အိမ်ပြန်ခရီး အလှမ်းဝေးနေဆဲ အပိုင်း(၂)

(၄)

နောက်နေ့ ဇွန် ၄ ရက်တွင် ကျွန်တော်တို့သည် ဝိုင်းမော် မြို့နယ်၊ မိုင်းနားလီဆူ (AG) ကယ်ဆယ်ရေးစခန်းကို မနက် ၁ဝ နာရီ သွားခဲ့ကြသည်။ မြစ်ကြီးနားမှ ကားဖြင့် ဆယ်မိနစ်သာသာ သွားရသည်။

မိုင်းနားလီဆူ ကယ်ဆယ်ရေးစခန်းကို ရောက်သည့်အခါ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သူများမှာ ကျွန်တော်တို့ လာရောက်မည်ကို ကြိုသိနေသောကြောင့် အဆောက်အအုံ တစ်ခုထဲတွင် စုဝေးကာ စောင့်နေကြသည်။ ကျွန်တော်တို့သည် ရှေ့က စခန်းများမှာလို တစ်ယောက်ချင်း လိုက်မမေးမြန်းတော့။  တစ်နေရာတည်းတွင် မေးခွန်းများ မေးလိုက်ကြသည်။

မိုင်းနားလီဆူကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၁၄၉ စုရှိပြီး လူဦးရေ ၈၄၁ ဦးရှိသည်။ ”ဒီကိုရောက်နေတဲ့သူတွေ အများစုက တောင်သူတွေပါ။ အစိုးရချပေးတဲ့ရွာ(ငွေပျော်စံပြ)မှာလည်း ဘာမှလုပ်စားစရာမရှိဘူး။ ကျွန်မတို့ ရွာမှာဆို ဘာတွေ လုပ်စားလို့ရတယ်ဆိုတာ အကုန်သိတယ်။ ကျွန်မတို့ ရွာကိုပြန်ရ ပြီဆိုတာပဲ ကြားချင်တယ်”ဟု နန်ဆန်ယန်ကျေးရွာဇာတိ အသက် ၄၄ နှစ် အရွယ် ဒေါ်ငွါးမသားက ပြောသည်။

မိုင်းနားလီဆူ ကယ်ဆယ်ရေးစခန်းတွင် တွေ့ဆုံမေးမြန်း ပြီးနောက် ကျွန်တော်တို့သည် စိန့်ဂျိုးဇက်မိုးနား (Roman Catholic -RC) ကယ်ဆယ်စခန်းကိုသွားခဲ့ကြသည်။ မိုင်းနားလီ ဆူစခန်းမှကားဖြင့် ၁၅ မိနစ်ခန့် သွားရသည်။ ယင်းစခန်းတွင် အိမ်ထောင်စု ၂၂ဝ ဝန်းကျင်နေထိုင်ကြပြီး လူဦးမှာ ၁,၂ဝဝ ဝန်း ကျင်ရှိသည်။

စစ်ဘေးရှောင်များနေထိုင်သည့်အခန်းများမှာ အခြား သော စခန်းများကဲ့သို့ ရှည်မျောမျောအဆောက်အအုံများကို အခန်းများ ဖွဲ့ပေးထားခြင်းဖြစ်သည်။ သွပ်မိုးထားသောကြောင့် အခန်းထဲတွင် ပူအိုက်နေသည်။ မည်းမှောင်၍လည်း နေသည်။ အသက်ကြီးပိုင်းများမှာ အခန်းထဲတွင်မနေဘဲ အခန်းရှေ့ အဖီ တွဲလေးများတွင် ထိုင်သူက ထိုင်၊ အိပ်သူက အိပ်နေကြသည်။

ကလေးငယ်တချို့မှာလည်း သစ်ပင်ပေါ်တက်နေကြသည်။ သစ်ပင်တက်သည့် ကလေးငယ်များကို အောက်တွင်ရှိနေသော ကလေးငယ်များက မပြီးတွန်းတင်နေကြသည်။ တချို့ကလေးများ သည် ကော်ခွက်လေးထဲတွင် သစ်ရွက်များကို ထည့်ကာ ဈေး ရောင်းတန်းကစားနေကြသည်။ သူတို့၏ မျက်နှာသည် အပူအပင် ကင်းမဲ့နေပြီး ပြုံးရွှင်နေကြသည်။

လူကြီးတွေကတော့ စိတ်ညစ်ညူးနေဟန်ရှိပြီး စခန်းမှ အသက် ၃၄ နှစ်အရွယ် ဒေါ်ကော့ဘူကတော့  ”ဒီစခန်းမှာနေရ တာ စိတ်လည်း မပျော်ရွှင်ဘူး။ ပိုက်ဆံလည်း ရှာလို့မရဘူးလေ”ဟု ဆိုသည်။

သူတို့မိသားစုမှာ ဝိုင်းမော်မြို့နယ်၊ နန်ဇော်ကျေးရွာဇာတိ ဖြစ်ပြီး ရွာတွင် လယ်ငါးဧက လုပ်ကိုင်ပြီး  ဥယျာဉ်ခြံတွင်လည်း နှစ်ရှည်သီးနှံပင်ဖြစ်သည့်  တညင်းပင်များကို စိုက်ပျိုးထားသည်။ လွန်ခဲ့သည့်လက နန်ဇော်ရွာတွင် ကျန်ခဲ့သည့်လယ်နှင့် ဥယျာဉ်ခြံ ကို ဒေါ်ကော့ဘူ သွားခဲ့သေးသည်။

”ရွာမှာက အိမ်တွေ မရှိတော့ဘူး။ အကုန်ပျက်စီးကုန်ပြီ။ ရွာထဲမှာလည်း ချုံတွေ၊ တောတွေ ဖြစ်ကုန်ပြီ”ဟုသူက ပြော ပြသည်။

ကျွန်တော်တို့သည် စိန့်ဂျိုးဇက်စခန်းမှ စခန်းတာဝန်ရှိသူ များနှင့် စစ်ဘေးရှောင်များကို လှည့်လည်တွေ့ဆုံမေးမြန်းပြီး နောက် မြစ်ကြီးနားမြို့ပေါ်မှ တည်းခိုခန်းကို ပြန်ခဲ့ကြသည်။  နောက်နေ့တွင် ကျွန်တော်တို့သည် ဗန်းမော်မြို့ကို ခရီးဆက်ရ မည်ဖြစ်သောကြောင့် တခြားကယ်ဆယ်ရေးစခန်းများကို ဆက် မသွားတော့ဘဲ စောစောနားလိုက်ကြခြင်း ဖြစ်သည်။

(၅)

ဇွန် ၅ ရက်၊ မနက် ၈ နာရီခန့်တွင် မြစ်ကြီးနားကနေ ဗန်း မော်မြို့သို့ လိုင်းဆွဲနေသည့် ကချင်မင်းသားကားဖြင့် ထွက်ခဲ့ကြ သည်။ ကျွန်တော်တို့ စီးလာသည့်ကားမှာ လူလေးယောက်ဆံ့ သည့် Honda ကားအမျိုးအစားဖြစ်သည်။ ကားပေါ်တွင် ကျွန် တော်တို့ သုံးယောက်နှင့် နောက်ထပ် အသက် ၆ဝ ဝန်းကျင်ခန့် ရှိသော ဦးလေးကြီးတစ်ဦးလည်း ပါလာသည်။

ဝိုင်းမော်မြို့ကို ရောက်သည့်အခါ ကားသမားက ကျွန်တော် တို့၏ မှတ်ပုံတင်များကိုတောင်းယူပြီး မိတ္တူဆွဲကာ ယူထားလိုက် သည်။ လမ်းတွင်ရှိသော စစ်ဆေးဂိတ်များတွင် ပေးရန်အတွက် ဖြစ်သည်။ ယင်းနောက် ကျွန်တော်တို့ စီးလာသည့် ကားမှာ ဝိုင်း မော်မြို့နယ်ထဲက ကျေးရွာများကို တစ်ရွာပြီး တစ်ရွာဖြတ်ကျော် လာခဲ့သည်။

ဝိုင်းမော်မြို့မှ တစ်နာရီခွဲခန့်မောင်းလာပြီးနောက်တွင် ကျေးရွာများကို မတွေ့ရတော့ပေ။ စိမ်းစိုသည့်တောအုပ်၊ မြင့်မား သည့် တောင်တန်းများကိုသာ တွေ့လာရသည်။ ဆောင်းပါး အစတွင်ဖော်ပြခဲ့သည့် ပျက်စီးနေသည့်ဘုရားကျောင်း၊ ပျက်စီး နေသည့် အိမ်နှင့် ချုံနွယ်များတက်နေသည့် အိမ်များကို စတွေ့ရ တော့သည်။

ကျွန်တော်တို့ ယင်းအိမ်ပျက်များကို ဓာတ်ပုံရိုက်ကြသည်။ ထိုသို့ ဓာတ်ပုံရိုက်နေရင်း မြန်မာစစ်တပ်မှ ချထားသော စခန်း တစ်ခုကို ရောက်သွားသည်။ စစ်ဆေးရေးဂိတ်ဖြစ်သည်။ ကျွန် တော်နှင့်အတူပါလာသည့် သတင်းထောက်တစ်ယောက်က စစ်ဆေးရေးဂိတ်ကို ဓာတ်ပုံရိုက်သည့်အခါ  စခန်းမှစစ်သားတစ် ဦး မြင်သွားသည့်အတွက် ကျွန်တော်တို့ကို ကားပေါ်မှ ဆင်း ခိုင်းသည်။

တာဝန်ရှိစစ်သားတစ်ဦးက ရိုက်ထားသည့် ဓာတ်ပုံများကို ပြခိုင်းပြီး စစ်ဆေးရေးဂိတ်ကို ရိုက်ထားသော ဓာတ်ပုံများကို ဖျက်ခိုင်းသည်။ ”ရှေ့မှာ ဓာတ်ပုံမရိုက်ပါနဲ့ လူကြီးတွေရှိတယ်”ဟုပြောပြီး ကျွန်တော်တို့ကို ဓာတ်ပုံမရိုက်ဖို့တားသည်။

ကျွန်တော်တို့ကို ဓာတ်ပုံမရိုက်ဖို့ ပြောလိုက်သော်လည်း လမ်းတစ်လျှောက်တွင်မြင်တွေ့နေရသည့် ပျက်စီးနေသော ကျေး ရွာမြင်ကွင်းများက ကျွန်တော့်တို့ကို ဓာတ်ပုံရိုက်ပါဟု တွန်းအား ပေးနေသလိုဖြစ်နေသည်။  ထို့ကြောင့်ပျက်စီးနေသော အိမ်များ ကိုသာ ဓာတ်ပုံရိုက်ပြီး စစ်စခန်းများကို မရိုက်ဖို့ ဆုံးဖြတ်လိုက်  ကြသည်။

ကျောက်ခင်းလမ်းပေါ်မှာ ကျွန်တော်တို့စီးလာသည့် ကား မှာ တစ်နာရီ ကီလိုမီတာ ၈ဝ၊ ၉ဝ ဝန်းကျင်နှုန်းဖြင့် ပြေးနေသည် ကို ကား၏ ဒိုင်ခွက်ပေါ်တွင် တွေ့ရသည်။ အိမ်ပျက်များမှာ ကျွန် တော်တို့၏ ကားနောက်တွင် ရိပ်ခနဲ ရိပ်ခနဲ ကျန်ခဲ့ကြသည်။

ထို့အပြင် လမ်းဘေးတွင် ပြုပြင်မည့်သူမရှိသောကြောင့် ပျက်စီးနေသည့် လိမ္မော်ခြံများကိုတွေ့ရသည်။ ကျေးရွာပျက်များ အနီး ဝါးခြမ်းပြားဖြင့် ကာရံထားသည့် ခြံစည်းရိုးတချို့ ၌အနီ ရောင်အောက်ခံပေါ်တွင် အဖြူရောင်စာလုံးဖြင့် ‘မိုင်းရှိသည်’ဟု ရေးသားထားသော သတိပေးဆိုင်းဘုတ်များကို တွေ့ရသည်။

ကားလမ်းတစ်လျှောက်တွင် ကင်းပုန်းများနှင့် စစ်ဆေး ရေးဂိတ်များကို တွေ့ရသည်။ စစ်သားများမှာ  တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့် သေနတ်များကိုကိုင်ထားကြသည်။ ထို့ အပြင် တချို့ကျေးရွာများတွင် အစိုးရစစ်တပ်မှ တပ်စခန်းများ အထိုင်ချထားပြီး စစ်သားများ နေထိုင်ကြသည်ကိုလည်း တွေ့ ရသည်။

ထိုမြင်ကွင်းများကို မြင်လိုက်ရသည့်အခါ ကျွန်တော်တို့ သွားရောက်ခဲ့သော စခန်းများမှ စစ်ဘေးရှောင်များပြောသော စကားများကို ပြန်လည်ကြားယောင်လာသည်။

သူတို့ပြောသည့်အထဲတွင် သူတို့ရွာ၌ အိမ်မရှိတော့သည့် အကြောင်း၊ ရွာထဲတွင် မိုင်းတွေ ရှိနေသည့်အကြောင်းများ ပါ သလို ရွာတွေထဲတွင် စစ်သားတွေရှိသည့်အတွက် မပြန်ရဲသည့်အကြောင်းများလည်းပါသည်။

ထိုကျေးရွာများသည်  ဝိုင်းမော်မြို့နှင့် ဒေါ့ဖုန်းယန်မြို့ကြား ကားလမ်းဘေးတစ်လျှောက်တွင်တွေ့ရသော ရွာများဖြစ်သည်။ ထိုရွာတို့ထက် အတွင်းပိုင်းကျကာ သွားရေးလာရေးခက်ခဲသော နေရာများတွင်ရှိနေသည့် ကျေးရွာများတွင် မည်ကဲ့သို့  ဖြစ်ပျက် နေကြမည်နည်း။ တွေးနေမိသည်။

ကျွန်တော်တို့သည် ဒေါ့ဖုန်းယန်မြို့တွင် ခဏတာနားကြ ပြီး ဗန်းမော်မြို့ကို ခရီးဆက်ကြသည်။ နေ့လယ် ၁၂ နာရီကျော် တွင် ဗန်းမော်မြို့မှ ရောဘတ်ကချင်နှစ်ခြင်းခရစ်ယာန်ဘုရား ကျောင်းခြံဝင်းကို ရောက်သည်။ ရောဘတ်ကျောင်းဝင်းကို သွား ရန် ငြိမ်းဖောင်ဒေးရှင်းမှ ချိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။တနင်္ဂနွေနေ့ ဖြစ်သောကြောင့် ဘုရားကျောင်းတွင် ဝတ်ပြုဆု တောင်းသူများရှိနေသည်။

ထိုကျောင်းဝင်းထဲတွင်ပင် ကျွန်တော်တို့အတွက် နေရာ ထိုင်ခင်းစီစဉ်ပေးသည်။ ထိုကျောင်းဝင်းတွင် ကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ထားပြီး ဗန်းမော်ခရိုင်ထဲတွင် အကြီးဆုံးကယ် ဆယ်ရေးစခန်းဖြစ်သည်။ စစ်ဘေးရှောင် အိမ်ထောင်စု ၆၂၉ စု ရှိပြီး လူဦးရေမှာ ၃,ဝ၈၁ဦး ရှိသည်။

ယာယီအဖြစ်ဆောက်လုပ်ခဲ့ရသော တန်းလျားများမှာ ငါးနှစ်တာရှိလာပြီဖြစ်သဖြင့် အချို့သော ဝါးထရံများမှာ ပြိုပျက် နေကြပြီဖြစ်ပြီး သွပ်များမှာလည်း သံချေးတက်နေကြပြီဖြစ် သည်။ တန်းလျားများမှာ လူများသဖြင့်ကျပ်တည်းစွာနေထိုင်နေကြရသည်။ မိသားစုတစ်စုအတွက် အခန်းတစ်ခန်းသည် ၈ ပေ x ၁ဝ ပေခန့်သာကျယ်ဝန်းသည်။

တန်းလျားများတွင်ရှိနေသော အခန်းများမှာ လူနေသည့် အိမ်ကြမ်းခင်းနှင့် သွပ်ခေါင်မိုးမှာ ၈ ပေခန့်သာမြင့်သည်။  အခန်း များတွင် လူဝင်ပေါက်တစ်ခုမှလွဲပြီး တခြားပြတင်းပေါက် မရှိကြ ပေ။ နေရောင်သည် သွပ်ခေါင်မိုးပေါ်ကို အတားအဆီးမရှိ တိုက် ရိုက်ထိုးကျနေသည်။  အခန်းထဲကို ဝင်လိုက်သည်နှင့် ပူအိုက်လာ ပြီး ကျွန်တော်၏ ခန္ဓာကိုယ်မှ ချွေးများမှာ ရေချိုးလိုက်သကဲ့သို့ တဒီးဒီး စီးကျလာသည်။

ညနေပိုင်း လေးနာရီလောက်တွင် စခန်းမှာ ထမင်းချက်သူ ကချက်၊ ထင်းခွဲသူကခွဲ၊ ရေခပ်သူကခပ်နှင့် စခန်းတစ်ခုလုံးသည် သက်ဝင်လှုပ်ရှားလာသည်။ တန်းလျားတိုင်းက မီးခိုးငွေ့များ ထွက်လာကြသည်။ မိုးချုပ်သွားသည်နှင့် စခန်းတစ်ခုလုံးသည် တိတ်ဆိတ်သွားကြသည်။ စခန်းကို လျှပ်စစ်မီးပေးထားသည်ကို တွေ့ရသည်။ တချို့ ဗွီဒီယိုရှိသော အိမ်များမှာ ဇာတ်ကားများကို ဝိုင်းဖွဲ့ပြီး ထိုင်ကြည့်နေကြသည်။

 

(၆)

ဇွန် ၆ ရက်တွင် ကျွန်တော်တို့သည် မန်စီမြို့နယ်တွင်ရှိသည့် မိုင်းခေါင်ကချင်နှစ်ခြင်းအသင်းတော် ကယ်ဆယ်ရေးစခန်းသို့ သွားကြသည်။ ဗန်းမော်မှကားဖြင့် မိနစ် ၄၅ မိနစ်ခန့့်သွားရသည်။ ထိုစခန်းတွင် သွပ်မိုး၊ ဝါးထရံကျဲကျဲကာထားသည့် စာသင် ကျောင်းတစ်ဆောင်ရှိသည်။ မူလတန်းအရွယ် ကျောင်းသားလေး ဆယ်ခန့်ကို ဆရာမတစ်ယောက်တည်းက စာပြနေသည်။

”ဒါ ဘယ်သူ့ပေတံလဲ”၊ ”ဒီပေတံက ကျွန်တော့်ဟာပါ” ၊ ”ထိုပေတံက သူမ၏ ဟာဖြစ်သည်”ဟု ရှေ့က ဆရာမဆိုပြသည် ကို နောက်က ကျောင်းသားလေးများက ကချင်သံဝဲဝဲနှင့် လိုက် ဆိုနေကြသည်။ တချို့ကလေးငယ်များ ပါးစပ်မလှုပ်ဘဲ မတ်တတ် ရပ်နေသည်။

ထိုစခန်းတွင် တခြားစခန်းများကဲ့သို့ တန်းလျားများတွင်နေထိုင်နေသူများရှိသည့်အပြင် UNHCR အမှတ်တံဆိပ်ပါသည့် ရွက်ဖျင်တဲများတွင် နေထိုင်သူများလည်း ရှိနေသေးသည်။

ထိုသူများမှာ ယခင်နှစ် စက်တင်ဘာမှ ရောက်ရှိလာကြသူ များဖြစ်ပြီး ထိုရွက်ဖျင်တဲထဲတွင် နေထိုင်ကြသည်။ ထို့အပြင် ယခုနှစ် မေလတွင် အစိုးရစစ်တပ်နှင့် KIA ကြားတိုက်ပွဲတွေ ဖြစ်ပွားသောကြောင့် တအောင်း၊ ပလောင်တိုင်းရင်းသား စစ် ဘေးရှောင်များ ထပ်မံရောက်ရှိနေကြသည်များလည်းရှိသည်။

”ဒီသေနတ်သံတွေ၊ လက်နက်ကြီးဒဏ်တွေကို ပြည်သူ တွေက အမြဲတမ်းကြားနေ ကြုံနေရတော့ သေနတ်သံကြားတာနဲ့ ပြည်သူတွေက မနေရဲတော့ဘူး”ဟု မိုင်းခေါင်စခန်းတာဝန်ခံ ဦးနော်မိုင်က ပြောသည်။

နောက်ဆုံးရောက်သည့် တအောင်းတိုင်းရင်းသားများမှာ ဗမာစကားမပြောတတ်သည့်သူကများသည်။ သူတို့ထဲက အမျိုး သမီးသုံးဦးကို သူတို့ရွာမှထွက်ပြေးလာသည့်အခါ မည်သို့ အခက် အခဲကြုံခဲ့ရသလဲနှင့် လမ်းမှာ ဘယ်နှရက်ကြာခဲ့သလဲဟု မေးမြန်း သည့်အခါ နားမလည်သဖြင့် ကျွန်တော့်ကို ပြုံးပြီးကြည့်နေ ကြသည်။

ခဏကြာတော့ ကချင်အမျိုးသမီးတစ်ဦးရောက်လာပြီး ဘာသာပြန်ပေးသည်။ ”ရွာနားမှာ စစ်တိုက်ကြတယ်။ မနေရဲဘူး။ ထွက်ပြေးလာကြတယ်။ တောထဲမှာ တစ်ပတ်လောက် ပိတ်မိနေ ခဲ့တယ်” ဟု  ကချင်အမျိုးသမီးက ဘာသာပြန်ပေးသည်။

ကျွန်တော်တို့ မိုင်းခေါင်ကယ်ဆယ်ရေးစခန်းမှ စစ်ပြေး ရှောင်များကို တွေ့ဆုံမေးမြန်းပြီးနောက် ဗန်းမော်က ရောဘတ် ကျောင်းကို ပြန်လာခဲ့ကြသည်။ ယင်းနောက် ဗန်းမော်ခရိုင်၊ ကချင်နှစ်ခြင်းအသင်းတော်အဖွဲ့ချုပ်မှ စီမံကိန်းညှိနှိုင်းရေးမှူး ဆရာလာရွယ်ကို တွေ့ဆုံမေးမြန်းကြသည်။

ငါးနှစ်တာကာလအတွင်း စခန်းတွင်နေထိုင်ရသည့်အခါ စားဝတ်နေရေးအခက်အခဲဖြစ်လာသောကြောင့် အမျိုးသမီး အချို့မှာ အပြင်ထွက်ပြီး ခန္ဓာရင်းကာ ဝင်ငွေရှာလာကြသည် ဟုဆိုသည်။ အမျိုးသမီးတချို့မှာ ပိုက်ဆံရှာရန် အပြင်ထွက်ပြီး အလုပ်လုပ်ရင်း အပြင်မှာ အိမ်ထောင်ကျသွားကြသည်။ တချို့ အမျိုးသမီးငယ်များမှာ တရုတ်နိုင်ငံဘက်ကို သွားလုပ်ရင်း ရောင်းစားခံရသည်များလည်းရှိသည်ဟု ဆိုသည်။

အမျိုးသားတချို့မှာလည်း ကျောက်မှော်၊ ရွှေမှော်နှင့် သစ် မှောင်ခိုလုပ်ငန်းများတွင် သွားရောက်လုပ်ကြရင်း ကယ်ဆယ် ရေးစခန်းသို့ ပြန်မလာကြတော့ပါ။ စခန်းပြင်ပတွင် အိမ်ထောင် ကျသွားသူများလည်း ရှိသည့်အတွက် စခန်းမှာ ဒုက္ခရောက်ပြီး ကျန်ခဲ့သည့် မိသားစုများလည်းရှိသည်ဟု ဆရာလာရွယ်က ရှင်းပြသည်။

”စစ်ဘေးရှောင်တွေကလည်း ပြောပါတယ်။ အစိုးရ ငြိမ်း ချမ်းရေးဖော်ဆောင်မှုမှာ ဒီနေ့အောင်မြင်သွားပြီး မနက်ဖြန်ပြန် လို့ရပြီဆိုရင်တောင် မနက်ဖြန်ထိ မစောင့်ဘူး၊ ဒီည ရှိသမျှကို ကြွပ်ကြွပ်အိတ်မှာ ထည့်ပြီးရွာပြန်မယ့်သူတွေချည်းပါပဲ”ဟု သူက ရှင်းပြသည်။

ကျွန်တော်တို့ ခရီးစဉ်မှာပြီးဆုံးသွားသောကြောင့် ဇွန် ၇ ရက်တွင် ဗန်းမော်မှ မြစ်ကြီးနားသို့ ပြန်လာခဲ့ကြသည်။  အပြန် တွင် ကားဆရာသည် ကျွန်တော်တို့ ဓာတ်ပုံရိုက်နေသည့်အတွက် အဖမ်းခံရမှာ ကြောက်နေပုံပေါ်သည်။ ကျွန်တော်တို့ကို ဓာတ်ပုံ မရိုက်ဖို့ တတွတ်တွတ်ပြောနေသည်။

အသွားတုန်းက တွေ့ခဲ့သည့် ရွာပျက်၊ အိမ်ပျက်များကို အပြန်တွင် ဓာတ်ပုံရိုက်ရင်း ကယ်ဆယ်ရေးစခန်းက အခန်းကျဉ်း ကျဉ်းထဲတွင် နေထိုင်နေကြရသော စစ်ဘေးရှောင်များ၏ မျက်နှာများကို မြင်ယောင်လာသည်။

ကျွန်တော် မြင်တွေ့နေရသည့် အိမ်ပျက်များတွင် သူတို့ နေထိုင်ခဲ့ကြသည်။ တစ်ချိန်က ကိုယ့်လယ်ကိုယ့်ယာ၊ ကိုယ့် ဥယျာဉ်ခြံမြေကို လုပ်ကိုင်စားသောက်ခဲ့သူများမှာ ယခုအခါ သူများပေးကမ်းတာကို စားသောက်နေကြရသည်။

ထိုကဲ့သို့ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြသည့် စစ်ဘေးရှောင်များမှာ အခက်အခဲအမျိုးမျိုးကို ကြုံတွေ့နေကြရ သော်လည်း သူတို့၏နေရပ်ပြန်ရေးမှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။

အကြောင်းကတော့ အစိုးရစစ်တပ်နှင့် KIA တို့ကြား အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်မထိုးနိုင်ကြသေးသည့် အပြင် အချို့နေရာများမှာ စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်များမှာလည်း တိုးလာနေဆဲဖြစ်သောကြောင့်ပင် ဖြစ်သည်။       ။

အပိုင်း(၁)သို့

၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ် (၃၆) မှ ပို့စကဒ် ဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."