အိမ်ပြန်ခရီး အလှမ်းဝေးနေဆဲ အပိုင်း(၁)

 

(ဝိုင်းမော်၊ ဗန်းမော်၊ မန်စီ)

(၁)

လမ်းပေါ်ကနေ လှမ်းမြင်နေရသော အိမ်များတွင် လူရိပ်လူရောင် တစ်ခုမှ မမြင်ရ။ ကြည့်လေရာရာ တောထနေသော ချုံနွယ်ပိတ်ပေါင်းများကိုသာ တွေ့ရသည်။ တချို့အိမ်များကို ချုံနွယ်တွေက ဝါးမျိုပစ်လိုက်ပြီဖြစ်သည်။

တချို့အိမ်များမှာ မီးရှို့ခံထားရပြီး အိမ်တိုင် များမှာ မီးသွေးတိုင်များကဲ့သို့ဖြစ်နေသည်။ အုတ် နံရံများမှာလည်း လက်နက်ကြီးကျည် ထိမှန်ထား သည့်အတွက် ပြိုကျပျက်စီးနေကြသည်။

ထိုမြင်ကွင်းကို မြစ်ကြီးနားမှ ဗန်းမော်သို့သွားသည့် လမ်းတွင်တွေ့ရခြင်းဖြစ်သည်။ မြစ်ကြီးနားမြို့မှ ကားဖြင့်ထွက်လာပြီး တစ်နာရီခွဲဝန်းကျင်ရှိသောအခါ  ထိုမြင်ကွင်းများကို စတင်တွေ့ရှိ ရခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ငါးနှစ်ခန့်ကဆိုလျှင် ထိုကျေးရွာများတွင် ဒေသခံကချင်၊ ရှမ်းစသည့် တိုင်းရင်းသားများနေထိုင်ခဲ့ကြ သည်။ ဘုရားကျောင်းမှာလည်း ဝတ်ပြုဆုတောင်းသူများရှိခဲ့လိမ့် မည်။ စာသင်ကျောင်းများတွင်လည်း ကျောင်းသူ၊ ကျောင်းသား များ၏ စာအံသံများလွှမ်းခြုံနေခဲ့လိမ့်မည်။

ဓာတ်ပုံ -ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း
ဓာတ်ပုံ -ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

(၂)

စစ်ဘေးရှောင်စခန်းများကို ကူညီပေးနေသည့် အရပ်ဘက် အဖွဲ့ကိုးဖွဲ့နှင့် ကချင်ငြိမ်းချမ်းရေးကွန်ရက်တို့၏ ပူးပေါင်းအစီ အစဉ်ဖြင့် ကချင်စစ်ပွဲငါးနှစ်ပြည့်ကို ဝိုင်းမော်၊ ဗန်းမော်နှင့် မန်စီ မြို့နယ်များရှိ ကယ်ဆယ်ရေးစခန်းများသို့ အခြားသတင်းသမား နှစ်ဦးနှင့်အတူ သွားရောက်လေ့လာဖြစ်ခဲ့သည်။

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (Kachin Independence Army-KIA) ကြား တစ်ကျော့ပြန် ဖြစ်လာသော တိုက်ပွဲများကြောင့် ထိုကျေးရွာများတွင် နေထိုင်သည့် ဒေသခံများမှာ အသက်လုပြီးထွက်ပြေးခဲ့ရသည်။ သူတို့၏ နေအိမ်၊ လယ်ယာ၊ ကျွဲ၊ နွား၊ အိမ်မွေးတိရစ္ဆာန်များနှင့် သူတို့ပိုင်ဆိုင်သည့်ပစ္စည်းများကို သည်အတိုင်း ပစ်ထားခဲ့ရသည်။

တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် နေရပ်စွန့်ခွာထွက်ပြေးရသည့် စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက်မှာ ၁၁၉,ဝဝဝ ကျော်ရှိသည်ဟု ကုလ သမဂ္ဂလူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ရုံး (UNOCHA) က ဆိုသည်။

စစ်ဘေးရှောင်ထက်ဝက်ခန့်မှာ မြန်မာအစိုးရ၏ ထိန်းချုပ် နယ်မြေပြင်ပတွင် ရှိနေကြသည်ဟု UNOCHA က ဆိုသည်။

ထို့နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များ မှာ ကယ်ဆယ်ရေးစခန်းတန်းလျားများတွင် နေထိုင်ကြသည်မှာ ငါးနှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း သူတို့၏ ကိုယ့်ရပ်၊ ကိုယ့်ရွာပြန် ရေးမှာ အလှမ်းဝေးနေဆဲဖြစ်သည်။

ယခုအခါ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများမှ စားနပ်ရိက္ခာထောက်ပံ့ကူညီမှုများမှာလည်း လျော့ကျလာခဲ့သည့်အတွက် စစ်ဘေးရှောင်များ၏  စားဝတ်နေ ရေးအခြေအနေမှာ အခက်အခဲများစွာ ရှိလာခဲ့သည်ဟု ကယ် ဆယ်ရေးစခန်းတာဝန်ရှိသူများက ပြောသည်။

ကျွန်တော်တို့သွားရောက်ခဲ့သည့် ကယ်ဆယ်ရေးစခန်း များတွင် နေထိုင်သူများအား ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေး အဖွဲ့ (World Food Program – WFP )က တစ်လလျှင် လူ တစ်ဦးကို ဆန်ခြောက်ပြည်ခွဲ၊ ဆီ၊ ဆား၊ ပဲ စသည့် ရိက္ခာများကို လည်း ထောက်ပံ့ပေးခဲ့သည်။ ထိုကဲ့သို့ WFP မှ ထောက်ပံ့ပေး သည့်ရိက္ခာများကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဘာသာ ရေးအဖွဲ့အစည်းများက စစ်ဘေးရှောင်များအား တစ်ဆင့်ဖြန့်ဝေ ပေးခြင်းဖြစ်သည်။

သို့သော် လွန်ခဲ့သည့် ငါးလခန့်မှ စတင်ကာWFP မှ ဆန်၊ ဆီ၊ ဆား ထောက်ပံ့သည့် အစီအစဉ်ကို ရပ်တန့်လိုက်သည်။ ထို နေရာတွင် အစားထိုးအနေဖြင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်း သူများနှင့် အလုပ်လုပ်ကိုင်နိုင်သည့် ယောကျ်ားသားမရှိသော မိသားစုများကို တစ်လလျှင် လူတစ်ဦးအတွက် ကျပ်ငွေ ၁၃,ဝဝဝ နှုန်းသတ်မှတ်ထားပြီး အလုပ်လုပ်ကိုင်နိုင်သူရှိသော မိသားစုများ ကိုမူ တစ်လလျှင်  လူတစ်ဦးအတွက် ကျပ်ငွေ ၉,ဝဝဝ သာ ထောက်ပံ့တော့သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

”ထောက်ပံ့တာတွေ လျော့ကျလာတာတွေက တစ်ကမ္ဘာ လုံးမှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ဆိုင်တယ်။ အခုက ဒုက္ခသည်တွေ များလာတယ်။ အဲဒါကြောင့် ဒီဘက်မှာ လျော့လာတာ”ဟု WFP မှ တာဝန်ရှိသူများက သုံးသပ်ပြသည်ကို ဗန်းမော်ခရိုင် ကချင်နှစ်ခြင်းအသင်းတော်(Kachin Baptist Convention – KBC) စီမံကိန်းညှိနှိုင်းရေးမှူး ဆရာလာရွယ်က ကိုးကားပြော ဆိုသည်။

ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသော စစ်ဘေးရှောင် များမှာ လက်ရှိအချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နေ့စားဝင်လုပ်သူများရှိသလို တောင်ယာစိုက်ခင်းများတွင်လည်း နေ့စားဝင်လုပ်ကြသည်များလည်းရှိသည်။ စခန်းတွင် တစ်ပိုင် တစ်နိုင် ဈေးဆိုင်များဖွင့်ကြသည်။ တချို့စခန်းများတွင် ပယင်း ကျောက်ကို လက်ဝတ်ရတနာအဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင် ကြသူများလည်း ရှိသည်။

ထို့ကဲ့သို့ ထောက်ပံ့ကြေးများမှာ ယခုထက်လျော့ကျလာ မည်ဆိုပါက ”မမြင်နိုင်တဲ့ ပြဿ      နာတွေ အများကြီးဖြစ်လာနိုင် တယ်”ဟု ဝိုင်းမော်မြို့နယ် မိုင်းနားကချင်နှစ်ခြင်းအသင်း ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးခေါင်ဒေါင်က ပြောသည်။

”စီးပွားရေးထွက်ရှာကြမှာလေ။ အလွယ်ရနိုင်တဲ့နည်းနဲ့ လည်း ရှာကြမှာပဲ။ ဒီမှာဆို မူးယစ်ဆေးဝါးလည်း အလွယ်တကူ ရတယ်။ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှုတွေလည်း ဖြစ်လာနိုင် တာပဲ”ဟု သူက ဆိုသည်။

မြစ်ကြီးနားရောက်ပြီး နောက်တစ်ရက်တွင် ကျွန်တော် တို့သည် ဝိုင်းမော်မြို့နယ်မှ ခတ်ချိုကျေးရွာကယ်ဆယ်ရေးစခန်း ကို သွားရောက်ခဲ့သည်။ မြစ်ကြီးနားကနေ ထိုစခန်းသို့ ကားဖြင့် နာရီဝက်ခန့်သွားရသည်။ ထိုစခန်းတွင် နေထိုင်သူများသည် တိုက်ပွဲများ တစ်ကျော့ပြန်စဖြစ်သည့်အချိန် (၂ဝ၁၁ ဇွန်)က တည်းက တိမ်းရှောင်လာကြသူများဖြစ်သည်။

အသက် ၄၈ နှစ်အရွယ် ဒေါ်ဆောင်ကြည်တို့မိသားစုဆိုလျှင် ခတ်ချိုကယ်ဆယ်ရေးစခန်းကို ရောက်ရှိနေသည်မှာ ငါးနှစ်ခန့် ရှိပြီဖြစ်သည်။ တိုက်ပွဲမဖြစ်ခင် သူတို့မိသားစုမှာ ဝိုင်းမော်မြို့နယ်မှ နန်ဆန်ယန်ကျေးရွာတွင်နေထိုင်ခဲ့သည်။ ဝိုင်းမော်မှ နန်ဆန်ယန် သို့ ကားဖြင့် နှစ်နာရီခန့်သွားရသည်။ ကျေးရွာအနီးတွင် အစိုးရ စစ်တပ်နှင့် KIA တို့ကြား တိုက်ပွဲဖြစ်ကြသောကြောင့် ထွက်ပြေး လာရခြင်း ဖြစ်သည်။

နန်ဆန်ယန်ကျေးရွာတွင် နေထိုင်စဉ်တုန်းက သူတို့ မိသားစုမှာ စားဝတ်နေရေးအဆင်ပြေခဲ့သည်။ သူ၏ အမျိုးသား မှာ တခြားသူဆီက လယ်ကိုငှားပြီး လုပ်သည်။ ဒေါ်ဆောင်ကြည် မှာလည်း အိမ်တွင် ကုန်ဆုံဆိုင်လေးနှင့်တွဲပြီး ထမင်းရောင်းသည်။

နန်ဆန်ယန်ကျေးရွာအနီးရှိ ချောင်းတွင် ရွှေထွက်သည့် အတွက် တခြားဒေသမှ ရွှေလာကျင်သူများသည် သူ့ထမင်း ဆိုင်တွင် လပေးထမင်းစားကြသည်။ သူတို့ရွာကို ဧည့်သည်များ မကြာခဏရောက်လာတတ်သောကြောင့် အိမ်တွင် တည်းခိုခန်း ပုံစံမျိုး ဖွင့်ထားသည်။

ထိုသို့အဆင်ပြေပြေနေထိုင်ရာမှ စစ်ဖြစ်လာသည့်အခါ သူတို့ရွာအနီးတွင် တအုန်းအုန်း၊ တဒိုင်းဒိုင်း သေနတ်သံ၊ လက် နက်ကြီးပစ်ခတ်သံများကို ကြားသည့်အခါ သားသမီးများကို ဆွဲ ခေါ်ပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာရသည်။ လုပ်ငန်းနှင့် အိမ်ကို သည်အတိုင်းပစ်ထားခဲ့ရသည်။

”ဒီမှာက ဘာမှလုပ်စရာအလုပ်မရှိဘူး။ တောင်ယာတွေ မှာလုပ်တဲ့ နေ့စားအလုပ်ဆိုရင်လည်း စခန်းမှာ အလုပ်မရှိတဲ့သူ တွေများတော့ ရှိတဲ့အလုပ်ထက် လူကများနေတယ်။ အလုပ်လုပ် ရဖို့က မလွယ်ဘူး”ဟု သူက ရှင်းပြသည်။

သူတို့မှာ မိသားစုဝင်ခြောက်ယောက်ရှိသည်။ အလုပ် အကိုင်ရှားပါးသောကြောင့် ကယ်ဆယ်စခန်းတွင် ရှေ့ဆက်နေရ လျှင် မူလတန်းနှင့် အထက်တန်းပညာရေးတွင် ပညာသင်ကြား နေကြသော သားသမီးများကို ရှေ့ဆက်ပညာသင်ကြားရန်မှာ မလွယ်ကူတော့ကြောင်းသူကဆိုသည်။

သူ့တွင် သားသမီးလေးယောက်ရှိသည်။ သမီးတစ် ယောက်မှာ မြစ်ကြီးနားတွင် တက္ကသိုလ်တက်နေသည်။ ကျန် သည့် သားနှစ်ယောက်နှင့် သမီးတစ်ယောက်မှာ နဝမတန်း၊ စတုတ္ထတန်းနှင့် တတိယတန်းတို့တွင် ပညာသင်ကြားနေကြသည်။

သူတို့မိသားစုတွင် လူခြောက်ယောက်ရှိသည့်အတွက် ထောက်ပံ့ကြေးအဖြစ် လူတစ်ယောက်ကို တစ်ရက် ၃ဝဝ၊ တစ်လ ၉,ဝဝဝ ကျပ်နှုန်းဖြင့် ၅၄,ဝဝဝကျပ် ရရှိသည်ဟုဆိုသည်။

”အလုပ်အကိုင်ကလည်း မရှိတော့ ဒီလောက်ငွေလေးနဲ့ ဘယ်လိုလုပ်စားလို့ရမှာလဲ။ ကိုယ့်ရွာကို ပြန်ချင်ပြီ” ဟု သူက ညည်းညူရင်းပြောသည်။

သို့သော် သူတို့ရွာတွင် အစိုးရစစ်တပ်မှ တပ်စွဲထားသည်။ ကျေးရွာထဲတွင်လည်း မိုင်းအန္တရာယ်များလည်း ရှိနိုင်သော ကြောင့်  အိမ်ကိုပြန်ရမည်ဆိုလျှင်လည်း မပြန်ရဲဟုသူကဆိုသည်။

”ဘုရားမှာ ညောင်ရေအိုးလဲရင် ငြိမ်းချမ်းရေးမြန်မြန်ရပါ စေလို့ အမြဲတမ်းဆုတောင်းတယ်”ဟု ဗုဒ္ဓဘာသာဝင် ဒေါ်ဆောင် ကြည်က ဆိုသည်။

ကျွန်တော်တို့သည် ခတ်ချိုကယ်ဆယ်ရေးစခန်းမှ ထွက် လာခဲ့ကြပြီး သာဂရသရက်တောဘုန်းကြီးကျောင်းတွင်ရှိသည့် ကယ်ဆယ်ရေးစခန်းကို သွားခဲ့ကြသည်။ ထိုကယ်ဆယ်ရေး စခန်းတွင် အိမ်ထောင်စု ၈ဝ ကျော်ရှိပြီး လူဦးရေ ၄ဝဝ ကျော် ရှိသည်။

သာဂရစခန်းတွင်နေထိုင်သည့် အသက် ၇၁ နှစ်ရှိ ရှမ်း တိုင်းရင်းသား ဦးအိုက်ဆန်းဆိုလျှင် ရွာတွင်ကျန်ခဲ့သည့် အိမ်နှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များကို သွားကြည့်ချင်နေသည်။ သူ့အိမ်တွင် ဝက်မကြီးသုံးကောင်ရှိသည့်အပြင် ကြက်လည်း မွေးမြူထား သည်။  သူတို့မိသားစု ရွာက ထွက်လာပြီးနောက်ပိုင်း ရွာကို တစ်ခေါက်မှ သွားမကြည့်ရသေးဟုဆိုသည်။

စစ်ပွဲမဖြစ်ခင်က သူတို့မိသားစုမှာ ဝိုင်းမော်မြို့မှ နှစ်နာရီ ခန့် ဆိုင်ကယ်နှင့်သွားရသော စံပိုင်ကျေးရွာတွင် နေထိုင်ကြ သည်။ တိုက်ပွဲတွေပြန်မဖြစ်ခင်က စံပိုင်ကျေးရွာသည် KIA ထိန်းချုပ်နယ်မြေအတွင်း တည်ရှိသည့်ရွာဖြစ်သည်။

ရွာအနီးတွင် တိုက်ပွဲဖြစ်လာသည့်အတွက် ဦးအိုက်ဆန်းတို့ မိသားစုမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာကြ ခြင်းဖြစ်သည်။ ရွာတွင် နေထိုင်စဉ်အတွင်း လယ်သုံးဧကရှိသည်။ အိမ်ခြံဝင်းထဲတွင်လည်း ကျွန်းပင်ကြီးများရှိသည်။

မြစ်ကြီးနားမှ ဗန်းမော်မြို့ သို့သွားသည့် လမ်းဘေးတွင် တွေ့ရသည့် အိမ်အချို့ ။ ဓာတ်ပုံ -ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း
မြစ်ကြီးနားမှ ဗန်းမော်မြို့ သို့သွားသည့် လမ်းဘေးတွင် တွေ့ရသည့် အိမ်အချို့ ။ ဓာတ်ပုံ -ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

”ရွာမှာက (အစိုးရ) စစ်သားတွေရှိတယ်လေ။ ရွာကိုသွား ကြည့်ချင်ရင်လည်း သွားလို့မရဘူး။ မှတ်ပုံတင်မှာ စံပိုင်ရွာက လို့ပါရင် မသွားရဘူး။ သွားရင်လည်း ငြိမ်းချမ်းရေးမရသေးတော့ တိုက်ပွဲပြန် ဖြစ်ကြမှာပဲ” ဟု သူက ရှမ်းသံဝဲဝဲနှင့်ပြောသည်။

သူတို့၏ ဝါးအိမ်သည် ယခုအချိန်လောက်ဆို ပျက်စီးသွား လောက်ပြီဟု ဦးအိုက်ဆန်းတွက်ထားသည်။ ကျွဲ၊ နွား တိရစ္ဆာန် များမှာလည်း မရှိလောက်တော့ဟု သူက မှန်းဆသည်။

ကျွန်တော်နှင့် ဦးအိုက်ဆန်း စကားပြောနေစဉ် ကျွန်တော် တို့အနီးကို အသက် ၆ဝကျော် အမျိုးသမီးကြီးတစ်ဦးရောက် လာသည်။ ဦးအိုက်ဆန်း၏ မိန်းမဖြစ်သူ ဒေါ်ဒါရှီးရွယ်ဖြစ်သည်။

ဒေါ်ဒါရှီးရွယ်သည် အသက်ကြီးပြီဖြစ်သောကြောင့် သေ မယ်ဆိုရင်လည်း ကိုယ့်ရပ်ကိုယ်ရွာမှာ ပြန်ပြီးသေချင်သည်ဟု     ဆို သည်။

”ဒေါ်စု အစိုးရဖြစ်လာလို့ အိမ်ပြန်ရမယ်လို့ထင်နေတာ။ ခုက ဘာမှ မသိရသေးဘူး။ ငြိမ်းချမ်းရေး မြန်မြန်ရပါစေလို့ပဲ ဆုတောင်းနေတယ်”ဟု သူက ဆိုသည်။

 

(၃)

ကျွန်တော်တို့ သာဂရ ကယ်ဆယ်ရေးစခန်းမှ ထွက်လာပြီး မဒိန်ကချင်နှစ်ခြင်းအသင်းတော်ကျောင်းဝင်းအတွင်းတွင်ရှိ သည့် စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းကို သွားခဲ့ကြသည်။

စခန်းထဲတွင် မူကြိုကျောင်းဖွင့်ထားသည်။ ကျောင်းတွင် ငါးနှစ်အောက် ကလေးငယ်များဆော့ကစားနေကြသည်။  တချို့ မှာ ဒန်းစီးနေကြသည်။ တချို့ကလေးငယ်များမှာ သဲမြေများကို သဲပုံများပြုလုပ်ကာ ကစားနေကြသည်။

ယင်းမူကြိုကျောင်းတွင် မဒိန်ကယ်ဆယ်ရေးစခန်းမှ ကလေးငယ်များအပြင် မဒိန်ကျေးရွာမှ ကလေးများလည်း ကျောင်းလာတက်ကြသည်ဟုဆိုသည်။

မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတက်နေသော ကလေးငယ်များမှာ မဒိန်ကျေးရွာတွင်ရှိသော ကျောင်းမှာ တက် ကြသည်ဟု အသက် ၂၃ နှစ်အရွယ် ဆရာမ မချန်းဝင်းက ပြောပြသည်။

ကျွန်တော်တို့သည် တစ်ရက်တည်းနှင့် ကယ်ဆယ်ရေး    စခန်းလေးခုကို သွားရမည်ဖြစ်သောကြောင့် မဒိန်ကယ်ဆယ်ရေး စခန်းတွင်နေထိုင်သူတချို့ကို တွေ့ဆုံမေးမြန်းပြီးနောက် ဝိုင်း မော်မြို့နယ်၊ မိုင်းနားကျေးရွာအနီး ကချင်နှစ်ခြင်းအသင်းတော် ပိုင်ဆိုင်သော မြေနေရာတွင် ဆောက်ထားသည့် မိုင်းနားကယ် ဆယ်ရေးစခန်းကို သွားခဲ့ကြသည်။

မိုင်းနားကယ်ဆယ်ရေးစခန်းတွင် ကျေးရွာပေါင်း သုံးဆယ် မှ စစ်ဘေးရှောင်မိသားစု ၄၂ဝ နေထိုင်ပြီး လူဦးရေမှာ ၂,၄ဝဝ ကျော်ရှိသည်။ အဆောက်အအုံပေါင်း ၄၆ ခုရှိပြီး အခန်းပေါင်း ၄၆ဝ ရှိသည်။ အဆောက်အအုံတစ်ခုတွင် ဆယ်ခန်းပါရှိသည်။ ဝိုင်းမော်မြို့နယ်တွင်တော့ အကြီးဆုံးကယ်ဆယ်ရေးစခန်း ဖြစ်သည်။

စခန်းရောက်သည်နှင့် ကျွန်တော်တို့ စခန်းကို လှည့်ပတ်ပြီး ဓာတ်ပုံရိုက်သည်။ စစ်ဘေးရှောင်များနှင့်တွေ့ဆုံမေးမြန်းသည်။ အခြားကယ်ဆယ်ရေးစခန်းများနည်းတူ ဤစခန်းတွင်နေထိုင် ကြသူများလည်း ငြိမ်းချမ်းရေး မြန်မြန်ရစေချင်ကြောင်း၊ အိမ် ပြန်ချင်နေပြီဖြစ်ကြောင်း၊ စခန်းမှာ နေရသည်မှာ အလုပ်အကိုင်၊ စားရေးသောက်ရေးကအစ အလွန်ခက်ခဲကြောင်း ပြောဆို        ကြသည်။

စစ်ဘေးရှောင်များနေထိုင်သည့် အခန်းများကို လှည့်လည် ကြည့်ရှုသောအခါ ကျဉ်းမြောင်းသည့်အပြင်  လှေကားထားသည့် ဝင်ပေါက်တစ်ခုသာရှိပြီး အခန်းထဲတွင် မှောင်မည်းနေသည်။ လေဝင်လေထွက်မကောင်းသည့်အတွက် လှောင်ပိတ်၍ နေ သည်။ အမျိုးသမီးတချို့မှာ အခန်းထဲတွင် ပူအိုက်သောကြောင့် အခန်းရှေ့မျက်နှာစာရှိ ကွပ်ပျစ်များပေါ်တွင် အိပ်နေကြသည်။

စခန်းထဲတွင် ကုန်စုံဆိုင်ငယ်များ ဖွင့်ထားကြသည်။ မြေ ကြီးပေါ်တွင် အိတ်များကိုခင်းပြီး အာလူးနှင့် ဟင်းသီးဟင်းရွက် များကို ရောင်းချနေကြသည်များလည်းရှိသည်။

စခန်းတွင် ကျန်းမာရေးနှင့် ပညာရေးကို အစိုးရက ဆောင် ရွက်ပေးသည်။ သူနာပြုဆရာမများကို စခန်းတွင် တာဝန်ချပေး ထားသည်။ ပညာရေးအတွက် ကလေးများကျောင်းတက်နိုင်ရန် မိုင်းနားကျေးရွာတွင်ရှိသော စာသင်ကျောင်းများတွင် စခန်းက ကျောင်းသူ၊ ကျောင်းသားများအတွက် စာသင်ကျောင်းစီစဉ် ပေးထားသည်ဟု စခန်းတာဝန်ခံ ဦးခေါင်ဒေါင်က ဆိုသည်။

စစ်ဘေးရှောင်များမှာ ကယ်ဆယ်ရေးစခန်းတွင် အနေ ကြာလာသည်နှင့်အမျှ သူတို့တွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင် ရာ ထိခိုက်မှုများရှိလာကာ အလုပ်အကိုင်ရှားပါးသောကြောင့် စိတ်ဓာတ်ကျသူများလည်းရှိလာပြီး  စခန်းတွင်ထောက်ပံ့နေ သည်များကို မှီခိုချင်သော စိတ်များဖြစ်ပေါ်လာကြသည်ဟု ဦးခေါင်ဒေါင်က ပြောပြသည်။

စစ်ဘေးရှောင်များ နေရပ်ပြန်ရေးမှာ ငြိမ်းချမ်းရေးဆွေး နွေးပွဲအပေါ်တွင် မူတည်နေသည်။ ခိုင်မာသည့်ငြိမ်းချမ်းရေးရမှ သူတို့အိမ်ပြန်နိုင်မည်။ ငြိမ်းချမ်းရေးရပြီးနောက်တွင်လည်း သူတို့ ၏ နေထိုင်ရာ ပတ်ဝန်းကျင်တွင် မိုင်းရှင်းလင်းရေးအပြင် တခြား ပြန်လည်ထူထောင်ရေးများကိုလည်း လုပ်ပေးရမည်ဟု ဦးခေါင် ဒေါင်က ဆက်လက်ပြောသည်။

ပြီးခဲ့သည့် အစိုးရသက်တမ်းတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များလုပ်ခဲ့သော်လည်း အစိုးရသက်တမ်းကုန်ဆုံးသွားသည့် အချိန်အထိ ကချင်ပြည်နယ်တွင် ထူးခြားသောပြောင်းလဲမှုမရှိခဲ့။ ယခု အစိုးရလက်ထက်တွင်တော့ ငြိမ်းချမ်းရေးကိစ္စဆောင်ရွက် သည့်အခါ ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာသောကြောင့် မျှော် လင့်ချက်ရှိလာသည်ဟု ဦးခေါင်ဒေါင်က ဆိုသည်။

ဦးခေါင်ဒေါင်နှင့် အင်တာဗျူးပြီးသည်နှင့် ညနေ လေးနာရီ ထိုးခါနီးပြီဖြစ်သည်။ ကျောင်းဝတ်စုံဝတ်ထားသော ကျောင်း သား၊ ကျောင်းသူများသည် ကျောင်းကနေစခန်းသို့ပြန်လာနေ ကြသည်။ တချို့မိဘများသည် သူတို့သားသမီးများကို ဆိုင်ကယ်၊ စက်ဘီးတို့ဖြင့် သွားကြိုကြသည်။

တချို့ကလေးငယ်များမှာ လမ်းလျှောက်ပြန်လာကြပြီး သူတို့လက်ထဲတွင် စတီးချိုင့်များကိုင်ထားကြသည်။ စက်ဘီးကို ကိုယ်တိုင်နင်းပြီး ကျောင်းက ပြန်လာကြသည့်ကလေးငယ်များလည်းရှိသည်။

ကျွန်တော်တို့ မိုင်းနားကယ်ဆယ်ရေးစခန်းမှ ထွက်လာပြီး နောက် အစိုးရမှ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သည့် စစ် ဘေးရှောင်များအတွက် ပြန်လည်နေရာချထားပေးသော ငွေ ပျော်စံပြကျေးရွာကို သွားကြသည်။ ထိုကျေးရွာသည် အင်ခိုင် ဘွန်တောင်ခြေတွင်တည်ရှိပြီး မြစ်ကြီးနားမှ ကားဖြင့် မြေသား လမ်းတစ်ပိုင်း၊ ကွန်ကရစ်လမ်းတစ်ပိုင်းကိုဖြတ်ပြီး နာရီဝက်ခန့် သွားရသည်။

ကယ်ဆယ်ရေးစခန်းမှ ထိုကျေးရွာသို့ မိမိဆန္ဒအလျောက် ပြောင်းရွှေ့နေထိုင်လိုသူများကို ၂ဝ၁၄၊ မေ မှာ ပြောင်းရွှေ့နေထိုင် စေခဲ့ခြင်းဖြစ်သည်။ ကျေးရွာတွင် အိမ်ခြေ ၄၈၂ လုံးရှိပြီး လော လောဆယ် ၃၃၄ အိမ်တွင် လူများနေထိုင်နေကြသည်ဟု ကျေး ရွာတာဝန်ခံ ဦးသောင်းဆာက ပြောသည်။

ကျေးရွာမှာ ရွာသစ်တည်ခါစဖြစ်သည့်အတွက်ကြောင့်  ဟင်းလင်းပြင်ကြီးမှာ ရွာတည်ထားသလိုဖြစ်နေသည်။ တချို့ သော အိမ်ခြံဝင်းများထဲတွင် ပြောင်းဖူး၊ ဟင်းသီးဟင်းရွက်များ ကို  စိုက်ပျိုးထားကြသည်။

ငွေပျော်စံပြကျေးရွာတွင် နေထိုင်သူများမှာ ခြံဝင်းထဲတွင် လုံးချင်းအိမ်နှင့်နေထိုင်ရသောကြောင့် ကယ်ဆယ်ရေးစခန်း များတွင် နေထိုင်သူများထက် အနေအထိုင်အဆင်ပြေကြသော် လည်း အလုပ်အကိုင်ရှားပါးသောကြောင့် စားဝတ်နေရေး အခက်အခဲရှိသည်ဟု ကယ်ဆယ်ရေးစခန်းမှ ယင်းကျေးရွာသို့ ပြောင်းရွှေ့နေထိုင်လာသူများက ဆိုသည်။

ကျွန်တော်တို့ ကျေးရွာက ထွက်လာတော့ မှောင်ရီပျိုးနေ ပြီ ဖြစ်သည်။ ကျေးရွာထဲတွင် ကလေးငယ်အချို့ အပြေးအလွှား ဆော့ကစားနေကြသည်။ ကျွန်တော်တို့ မြစ်ကြီးနားမြို့ပေါ်ရောက် သည့်အခါ မိုးချုပ်နေပြီဖြစ်သည်။

အပိုင်း(၂)သို့

၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ် (၃၆) မှ ပို့စကဒ် ဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."