လွတ်လပ်စွာကိုးကွယ်ခွင့် ရှိ၊ မရှိ နှင့် ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် အင်တာဗျူး

ကျော်ဇေယျ မေးသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာကိုးကွယ်ခွင့် ရှိ၊ မရှိနှင့် ဘာသာရေးနှင့်ပတ်သက်သည့်ကိစ္စရပ်များကိုသာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနက မည်သို့ကိုယ်တွယ ်ဖြေရှင်းပေးနေသည်၊ မည်သည့် လုပ်ငန်းများကို ကူညီဆောင်ရွက် ပေးနေသည် စသည့် အကြောင်းအရာများကို   သိရှိနိုင်စေရန်မော်ကွန်းက အင်တာဗျူးတွေ့ဆုံလိုကြောင်း ဝန်ကြီးဌာနသို့    ဆက်သွယ် ခဲ့ရာ တွင် လူတွေ့မဟုတ်ဘဲအီးမေးလ်မှတဆင့် မေးမြန်းရန်နှင့် မေးမြန်းလိုသည့်မေးခွန်းများ ကိုအီးမေးလ်မှတစ်ဆင့်ပို့ပေး ရန် ပြန်လည် အကြောင်းကြားခဲ့ပါသည်။

သို့ဖြစ်၍ မော်ကွန်းက မေးခွန်းများကို အီးမေးလ်မှတစ်ဆင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။ အဆိုပါ မေးခွန်းများနှင့်ပတ်သက်၍  ဌာနတွင်းအစည်းအဝေးထိုင်ပြီးသည့်နောက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၏ ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ(သာသနာရေး)မှ ညွှန်ကြားရေးမှူး၊ ဦးအောင်ဆန်းဝင်း ကအီးမေးလ်မှတဆင့် ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

သို့သော် ဖြေကြားမှုတချို့သည် ပြည့်စုံလုံလောက်သည့်ဖြေကြားမှုမဟုတ်သည့်တိုင် မြန်မာနိုင်ငံ၏ဘာသာရေး၊ သာသနာ ရေးနှင့် ပတ်သက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဌာန၏သဘောထားနှင့် လုပ်ဆောင်ချက်များကို စာဖတ်ပရိသတ် အကဲ ဖြတ် နိုင်စေရန်အတွက် မော်ကွန်းမဂ္ဂဇင်းကဖော်ပြလိုက်ပါသည်။

 

မော်ကွန်း။       ။လွတ်လပ်စွာကိုးကွယ ်ယုံကြည်ခွင့်ဆိုတာ ဘာက ိုဆိုလိုတာပါလဲ။

ဦးအောင်ဆန်းဝင်း။         ။၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄ မှာ“ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြား ပြဌာန်းချက်တို့နှင့်သော်လည်းကောင်း၊ မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ် စွာ ယူဆနိုင်သောအခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်သောအခွင့်အရေးတို့ကိုအညီမျှ ရရှိစေရမည်” လို့ ပြဌာန်းထားပြီး ဖြစ်ပါတယ်။

မော်ကွန်း။       ။မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို တန်းတူညီမျှပေးထားပါသလား။ ပေးထားတယ်ဆိုရင် ဘယ်လိုအချက်တွေကြောင့် ပေးထားတယ်လို့ ပြောနိုင်တာလဲဆိုတာ ဥပမာပေး ပြောကြားပေးပါ။

ဦးအောင်ဆန်းဝင်း။         ။၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄ နဲ့ပုဒ်မ ၃၅၄(ဃ) အရတန်းတူညီမျှ ပေးထားပါတယ်။

မော်ကွန်း။       ။အခုမြေပြင်မှာဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာဝင်တွေရဲ့ ဘာသာရေးဆိုင်ရာ အဆောက် အအုံ တွေက ိုလူတချို့ကဖျက်ဆီးတာ၊ထိပါးစော်ကား နေတာတွေဟာ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် စံနှုန်းနဲ့ပြောရင ်ဘယ်လို အခြေအနေ ဖြစ်နေပါသလဲ။

ဦးအောင်ဆန်းဝင်း။         ။လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကိုဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်းခွင့်ပြုထားပြီး ဖြစ်ပါ တယ်။ အစိုးရသစ် လက်ထက်မှာအနှောက်အယှက်ပြုရန်သဘောနဲ့လူအနည်းငယ်က နှောက်ယှက်ဖျက်စီးလိုစိတ် နဲ့ လုပ် ဆောင်နေတာလို့ထင်မြင်မိပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ၁၂ လရာသီပွဲတော်များ၊ ဗုဒ္ဓပူဇနိယပွဲတော်များ၊ မြန်မာနှစ်သစ်ကူးသြင်္ကန်ပွဲတော်၊ ဝါဆိုသင်္ကန်းကပ်ပွဲ၊ ကထိန်သင်္ကန်းကပ်ပွဲတော်စသည်တို့ ကျင်းပပြီး ကဆုန်လပြည့်နေ့၊ ဝါဆိုလပြည့်နေ့၊ သီတင်းကျွတ်လပြည့်နေ့စသည်တို့ကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားပါတယ်။ အခြားဘာသာကြီးတွေမှာလည်း ခရစ်စမတ်နေ့၊ ဘက္ကရီအစ်နေ့၊ ဒီပါဝလီနေ့စသည်တို့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြဌာန်းထားပါတယ်။

မော်ကွန်း။       ။ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ တည်ဆောက်တာ၊ မွမ်းမံတာတွေကို ခွင့်ပြုပေးတဲ့နေရာမှာ အဓိက ဘာသာကြီး လေးခုစလုံးအတွက် တူညီတဲ့မူဝါဒရှိပါသလား။ ရှိတယ်ဆိုရင် ဘယ်လို အခွင့်အရေးတန်းတူ ပေးထား တယ် ဆိုတာ ရှင်းပြပေးပါ။

ဦးအောင်ဆန်းဝင်း။         ။ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာအသီးသီးတို့ရဲ့ ဘာသာရေး ဆိုင်ရာ အဆောက်အအုံတွေပြုပြင်ထိန်းသိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ မူလပုံစံ မပျက်ဆောက်လုပ်ခြင်း၊ အသစ်ဆောက်လုပ်ခြင်း တို့နဲ့ ပတ်သက်ပြီး၂၀၁၂ ခုနှစ်တွင်လည်းကောင်း၊ ဘာသာ အသီးသီးတို့၏ ဘာသာရေး၊ သာသနာရေးဆိုင်ရာ ပွဲတော်များ ကျင်းပခြင်း၊ ဘာသာရေးဆိုင်ရာ အစည်းအဝေးပွဲများကျင်းပခြင်း၊ ဘုန်းကြီးတရားပွဲများ ကျင်းပခြင်းတို့နှင့် ပက်သက်ပြီး ၂၀၁၃ခုနှစ်တွင်လည်းကောင်း၊ မိမိတို့ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နိုင်ပါ ကြောင်း အကြောင်းကြားပြီး ဖြစ်ပါတယ်။

မော်ကွန်း။    ။ အပြင်မှာပြောနေကြတာက ဗုဒ္ဓဘာသာအဆောက်အအုံတွေဟာ လွယ်လွယ်ကူကူပဲ ဆောက်လုပ်နေ ကြပေ မယ့် အခြားဘာသာဝင်တွေရဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာအဆောက်အအုံတွေအတွက်တော့ အဆင့်ဆင့်တားမြစ်မှု တွေ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်နေရတာတွေရှိတယ် လို့ဆိုတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။

ဦးအောင်းဆန်းဝင်း။ ။မြန်မာနိုင်ငံမှာလူဦးရေ ၅၁ သန်းကျော်ရှိပြီးဗုဒ္ဓဘာသာကိုးကွယ်သူဦးရေက ၈၄ ရာခိုင်နှုန်းဝန်းကျင် ရှိလို့ဗုဒ္ဓဘာသာအဆောက်အဦများပြားခြင်း(ဖြစ်တယ်)။   မည်သည့်ဘာသာကို မဆိုလွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားတဲ့ အတွက် ဗလီနှင့် ချာ့ခ်ကျောင်းများလည်း လူဦးရေအလိုက်တည်ရှိပြီးဖြစ်ပါတယ်။

မော်ကွန်း။   ။ဖွဲ့စည်းပုံအခြေခံဥပဒေမှာလွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကိုပေးထားပေမယ့် လက်တွေ့မှာ မခံစားကြရဘူး လို့ ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြား ဘာသာဝင်တွေက ဝေဖန်ကြပါတယ်။ သာသနာရေးအနေနဲ့ ဒီပြဿနာတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းနေပါသလဲ။ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်အပြည့်မရတဲ့ အခြားဘာသာဝင်တွေအတွက် ဘယ်လို ကုစားပေးမယ့် အစီအမံတွေ ချမှတ်လုပ်ဆောင်နေပါသလဲ။

ဦးအောင်ဆန်းဝင်း။ ။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၁၊ ၃၆၂၊၃၆၃ တို့ အတိုင်းလိုက်နာဆောင်ရွက်လျက် ရှိပါတယ်။

မော်ကွန်း။       ။တခြားဘာသာဝင်တွေဘက်က ဝေဖန်မှုတွေက သာသနာရေးဝန်ကြီးဌာနဟာ ဗုဒ္ဓဘာသာ တစ်ခုတည်း ကိုပဲ အာရုံစိုက် အလုပ်လုပ်နေတယ်။ အခြားဘာသာတွေအတွက်တော့ အကာအကွယ်ပေးမှု၊ စောင့်ရှောက်မှု မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေရှိနေပါတယ်။ ခွဲခြားဆက်ဆံတာမရှိဘူးဆိုရင် ဘယ်အချက်တွေကြောင့် ပြောနိုင်တယ်ဆိုတာ ဥပမာပေးဖြေကြား ပေးပါ။

ဦးအောင်ဆန်းဝင်း။         ။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၁၊၃၆၂၊၃၆၃ တို့အတိုင်းလိုက်နာဆောင်ရွက် လျက်ရှိပြီး ဗုဒ္ဓဘာသာပွဲလမ်းသဘင်အခမ်းအနားတွေမှာဝန်ကြီးဌာနတွေကကူညီဆောင်ရွက်ပေးသလိုဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာတွေရဲ့ဘာသာရေးအခမ်းအနား တွေမှာလည်းဝန်ကြီးဌာနကကူညီဆောင်ရွက်ပေး လျက်ရှိပါတယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ဘယ်ကိစ္စမဆိုခွဲခြားဆက်ဆံမှုမျိုး လုံးဝမရှိပါဘူး။

မော်ကွန်း။       ။အခုမြေပြင်မှာဖြစ်ပျက်နေတဲ့ ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူတွေနဲ့ အခြားဘာသာကိုးကွယ်ယုံကြည်သူ တွေ အကြားအငြင်းပွားမှုတွေမှာ သာသနာရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လို ရပ်တည် ဖြေရှင်းနေတယ်ဆိုတာလဲသိချင်ပါ တယ်။

ဦးအောင်ဆန်းဝင်း။         ။ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ ၂၀၀၈ ခုနှစ်ကတည်းကအမြုတေအဖြစ် စတင်ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကပွတ်တိုက်မှုမရှိလို့ဘာသာပေါင်းစုံအဖွဲ့တွေရဲ့လုပ်ဆောင်မှုတွေမပေါ်လွင်ခဲ့ဘူး။ အခုအခါ ပွတ်တိုက်မှု တွေအနည်းငယ်ရှိလာလို့လွတ်လပ်စွာကိုးကွယ်ခွင့်ပေးထားတဲ့ဘာသာကြီးလေးခုကိုသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဲ့ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့များတွေ့ဆုံပြီးအချိန်နှင့်တပြေးညီပေါင်းစပ် ညှိနှိုင်းကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။

မော်ကွန်း။       ။၂၀၁၆ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ အထူးတလှယ် စိုးရိမ်ရတဲ့ နိုင်ငံများ စာရင်းမှာ မြန်မာနိုင်ငံပါနေတယ်။ ဒါနဲ့ပတ်သက်ပြီးဘာများပြောချင်ပါသလဲ။ (ထိုအစီရင်ခံစာကိုအမေရိကန်ပြည်ထောင်စုရဲ့ အပြည်ပြည်ဆိုင်ရာဘာသာရေးလွတ်လပ်မှုဆိုင်ရာကော်မရှင် (USCIRF) က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်)

ဦးအောင်ဆန်းဝင်း။         ။မြန်မာနိုင်ငံဟာအပြည်ပြည်ဆိုင်ရာဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာမှာပါသလို  လုံး၀ မဟုတ်ပါဘူး။ သူတို့ ပြောသလို ဖြစ်နေတယ်လို့ မထင်မိပါဘူး။ ကမ္ဘာ့နိုင်ငံတွေမှာ ကြည့်မယ်ဆိုရင် ဘာသာရေးနဲ့ ပတ် သက်ပြီး မတည်ငြိမ်မှုတွေဖြစ်ပေါ်နေပါတယ်။ အဲဒီနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်  မြန်မာနိုင်ငံဟာ တည်ငြိမ် အေးချမ်းစွာနဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်ပေးထားတာကို မြင်နိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့လယ်ခေါင်မှာဆူးလေဘုရား၊ ဗလီနှင့်၊ ချာ့ခ်ကျောင်းတွေကိုတစ်နေရာတည်းမှာအတူတကွရှိနေတာ မြန်မာနိုင်ငံတစ်နိုင်ငံပဲရှိမယ်လို့ ထင်ပါတယ်။

မော်ကွန်း။       ။ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှာ ခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်း ဘုရားဝင်တည်တဲ့ ကိစ္စမျိုး တွေမဖြစ်အောင် ဘယ်လိုဟန့်တားနိုင်မလဲ။

ဦးအောင်ဆန်းဝင်း။         ။ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ကိုသွားရောက်ပြီး မြိုင်ကြီးငူဆရာတော်ကို ဘုရားတည်တဲ့ အခြေအနေကိုလျှောက်ထားမေးမြန်းကပိုမိုကောင်းမွန်ပါတယ်။ အရင်သွားရောက်လေ့လာကြည့်စေချင်ပါတယ်။

မော်ကွန်း။       ။အစိုးရအပြောင်းအလဲမှာသာသနာရေးနဲ့ပတ်သက်ပြီး မူဝါဒတွေပြောင်းလဲတာရှိလား။ ရှိရင် ဘယ်မူဝါဒ တွေပြောင်းလဲထားပါသလဲ။

ဦးအောင်ဆန်းဝင်း။         ။ရက်(၁၀၀) စီမံချက်အတွင်း TV နဲ့သတင်းစာတွေမှာထုတ်လွှင့်ပြောကြားပြီး ဖြစ်ပါတယ်။

မော်ကွန်း။       ။မဘသ(အမျိုးဘာသာသာသနာစောင့်ရှောက်ရေး)အဖွဲ့နဲ့ သံဃာတချို့ရဲ့ အငြင်းပွားဖွယ်ပြောဆို လှုပ်ရှား မှုတွေနဲ့ပတ်သက်ပြီး သာသနာရေးကမကိုင်တွယ်ဘဲ လွှတ်ထားတယ်ဆိုပြီး ဝေဖန်နေကြတယ်။ ဘာများပြောလိုပါသလဲ။

ဦးအောင်ဆန်းဝင်း။         ။မဘသအဖွဲ့ဟာ သာသနာရေးဝန်ကြီးဌာနလက်အောက်မှာမရှိပါဘူး။ မဟန (နိုင်ငံတော် သံဃာ့မဟာနာယက) လက်အောက်မှာလည်းမရှိပါဘူး။ စင်ပြိုင်သံဃာ့အဖွဲ့အစည်းလည်းမဟုတ်ပါဘူး။ အမျိုးဘာသာ ချစ်မြတ်နိုးတဲ့သံဃာတွေအချင်းချင်းဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။     ။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."