လူသားဆန်မှု ဂရုပြုမိပါစေ

လူသားဆန်မှု ဂရုပြုမိပါစေ

ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။

ဇော်မင်း ရေးသည်။

လက်ပံတောင်းတောင်မှာ အင်အားသုံးနှိမ်နင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ တရားဝင် မတောင်းပန်ရင် အထွေ ထွေသပိတ်အထိ ဆက်လက်ဆင်နွဲှသွားမယ်လို့ သံဃာတော် များက ဆိုထားပါတယ်။ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြင်ပါ တယ်။ အစိုးရဘက်က အထွေထွေသပိတ်အထိ ဖြစ်လာမှာကို မလိုလားဘူး၊ စိုးရိမ်တယ်ဆိုရင် အမှန်တကယ် လေးလေးစားစားနဲ့ သံဃာတော်ထုကို တောင်းပန်ဖို့ လိုပါတယ်၊ ဝတ်ကျေတန်းကျေ တောင်းပန်တာမျိုးဆိုရင်တော့ ဝေဖန်ခံရဦးမှာပါ။ အခု ကျွန်တော်တို့ တိုင်းပြည်မှာ လက်ပံတောင်းကိစ္စ တစ်ခုတည်းသာ မဟုတ်ဘဲ မိမိဆန္ဒကို ဖော်ထုတ်တဲ့ပွဲတွေ နေရာ အတော်များများမှာ တွေ့လာရပါတယ်၊ ဒီနေရာမှာ အမြင်တွေ အမျိုးမျိုး ရှိလာတာလည်း တွေ့ရပါတယ်။

(ပြည်ထောင်စုဝန်ကြီးနှစ်ဦး၊ ပြည်ထဲရေးဒုဝန်ကြီး၊ ရဲချုပ်နှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ဝန်ကြီးချုပ်များက ဒီဇင်ဘာ ၁၅ရက်က မန္တလေးတွင်သံဃာတော်များအား တောင်းပန်ခဲ့ကြ သည်။ အယ်ဒီတာ)

ဆန္ဒပြတာမှားသလား

ဒီကာလ တစ်ကြောမှာ လူတွေ လမ်းပေါ်တက် ဆန္ဒပြတာ များနေပြီ။ နေ့စဉ်ဆိုသလိုဖြစ်နေတယ်။ ဒါကြောင့် ဆန္ဒပြ တာတွေကို လေ့လာသင့်တယ်လို့ တချို့က ဆိုပါတယ်၊ ဆန္ဒပြ တာတွေ များလာရင် အာဏာပိုင်တွေဘက်က နောက်ကြောင်း ပြန်လှည့်လေမလား ဆိုပြီး စိုးရိမ်တဲ့ လူပုဂ္ဂိုလ်များဆီက ထွက် လာတဲ့ စကားတွေပါ၊ စိုးရိမ်တာကို မစိုးရိမ်နဲ့လို့လည်း မပြော လိုပါ။ ဒါပေမဲ့ နစ်နာနေတဲ့ နိုင်ငံသားတွေဟာ မြန်မာနိုင်ငံမှာ သန်းနဲ့ချီပြီး ရှိနေတယ်ဆိုတာကိုတော့ မမေ့သင့်။ သန်းနဲ့ချီရှိ နေတဲ့လူတွေ နစ်နာနေတာအတွက်လည်း စိုးရိမ်ပေးပါဦးလို့ ပြောလိုတယ်။ ဘဝပျက်တယ်ဆိုတာကို တကယ်တမ်း နား မလည်နိုင်တဲ့ သူတွေအဖို့တော့ ဆန္ဒပြနေသူတွေကို နားလည် နိုင်ဖို့ ဝေးနေပါဦးမယ်။ အထူးသဖြင့် အမြင့်နိုင်ငံရေး ခေါင်း ဆောင်မှုကိုပဲ စိတ်ဝင်စားသူများအဖို့တော့ ပိုပြီးနားလည်နိုင်ဖို့ ခက်သလို နားလည်တယ်ဆိုရင်တောင် နိုင်ငံရေးကစားလိုမှု (သို့မဟုတ်) တစ်ကြောင်းကြောင်းကို ထောက်ထားနေရလို့ ခဏ ဆိုင်းကြပါဦး၊ ခဏနားကြပါဦးလို့ ပြောကောင်း ပြောပါ လိမ့်မယ်။ အဲသလို မပြောသင့်ဘူးလို့ တွက်ချက်မိတဲ့ လူရည်လည်သူတွေ ကတော့ ကနေ့နိုင်ငံရေးဖြစ်စဉ်ဟာ အကဲဆတ်တဲ့သဘောမျိုး ရှိနေသေးလို့  ဉာဏ်အမြော်အမြင် ကြီးကြီးထားပြီး လုပ်ဆောင် ရမယ်လို့ ဆိုကြပါတယ်။ အဲသလို ဆိုလိုက်တော့ လမ်းပေါ်ထွက် ဆန္ဒပြသူတွေဟာ ဉာဏ်အမြော်အမြင်နည်းသူတွေလို့ ပြောရာ ရောက်ပြန်ပါရော။ နိုင်ငံသားတွေ နစ်နာနေတာကြောင့် နစ်နာ နေတယ်လို့ သူတို့ဘက်က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတာဟာ လုံးဝမမှားဘူးလို့ ပြောပါရစေ။ တစ်ဖက် မှာလည်း ဒီမိုကရေစီကို သွားနေတယ်လို့ ထုတ်ဖော်ပြောကြား ထားတဲ့ အစိုးရတစ်ရပ်အဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို သည်းခံနိုင်စွမ်း ရှိရပါလိမ့်မယ်။ လက်နက်မဲ့ ဆန္ဒပြသူတွေကို အင်အား အလွန်အကျွံသုံးပြီး ဖြေရှင်းတာမျိုးကိုလည်း နောင်မှာ ရှောင်ရှားဖို့ လိုပါတယ်။

ဝေဖန်တာမှားသလား

အသားလွတ်ဆဲနေတာမျိုးကို လိုအပ်တယ်၊ မှန်တယ်လို့ မထောက်ခံနိုင်ပါဘူး။ ဒါပေမဲ့ ဝေဖန်တာကိုတော့ ကြိုဆိုတယ်၊ ဆန်းစစ်တာကို လက်ခံတယ်၊ ထောက်ပြတာကို ဝမ်းသာတယ်။ အစိုးရကိုပဲ ဖြစ်ဖြစ် အစိုးရမဟုတ်သေးတဲ့ နိုင်ငံရေး ခေါင်းဆောင် တွေကိုပဲ ဖြစ်ဖြစ် ဝေဖန်တာထောက်ပြတာဟာ မရှိမဖြစ်လိုအပ် တယ်။ သူများကိုတော့ တင်းပုတ်နဲ့ထု ဝေဖန်ပြီး ကိုယ့်အချင်း ချင်းကြတော့ ကြက်မွေးနဲ့သတ်ပြီး ဝေဖန်တာမျိုးကို ဆိုလိုတာ မဟုတ်ပါ။ အစိုးရရော၊ စစ်တပ်ရော၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေရော၊ အန်ဂျီအိုတွေရော၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေရော အဝေဖန်ခံနိုင်ဖို့ အဆင်သင့် ဖြစ်ပြီလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့လိုပါတယ်။

ရွေးကောက်ပွဲက ၂ဝ၁ဝ မှာ ပြီးခဲ့တာမို့ အခုဆိုရင် နှစ်နှစ်ရှိခဲ့ပါပြီ။ ပြောရရင်တော့ ဟန်းနီးမွန်းလို့ခေါ်တဲ့ ပျားရည် ဆမ်းကာလဟာ ကုန်သွားပြီလို့ သတိပေးလိုပါတယ်။ ခင်ဗျားတို့ ဝေဖန်တာ၊ ထောက်ပြတာကြောင့် ကျွန်တော်တို့ အမှားတွေကို ပြင်လိုက်နိုင်တယ်ဗျို့ဆိုပြီး ပြုံးပြုံးကြီး ပြန်ပြောနိုင်ဖို့အတွက် ကြိုးစားပါလို့ တိုက်တွန်းလိုတယ်။ တစ်ချိန်တုန်းကတော့ ဖိနှိပ်လွန်းတဲ့ ယန္တရားတစ်ခုကြောင့် ဝေဖန်တာကို လက်ရှောင်ခဲ့ ရတယ်။ တစ်ခါ ဘုံရန်သူအကြိုက်ဖြစ်မှာစိုးလို့ အများကြီး မဝေ ဖန်ဘဲ လက်ရှောင်ပေးခဲ့တာလည်း ရှိခဲ့တယ်။ အခုအခါမှာ ဒီကာလတွေကို ကျော်ခဲ့ပြီမို့ ဝေဖန်တာ၊ ထောက်ပြတာတွေကို ပွေ့ဖက်ကြိုဆိုဖို့ ပြောလိုပါတယ်။ ဝေဖန်ရေးဟာ ဖွံ့ဖြိုးတိုး တက်ရေးနဲ့ တိုက်ရိုက်ဆက်နွှယ်နေတယ်လို့ ကျွမ်းကျင်သူများက ဆိုထားပါတယ်။

ကိုးဆယ့်ခြောက်ပါးရောဂါပျောက်ဆေးလား

ဖြစ်နေတဲ့ ပြဿနာတိုင်း ဒေါ်စုဝင်ပြောလိုက်ရင် အဆင် ပြေလိမ့်မယ်လို့ ထင်နေသူများလည်း သတိထားကြဖို့ ပြောလိုပါ တယ်။ ဒေါ်စုဟာ ကိုးဆယ့်ခြောက်ပါးရောဂါပျောက်ဆေး မဟုတ်ပါ။ ဒေါ်စုဟာ လူသားခေါင်းဆောင် တစ်ဦးမျှသာ ဖြစ်ပါတယ်။ နေရာတိုင်းမှာ ဒေါ်စုကို အားအကိုးလွန်တာမျိုး ဖြစ်နေတာဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ပါ။ ကိုယ်လိုချင်တဲ့ အနေအထား ကိုယ်ဖြစ်ချင်တဲ့ အခြေအနေကို မရတော့မှ ဒေါ်စုကို အပြစ်တင် တာမျိုးတွေ ဖြစ်လာမှာ ကြိုမြင်နေရလို့ သတိပေးတာ ဖြစ်ပါတယ်။ အချစ်ကြီးရင် အမျက်ကြီးတယ်လို့ ဆိုရိုးစကား ရှိတယ် မို့လား။ နောက်တစ်ချက်ကတော့ အခုအခြေအနေဟာ ကိုယ်လို ချင်တာကို တောင်းဆိုရတဲ့ ကာလမျိုးဆိုတာထက် ကိုယ်နစ်နာခဲ့ ရတာတွေကို အရင်ဦးဆုံး ပြန်လည်တောင်းယူနေရတဲ့ ကာလ တစ်ခုသာ ဖြစ်တယ်လို့ မှတ်ယူထားရင် ပိုပြီးအဆင်ပြေပါ လိမ့်မယ်။ ကိုယ့်တာကို ကိုယ်ယူပြီး၊ ကိုယ့်အား ကိုယ်ကိုးခြင်းဖြင့် မိမိရဲ့သက်ဆိုင်ရာနယ်ပယ်မှာ လိုအပ်နေတဲ့ ခေါင်းဆောင်တွေ မွေးဖွားလာပါလိမ့်မယ်။ အဲသလို ဆောင်ရွက်ခြင်းအားဖြင့် တချို့နေရာတွေမှာ လိုအပ်တာတွေအတွက် ဖြည့်ဆည်းနိုင်မှာ ဖြစ်သလို လိုတာထက်ပိုနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုလည်း လျှော့ချနိုင်ပါလိမ့်မယ်။ အမြဲတမ်း နှလုံးသွင်းထားဖို့ကတော့ ကိုး ဆယ့်ခြောက်ပါးရောဂါပျောက်ဆေးဆိုတာ တကယ်တမ်း မှာတော့ မရှိဘူးဆိုတာပါပဲ။

နိုင်ငံသားအခွင့်အရေး

အခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်တဲ့ တချို့ နေရာတွေမှာ ပြည်သူ့အခွင့်အရေး (သို့မဟုတ်) လူထုအခွင့် အရေး (သို့မဟုတ်) ပြည်သူလူထုအခွင့်အရေး (သို့မဟုတ်) လုပ်သားပြည်သူ့အခွင့်အရေး စသဖြင့် သုံးနှုန်းတာထက် နိုင်ငံသား အခွင့်အရေး (သို့မဟုတ်) နိုင်ငံသားတို့ အခွင့်အရေး ဆိုပြီးသုံးနှုန်းတောင်းဆိုတာက ပိုပြီးတာသွားတယ်လို့ မြင်ပါ တယ်။ နိုင်ငံသားအခွင့်အရေးဆိုတဲ့ စကားလုံးဟာ နိုင်ငံတစ်ခုရဲ့နယ်နိမိတ်အတွင်းမှာ တိကျတဲ့သဘောကို ဆောင်ပါတယ်။ လူ့အခွင့်အရေးဆိုတာက လူသားတိုင်းနဲ့ဆိုင်ပြီး နိုင်ငံသား မဟုတ်သူများ၊ နိုင်ငံသား မဟုတ်သေးသူများနဲ့လည်း သက်ဆိုင် ပါတယ်။ နိုင်ငံသားတို့ အခွင့်အရေးဟာ ယေဘုယျအားဖြင့် ပြောရရင် အဓိကအားဖြင့် မရွှေ့မပြောင်းနိုင်တဲ့၊ ရွှေ့ပြောင်းလို့မရ တဲ့ ပစ္စည်းဥစ္စာများနဲ့ တိုက်ရိုက်ဆက်စပ်နေလို့ ဖြစ်ပါတယ်၊ ဥပမာပြောရရင် လယ်မြေ၊ ယာမြေ၊ ခြံမြေ၊ တောင်စဉ်တောင်တန်း၊ မြစ်ချောင်းအင်းအိုင်၊ ပင်လယ်ပြင်၊ သစ်တောများ စတာတွေ ဖြစ်ပါတယ်။ ဒါတွေဟာ နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ အရေးကြီးတဲ့ အရာများ ဖြစ်ပါတယ်။ ကနေ့ ဖြစ်နေတဲ့ တောင်း ဆိုမှုတိုက်ပွဲ၊ အခွင့်အရေးတိုက်ပွဲတွေဟာ တစ်ရာ ရာခိုင်နှုန်းနီးပါး အထက်က တင်ပြခဲ့တဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဥစ္စာများနဲ့ တိုက်ရိုက်ပတ်သက်ရာကနေ ပေါ်ပေါက်လာတယ်လို့ ဆိုနိုင်ပါ တယ်။ ဒါကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေဟာ မွေးရာပါလူ့ အခွင့်အရေး ချိုးဖောက်ခံရခြင်း တစ်ခုတည်းသာမဟုတ်ဘဲ မွေးရာပါ ပိုင်ဆိုင်ခွင့်ဖြစ်တဲ့ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရခြင်း ဆိုတာလည်း ပါဝင်ပတ်သက်နေရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တာပဲ ဖြစ်ဖြစ်၊ နိုင်ငံသားအခွင့်အရေး ချိုးဖောက်တာပဲ ဖြစ်ဖြစ်၊ နှစ်ခုစလုံးကို တပေါင်းတစည်းတည်း ချိုးဖောက်တာပဲ ဖြစ်ဖြစ် အားလုံးဟာ အရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ နိုင်ငံတော် ဆိုတာဟာ ကျောက်သား ကျောက်စိုင်၊ ခဲလုံးမြေတုံးတွေနဲ့ ဖွဲ့စည်းထားတာမဟုတ်ပါ။ သက်ရှိလူသား နိုင်ငံသားများနဲ့ ဖွဲ့စည်းထားတာကြောင့်သာ နိုင်ငံတော်ရယ်လို့ တည်ရှိနေခြင်းသာ ဖြစ်ပါတယ်၊

လူသားဆန်မှုကိုမျက်ကွယ်ပြုခြင်း

လူ့အခွင့်အရေး ချိုးဖောက်တာ၊ နိုင်ငံသား အခွင့်အရေး ချိုးဖောက်တာတွေ အားလုံးဟာ လူသားဆန်မှုကင်းမဲ့တယ် ဆိုတာကို တိုက်ရိုက်မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။ တစ် ဆက်တည်းမှာလည်း ပြောစရာတွေ ရှိလာပါတယ်။ နိုင်ငံရေး ကစားကွက်ကြောင့်၊ နိုင်ငံရေး အကျိုးအမြတ်တစ်ခုခုကြောင့်၊ နိုင်ငံရေး အလှည့်အပြောင်းတစ်ခုခုမှာ အောင်မြင်လိုမှုကြောင့်၊ မိမိဖြစ်စေလိုတဲ့ လမ်းကြောင်းတစ်ခုအပေါ် ရောက်စေလိုမှုကြောင့် အစိုးရတွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ အစိုးရမဟုတ်တဲ့   အဖွဲ့ အစည်းကြီးတွေဟာ နိုင်ငံရေးနည်းဗျူဟာအမျိုးမျိုးကို သုံးစွဲလေ့ ရှိပါတယ်။ ဒါဟာ နိုင်ငံရေးရဲ့ သဘာဝဖြစ်တယ်လို့ မြင်ပေးနိုင်ပါတယ်။ သာမန်အားဖြင့် အပြစ်ဆိုစရာမရှိပါ၊ အဲဒါအတွက် ဒါလေးပြောင်းအောင် လုပ်နေတုန်း ဒါလေးတွေ ကိုတော့ ခဏအောင့်ထားပေးပါ။ ခဏတော့ဖြင့် သည်းခံပေး ပါလို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ နားချလေ့ရှိပါတယ်။ ကောင်းပါပြီ၊ ဒီလိုမျိုး ကြုံတွေ့လာရတယ်ဆိုရင် ဘာပေတံနဲ့ တိုင်းတာပြီး သည်းခံပေးရ၊ အောင့်ထားပေးရမှာလဲ။ အဲဒါ ကတော့ လူသားဆန်မှုဆိုတဲ့ ပေတံနဲ့ တိုင်းတာဖို့ပဲ ဖြစ်ပါတယ်။ အစိုးရအပါအဝင် အဖွဲ့အစည်းပေါင်းစုံက အသုံးပြုနေတဲ့ နိုင်ငံရေး ကစားကွက်တွေ၊ နည်းဗျူဟာတွေဟာ လူသားဆန်မှုကို ဖောက်ဖျက်တယ် (သို့မဟုတ်) မျက်ကွယ်ပြုလာတယ်ဆိုရင် တော့ ဘယ်လိုနည်းနဲ့မှ မထောက်ခံနိုင်ပါ။ အဆိုပါ နိုင်ငံရေး ကစားကွက်တွေနဲ့ နည်းဗျူဟာတွေကို မှန်ကန်တယ်လို့လည်း မသတ်မှတ်နိုင်ပါ။ ဘာကြောင့်လဲဆိုတော့ လူသားဆန်မှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မျက်ကွယ်ပြုလာတဲ့ လုပ်နည်းလုပ်ဟန်တွေဟာ လူသားတွေ၊ တစ်နည်းအားဖြင့် နိုင်ငံသားတွေကိုသာ ကျေပြုန်း စေမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။       ။

၁၂ ရက်၊ ဒီဇင်ဘာလ၊ ၂ဝ၁၂ ခုနှစ်

(ဆောင်းပါးရှင်သည်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ABSDF အဖွဲ့တွင် ပါဝင်ခဲ့ပြီး ယခုအခါ ထိုင်းနိုင်ငံတွင် နေထိုင်လျက် ရှိသည်။)

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."