တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေသည့် ယနေ့လိုအချိန်မျိုးတွင် တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးကို အကောင် အထည်ဖော်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပါ တစ်ပါတည်း ထိထိရောက်ရောက်ပြုပြင်ပြောင်းလဲပေးရန် အလွန် အရေးကြီးပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အာဏာရှင်ဆန်သော အစိုးရအဆက်ဆက်၏ လက်ကိုင်တုတ်အဖြစ် အသုံးချခံခဲ့ရသောကြောင့် နာမည်ပျက်လျက်ရှိပါသည်။ ပြည်သူအချို့ကလည်း ရဲမြင်လျှင် မိမိတို့ကို အကာအကွယ်ပေးမည့်သူများအဖြစ် မမြင်ကြဘဲ နှိပ်စက် ညှဉ်းဆဲမည့်သူများ၊ ဖမ်းဆီးငွေညှစ်မည့်သူများအဖြစ် ထင်မြင်ယူဆကြသည်။
ထို့ပြင် ရဲဝန်ထမ်းအချို့သည် တရားမဝင်သောနည်းဖြင့် ဝင်ငွေရှာသည့်လုပ်ငန်းများတွင် တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေခြင်း များလည်းရှိရာ ယင်းအချက်ကြောင့်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပုံရိပ်သည် ညစ်ထေးလျက်ရှိပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လူမှုအဝန်းအဝိုင်းက မကောင်းမြင်ကြသည့် အဓိကအချက်မှာ ခြစားမှုဖြစ်သည်ဟု နိုင်ငံတကာလုံခြုံရေး နှင့် အာရှရေးရာများကို ဆယ်စုနှစ်လေးခုကြာလေ့လာခဲ့သူ အန်ဒရူးဆဲ့သ်(Andrew Selth)က ‘မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်း လဲရေး – ရည်မှန်းချက်၊ အဟန့်အတားနှင့် အကျိုးရလဒ်များ’ အမည်ရှိ စာတမ်းတစ်စောင်တွင် ရေးသားထားသည်။
ရဲတပ်ဖွဲ့တွင် အောက်ခြေအဆင့်မှ အထက်အဆင့်များထိ အဂတိလိုက်စားမှုများ ရှိနေသည်ဟု ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် အကြီးတန်းအကြံပေးအဖြစ် လုပ်ကိုင်ခဲ့ဖူးသော ဦးနေမျိုးနိုင်ကလည်း မော်ကွန်းနှင့် တွေ့ဆုံစဉ်တွင် ပြောဆိုထားသည်။ ရဲဝန်ထမ်းအချို့၏ ခြစားမှုသည် အချို့ကိစ္စများတွင် တရားစီရင်ရေးမဏ္ဍိုင်ကို ထိပါးလာသည်အထိ ဖြစ်သွားသည်များလည်း ရှိပါသည်။
နောက်ထပ်ပြဿနာတစ်ခုမှာ အမှုလာဖွင့်သူအချို့ထံမှ ငွေကြေးတောင်းခံမှုဖြစ်သည်။ ရည်ရွယ်ချက်မှာ လာရောက်တိုင်တန်း သော ရာဇဝတ်မှုများကို စုံစမ်းဖော်ထုတ်ရန် ၎င်းတို့တွင် ရန်ပုံငွေမရှိသောကြောင့် အသုံးစရိတ်အဖြစ် တောင်းခံခြင်း ဖြစ်သည်ဟု မော်ကွန်းက ချဉ်းကပ်ခဲ့သော ရဲဝန်ထမ်းအချို့ကဆိုသည်။
အလားတူ ရဲတပ်သားများ ရရှိသောလစာသည် မလောက်ငသည့်အတွက် တရားမဝင်သောနည်းဖြင့် ပြင်ပဝင်ငွေကို ရှာဖွေ ကာ ရပ်တည်နေရသည်မှာ အပေါ်ယံကြည့်လျှင် နားလည်နိုင်သောကိစ္စ ဖြစ်သော်လည်း ခွင့်လွှတ်စရာကိစ္စတော့ မဟုတ်ပါ။ သို့သော် အပြစ်ဆိုနေ၍လည်း ဤကိစ္စသည်ပြီးပြတ်မည့်ကိစ္စမဟုတ်ပါ။ ၎င်းတို့၏မိသားစုများ လူတမ်းစေ့နေနိုင်ရေးကို အစိုးရက ဖြည့်ဆည်း ကူညီပေးမှသာ ရဲတပ်ဖွဲ့ကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် အထောက်အကူပြုပါလိမ့်မည်။
တစ်ဖက်တွင်လည်း ကျင့်ဝတ်စံနှုန်းများကို ရာနှုန်းပြည့်လိုက်နာစေရန် စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးခြင်း၊ ကြပ်မတ်ပေးခြင်းတို့ ကို လုပ်ဆောင်ရန်လိုအပ်သကဲ့သို့ အမှုများလိုက်ရာတွင် ထိရောက်မြန်ဆန်မှန်ကန်နိုင်ရန် လိုအပ်သော တပ်ဖွဲ့ဝင် အင်အားဖြည့်တင်း ပေးခြင်း၊ အရည်အသွေးမြှင့်သင်တန်းများ စနစ်တကျပေးခြင်း၊ လုံလောက်သော ရန်ပုံငွေချပေးခြင်းတို့ကိုလည်း လုပ်ဆောင်ရန် လိုအပ်သည်။
အချုပ်ဆိုရလျှင် ‘ကူညီပါရစေ’ဆိုသူများ ကျွနု်ပ်တို့ လူမှုအသိုင်းအဝိုင်းကို အမှန်တကယ် ထိထိရောက်ရောက် အကူအညီပေးနိုင် စေရန် ၎င်းတို့အား ဦးစွာကူညီပေးကြပါရန် အစိုးရသစ်ကို ကျွနု်ပ်တို့မော်ကွန်းက တိုက်တွန်းအပ်ပါသည်။ ။
၂၀၁၆-သြဂုတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၇) မှ အယ်ဒီတာ အာဘော် ဖြစ်ပါသည်။