မေတ္တာသဝဏ်လွှာ

မေတ္တာသဝဏ်လွှာ

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၆)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

လူတစ်ယောက်က အခြားလူတစ်ယောက်ရဲ့ ချစ် ခြင်းမေတ္တာကို ရရှိဖို့ နည်းလမ်းသုံးသွယ်ကို သုံးခဲ့ ကြတယ်။ (၁) ချစ်ရသူကို ကိုယ်တိုင်ဖွင့်ဟ ပြောပြ ခြင်း (၂) အောင်သွယ်တော်အကျိုးဆောင်ရဲ့ အကူ အညီကို ရယူခြင်း (၃) ရည်းစားစာပေးခြင်းတို့ ဖြစ် ပါတယ်။

ဟုတ်ပါတယ်၊ ရည်းစားစာတွေက ကျွန်တော်တို့ လူ့အဖွဲ့ အစည်းမှာ တစ်စုံတစ်ခုသော အတိုင်းအတာအထိ အရေးပါ အရာရောက်ခဲ့တယ်။ ကျွန်တော်တို့လို ဝိုင်မျိုးဆက်တွေက သွား နှေးနှေး၊ စားနှေးနှေးခေတ်မှာ လူလားမြောက်လာကြသူတွေ၊ Very Slow Society ပေါ့။ (ပညာရှင်တွေရဲ့ အလိုအရ ၁၉၆ဝ-၁၉၈ဝ ခုနှစ်အတွင်း မွေးဖွားသူတွေက ဝိုင်မျိုးဆက်တွေလို့ ဆို ထားပါတယ်။) ကျွန်တော်တို့ရဲ့ လူငယ်ဘဝတွေမှာ အင်တာနက် အီးမေးလ်ကလည်း မရှိသေးဘူး။ ဂျီတော့ကလည်း ကြူကြူစိန် လုပ်ဖို့ မလွယ်သလို ဖေ့စ်ဘွတ်ခ်က ချက်ဘောက်အားကိုးလို့ လည်း မရဘူး။ ရည်းစားတစ်ယောက် ရဖို့အရေး ရည်းစားစာကို အားထားကြရတယ်။

အခုခေတ်ကတော့ စမတ်ဖုန်းလေးတစ်လုံးရှိရင် ဝိုင်ဖိုင် ဖရီးရတဲ့ ဆိုင်မှာ ကုန်းဆင်း၊ ချက်ဘောက်ကနေ ကောင်မလေး လှလှလေးတွေကို တဟိုင်းဟိုင်းနဲ့ နှုတ်ဆက်။ (ကောင်မလေးတွေ ကလည်း သရီးဆစ်စတီးနဲ့ ရိုက်ပြီး ဓာတ်ပုံတင်ကြတော့ အပြင် မှာ သိပ်မလှတဲ့သူကလည်း ဖေ့စ်ဘွတ်ခ်မှာတော့ ကြည့်ကောင်း သွားတာပါပဲ။) ကောင်မလေးတွေဘက်က ပြန်ဟိုင်းရင် ရည်းစား စကားပြောဖို့ သကောင့်သားများက ဟန်ရေးပြင်ကြပြီ။

လူမှုရေးအရ ပြန်ပြောတာကိုပဲ ကောင်မလေးက သူ့ကို တစ်ဖက်သတ် ကြွေနေသလိုလို လုပ်ချင်ကြသေးတာကလား။ တချို့လူငယ်တွေက ဘာရယ်မဟုတ်ဘူး၊ ဘာဆိုဘာမှ အလေး မထားကြသူတွေလည်း ရှိတယ်။ ခင်တာနဲ့ ရည်းစားစကား ပြော မယ်ဆိုတာချည်းပဲ။

မောင်ဥယျာဉ်တို့ ဆယ်စုနှစ်နှစ်စုစာလောက် အသက်ကြီး သွားတာ နာတယ်။ ကျွန်တော်တို့ခေတ်ကတော့ ရည်းစားစာပေး ဖို့အရေးကိုပဲ မဟာဗျူဟာချမှတ်ပြီး ဆောင်ရွက်ခဲ့ကြရတာကိုး။

တကယ်တော့ ကိုယ်ချစ်ခင်မြတ်နိုးသူတစ်ယောက်ကို ရည်းစားစာပေးတယ်ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ အဲဒီ စာမပေးခင်မှာ စီကာပတ်ကုံးရေးနိုင်ဖို့ စဉ်းစားရတာသည်ပင် ခေါင်းခြောက်လှပြီ။ တစ်ခါတလေ ကိုယ်တိုင် မရေးတတ်ရင် ရည်းစားစာ ရှဲဒိုးရေးပေးတဲ့ ဆရာသမားတွေကို အပူကပ်ရသေး တယ်။ အဲဒီလို အပူကပ်တာတောင်မှ တစ်ယောက်တည်းနဲ့ ပြီးရင် ကံကောင်းတယ် အောက်မေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှဲဒိုး ရေးသူကိုယ်တိုင်က စကားလုံး နုနုရွရွ လှလှပပ စဉ်းစားဖို့ဆိုတာ  မလွယ်ဘူး။ စကားလုံးလေးတွေ လှတပတ ရွေးတတ်ပေမယ့် လက်ရေးလက်သား မလှပသူတွေကလည်း ရှိနေပြန်တယ်လေ။

ရှဲဒိုးဆရာတွေက ဒီအတိုင်း ဘယ်တော့မှ မရေးဘူး။ ဉာဏ် ပူဇော်ခအဖြစ် လက်ဖက်ရည်လေး၊ ကော်ဖီလေး တိုက်ရသေးတာ ပေါ့။ အဖြေပြန်ရပြီဆိုရင်တော့ လက်ဖက်ရည်နဲ့ မရတော့ဘူး။ ဝမ်းတေဘယ်လ်တွေ ဘာတွေ ဖြစ်ကုန်တော့တယ်။

ရည်းစားစာကိုလည်း တွေ့ကရာ ဗလာစာရွက်နဲ့ ရေးလို့ ရတာ မဟုတ်ဘူး။ Writing Pad လို့ ခေါ်တဲ့ စာရွက်နဲ့ ရေးကြရ တယ်။ ဖျက်ရာပြင်ရာမပါအောင်၊ စာလုံးတွေ ဝိုင်းစက်နေအောင် သေချာဂရုစိုက်ရေးကြရတယ်။ ဖျက်ရာပြင်ရာ တစ်လုံးတလေ ပါသွားရင်တောင် အသစ်ပြန်ရေးကြရတယ်။ ကွန်ပျူတာခေတ်၊ အင်တာနက်ခေတ်ကျတော့ ဟန်ကျချက်က မပြောနဲ့။ စာလုံး ပေါင်းမှားနေရင် Back Space ကီးနဲ့ နောက်ပြန်ဆုတ်။ စာပိုဒ် တွေ ရွှေ့ချင်ရင် ကော်ပီ၊ ပေ့စ်လုပ်။ ကြည်တောက်ရှင်း၊ အစက် အပျောက်ကင်း၊ စာလုံးဒီဇိုင်းကလည်း ကြိုက်သလို လုပ်လို့ရတယ်။

ကျွန်တော့်သဘောအရတော့ ကွန်ပျူတာစာလုံးတွေက သန့်ရှင်းသပ်ရပ်တာ မှန်ပေမယ့် ခံစားမှုရသကိုတော့ ပေးနိုင် တယ်လို့ မထင်ဘူး။ ကျွန်တော်တို့ ရည်းစားစာပေးတဲ့ ခေတ်တုန်း က ရေမွှေးဘောလ်ပင်ကိုတောင်မှ သုံးခဲ့ကြရတာကလား။

ရည်းစားစာမပေးခင် ကိုယ့်ဘာသာကိုယ် စိတ်တိုင်းကျ အောင် သေချာဖတ်သေးတာ။ သေချာပြီဆိုမှ စာအိတ်ရောင်စုံ လေးတွေထဲက အကြိုက်ဆုံးအရောင်ရွေးပြီး စာကို သေချာ ခေါက်ပေးခဲ့ရတယ်။ ဒီအတိုင်း ဘယ်ပေးရဲမလဲ။ ဝတ္ထုစာအုပ်ထဲ တို့၊ ရုပ်ပြစာအုပ်ထဲတို့ သေချာညှပ်ပြီးမှ ပေးခဲ့ကြရတယ်။ တချို့ လူတွေက ကိုယ်တိုင်မပေးရဲတော့ စာအုပ်အငှားဆိုင်က လူတွေ ကို တစ်ဆင့်ပေးခိုင်းကြတာလည်း ရှိတယ်။

ကျွန်တော်တို့လူငယ်ဘဝမှာလည်း အဲဒီလိုအတွေ့အကြုံ တွေ ဖြတ်သန်းခဲ့ရတာပါပဲ။ မိတ်ဆွေတို့လည်း အဲဒီလိုဖြစ်လိမ့် မယ်လို့ ကျွန်တော်ထင်တယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ ညီ တော်မောင်တစ်ယောက်က ကျွန်တော်တို့အဖွဲ့ကို ရည်းစားစာ ရေးပေးဖို့ ရှဲဒိုးအပ်ဖူးတယ်။ ကျွန်တော်တို့ကလည်း လက်ဖက် ရည်တွေ၊ မုန့်တွေ မျှော်ကိုးပြီး အလုပ်လက်ခံလိုက်တယ်။ စာ အိတ်တွေ၊ ဘာတွေ သေချာပိတ်ပြီး ပြန်ပေးလိုက်တယ်။ နောက် တစ်နေ့ရောက်တော့ အဲဒီလူငယ်လေးက ရှူးရှူးရှဲရှဲနဲ့ ပြန်လာပါ ရော။ ဘာဖြစ်လို့လဲ မေးကြည့်တော့ ရည်းစားစာ ရေးပေးလိုက် တဲ့သူက အလှူဖိတ်စာလို ရေးပေးလိုက်တာကိုး။ ကြည့်ဦးလေ၊ သူရေးလိုက်တဲ့စာက…

မန္တလေးမြို့နယ်၊ အနောက်မြောက်မြို့နယ်၊xxxရပ်ကွက်နေ ဦး xxxx၊ ဒေါ်xxxတို့၏ သား၊ မောင်xxxသည် မxxxကို ဧကန်စင်စစ် မေတ္တာမျှနေသောကြောင့် မေတ္တာတစ်ဖန် ပြန်လည်မျှဝေပါရန် လေးစားစွာဖြင့် တင်ပြအစီရင်ခံအပ်ပါသည်။

မောင်xxx

ကျွန်တော်တို့အားလုံး သူ့ကို ကြည့်ပြီး ငိုအားထက် ရယ် အားသန်ခဲ့ကြရတယ်။

ပြောမယ့်သာ ပြောရတာ အဲဒီလူငယ်လေးလည်း သူ ရည်း စားစာပေးတဲ့ ကောင်မလေးနဲ့ ညားသွားတာပါပဲ။ ရည်းစားစာ ရေးပေးတဲ့ ကျွန်တော်တို့အဖွဲ့တွေ အဲဒီအချိန်တုန်းက ဘယ်သူမှ အိမ်ထောင်မကျသေးဘူး၊ သူက အရင်ကျသွားတယ်။

လက်ရေးနဲ့ ရေးတဲ့ ရည်းစားစာနဲ့ ကွန်ပျူတာနဲ့ ရိုက်တဲ့စာ မတူတာတော့ အမှန်ပဲ။ လက်ရေးလက်သားဟာ စာသားသက် သက်မျှသာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ သူ့မှာ နွေးထွေး မှုတွေ ပါတယ်၊ မေတ္တာတရားတွေ ပါမယ်၊ အကြင်နာတွေလည်း ပါနိုင်သေးသပေါ့။ သန့်ရှင်းသပ်ရပ်အောင် ရေးထားတဲ့ လက်ရေး စာတစ်စောင်ဟာ စာလက်ခံသူအပေါ်မှာ ဘယ်လောက်တန်ဖိုး ထားတယ်ဆိုတာ ပေါ်လွင်နေတယ်။

ကျွန်တော်တို့ လူငယ်ဘဝက ဖတ်ခဲ့ရတဲ့ မဂ္ဂဇင်း၊ ကာတွန်း ထဲမှာ ကျောက်ခေတ်လူငယ်က ကျောက်ခေတ်လုံမငယ်ကို ရည်း စားစာပေးနေတဲ့ တစ်ကွက်ကာတွန်းလေးကို အမှတ်ရမိတယ်။ ကျောက်စာပေါ်မှာ ရည်းစားစာတွေ ရေးထိုးထားပြီး လိုက်ပေးနေ တဲ့ ကာတွန်း ကျောက်ခေတ်သမီးပျိုလေးက ရှေ့ကနေ လမ်း လျှောက်နေတုန်း ကျောက်ခေတ် လူငယ်က ကျောက်စာကြီးထမ်း ပြီး ရည်းစားစာ လိုက်ပေးနေတဲ့ပုံ၊ ကောင်လေးက ဟောဟဲ   လိုက်လို့။

ရည်းစားစာနဲ့ပတ်သက်လို့ မိတ်ဆွေတစ်ယောက်အကြောင်း ဖောက်သည်ချပါရစေ။ သူက ရည်းစားစာတစ်စောင် အမြဲဆောင် ထားနေကျ။ ကောင်မလေးနာမည် ဘယ်တော့မှ ရေးမထားဘူး။ အဆင်ပြေလောက်မယ်ထင်ရင် ပေးဖို့ ဆောင်ထားတာတဲ့။ အဲဒီ သူငယ်ချင်း ဝီရိယအကျိုးခံစားတယ်လို့ ပြောရမယ်။ အခုတော့ ကလေးနှစ်ယောက်ဖခင် အိမ်ထောင်ဦးစီးဖြစ်နေပြီ။

ချစ်သူဆီက ပြန်စာရရင်လည်း ကျွန်တော်တို့မှာ ပျော်ကြ ရတယ်။ အဲဒီပြန်စာကိုပဲ အလွတ်ရလောက်တဲ့အထိ အထပ်ထပ် အခါခါ ဖတ်ကြည့်ရတာ အမော။ စာရွက်လေးကို ခေါင်းအုံးအောက် ထည့်အိပ်ပြီး တစ်ရေးနိုးတိုင်း ပြန်ဖတ်။ ရည်းစားစာကိုပဲ သီချင်း လုပ်ဆိုရတဲ့ ခေတ်။

‘သိပ်ပျော်လိုက်တာxxxရင်တောင်ခုန်တယ်xxx ပြန်စာ ပြန်စာxxxသူလေးက ပေးလာxxxဝမ်းလည်း သာxxxပျော်တယ် အချစ်ရယ်xxxရွှေရုပ်ကလေး ကောက်ရသလို’

ချစ်သူရည်းစားချင်းက တစ်မြို့တည်းဆို ကိစ္စမရှိဘူး။ စက် ဘီးလေးစီးပြီး သွားကြည့်လို့ ရသေးတယ်။ ရပ်ဝေးမြေခြားက ချစ်သူဆိုရင်တော့ ရည်းစားစာကိုသာ မျှော်ပေတော့ ။ လူကြုံမရှိ ရင် စာတိုက်ကိုသာ အားထားကြရတယ်။ အခုခေတ်လို ဖုန်းတို့၊ အင်တာနက်တို့က မရှိတော့ ဆက်သွယ်ရေးလမ်းကြောင်းက စာ တိုက်ပဲ ရှိတယ်။ စာပို့သမား ကိုယ့်အိမ်ရှေ့ရောက်လာရင် ရင်ခုန် သံတွေ မြန်စမြဲ၊ ခြေဖျား၊ လက်ဖျားတွေ အေးခနဲ ဖြစ်စမြဲ၊ နှလုံး သားတွေ နွေးထွေးစမြဲ။ အဲဒီလိုခံစားမှုမျိုး ဒီနေ့ခေတ် လူငယ် တွေ မခံစားရတော့ဘူး။

သတင်းစာဆရာလူထုဦးလှနဲ့ အမေ လူထုဒေါ်အမာတို့ လည်း လူငယ်ဘဝမှာ တစ်မြို့တစ်ရွာဆီ နေကြရတော့ နေ့စဉ် စာ ထည့်ကြရသတဲ့။ ကြီးပွားရေးဦးလှနဲ့ သပိတ်မှောက်ကျောင်းသူ မအမာတို့ မေတ္တာစာတွေ အပြန်အလှန်ပို့ကြတယ်။ ရန်ကုန်-မန္တလေးကို ဒီနေ့ပို့ မနက်ဖြန်ရောက်မို့ လူထုဦးလှက ရန်ကုန်က နေ နေ့စဉ် စာတွေ ပို့နေတာတဲ့။

ကျွန်တော့်ဆီမှာလည်း ရည်းစားအဆက်ဆက်ရဲ့ ရည်းစား စာတွေကို သိမ်းထားတယ်။ (ကြွားတယ်လို့ မထင်စေလိုပါ) မဒမ် မောင်ဥယျာဉ် မသိပါစေနဲ့။ ဘီစကစ်သံဘူးအခွံထဲမှာ ရည်းစားစာ အဟောင်းတွေကို ထည့်ထားတာပါ။ ရည်းစားဟောင်းတွေ တော် တော်များများ အိမ်ထောင်ကျကုန်ကြပါပြီ။ ရည်းစားစာတွေဟာ ဖြူဖြူစင်စင် ချစ်ခဲ့ကြတယ်ဆိုတာ အကောင်းဆုံးသက်သေတွေ ပါပဲ။ ကျွန်တော့်ရည်းစားစာတွေထဲမှာ မောင်နဲ့ နှမ၊ သားနဲ့ အမိ အော်ကြီးဟစ်ကျယ် ဖတ်လို့ရတယ်။ လိင်ကိစ္စမပါဝင်ဘူး။ ရှိနေ တဲ့ အခက်အခဲတွေကို မေတ္တာတရားအခြေခံပြီး အနာဂတ် အတွက် ဘယ်လိုအောင်မြင်အောင် ကျော်လွှားကြမယ်ဆိုတာ တွေ ပါတယ်။ တချို့ရည်းစားစာတွေမှာတော့ မြန်မာဗီဒီယိုကား တွေထဲကလို ပန်းခြံထဲမှာ မင်းသားကို ပြေးခိုင်းသလို မပြေးခိုင်းပါ နဲ့တို့၊ ဉာဏ်စမ်းမေးခွန်းတို့ ပါတယ်။

ကျွန်တော်ပေးခဲ့တဲ့ ရည်းစားစာတွေထဲမှာ ဉာဏ်စမ်းမေး ခွန်းတွေ ပါတယ်ဆိုရင် ခင်ဗျားတို့ မအံ့သြကြပါနဲ့။ ဒီစာဖတ်နေသူ  တွေထဲမှာ ကျွန်တော့် ရည်းစားဟောင်းတွေ ပါဝင်နိုင်တယ်။ မယုံ ရင် သူတို့ မေးကြည့်ပါ။

အောက်ပါတို့ကို မှား/မှန် ရွေးပါ။

(က) မောင်သည် ကျွန်မကို တအားချစ်သည်။

(ခ) ကျွန်မ၏ အချစ်ဆုံးမှာ မောင်ဖြစ်သည်။

(ဂ) ကျွန်တော်တို့၏ ရည်ရွယ်ချက်မှာ ဦးနု၏ ပြည်တော်သာစီမံ ကိန်းကို အကောင်အထည်ဖော်ရန် ဖြစ်သည်။

အောက်ပါတို့မှ တစ်ခုကို ရွေးပါ။

(က) ကျွန်တော်တို့သည် သားသမီး (က) ၁ဝ (ခ) ၁၅ (ဂ) ၂ဝ ယောက် ယူရန် ဆုံးဖြတ်ထားကြသည်။

(ခ) ချစ်သူနှစ်ဦးကြား အမှားလုပ်မိသူသည် ဒဏ်ငွေကျပ် (က) ၁ဝဝ (ခ) ၂ဝဝ (ဂ) ၃ဝဝ ဆောင်ရမည်။

အောက်ပါတို့ကို ကွက်လပ်ဖြည့်ပါ။

(က) အပြစ်လုပ်မိသူကို ………. နည်းဖြင့် ဆုံးမသင့်သည်။

(ခ) ချစ်ခြင်းအစ ………. က ဟု ဆိုသည်။

ကျွန်တော်တော့ အဲဒီလိုတွေ ရေးခဲ့ဖူးတယ်။ တစ်ချိန်ချိန် မှာ မောင်ဥယျာဉ်တစ်ယောက် နာမည်ကြီး ဆယ်လီဘရစ်တီ ဖြစ် သွားရင် ရည်းစားစာတွေကို လေလံပစ်ဖို့ ကြံရွယ်ထားတယ်။

ချစ်သူကို ရည်းစားစာပေးတာနဲ့ ပတ်သက်လို့ ကျွန်တော် သဘောကျတဲ့ ဝတ္ထုတစ်အုပ်ရှိတယ်။ စာရေးဆရာ ညီပုလေးရဲ့     ‘လမင်းရဲ့ ချိုသာတဲ့ လက်ခုပ်သံ’။ ဝတ္ထုထဲမှာ ကောင်လေးက သူ ချစ်ရတဲ့ကောင်မလေးကို အခုလိုမျိုးစာတစ်စောင်ပေးလိုက်တယ်။

ဟိုချီမင်းကြောင့် သန်းပေါင်းများစွာသော ဗီယက်နမ်ပြည် သူတွေ လွတ်မြောက်ခဲ့ရတယ်။

မော်စီတုံးကြောင့် သန်းပေါင်းများစွာသော တရုတ်ပြည်သူ တွေ လွတ်မြောက်ခဲ့ရတယ်။

သူတို့နှစ်ယောက်ကို ကိုယ်လေးစားတယ်။ အားကျခြင်း အားကျမယ်ဆိုရင်တော့ မော်စီတုံးကို ပိုပြီး အားကျတယ်။ သူ့မှာ စိတ်တူကိုယ်တူ မဒမ် ချမ်ချင်းရှိတယ်လေ။

နိုင်ငံရေးသဘောပါတဲ့ ရည်းစားစာလို့ ကျွန်တော် ကောက် ချက်ချမိတယ်။

အခုခေတ်ကတော့ နည်းပညာလှိုင်းတွေ တဝုန်းဝုန်း ရိုက် ခတ်နေတာကြောင့် ရည်းစားစာရေးကြတဲ့ ကောင်လေးတွေ လည်း  မရှိတော့ဘူး။ ရည်းစားစာအပေးခံရတဲ့ ကောင်မလေးတွေ လည်း မရှိတော့ဘူး။ အွန်လိုင်းကနေ ဓာတ်ချောနဲ့ ပို့တဲ့ အီးရည်း စားစာခေတ် ဖြစ်နေပြီလေ။

တကယ်တော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အိမ်ထောင် စုထက်ဝက်ကျော်က ရည်းစားစာကြောင့် အိမ်ထောင်ကျခဲ့သူတွေ များတယ်။ ကိုယ့်ရည်းစားရဲ့ လက်ရေးလက်သားကြည့်ပြီး ဝိုင်း ရင် ဘယ်လို၊ ညာဘက်စောင်းရင် ဘယ့်နှယ်ဆိုပြီး လက်ရေးပါရဂူ တွေရဲ့ ဟောစာတမ်းတွေ ဖတ်ခဲ့ရတာလည်း အမှတ်ရမိပါရဲ့။

နည်းပညာလှိုင်းလုံးတွေက မြို့ကြီးပြကြီးတွေမှာတင် ရပ် တန့်မနေဘဲ ကျေးလက်တွေအထိ ရိုက်ခတ်လာကြပြီ။ ကျေး လက်လုံမေအချို့လည်း ဆန်ပြာရင်း၊ မောင်းထောင်းရင်း၊ ကောက်စိုက်ရင်း၊ ပျိုးနုတ်ရင်း အွန်လိုင်းပေါ် တက်နေကြပြီ။ အွန် လိုင်းက ရည်းစားဖြစ်ပြီး အိမ်ထောင်ကျသူတွေပင် မနည်းမနော ရှိနေပြီ။

အွန်လိုင်းမှာ ရေးကြသားကြတာတွေက တကယ်တော့ ဆော့ဖ်ကော်ပီတွေသာ ဖြစ်တယ်။ ပရင့်ထုတ်ခဲ့ရင်လည်း ကွန်ပျူ တာဖောင့်တွေမို့ ကျွန်တော့်စိတ်ထဲ အသက်ဝင်လှတယ်လို့ မခံ စားမိတာ အမှန်။ အီးမေးလ်နဲ့ ပို့မှ ရောက်တယ်ဆိုရင်လည်း ဗလာစာအုပ်ပေါ် ဘောလ်ပင်နဲ့ ရေး၊ ဓာတ်ပုံရိုက်ပြီး အတတ်ချ် ဖိုင်နဲ့ တွဲလိုက်ရင် လက်ရေးလက်သားတော့ ဖတ်ရနိုင်ကောင်းရဲ့ လို့ မျှော်လင့်မိတာပါပဲ။

အခြေအနေပေးရင် ရည်းစားစာ(အဟောင်း)တွေကို စုပြီး စာအုပ်ထုတ်မယ်။ စိတ်ဝင်စားတဲ့ ထုတ်ဝေသူတွေ ရှိရင် မော် ကွန်းမဂ္ဂဇင်းက တစ်ဆင့် ဆက်သွယ်စေလိုပါတယ်။   ။

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."