ဘာသာရေး နှင့် နိုင်ငံရေး ရောထွေးသင့်သလား အပိုင်း(၁)

ဘာသာရေး နှင့် နိုင်ငံရေး ရောထွေးသင့်သလား အပိုင်း(၁)

Photo: Law Eh Soe

၂၀၁၃၊ စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၈)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။

မော်ကွန်းသတင်း အဖွဲ့ ရေးသားသည်။

    ၂ဝဝ၇၊ စက်တင်ဘာအရေးအခင်း၏ ပုံရိပ်များက ပြည်သူလူထု၏ မျက်စိထဲတွင် ယနေ့ထက်တိုင်  လှုပ်လှုပ်ရှားရှားရှိနေကြဆဲ။ မေတ္တသုတ်ရွတ်ဆိုကာ  ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေကြသော  သံဃာတော်များ၏ ပုံရိပ်များ။ ဘေးဝဲယာတွင် လက်ချင်းချိက်ကာ အကာအကွယ်ပေးရင်း လိုက်ပါလာကြသော  လူထုပရိသတ်၏ ပုံရိပ်များ။ ဆန္ဒပြသံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို စစ်သားနှင့် လုံထိန်းရဲများက အတင်းဟန့်တား၊ နှိမ်နင်း၊ ဖမ်းဆီးချုပ်နှောင်နေကြသည့် မြင်ကွင်းများ။

            ထိုအရေးအခင်း၊ ထိုမြင်ကွင်းများကား စစ်အာဏာရှင်ကို သံဃာတော်များဦးဆောင်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် သည် ဘက်ခေတ်၏ ထင်ရှားလှသော သမိုင်းမှတ်တိုင်တစ်ခုဟု ဆိုနိုင်ပါ သည်။ ဗြိတိသျှအစိုးရ၏ လက်အောက်မှ လွတ်လပ်ရေးရယူနိုင် အောင် လူထု၏ နား၊ မျက်စိကို ဖွင့်ပေးခဲ့ခြင်းမှအစပြု၍ ၂ဝဝ၇ ရွှေဝါရောင်အရေးအခင်းအထိ သံဃာတော်များ၏ အခန်းကဏ္ဍ သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် များစွာအရေးကြီးခဲ့ပါသည်။

            ရွှေဝါရောင်တော်လှန်ရေးမှာ ဘာသာရေးစွက်ဖက်မှု မဟုတ်ဘဲ အာဏာရှင်အစိုးရကို နိုင်ငံရေးအရ ဖြုတ်ချရန် ကြိုး ပမ်းမှု ဖြစ်ခဲ့သည့်အတွက် ဘာသာပေါင်းစုံ ပါဝင်ကာ ဆင်နွှဲခဲ့ သည့် တော်လှန်ရေးတစ်ရပ်ဖြစ်ခဲ့သည်။

            သို့သော်လည်း အရပ်သားအစိုးရတက်လာပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ဆောင်နေသည့် ယနေ့လို ကာလမျိုးတွင် သံဃာတော်များနှင့် နိုင်ငံရေး ယခင်ကလို ဆက်လက် ပတ်သက် သင့်၊ မသင့်နှင့် ပတ်သက်သင့်သည်ဆိုပါက မည်သည့်အတိုင်း အတာအထိ ပတ်သက်သင့်သလဲအစရှိသော မေးခွန်းများမှာ မေးမြန်းစရာဖြစ်လာပါသည်။

            အထူးသဖြင့် ယမန်နှစ်မှ အစပြုကာ သံဃာတော်အချို့ ဦး ဆောင်လှုပ်ရှားလာသည့် ၉၆၉ လှုပ်ရှားမှုနှင့် မျိုးစောင့်ဥပဒေ ကိစ္စရပ်များက ထိုကဲ့သို့သော မေးခွန်းများ ပေါ်ထွက်လာအောင် တွန်းအားပေးသကဲ့သို့ဖြစ်နေပါသည်။

            အဆိုပါမေးခွန်းများကို တတ်စွမ်းသမျှ ဆန်းစစ်ကြည့်နိုင် ရန် ကျွနု်ပ်တို့မော်ကွန်းက သံဃာတော်အချို့၊ နိုင်ငံရေးသမား အချို့ နှင့် နိုင်ငံရေးလေ့လာသူအချို့ကို ချဉ်းကပ်မေးမြန်းခဲ့ပါသည်။

မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး အမျိုးဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တာဝန်ခံ ဆရာတော်ဒေါက်တာ ဓမ္မ ပီယကတော့ သံဃာတော်များအနေနှင့် ယခင်ကလိုပင် နိုင်ငံရေး တွင် ဆက်လက်ပါဝင်သင့်သည်ဟု အမြင်ရှိပါသည်။

            ”လူတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းဖို့၊ လူတွေချမ်းသာရာရဖို့၊ လူတွေဆင်းရဲ ဒုက္ခဖြစ်စေမယ့်အခြေအနေမျိုးတွေရှိခဲ့ရင်တော့ ဘုရားရှင်ကိုယ်တိုင်ပါဝင်ခဲ့တဲ့ သာဓကတွေရှိခဲ့တော့ ဘုန်းဘုန်း တို့အနေနဲ့ကတော့ ရဟန်းသံဃာတော်တွေ နိုင်ငံရေးမှာ ပါဝင် ပတ်သက်သင့်တယ်လို့ထင်တယ်”ဟု ဆရာတော်က မိန့်ပါသည်။

            တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အရေးအရာမျိုးတွင် ပါဝင်သင့်သည်ဟုဆိုသော်လည်း ပါတီနိုင်ငံရေးတွင်တော့ သံဃာတော်များအနေနှင့် မပါဝင်သင့်ဟု ဆရာတော်က ရှုမြင် ပါသည်။

            ”ပါတီနိုင်ငံရေးအတွက်ကတော့ သံဃာတော်တွေက ဘယ်ပါတီအတွက် မဲဆွယ်လှုံ့ဆော်ပေးတာတို့၊ စည်းရုံးပေးတာ တို့ အခုအချိန်အထိတော့ မပါသေးဘူး။ ပါလည်း မပါဝင်သင့်ဘူး လို့ မြင်တယ်”

            ရွှေညဝါဆရာတော် အရှင်ပညာသီဟကလည်း သံဃာ တော်များအနေနှင့် အမျိုးသားနိုင်ငံရေးတွင် ဆက်လက် ပတ်သက်သင့်သည်ဟု သုံးသပ်ရှုမြင်ပါသည်။

            ”အမျိုးသားနိုင်ငံရေးလို့ပြောရင် ဘုန်းကြီးတွေမှာ လုပ်လို့ ရတဲ့ အမျိုးသားအကျိုးစီးပွားအရေးတွေ အများကြီးရှိပါတယ်။ ဘုန်းကြီးတွေ လုပ်နိုင်ခွင့်လည်းရှိတယ်။ လုပ်ပိုင်ခွင့်လည်း ရှိ တယ်”ဟု ဆရာတော်က မိန့်ပါသည်။

            ဆရာတော်က ယခုလိုလည်း ဆက်လက်မိန့်ပါသည်။

            ”ပြည်ထောင်စုသားတွေရဲ့အကျိုးစီးပွားကို တန်းတူရည် တူ အခွင့်အရေး၊ မှန်မှန်ကန်ကန်၊ မျှမျှတတရှိတဲ့ တရားဥပဒေတွေ ငြိမ်းချမ်းရေးအသွင်ကို ရှေးရှုတဲ့ လူနေမှုစနစ်နဲ့ နိုင်ငံအရပြောရ ရင် ယဉ်ကျေးမှုတွေ ထွန်းကားလာအောင် ဘာသာရေး ယဉ် ကျေးမှုကနေ နိုင်ငံရေးယဉ်ကျေးမှု၊ အဲဒီယဉ်ကျေးမှုတွေကနေ အမျိုးသားထုယဉ်ကျေးမှုတစ်ရပ်လုံးဖြစ်သွားအောင် ဆောင် ရွက်ပေးလို့ရှိရင် ရဟန်းသံဃာတော်တွေလည်း ပါဝင်သင့်တယ်”

မြန်မာ့လူ့အဖွဲ့အစည်းနှင့် သံဃာ

            စင်စစ်တွင် မြန်မာ့သမိုင်းကြောင်းတစ်လျှောက် ဖြစ်ထွန်း လာခဲ့သည့် အခြေအနေများကို ကြည့်လျှင် ရဟန်းသံဃာများကို နိုင်ငံရေးမှ ခွဲထုတ်စဉ်းစားဖို့ဟူသည်မှာ မဖြစ်နိုင်သလောက်ရှိ သည်ဟု နိုင်ငံရေးသမားအချို့နှင့် နိုင်ငံရေးလေ့လာသူအချို့က ဆိုပါသည်။

            ထိုအယူအဆကို လက်ခံသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သူ ဦးဌေးကြွယ်ကတော့ သမိုင်းကြောင်းအစဉ်အလာအရ  ကြည့်လျှင် သံဃာတော်များ ၏ အခန်းကဏ္ဍသည် နိုင်ငံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတို့တွင် ပါဝင်လာခဲ့သည့်သဘောကို တွေ့ရသည်ဟု ဆိုပါသည်။

            ”ယဉ်ကျေးမှုနဲ့ ကိုးကွယ်မှုဘာသာတွေမှာသာမကဘဲ ကျွန် တော်တို့လူ့အဖွဲ့အစည်းတည်ဆောက်မှုမှာပါ ဗုဒ္ဓဘာသာ သာသနာဟာ ကြီးမားတဲ့ Institution (အဖွဲ့အစည်း)တစ်ခုပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ၊ လူမှုရေးမှာ၊ ယဉ်ကျေးမှုမှာ ဘယ်လိုမှ သီးခြားခွဲထုတ်ပြီး စဉ်းစားလို့မရဘူး”ဟု ဦးဌေးကြွယ်က ဆိုသည်။

            ဗုဒ္ဓဘာသာကိုးကွယ်သူအများစုဖြစ်သော မြန်မာနိုင်ငံ၏ ကျေးလက်ဒေသနေရာတော်တော်များများတွင် သံဃာတော် များသည် လူမှုရေးလုပ်ငန်းများမှသည် အုပ်ချုပ်ရေးလုပ်ငန်းများ အထိ မဖြစ်မနေ ပါဝင်နေရဆဲဖြစ်ပါသည်။

            အောက်ခြေတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ မည်မျှပင် သြဇာအာဏာရှိသည်ဖြစ်စေ ရွာဦးဘုန်းကြီးကျောင်းက ဆရာ တော်ကို မလွန်ဆံ့ဝံ့ကြဘဲ လိုအပ်လျှင် ဘုန်းတော်ကြီးများ ဝင် ရှင်းရသည့်အခြေအနေများမှာ ယနေ့တိုင်ရှိနေပါသေးသည်။ ပွဲလမ်းသဘင်ရှိသည့်အခါမျိုးဆိုလျှင် သံဃာတော်များသည် ပွဲ ထိန်းလည်း ဖြစ်ချင်ဖြစ်သွားတတ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက သူကြုံတွေ့ခဲ့ရသည်များကို ပြောပြသည်။

            ”ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဘယ်လိုပဲ အာဏာရှိသည် ဖြစ်စေ ရွာဦးဘုန်းကြီးကျောင်းက ဆရာတော်ကြီးတွေကို ဘယ် သူမှ မတွန်းလှန်နိုင်ပါဘူး။ တစ်ခုခုဖြစ်ရင်၊ အာဏာပိုင်တွေမနိုင် ရင် ရွာဦးဘုန်းတော်ကြီးကိုပဲ သွားခေါ်ရတာ”ဟု ဆိုသည်။

            မြန်မာမင်းအဆက်ဆက် တိုင်းပြည်ဒုက္ခရောက်မည့်အရေး ကြုံသည့်အခါတိုင်း ဘုန်းတော်ကြီးများ၏ အကူအညီရယူခဲ့ရ သည့် သာဓကများစွာ ရှိခဲ့ပါသည်။ စစ်ပွဲတွေကြားတွင်လည်း ဝင်ရောက်ဖျန်ဖြေပေးခဲ့ရသည်များလည်းရှိပါသည်။

            ယင်းသို့ပါဝင်ကြရခြင်းမှာလည်း လူ့အဖွဲ့အစည်းအတွင်း တွင် နေထိုင်နေကြသော သံဃာတော်များသည် လူမှုအဖွဲ့အစည်း ၏ ရိုက်ခတ်မှုကို သူတို့လည်းပဲ ခံကြရသည့်အတွက်ကြောင့်ဖြစ် သည်ဟု နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့ ဆည်းပူးနေသူ ဦးမင်းဇင်က သုံး သပ်ပါသည်။

            ”လွတ်လပ်ရေးတိုက်ပွဲမှာ ပိုထင်ရှားတာပေါ့။ အဲဒီကာလ မှာတော့ ရဟန်းသံဃာတော်တွေရဲ့ အခန်းကဏ္ဍက တော်တော့် ကို အရေးပါပါတယ်။ ရဟန်းသံဃာတွေက ဦးစီးဦးဆောင်ပြုခဲ့ တာတွေ အများကြီးရှိပါတယ်။ သမိုင်းကြောင်းအရ အရေးပါ တယ်” ဟု ဦးမင်းဇင်ကဆိုသည်။

            တစ်ချိန်တည်းတွင် ဦးမင်းဇင်က ယခုလို မှတ်ချက်ပြုပါသည်။

            ”ဒါပေမဲ့ သမိုင်းကြောင်းအရ အရေးပါတိုင်း ဒါဖြစ်သင့် လား၊ မဖြစ်သင့်ဘူးလားဆိုတာကတော့ သီးခြားဖြစ်သွားတယ်။ ဘာသာရေးနဲ့ နိုင်ငံရေးက ခွဲထားတာအကောင်းဆုံးပဲ”

            အမျိုးသားနိုင်ငံများ၏ လက္ခဏာမှာ ပြည်သူကို စုစည်း၊ စည်းရုံးမည့်သူသည် ပြည်သူလူထုက ရွေးကောက်သည့်သူပဲဖြစ် ရမည်ဟူသည့် သဘောမျိုးရှိကြောင်း ဦးမင်းဇင်က သုံးသပ် ပါသည်။

             ”အဲဒီလိုမဟုတ်ဘဲ သေနတ်ရှိလို့ ၊ အယူဝါဒအရ သြဇာ ထူထောင်နိုင်လို့၊ ငွေကြေးဥစ္စာရှိလို့သာ နိုင်ငံရေးမှာ ဝင်လွှမ်းမိုး ကြေးဆိုရင်တော့ ကျွန်တော်ထင်တယ်၊ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီက ရှိမှာမဟုတ်ပါဘူး” ဟုလည်း ဦးမင်းဇင်က ဖြည့် စွက်ပြောဆိုပါသည်။

            နိုင်ငံတကာတွင် ဘာသာရေးခေါင်းဆောင်များ နိုင်ငံရေး တွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် ပြဿနာဖြစ်သည့်ဖြစ်စဉ် များစွာရှိခဲ့သည်ဟု ဦးမင်းဇင်ကဆိုသည်။

            ”ဒါပေမဲ့ ကျွန်တော် (ဥပမာ) မပေးချင်ဘူးဗျ။ ဘာလို့ ဆိုတော့ ပေးလို့ရှိရင်၊ ဘာနဲ့ပဲနှိုင်းနှိုင်း မြန်မာပြည်နဲ့ တိုက်ရိုက် နှိုင်းလိုက်ရင် ပေးချင်တဲ့ မက်ဆေ့ချ်လွဲသွားမှာစိုးလို့ပါ” ဟု ၎င်း က ဆိုပါသည်။

            အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း သံဃာတော်များနှင့် နိုင်ငံရေး ကို ခွဲခြားထားစေလိုသည်ဟုဆိုသည်။ အမျိုးသားရေးတွင် ပါဝင်သင့်ကြသော်လည်း အမျိုးသားနိုင်ငံရေး၌မူ ပါဝင်ရန် မသင့် ဟု ဆိုသည်။

            ”အမျိုးသားရေးဆိုတာကတော့ တစ်မျိုးသားလုံးကောင်း စားရေးအတွက် ဆန္ဒရှိတယ်၊ ဖြစ်စေချင်တယ်။ ဒါမျိုးကို ဝိုင်းဝန်း ပြီး  ကြပ်မတ်ပေးတဲ့အထိကတော့ အမျိုးသားရေးအတွက် ကြောင့်ကြစိတ်တွေအထိကတော့ ရတာပေါ့။ ဒါပေမဲ့ အမျိုးသား နိုင်ငံရေးဆိုတဲ့အခါကျတော့ တော်လှန်ဖို့၊ တွန်းလှန်ဖို့၊ ကိုယ့်ကျူး ကျော်ရင် တိုက်ထုတ်ဖို့၊ နိုင်ငံရေးလုပ်ငန်းထဲမှာ ပါဝင်ဆောင် ရွက်ဖို့၊ နိုင်ငံရေးတံဆိပ်ကပ်ပြီးတော့ ဒို့အရေး၊ ဒို့အရေး အော်တာ မျိုးတို့အထိကတော့ သံဃာတော်တွေအနေနဲ့ မလုပ်သင့်ဘူး”ဟု ဦးခင်မောင်ဆွေက သူ့အမြင်ကို ပြောပြသည်။

            အကြောင်းမှာ ကျောင်းတော်နှင့် နိုင်ငံတော်၊ ရှင်ဘုရင်နှင့် ပုဒ်ရဟန်းမင်းကြီး တွဲခဲ့မိသည့်အတွက်ကြောင့် ကမ္ဘာ့သမိုင်းမှာ အရှုပ်အထွေးတွေ၊ ဇာတ်ကြောင်းမလှတာတွေ ပေါ်ပေါက်ခဲ့သည် များ ရှိခဲ့သောကြောင့်ဖြစ်သည်ဟု ဦးခင်မောင်ဆွေက ဆိုပါသည်။

            ထို့ကြောင့်လည်း ”သံဃာနဲ့ နိုင်ငံရေးကတော့ ခွဲပြီးတော့ ကျင့်သုံးတာတော့ ပိုကောင်းမယ်”ဟု ဦးခင်မောင်ဆွေက သုံး သပ်ခြင်းဖြစ်သည်။

            Myanmar People Forum မှ ဦးကျော်လင်းဦးကလည်း သံဃာတော်များနှင့် နိုင်ငံရေး မပတ်သက်သင့်ဟုဆိုသည်။

            ”အမှန်တကယ်ကျတော့ ဘုန်းကြီးတွေက ဘာသာရေး လုပ်ငန်း၊ လောကုတ္တရာလုပ်ငန်းတွေကို ဦးဆောင်ပြီးတော့ ဘာ သာရေးခေါင်းဆောင်အနေနဲ့ လုပ်ရတဲ့အတွက်ကြောင့်မို့လို့ ဘုန်းကြီးဟာ နိုင်ငံရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့ မသင့်ဘူးလို့ အကြမ်းဖျင်းပြောလို့ရတယ်”ဟု ဦးကျော်လင်းဦးကဆိုသည်။

            ”ဘုန်းကြီးနဲ့ နိုင်ငံရေးမဆိုင်ဘူး”ဟု သူက မှတ်ချက်ပြုသည်။

            သို့သော်လည်း အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေး လှုပ်ရှားမှုမှသည် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက် ရေးလှုပ်ရှားမှုအထိ သံဃာတော်များ ပါဝင်မှု ရှိခဲ့ကြသည့်အတွက် ဘုန်းကြီးများနှင့် ဘာသာရေးကို ခွဲထုတ်မရ ဖြစ်နေရသည်ဟု ၎င်းက ဆိုသည်။

            ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း (Yangon School of Political Science-YSPS) ကို တည်ထောင်သူများထဲတွင် ပါဝင်ပြီး ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဦးစိုးမြင့် အောင်ကတော့ ဘုန်းကြီးနှင့် နိုင်ငံရေး ပတ်သက်သင့်၊ မသင့်ဆို သည်မှာ ယတိပြတ်ပြော၍ မရဟုဆိုသည်။ ဖြစ်စဉ်ကို ကြည့်ပြီးမှ သာ ပတ်သက်သင့်၊ မသင့်ကို ပြောနိုင်လိမ့်မည်ဟု ဆိုသည်။  အပိုင်း(၂)သို့

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."