NCA အကျပ်အတည်း

Illustration – MAUNG NOE

၂ဝ၁၇ မေ ၂၅ ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်မှာ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော် မတီ (FPNCC) တို့တွေ့ဆုံခဲ့ကြပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းခြင်း မရှိဘဲ လူမှုရေးအရ တွေ့ဆုံမိတ်ဆက်ခဲ့တဲ့သဘောပါပဲ။ အလားတူ နောက်တစ်နေ့မှာလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွတ်သဘောတွေ့ဆုံမိတ်ဆက်ခဲ့ကြပါသေးတယ်။

ဒီလိုတွေ့ဆုံရာမှာ UWSA (ဝအဖွဲ့) ပြင်ပဆက်သွယ်ရေး တာဝန်ခံ ဦးကျောက်ကော်အန်းက ‘ဒီလိုအိမ်မှာ တွေ့ဆုံတာ ပုဂ္ဂိုလ် ရေး ရင်းနှီးမှု ရရှိ အောင် မိသားစုလို မိတ်ဖွဲ့ ဆက်ဆံကြတာပါ။ နိုင်ငံရေးဆွေးနွေးကြတာ မဟုတ်ပါဘူး။ NCA နဲ့ ကျွန်တော်တို့ ပြုပြင်ထားတဲ့ လမ်းကြောင်းက မတူကြတော့ NCA မှာ လက်မှတ်ထိုးကြမှာ မဟုတ်ပါဘူး။ သူ့ရပ်တည်ချက်နဲ့ ကိုယ့်ရပ်တည်ချက်တွေကို နိုင်ငံရေးအရ ညှိယူကြရမယ့်သဘောပါ။ အားလုံး ဝိုင်းဝန်းကြိုးပမ်းရင် တစ်နေ့နေ့တော့ ငြိမ်းချမ်းရေး ရမယ်လို့ ယုံကြည်ပါတယ်’လို့ ရှင်းပြသွားပါတယ်။

ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) အတွင်း ရေးမှူး တာပန်လှကလည်း ‘အခု ကျွန်တော်တို့အဖွဲ့ နေပြည်တော် ရောက်လာပြီး ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲ တက်ရောက်နိုင်ခဲ့ပါပြီ။ မြောက်ပိုင်း အဖွဲ့တွေနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေအကြား တွေ့ဆုံ ဆွေးနွေးရေးကို ပိတ်ဆို့နေတဲ့ လမ်းကြောင်းတွေ ပွင့်သွားခဲ့ပါပြီ။

ရှေ့ဆက် ဆွေးနွေးပွဲတွေ ကျင်းပသွားနိုင်ဖို့ မျှော်လင့်ပါ တယ်။ ဒီကိုရောက်လာတာ တိုက်ပွဲတွေ ရပ်စဲနိုင်ဖို့ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းနိုင်ဖို့ ယုံယုံကြည်ကြည်နဲ့ မတင်လှမ်းလိုက်တဲ့ ခြေလှမ်းတွေပါပဲ’လို့ ပြောကြားလိုက်ပါတယ်။ ဒီမြောက်ပိုင်းအဖွဲ့ တွေထဲမှာ ဝအဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIO)၊ ပလောင်အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA)၊ မိုင်း လားအဖွဲ့ (NDAA) နဲ့ ရှမ်းအဖွဲ့ (SSPP/SSA) စတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ စုစည်း ပါဝင်ခဲ့ကြပါတယ်။ ဒီ အဖွဲ့တွေ အားလုံးဟာ NCA စာချုပ်မှာ ပါဝင်လက်မှတ် ရေးထိုးထားခြင်း မရှိတဲ့အတွက် ၂၁ ရာစုပင်လုံ ဒုတိယအကျော့ အစည်းအဝေးမှာပါဝင်ဆွေးနွေးဆုံးဖြတ်ခွင့်မရတဲ့အလျောက် ၂၇ ရက်မှာ နေပြည်တော်ကနေ ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။

ပထမအကျော့ ၂၁ ရာစုပင်လုံညီလာခံ အလွန်ကာလမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေကို တပ်မတော်က အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် ကချင်တပ်ဖွဲ့ (KIA)၊ ပလောင်တပ်ဖွဲ့ (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)နဲ့ ရခိုင်တပ်ဖွဲ့ (AA) တွေကလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဆိုတာကို ဖွဲ့စည်းပြီး မူဆယ်ခရိုင် အနှံ့အပြားမှာ တုံ့ပြန်စစ်ဆင်ခဲ့ကြပါတယ်။

ညီလာခံအလွန် ငါးလနီးပါးမျှ စစ်ပွဲတွေ၊ သေကျေဒဏ်ရာရသူတွေ၊ တိုးပွားလာတဲ့ စစ်ပြေးဒုက္ခသည်တွေ ပြဿနာနဲ့ လုံးလည်ချာလပတ်ရမ်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ကြပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရေးပါတဲ့ DPNUPDJC အစည်းအဝေးတွေကိုလည်း ပုံမှန် မကျင်းပနိုင်ခဲ့ကြပါ။ ကျင်းပတဲ့အစည်းအဝေးတွေမှာ လူစုံတက်စုံ မပါဝင်နိုင်တော့ဘဲ အဖြစ်သာ ကျင်းပခဲ့ရပါတယ်။ ပဋိပက္ခ ဖြစ်နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး မပါဝင်ဘဲ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လုပ်နေလည်း နိုင်ငံရေးအရ အဓိပ္ပာယ် သိပ်ရှိမှာ မဟုတ်ပါဘူး။

ပထမအကျော့ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံအပြီးမှာ တကယ်လို့ တပ်မတော်က ထိုးစစ်တွေသာ မဆင်နွှဲခဲ့ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အတော်ခရီးပေါက်နေ လောက်ပါပြီ။ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြီးစီးနေနိုင်လောက်ပါပြီ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဘာသာရပ်တွေအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် စတဲ့ ခေါင်းစီးတွေကို တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် သုံးမျိုးစီ ခွဲခြားကျင်းပရမှာ ဖြစ်ပါတယ်။ ဆိုခဲ့သလိုပါပဲ၊ မြောက်ပိုင်းစစ်ပွဲတွေ အရေးကြောင့် လူမျိုးအလိုက် ဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့၊ ဒေသအလိုက် ဆွေးနွေးပွဲကို တနင်္သာရီတိုင်း၊ ထားဝယ်မြို့နဲ့ အကြောင်းအရာအလိုက် ဆွေးနွေးပွဲတွေကို နေပြည်တော်မှာသာ ကျင်းပ နိုင်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေက ထွက်ပေါ်လာတဲ့ ဆွေးနွေးတင်ပြချက်တွေကို ဒုတိယအကျော့ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ တင်သွင်းဆုံးဖြတ်ခဲ့ကြပေမယ့် ဘယ်လိုမှ တစ်ပြည်လုံး လွှမ်းခြုံနိုင်တဲ့ လက္ခဏာ မဆောင်ခဲ့ကြပါဘူး။ ဒါကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစုပင်လုံညီလာခံဟာ အောင်မြင်တိုးတက်မှုရှိတယ်လို့ ပြောဖို့ခက်ပါတယ်။

တတိယအကြိမ် ပန်ခမ်းထိပ်သီးအစည်းအဝေး

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ‘ဝ’နယ် ပန်ခမ်းမြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ တတိယအကြိမ် ထိပ်သီးအစည်းအဝေးမှာတော့ ‘ဝ’အဖွဲ့ UWSA ဥက္ကဋ္ဌ ဦးပေါက်ယိုချမ်းက ‘ငြိမ်းချမ်းရေးဆွေးနွေးပွဲအဆင့်ဆင့်မှာ ဘယ်ပြဿနာကိုမှ ပီပီပြင်ပြင် ဖြေရှင်းနိုင်ခြင်း မရှိခဲ့ဘဲ မျက်စိလည် ရှုပ်ထွေးမှုတွေနဲ့သာ ကြုံတွေ့ ခဲ့ရပြီး ပြည်တွင်းစစ်ရပ်စဲနိုင်အောင်လည်း လုပ်နိုင်စွမ်း မရှိခဲ့ဘူး။

အထူးသဖြင့် မြောက်ပိုင်းဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေသာ ပိုပြင်းထန်လာခဲ့တယ်။ အစိုးရနဲ့ တိုင်းရင်းသားတွေအကြား NCA စာချုပ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးညှိုနှိုင်းမှုတွေဟာလည်း ဘာမှ အဖြေမထွက်သေးဘူး။

လက်ရှိ ထိပ်သီးခေါင်းဆောင်များ ညီလာခံကနေ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံး ပြန်လည်သုံးသပ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သစ်တစ်ရပ် ရေးဆွဲချမှတ်ဖို့ လိုနေပြီ’လို့ ပြောကြားသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ လက်နက်ကိုင် တိုင်းရင်းသားများ ထိပ်သီးညီလာခံကနေ အချက်ခုနစ်ချက်ပါ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ အရေးပါတဲ့ အချက်တွေ

ကတော့…

NCA ကို လက်မှတ်မရေးထိုးဘဲ ဝအဖွဲ့မှ ကမကထပြု၍

နိုင်ငံ ရေးဆွေးနွေးရေးအဖွဲ့ ထူထောင်ရန်

NCA စာချုပ်ကို တရားမျှတမှုရှိတဲ့ အပစ်အခတ်ရပ်စဲရေး

စာချုပ်သစ်တစ်ရပ်ဖြင့် အစားထိုးရန်

– ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကုလသမဂ္ဂနှင့် တရုတ်

ပြည်တို့ ကြားဝင် ဆောင်ရွက်ပေးရန်တို့ပဲ ဖြစ်ပါတယ်။

လက်မှတ်ရေးထိုးထုတ်ပြန်ရာမှာ ဝအဖွဲ့၊ မိုင်းလားအဖွဲ့၊

SSPP/SSA တို့နဲ့အတူ မြောက်ပိုင်းအဖွဲ့လေးဖွဲ့ အပါ

အဝင် အားလုံး ခုနစ်ဖွဲ့ ပါဝင်ပါတယ်။

ပန်ခမ်းကြေညာချက်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်နဲ့ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်လုံးကို လှုပ်ရှားယမ်းခါ သွားစေခဲ့ပါတယ်။

တစ်ချိန်တည်းမှာ NCA လက်မှတ်ရေးထိုးထား တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ လက်မှတ်မရေးထိုးရသေးတဲ့ UNFC အဖွဲ့ဝင်များကိုလည်း ဂယက်ရိုက်လှုပ်ရှားသွားစေခဲ့ပါတယ်။ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ နိုင်ငံရေး အင်အားစုများ နဲ့ တိုင်းရင်းသားပါတီများကိုလည်း လှုပ်ခတ် အစဉ်းစားရကျပ်သွားစေခဲ့ပါတယ်။ မေးစရာ မေးခွန်းများစွာလည်း ထွက်ပေါ်လာခဲ့ရပါတယ်။

– ဝအဖွဲ့ ဦးဆောင်တဲ့ ထိပ်သီးညီလာခံက NCA စာချုပ်

ကို လုံးဝ ကျောခိုင်းလိုက်ပြီလား။

NCA နဲ့ မတူတဲ့ လမ်းကြောင်းသစ်ဟာ ဘယ်လိုဟာမျိုးလဲ။

NCA စာချုပ်နဲ့အတူ လျှောက်လှမ်းနေတဲ့ နိုင်ငံရေးပါတီ

တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်

ဘယ်လို သဘောထားမှာလဲ။ – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ကော်မရှင်အပေါ် ဘယ်လိုသဘောထားမှာလဲ။ ဘာကြောင့် ဒီလို စဉ်းစားဆုံးဖြတ်ခဲ့ကြတာလဲ။

ဘာကြောင့် လမ်းကြောင်းသစ်လဲ

ဝအဖွဲ့ (UWSA) အနေနဲ့ NCA ကို လမ်းခွဲဖို့ ဆုံးဖြတ်တာ သဘာဝကျပါတယ်။ ၂ဝ၁၃ က NCA စာချုပ်ကို ဝိုင်းဝန်း ရေးဆွဲခဲ့ကြစဉ်က UNFC အဖွဲ့ဝင် ၁၆ ဖွဲ့သာ ပါဝင်ခဲ့ ကြပြီး ဝ-မိုင်းလား အဖွဲ့တွေ မပါဝင်ခဲ့ကြပါဘူး။ ငြိမ်းချမ်းရေးကော်မရှင်ကလည်း NCA လုပ်ငန်းစဉ်မှာ ဝ-မိုင်းလားအဖွဲ့ ပါဝင်စရာမလိုဘူး။

အစိုးရအဖွဲ့နဲ့ ဝ-မိုင်းလားအဖွဲ့တွေက ၁၉၉၃ ကတည်းက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်။ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး ၂၅ နှစ်ကျော်တိုင်အောင် တပ်မတော်နဲ့ စစ်ရေးပဋိပက္ခ တစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ဖူးတဲ့ မှတ်တမ်း မရှိခဲ့ဘူး။

ဝ-မိုင်းလား အဖွဲ့နဲ့ အစိုးရအဖွဲ့တို့ကြားမှာ ငြိမ်းချမ်းရေးထူထောင်ရရှိပြီး ဖြစ်တယ် လို့ယူဆကာ ဦးသိန်းစိန် အစိုးရအဖွဲ့က NCA လုပ်ငန်းစဉ်ထဲမှာ ဝ-မိုင်းလားအဖွဲ့ကို ခြွင်းချန်ထား ခဲ့ဟန် ရှိပါတယ်။

ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဦးသိန်းစိန်အစိုးရ ချမှတ်ခဲ့တဲ့ NCA လမ်းကြောင်းကို ဆုပ်ကိုင် ဆက်ခံခဲ့တာဖြစ်တယ်။ တစ်ချိန်တည်းမှာ ဦးသိန်းစိန် အလျင်စလိုကျင်းပခဲ့တဲ့ လက်မှတ်ထိုးပွဲမှာ လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ မထိုးတဲ့အဖွဲ့ အကွဲအပြဲကိုလည်း NRPC က ဘုမသိဘမသိနဲ့ အမွေခံခဲ့တယ်။

ပိုဆိုးတာက ဒီအကွဲကို တန်းတူ ရည်တူသဘောထား ဆက်ဆံခြင်း မပြုရုံမက NCA လက်မှတ်မထိုးတဲ့အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှာ ပါဝင် ဆွေးနွေးဆုံးဖြတ်ခွင့်မပြုလို့ NRPC က ကန့်သတ် လိုက်တာပါပဲ။

အဆိုးဆုံးကတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားပြီး NCA စာချုပ်ရေးဆွဲရာမှာလည်း ပါဝင်ခွင့်မရတဲ့ ဝ-မိုင်းလားအဖွဲ့ကိုလည်း NCA စာချုပ်မထိုးတဲ့ အဖွဲ့အဖြစ် သတ်မှတ်ပြီး ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့် မပြုတော့တာပါပဲ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ယုံကြည်မျှော်လင့်ပြီး ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ချင်တဲ့ဝ-မိုင်းလားအဖွဲ့ကို NCA စာချုပ်နဲ့ ကန့်သတ်ပယ်ချလိုက်ခြင်းကိုတော့နာနာကျင်ကျင်ခံစားသွားကြရပုံပါပဲ။ NRPC အနေနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်နဲ့ NCA ဆက်စပ်ရေး ပြဿနာကို မသိတာလား၊ မကြည့်တာလား စဉ်းစားစရာပါပဲ။ ဒါကြောင့်လည်း ဝ-မိုင်းလားအဖွဲ့က NCAနဲ့မတူတဲ့ စာချုပ်သစ်တစ်ရပ် ပေါ်ထွက်လာရေးကို စဉ်းစားခဲ့ပုံရပါတယ်။

ဝအဖွဲ့ (UWSA) အနေနဲ့ NCA နဲ့ မတူတဲ့ ငြိမ်းချမ်း ရေး စာချုပ်သစ်တစ်ရပ်ချုပ်ဆိုနိုင်ဖို့ ပြည်ထောင်စုနိုင်ငံ ရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ဖွဲ့စည်းလိုက်ခြင်းမှာ အခြေခံအကြောင်းနှစ်ချက်ရှိမယ်လို့ ယူဆရပါတယ်။

ပထမအကြောင်းအချက်က ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံအပြီး ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ တပ်မတော်က စစ်ဆင်ရေးကြီးတွေ ဆင်နွှဲပြီး စစ်ရေးဖိအားပေးမှုတွေ များပြားလာခဲ့ခြင်းပါပဲ။

ဒီစစ်ဆင်ရေးတွေကို မြောက်ပိုင်းအဖွဲ့က တုံ့ပြန်တိုက်ခိုက်ရင်း လားရှိုး-မူဆယ်ကားလမ်းတစ်လျှောက်အထိ စစ်ခွင်ကျယ်သွားခဲ့ရပါတယ်။ ဒီ အတောအတွင်း SSPP/SSA အဖွဲ့ ကို ဝမ်ဟိုင်းဒေသကနေ ဆုတ်ခွာပေးဖို့ တပ်မတော်က တောင်းဆိုလိုက်ပါတယ်။

ဒီတောင်းဆိုမှုဟာ သံလွင်အရှေ့ခြမ်းရှိ ‘ဝ’ နယ်ကို ထိုး စစ်ဆင်ဖို့ ပြင်ဆင်တယ်လို့ UWSA က အဓိပ္ပာယ်ကောက်ယူ လိုက်ပုံရပါတယ်။ ဒါကြောင့် ဝနယ်ကို စစ်ဆင်ဝင်ရောက်မယ်ဆို ရင် လုံခြုံရေးအရ အရေးပါတဲ့ မိုင်းလား-ကျိုင်းတုံ ကားလမ်းပေါ်က ဂိတ်ကို စိုးရိမ်စိတ်ကြီးစွာနဲ့ ဝတပ်ဖွဲ့က နေရာယူပိတ်ဆို့လိုက်ပါတယ်။

ဒီအခါ ဝတပ်ဖွဲ့နဲ့ တပ်မတော်တို့အကြား စစ်ရေးတင်းမာမှု မြင့်မားလာပြီး မိုင်းလားဒေသမှာ ဆက်ဆံရေး ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီလို စစ်ရေးတင်းမာမှုတွေ မြင့်တက်လာချိန်မှာ ဝအဖွဲ့ (UWSA) ကလည်း လုံခြုံရေးအတွက် တပ်မတော်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ဖို့ စဉ်းစားလာခဲ့ပုံ ရပါတယ်။

နောက်တစ်ချက်က အစိုးရနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားတဲ့ ဝ-မိုင်းလားအဖွဲ့အနေနဲ့ NCAစာချုပ်ရေးဆွဲ အကောင်အထည်ဖော်ခဲ့ရာမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။နောက်ပိုင်းမှာတော့ NCA လက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ၂၁ ရာစု ပင်လုံ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆွေးနွေး ဆုံးဖြတ်ခွင့် မပေးဘူးဆို တဲ့ NRPC အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဝ-မိုင်းလားအဖွဲ့အနေနဲ့ ပါဝင်ဆောင်ရွက်ခွင့် မရခဲ့ကြဘူး။

တစ်ချိန်တည်းမှာ ဝ-မိုင်းလား အဖွဲ့အနေနဲ့ NCA လုပ်ငန်းစဉ်အတိုင်း အကောင်အထည်ဖော်ကြရာမှာ ငြိမ်းချမ်းရေး အခြေအနေ တိုးတက်အောင်မြင်မှု မရလာတဲ့အပြင် စစ်ရေးပဋိပက္ခတွေ အရှိန်အဟုန်နဲ့ တိုးတက်မြင့်မားလာတယ်လို့ မြင်နေကြတယ်။

ဒါ့အပြင် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးအဖြေတစ်ရပ် တိုးတက်ရှာဖွေနိုင်ခြင်း မရှိရုံမက NCA စာချုပ် ရေးဆွဲရာမှာ ပါဝင်ခဲ့ကြတဲ့ EAO တွေ အကြားလက်မှတ်ထိုးတဲ့အဖွဲ့၊ မထိုးတဲ့အဖွဲ့နဲ့ မြောက်ပိုင်းအဖွဲ့ ဆိုပြီး သုံးဖွဲ့ ကွဲထွက်သွားခဲ့ရပြီ။ ဒီလိုအနေအထားအောက်မှာ NCA လမ်းကြောင်းအတိုင်း ဆက်လျှောက်လို့ အဆင်ပြေစရာ အကြောင်းမရှိတော့ဘူး။ NCA နဲ့ မတူတဲ့ လမ်းကြောင်းကို လျှောက်ဖို့ NCA စာချုပ်အသစ်တစ်ရပ် ရေးဆွဲဖို့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ဟန် တူပါတယ်။

 NCA ပြန်လည်သုံးသပ်ပြင်ဆင်ရေး

ဝအဖွဲ့ ဦးဆောင်တဲ့ FPNCC က NCA နဲ့ မတူတဲ့ လမ်းကြောင်းတစ်ရပ်နဲ့ NCA စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်အောင် ကြိုးပမ်းမယ်လို့ ကြေညာလိုက်ခြင်းဟာ NRPC ဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်ရေးအတွက် နိုင်ငံရေး အကျပ်အတည်းတစ်ရပ်ဆီ တွန်းပို့လိုက်တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ NCA လက်မှတ်မထိုးရသေးတဲ့ UNFC အဖွဲ့ကလည်း NCA ကို ပြန်လည်သုံးသပ် ညှိနှိုင်းဖို့ တောင်းဆိုထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်မတော် ဘက်ကလည်း NCA ကို ပြန်လည်သုံးသပ်ဖို့ မပြောနဲ့၊ စကားလုံးတောင် အပြင်မခံနိုင်ဘူးလို့ သဘောထားထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။

ဒီအနေအထားဟာ ဦးသိန်းစိန်အစိုးရ ထူထောင်ခဲ့တဲ့ NCA စာချုပ်ကို အကြွင်းမဲ့ အမွေဆက်ခံခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှုနဲ့ နိုင်ငံရေးအကျပ်အတည်း ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီက အစိုးရဆီကို ပေးပို့လိုက်တဲ့ စာချုပ်ထဲမှာ အခန်း ၈ ခန်း၊ စာပိုဒ်ပေါင်း ၃၅ ပိုဒ် ပါဝင်ပါတယ်။ ဒီစာချုပ်ထဲမှာ အပစ်အခတ်ရပ်စဲရေး နယ်နိမိတ်စည်းကြောင်း သတ်မှတ်ရေးအပါအဝင် လုံခြုံရေးဆိုင်ရာ ပြဿနာတွေ အသေးစိတ်တင်ပြထားပါတယ်။ အလားတူ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ၊ မတရားသင်း ကြေညာပြီး အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်း အသုံးအနှုန်းများ ပယ်ဖျက်ရေး ကိစ္စတွေလည်း ပါဝင်ပါတယ်။

ပဋိပက္ခကို အင်အားသုံး မဖြေရှင်းဘဲ ဆွေးနွေးဖြေရှင်းရေး၊ စာချုပ်လက်မှတ်ရေးထိုးရာမှာ ပြည်တွင်းသက်သေ၊ နိုင်ငံတကာသက်သေတွေ ပါဝင်ရေး စတာတွေ ပါဝင်ပါတယ်။ ခြုံကြည့်ရင် လုံခြုံရေးပြဿနာတွေ၊ ယုံကြည်မှုပြဿနာတွေ တိုးချဲ့ပါဝင်ပေမယ့် နိုင်ငံရေးလမ်းကြောင်းအနေနဲ့ NCA လုပ်ငန်းစဉ်တွေနဲ့များစွာ မကွာခြားလှပါဘူး။

ဒါကြောင့်လည်း ဝအဖွဲ့ ပြင်ပဆက်သွယ်ရေးတာဝန်ခံ ဦးကျောက်ကော်အန်းက FPNCC အဖွဲ့က တင်ပြထားတဲ့ စာချုပ်ထဲမှာ NCA စာချုပ်ရဲ့ အတွင်းသဘော ၇ဝ ရာခိုင်နှုန်း ပါဝင်ပါတယ်’လို့ ရှင်းပြခဲ့ခြင်း ဖြစ်ပါတယ်။

ဆိုရရင် FPNCC စာချုပ်သစ်ဆိုပေမယ့် NCA စာချုပ်ကို အခြေအနေနဲ့ ကိုက်ညီအောင် ပြန်လည်သုံးသပ် ပြုပြင်ထားတာသာ ဖြစ်လို့ ညှိနှိုင်းဆွေးနွေးလို့ ရနိုင်ခြေ ရှိပါတယ်။ အမည်နာမတွေထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးက ပိုအရေးကြီးပါတယ်။

NCA လက်မှတ်မထိုးရသေးတဲ့ UNFC အဖွဲ့တွေကလည်း NCA စာချုပ် ပြန်လည်သုံးသပ်ပြုပြင်ရေးကို အဆိုပြု တင်ပြထားပြီးဖြစ်ပါတယ်။ NRPC အနေနဲ့ UNFC နဲ့ NCA သုံးသပ်ပြုပြင်ရေး ဆွေးနွေးဖို့ လိုအပ်သလို FPNCC နဲ့လည်း စိတ်ရှည်သဘောထားကြီးစွာ ညှိနှိုင်းဆွေးနွေးသွားဖို့ အရေးကြီးပါတယ်။

ဒီလို ညှိုနှိုင်းဆွေးနွေးပွဲတွေ အောင်မြင်ရေးအတွက်အခြေခံလိုအပ်ချက်ကတော့ ဘက်အသီးသီးက စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားရေးနဲ့ အားလုံး တန်းတူညီမျှစွာ ပါဝင်နိုင်ရေးသာ ဖြစ်ပါလိမ့်မယ်။

၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉)မှ သုံးသပ်ချက် ဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."