အားကစားပစ္စည်းတွေလည်း ပံ့ပိုးပေးတယ်”ဟု ပြောပြသည်။

သူဆိုလျှင် သူ၏ဇာတိ ကျိုက်မရောမြို့နယ်၊ ဖနုံကျေးရွာရှိနေအိမ်ခြံဝင်းထဲတွင် သရက်ပင်ကို မော်တော်ကား တာယာ ဟောင်းများစွပ်ထားပြီး ခြေကန်ချက်နှင့် လက်သီးထိုးကို လေ့ကျင့်ရသလို ကာယကြံ့ခိုင်ရေးအတွက်လည်း အုန်းပင်ပေါ်ကို ကြိုးဖြင့် တွယ်တက်ကာ ခေတ်မီလေ့ကျင့်ရေး အကူစက်ကိရိယာ များမပါဘဲ လေ့ကျင့်လေ့ရှိသူ ဖြစ်သည်။

ခေတ်မီလေ့ကျင့်ရေးပစ္စည်းများ အစုံအလင်ဝယ်ယူမည်ဆို လျှင် သိန်းရာချီကုန်ကျမည်ဖြစ်သဖြင့် သူ့အနေနှင့် ဝယ်ယူလေ့ ကျင့်ရန် အခြေအနေ မပေးသေးကြောင်း ထွန်းထွန်းမင်းက မော်ကွန်းကို ပြောသည်။

ပြည်ပနိုင်ငံများသို့ သွားရောက်သည့်ခရီးစဉ်များတွင် ပြိုင် ဘက်ကစားသမားများလေ့ကျင့်သည့် အားကစားရုံကြီးများ၊ ခေတ်မီစက်ကိရိယာများတွေ့ရတိုင်း ”နိုင်ငံ့ဂုဏ်ဆောင် ကစား သမားတစ်ယောက်လုပ်ပြီးမှ ဒီလိုလေ့ကျင့်နေရသေးတယ်ဆိုပြီး စိတ်မှာတော့ တစ်မျိုးခံစားရတာပေါ့။ အရမ်းသိမ်ငယ်တယ်”ဟု သူက ဆိုသည်။

ရိုးရာလက်ဝှေ့ဖွံ့ဖြိုးတိုးတက်စေလိုလျှင် မည်သူမဆို လာ ရောက်လေ့ကျင့်သင်ကြားနိုင်သည့် လေ့ကျင့်ရေးနေရာ အများ အပြားရှိရန်လိုအပ်ကြောင်း ‘သတ္တိ’ ရိုးရာလက်ဝှေ့အဖွဲ့ ၌ လာ ရောက်လေ့ကျင့်နေသူ ပြင်သစ်နိုင်ငံသား မစ္စတာအတ်ဒရီ ယန် ပေယာ (Mr Adrien Peyre) က ဘာသာပြန်မှတစ်ဆင့် မော်ကွန်းကို ပြောသည်။

လက်ဝှေ့ပွဲသွင်းသူ ဦးဝဏ္ဏကတော့ မြန်မာ့ရိုးရာလက်ဝှေ့ဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး ယခုလို ခပ်ပြတ်ပြတ်ပြောသည်။ ”ဘာမှ မလိုဘူး။ အာဏာရှိသောအစိုးရနဲ့ ပိုက်ဆံရှိသော စီးပွားရေးလုပ်ငန်းရှင်တွေ မြှောက်စားဖို့ပဲ လိုတယ်”

  

နာမည်ကျော် လက်ဝှေ့သမား ရှားပါး

လက်ရှိမြန်မာ့ရိုးရာလက်ဝှေ့လောကတွင် ပထမတန်း လက်ဝှေ့သမားဟူ၍ မြန်မာပြည်အလွတ်တန်းချန်ပီယံ ထွန်း ထွန်းမင်းနှင့် တူးတူးတို့နှစ်ဦးသာရှိသည်။ ဒုတိယတန်းတွင်လည်း စိုးလင်းဦး၊ သပြေညို၊ စောဂေါ်မူဒို၊ သွေးသစ်အောင်၊ ဖျံသွေး အပါ အဝင် လက်ဝှေ့ကျော် ငါးဦး၊ ခြောက်ဦးခန့်သာရှိသည်။

တစ်နိုင်ငံလုံးတွင် ထိတ်ထိတ်ကြဲနာမည်ကြီး လက်ဝှေ့ သမားဟူ၍ ၁ဝ ဦးပြည့်အောင်ပင်မရှိဟု ဦးဝဏ္ဏက ဆိုသည်။

လုပ်သက် ၂၃ နှစ်ရှိ လက်ဝှေ့ပွဲသွင်းသူ ဦးစိုင်းဇော်ဇော် ကလည်း ”အရင် ကျွန်တော်စလုပ်စ အချိန်တုန်းကထက်စာရင် (လက်ဝှေ့သမား)အများကြီးလျော့သွားတယ်။ သုံးပုံတစ်ပုံ လောက်ပဲ ရှိတော့တယ်” ဟု ဆိုပါသည်။

လွန်ခဲ့သည့် ၁ဝ နှစ်ဝန်းကျင်ကဆိုလျှင် ရိုးရာလက်ဝှေ့ လောကတွင် ရွှေဆိုင်း၊ ဈာန်ထူး၊ စောငမန်း၊ တွေ့မရှောင်၊ လုံး ချော၊ ကြယ်လင်းအောင်၊ ရန်ကြီးအောင်၊ ထွန်းထွန်း၊ ဖိုးကေတို့ အပါအဝင် နာမည်ကြီး လက်ဝှေ့သမားဆယ်ဦးထက်မနည်း ရှိခဲ့သည်။

ယခုအခါ နာမည်ကျော်လက်ဝှေ့သမားများ နည်းပါးသွား သဖြင့် တွဲဆိုင်းများစီစဉ်ရာတွင် အခက်အခဲရှိသည်ဟု လက်ဝှေ့ပွဲ သွင်းသူများက ပြောပြသည်။

မြန်မာနိုင်ငံတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်သည် မြန်မာ့ရိုးရာလက်ဝှေ့သမားများ အများဆုံးမွေးထုတ်ပေးရာ ဒေသဖြစ်သည်။ မြန်မာပြည် အလွတ်တန်းချန်ပီယံအဖြစ် ဆယ် စုနှစ်တစ်ခုတိုင်အောင် ရပ်တည်နိုင်ခဲ့သည့် တိုင်းသိပြည်သိ လက် ဝှေ့သမားကြီးရွှေဝါထွန်းအပါအဝင် ကျော်ခေါက်၊ အလီ၊ ဇော်ဝင်း ထွန်း၊ ဇော်ဦး၊ ဇော်ထူးတို့မှာလည်း မွန်ပြည်နယ်၊ သထုံမြို့ထွက် လက်ဝှေ့ကျော်များဖြစ်သည်။

လက်ရှိအခြေအနေတွင် မွန်ပြည်နယ်မှ ရိုးရာလက်ဝှေ့ သမားများပေါ်ထွက်ရာ သထုံမြို့ ၌ မျိုးဆက်သစ်များ ထပ်မံထွက် ပေါ်လာခြင်း မရှိတော့သလောက် နည်းပါးသွားသည်ဟု မြန်မာ့ ရိုးရာလက်ဝှေ့အစည်းအရုံး ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြောပြသည်။

”လက်ဝှေ့ပွဲ မရှိ၊ ဝင်ငွေလည်း မရတော့ တချို့ ထိုင်းမှာ သွားအလုပ်လုပ်တယ်။ လယ်လုပ်တဲ့သူနဲ့ တခြားလုပ်ငန်းတွေ ရောက်ကုန်တာတွေလည်းရှိတယ်”ဟု သူက ရှင်းပြသည်။

ထို့အတူ နာမည်ကျော်လက်ဝှေ့သမားများဖြစ်ကြသည့် အောင်အောင်ထွန်း၊ မြကျည်ဆံ၊ မြနန္ဒာ၊ မြစည်တော်၊ ဝမ်းဒေါ်လာ၊ အောင်ကိုကို၊ အောင်ပင်လယ်တို့လို နာမည်ကြီးလက်ဝှေ့သမား များ အပြိုင်အဆိုင်ထွက်ပေါ်ခဲ့သည့် မန္တလေးမြို့ ၌လည်း မျိုးဆက် သစ်လက်ဝှေ့သမားများ မရှိတော့သလောက် မျိုးဆက်ပြတ်သွား ခဲ့သည်။

စစ်အစိုးရလက်ထက်တွင် ပွဲခွင့်ပြုချက်ရရှိရန်ခက်ခဲခြင်း၊ ကုမ္ပဏီများမှကြော်ငြာစပွန်ဆာများ မရရှိခြင်းတို့ကြောင့် ရန် ကုန်နှင့် မန္တလေးမြို့တို့တွင် လက်ဝှေ့ပွဲများ လျော့နည်းသွားခဲ့ သည်။ နယ်လက်ဝှေ့ပွဲအများစုမှာ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ၊ ဘုန်း ကြီးမွေးနေ့ပွဲများ၌သာပြုလုပ်ရသဖြင့် တစ်နှစ်လျှင်တစ်ကြိမ်သာ ကျင်းပနိုင်ပြီး မိုးတွင်းလိုကာလမျိုးတွင် ကျင်းပနိုင်ခြင်းမရှိပေ။

တစ်နှစ်ပတ်လုံးပွဲကျင်းပနိုင်သည့် မိုးလုံလေလုံအားကစား ရုံကြီးများရှိရာ ရန်ကုန်နှင့် မန္တလေးတို့တွင်လည်း ပွဲနည်းသွား ခြင်းကြောင့် လက်ဝှေ့သမားများ ရှင်သန်ရပ်တည်မှုအပေါ် ရိုက်ခတ်မှုရှိသည်ဟု ဦးခင်မောင်စိုးက ပြောသည်။

ရှေးလူကြီးများ အမြော်အမြင်ရှိရှိဖြင့် လက်ဝှေ့ပွဲများကို ဘုရားပွဲနှင့်တွဲခဲ့၍သာ နယ်များ၌ ရိုးရာလက်ဝှေ့ ပပျောက်မသွား တာဟု အားကစားကလောင်ရှင် ဇင်လင်းထွန်း(ဓနုဖြူ)က ပြော ဆိုသည်။

တစ်ချိန်တစ်ခါက ဝင်းထွန်း၊ နိုင်ဝမ်းလေး၊ စောသဲလေး၊ စောသဲအောင်၊ စောသဲဖြူတို့လို နာမည်ကြီးလက်ဝှေ့သမားများ ထွက်ပေါ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအတွင်းက တွံတေးတွင် လည်း မျိုးဆက်ပြတ်သွားရုံသာမက ပွဲစီစဉ်သူပါ မရှိတော့သဖြင့် လက်ဝှေ့ပွဲများ မကျင်းပနိုင်တော့သည်မှာ လေးနှစ်ပင်ရှိခဲ့ပြီဟု သူကဆိုသည်။

ပြီးခဲ့သည့် ၂ဝ၁၃ မှစ၍ မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံး က မျက်နှာသစ်ကစားသမားများ ထွက်ပေါ်လာရေးအတွက် ရန်ကုန်၊ မန္တလေးသာမက နယ်မြို့များအထိ မျိုးဆက်သစ်လက်ဝှေ့ ပွဲများ ကျင်းပပေးလျက်ရှိကြောင်း ယင်းအစည်းအရုံးမှ အလုပ် အမှုဆောင် ဦးဇင်လင်းထွန်း (ဓနုဖြူ)က ပြောကြားသည်။

ရိုးရာလက်ဝှေ့ကိုစိတ်ပါဝင်စားသည့် လူငယ်များကို ၎င်း တို့၏ဝိတ်တန်းအလိုက် နှစ်ယောက်တစ်တွဲ တွဲဆိုင်းများစီစဉ်ပြီး ယှဉ်ပြိုင်ထိုးသတ်စေသည်။ ဆုကြေးငွေအနည်းငယ်သာ ချီးမြှင့် နိုင်သည့် ယင်းမျိုးဆက်သစ်ပွဲများတွင် ရိုးရာလက်ဝှေ့ပရိသတ် များအတွက် ရုံဝင်ကြေး မကောက်ခံဘဲ အခမဲ့ကြည့်ရှုခွင့်ပြုသည်။

”အခုဒီနှစ်ထဲမှာတော့ ကလပ်တွေ အစပျိုးလာကြတယ်။ မျက်နှာသစ်လူငယ်တွေက အခုမှစသင်ကြတာပေါ့။ နောက်တစ် နှစ်လောက်ဆိုရင်တော့ လက်ဝှေ့သမားတွေက နဂိုအနေအထား အတိုင်း ပြန်ရောက်လာမလားလို့ မျှော်လင့်ရတယ်”ဟု ဦးစိုင်း ဇော်ဇော်က မှန်းဆသည်။    အပိုင်း(၂)သို့

၂၀၁၆-သြဂုတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၇) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ကျော်မျိုးထွန်း ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."