(၂၀၁၅၊ဒီဇင်ဘာလ-ဇန်နဝါရီလထုတ်၊ေမာ်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ အယ်ဒီတာအာဘော်ဖြစ်ပါသည်။)
အပျော်စီးရထား (ရိုလာကိုစတာ) စီးသကဲ့သို့ တစ်ဟုန်ထိုး အတက်အကျ၊ အလှည့်အပတ်ကြမ်းလှသော ၂၀၁၄ ခုနှစ်ကား ပြည်ဖုံးကားချပြီး နောက်ထပ်စိတ်လှုပ်ရှားစရာကောင်းဦးမည့် ၂၀၁၅ ကို ပွဲထုတ်ရန် မကြာမီ လမ်းဖယ်ပေးရ တော့မည်ဖြစ်သည်။
၂၀၁၄ တစ်နှစ်လုံးကို ခြုံကြည့်လိုက်မည်ဆိုလျှင် နိုင်ငံရေးနယ်ပယ်၌ (အခြေခံဥပဒေကို နောင်အစိုးရ လက်ထက် ကျမှ ပြင်ဆင် နိုင်တော့မည်ဟု သူရဦးရွှေမန်း ထုတ်ဖော်ပြောဆိုမှုမပြုခင်အထိ) အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှု များ အရှိန်မြင့်တက်ခဲ့သည်ကို တွေ့ရသကဲ့သို့ အချိုးကျကိုယ်စားပြုစနစ်(PR) ကျင့်သုံးသင့်၊ မသင့် ငြင်းခုံမှုသည်လည်း အတော်ပွဲဆူခဲ့သည်ကို တွေ့ရသည်။
တစ်ဖက်တွင်လည်း နိုင်ငံရေးခေါင်းဆောင်များတွေ့ဆုံမှု၊ အမေရိကန်သမ္မတ၏ မြန်မာပြည်ခရီးစဉ်တို့နှင့် ပတ် သက်ပြီး အများပြည်သူကြား ရင်ခုန်စရာဖြစ်ခဲ့သကဲ့သို့ အပစ်ရပ်စကား၊ ငြိမ်းချမ်းရေးစကား ပြောဆိုနေချိန်မှာပဲ သေနတ်သံများ ပေါ်ထွက်ကာ ယမ်းငွေ့များ ပြန်လည်မွှန်ထူလာသည့် ဖြစ်စဉ်တို့ကြောင့်လည်း ပြည်သူလူထု၏ စိုးရိမ်မှု ဒီရေမှာ တစ်ကျော့ပြန်မြင့်တက်ခဲ့ရသည်။
တစ်ဖန် ပြီးခဲ့သည့် တစ်နှစ်၊ နှစ်နှစ်ကဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ၊ မိတ္ထီလာပဋိပက္ခတို့ကြောင့် အကျည်းတန်နေဆဲ မြန်မာ့ပုံရိပ်ကို မပြင်ဆင်နိုင်သေးခင် ယခုနှစ်လယ်ပိုင်းတွင် မန္တလေး၌ ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ပြန်ပါသည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်အာဏာပိုင်တို့၏အချိန်မီကြားဝင်ညှိနှိုင်းနိုင်ခဲ့သောကြောင့်သာဘာသာမတူသော နှစ်ဖက်လူမှုအသိုင်းအဝိုင်းကြားအမုန်းမီးလျှံများ ဆင့်ပွားတောက်လောင်မည့်ဘေးကနေ ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်သည်။
တစ်ခါ မပြီးပြတ်သေးသော လယ်ယာမြေကိစ္စ ဆန္ဒပြသည့်ဖြစ်စဉ်၊ ဆန္ဒပြသူများအရေးယူခံရသည့်ဖြစ်စဉ်၊ တရားရေးမဏ္ဍိုင် ကို မေးခွန်းထုတ်စရာဖြစ်စဉ်များ တစ်နှစ်တာလုံးဖြစ်ပွားခဲ့သည်။ ယင်းသို့ နိုင်ငံရေး၊ လူမှုရေးရာ ပြဿနာများနှင့် လုံးထွေးနေခဲ့ရာမှ ပြည်သူတို့၏ အာရုံကို လွှဲပြောင်းသွားစေသည့်အရာကတော့ အောင်မြင်စွာ ဆယ်ယူနိုင်ခြင်း မရှိခဲ့သည့် ဓမ္မစေတီခေါင်းလောင်းဆယ်ယူမှုပင် ဖြစ်သည်။
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သည်အထိ ခြေစွမ်းပြခဲ့သော မြန်မာယူ၁၉ အသင်း၏ ဘောလုံးပွဲစဉ်များကလည်း ဓမ္မစေတီခေါင်းလောင်းသတင်းကဲ့သို့ပင် နိုင်ငံရေး၊ လူမှုရေးပြဿဿ နာ များစွာနှင့် လုံးထွေးညစ်ညူးနေသော မြန်မာလူထု၏ ရင်ကို တလှပ်လှပ် ဖြစ်စေခဲ့သည်။
သတင်းမီဒီယာကဏ္ဍကိုကြည့်မည်ဆိုလျှင်တော့သတင်းမီဒီယာအချို့ကို ပြည်ထဲရေးမှ ခေါ်ယူမေးမြန်းမှုများ ဖြစ်ပွားခဲ့သကဲ့သို့သတင်းသမားအချို့ နှစ်ရှည်ထောင်ဒဏ်အချခံရမှုများအပြင် ပြန်ကြားရေးဝန်ကြီးဌာနကိုယ်တိုင်ကလည်း သတင်းသမားများအပေါ် တရားစွဲဆိုမှုများ ယခုနှစ်အတွင်းဖြစ်ပွားခဲ့ရာ လွတ်လပ်သော သတင်းမီဒီယာ အိပ်မက်မှာ ကယောက်ကယက်ဖြစ်သွားခဲ့ရသည်။
ထို့ပြင် မြန်မာအစိုးရစစ်တပ်လက်ချက်ကြောင့် (သတင်းသမားဟုတ်၊ မဟုတ်ဆိုသည်မှာ အငြင်းပွားစရာဖြစ်ခဲ့ သည့်) ကိုပါကြီး (ခ)ကိုအောင်ကျော်နိုင်သေဆုံးခဲ့ရသည့်ဖြစ်စဉ်တွင် ပြည်သူများအပေါ်ထားရှိသော မြန်မာစစ်တပ်၏ သဘောထားနှင့် အပြုအမူမှာ မေးခွန်းထုတ်စရာဖြစ်ခဲ့ရသည်။
သို့ဖြင့် မကြာခင်ကုန်တော့မည့် ၂၀၁၄ တစ်နှစ်လုံးကို ခြုံပြီးကြည့်လိုက်သည့်အခါ ဦးသိန်းစိန်အစိုးရကို အမှတ် ပေးစရာ ဆို၍ ဘာမျှဟုတ်ဟုတ်ငြားငြား မမြင်တွေ့ခဲ့ရကြောင်းကို ဝမ်းနည်းစွာပင်ဆိုရပေလိမ့်မည်။ သို့ဖြစ်ရာ ပြည်သူ အများက လိုလားလျှင် နောက် ထပ်သမ္မတသက်တမ်း ဆက်လက်ထမ်းဆောင်မည်ဟုဆိုသော ဦးသိန်းစိန်အစိုးရ အနေနှင့် ကျန်ရှိသည့်သမ္မတသက်တမ်းတွင် အမှတ်မည်မျှရအောင်ယူနိုင်မလဲဆိုသည်မှာ အင်မတန်စိတ်ဝင်စားစရာကောင်းလှပါတော့သည်။
မော်ကွန်းအယ်ဒီတာအဖွဲ့

