ပါဂျောင်လူသတ်ကုန်းမှ ပဲ့တင်သံများ အပိုင်း(၁)

ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ မှတ်တမ်းဆောင်းပါး ဖြစ်ပါသည်။

ထွန်းဦးခိုင် ရေးသည်။

အရပ်ရှည်ရှည် အသားဖြူဖြူ မေးရိုးကားကားနှင့် ရယ်လိုက်လျှင် မျက်နှာ တစ်ခုလုံး ပြုံးနေအောင် ရယ်တတ်သည်။ အသက်အရွယ်ကတော့ တစ်ဆယ့်ရှစ်နှစ်ဝန်းကျင်၊ ချောမော ခန့်ညားသော လူငယ် တစ်ဦးဖြစ်သည်။ စိတ် သဘောထားကောင်း ပြီး ကူညီရိုင်းပင်းတတ်သည်။ သူ၏အမည်မှာ ကျော်ကျော်မင်း ဖြစ်သည်။

            သူနှင့် ကျွန်တော်က တစ်မြို့တည်းသားမဟုတ်ပေမယ့် သူ၏ အကြောင်းကို ကျွန် တော်ကောင်းကောင်းသိသည်။ သူ့ ကို စသိတော့ အထက်တန်းကျောင်းသားအရွယ်ဖြစ်သည်။ ကျွန်တော်နှင့်သူ ခင်မင်ရင်းနှီးပုံက ဆန်းသည်။ မြန်မာပြည် တွင် နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်ခဲ့သော အခွင့်ထူးခံအာဏာရှင် အစိုးရတွေကို ပြည်သူတွေက တော်လှန်ဖြုတ်ချခဲ့သော အချိန်မှာ စတင်သိခဲ့ကြသည်။

            သူက ကန့်ဘလူမြို့က ခွပ်ဒေါင်းအလံအောက်မှာ တာဝန် ရှိတယ်ဟု ခံယူပြီး ကျောင်းသားသမဂ္ဂမှာ ဝင်ရောက် သမိုင်း တာဝန်ထမ်းဆောင်သည်။ သူ့ကိုယ်သူ အဘွားပေးသော ရွှေထုပ် ကြီး အမွေရလာသလားထင်ရလောက်အောင် တစ်မြို့ဝင် တစ်မြို့ထွက် တက်ကြွစွာဖြင့် ကျောင်းသားလူငယ်များကို လိုက်လံ နှိုးဆော်စည်းရုံးနေသည်မှာ ထမင်းမေ့ ဟင်းမေ့။ ပျော်ရွှင်စွာဖြင့် လုပ်ဆောင်ခဲ့သော နိုင်ငံရေးအသိ နိုးကြား ရိုးသားသော လူငယ်တစ်ဦး ဖြစ်သည်။ကန့်ဘလူမြို့ကလာတိုင်း ကျွန် တော့် အိမ်သို့ ဝင်သည်။ ကျွန်တော်နှင့် တွေ့ပြီးမှ မန္တလေးသို့ဆက်သွားသည်။ မန္တလေးမှပြန်လာလျှင်လည်း ကျွန်တော့် အိမ်သို့ဝင်ပြီးမှ ကန့်ဘလူမြို့သို့ သူပြန် သည်။ ကန့်ဘလူ၊ ဇီးကုန်း၊ ခင်ဦး၊ ထန်း ကုန်း၊ ဝက်လက်၊ ရွှေဘို  အစရှိသော မြို့များမှ သူငယ်ချင်းများ စုစည်းပြီး ရွှေဘို ခရိုင်ကျောင်းသားသမဂ္ဂကို လျှို့ဝှက်စွာ ဖွဲ့စည်းကာ သမဂ္ဂကြေညာချက်များကို ဖြန့်ဝေကြသည်။

            မ္တနလေးမြို့မှ ဘုန်းကြီးကျောင်းများ တွင်ပြုလုပ်သော အစည်းအဝေးပွဲများသို့ အမြဲတမ်း သူသွားတတ်သည်။ မစိုးရိမ်၊ မြတောင်၊ အလယ်တိုက်ကျောင်းများကို သွားတတ်လာတတ်သည်။ မန္တလေးမှ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင် ကျော်၊ ကိုညီကျော်တို့နှင့် ချိတ်ဆက်ပြီး အလုပ်လုပ်သည်။ ABSDF အဆက် အသွယ်များကို တင်မျိုး (ဇီးကုန်း)နှင့် အတူ လက်တွဲအလုပ်လုပ်ခဲ့သူဖြစ်သည်။

            ရွှေဘိုမြို့၏ ကျောင်းသားသမဂ္ဂကို ကိုးရက်နေ့ (၉.၈.၈၈)မှာ အထက-၁၊ ၂၊ ၃ ကျောင်းများမှ အထက်တန်းကျောင်းသား များစုပေါင်းပြီး ရွှေချက်သိုလ်ဘုရားတွင် သပိတ်စခန်းတည်ပါသည်။ အစ ပထမနေ့ တွင် အထက်တန်းကျောင်းသားတစ်ဆယ့် ရှစ်ယောက်သည် ရွှေချက်သိုလ်ဘုရား၏ အရှေ့ဘက်တွင်ရှိသော ပိဋကတ် ဘုန်း ကြီးကျောင်းတွင် ပုန်းနေကြပါသည်။ ထို့ နောက် အစီအစဉ်ဆွဲပြီးမှ မြို့တွင်းသို့ လှည့်လည် ချီတက်ကြပါသည်။ ထိုလူငယ် လေးများသည် နိုင်ငံရေးအတွေ့အကြုံ မရှိပါ။ ရိုးသားစွာဖြင့် ပြည်သူတို့၏ရှေ့မှ မိမိ၏ အသက်ကိုပင် ထည့်မတွက်ဘဲ ရပ်တည်ခဲ့ပါသည်။

            ဒုတိယနေ့ချီတက်ဆန္ဒဖော်ထုတ်ပွဲ ကို ချမ်းသာကြီးဘုရားတွင် စုဝေးပြီးစတင် ခဲ့ပါသည်။ နောက်ရက် ချီတက်ပွဲများကို ရွှေချက်သိုလ်ဘုရားတွင် သပိတ်စခန်းဖွင့် ပြီး ကျောင်းသားလူငယ်လေးများသည် အိမ်မပြန်တော့ဘဲ ညအိပ်ညနေ နေကြပါ သည်။ ရွှေချက်သိုလ်ဘုရားနှင့် ကပ်လျက် ရှိသော ပိဋကတ်ကျောင်း၊ နတ်ပေး ကျောင်း၊ ဂွေးပင်ကျောင်း၊ ထိုဘုန်းကြီး ကျောင်းတို့သည် ကျောင်းသားလူငယ်က လေးတို့၏ လှုပ်ရှားသွားလာမှုများကို အားပေးပြီး အနွံတာခံခဲ့ပါသည်။

            စက်တင်ဘာလတွင် သပိတ်စခန်း တွေကျဆုံးသွားပါသည်။ ထိုအခါ ကျောင်း သားလူငယ်လေးများသည်လည်း တကွဲ တပြားစီဖြစ်သွားကြပါသည်။ လက်ဖက် ရည်ဆိုင်များသည် ကျွန်တော်တို့၏စုရပ် ဖြစ်လာပါတော့သည်။ တစ်နေ့တွင် ကို မွှေးမွှေး၊ ကိုဇော်ဝင်း(ဆယ်ပြား)၊ ကိုထွေး၊ ကိုအောင်မွန်၊ ကိုအောင်မျိုး (မနုဿ)နှင့် ညီညီသိန်းတို့က ကျောင်းသားများစုစည်း နိုင်ရန် ရည်ရွယ်၍ ရွှေဘိုမြို့တွင် ”အမျိုး သားနိုင်ငံရေး ကျောင်းသားလူငယ်အဖွဲ့ ”(အနကလ)ကို စတင်လုပ်ကိုင်ကြသည်။ အမျိုးသမီးကျောင်းသူ နှစ်ဦးဖြစ်သော မစန်းစန်းနု (RIT)နှင့် မဥမ္မာတို့လည်း ဝိုင်းဝန်းလုပ်ကိုင်ကြသည်။ ကျွန်တော် တို့က ဗကသလုပ်ငန်းများကို တစ်ဖက်မှ လုပ်ကိုင်ကြပါသည်။ မန္တလေးတက္က သိုလ်တွင် ကျောင်းသားညီလာခံ ကျင်းပပါသည်။ ရန်ကုန်မှ ဗထူးအောင်၊ မိုးဟိန်း၊ ကိုညိုထွန်း၊ ကိုရဲနှင့် အခြားအမည် မသိသော ကျောင်းသားကျောင်းသူများ တက်ရောက် ကြပါသည်။ မြေလတ်ဒေသမှ ကျောင်းသားများ၊ မန္တလေးမှ ကိုထွန်း အောင်ကျော်၊ ကိုညီကျော်၊ ကိုသန့်ဇင်၊ အခြားအမည်မသိ ကျောင်းသားကျောင်း သူများ၊ အနယ်နယ်အရပ်ရပ်မှ ကျောင်း သားကျောင်းသူများ  တက်ရောက်ကြပါ သည်။ ညီလာခံပြီးလျှင် ကားများဖြင့် ၃၅ လမ်းအတိုင်း ပြန်လာပြီး မစိုးရိမ်ဘုန်းကြီး ကျောင်းတွင် ညအိပ်ကြရပါသည်။ ကျွန်တော်နှင့် ကိုထွေး (မန်းတက္ကသိုလ်)တို့ နှစ် ယောက် ညီလာခံသို့ တက်ရောက်ပါသည်။

            ထို့နောက် အထက်မြန်မာပြည်တွင် တစ်မြို့ပြီးတစ်မြို့ ကျောင်းသားညီလာခံများ ပြုလုပ်ကျင်းပပါသည်။ ဝက်လက်မြို့ ၌လည်း ကျင်းပပါသည်။ ဇရပ်ပေါ်တွင် ကျောင်းသားများ အိပ်ကြရပါသည်။ ကိုထွန်းအောင်ကျော်လည်း အတူအိပ်ရသည်ကို သတိရမိပါသည်။ ထို့နောက် ရွှေဘိုကောလိပ်တွင် ကျောင်းသားညီလာခံ ပြုလုပ်ပါ သည်။ မန္တလေးမှ ကိုထွန်းအောင်ကျော် နှင့် ကိုညီကျော်တို့ ကြိုတင်ရောက်လာပါ သည်။ ရွှေဘိုမြို့မှ ကျောင်းသားများဖြစ် သော ကိုဇော်ဝင်း၊ ကိုအောင်မွန်၊ ကိုမွှေး မွှေး၊ ကိုထွေး၊ ကိုအောင်မျိုး (မနုဿ)၊ ညီ ညီသိန်း၊ ဇော်မြင့်၊ စံလင်း၊ ဖိုးခဲ၊ ကုလား ဘော်၊ တင်စိုးစိုးနိုင်၊ အောင်အေး၊ ဟန် သိန်း၊  သန့်ဇင် (ရွှေဟင်္သာ)၊ သိန်းတန်၊ မော်စီ၊ မစန်းစန်းနု၊ မဥမ္မာ၊ လဲ့လဲ့မျိုး၊ ယဉ် ယဉ်ရွှေ၊ အခြား ကျောင်းသား ကျောင်းသူ အများအပြား တက်ရောက်ကြပါသည်။

            ထို့နောက် ရွှေဘိုမြို့မှ ကျောင်းသား များ တာဝန်ယူပြီး (အလံ၊ ပိုစတာ၊ တံဆိပ်) ခင်ဦးမြို့တွင် ကျင်းပသည်။ ခင်ဦး မြို့မှ ကိုညီညီသိန်း၊ ကိုမင်းနောင်နှင့် ကျောင်းသားကျောင်းသူများ တက် ရောက်ကြပါ သည်။ ထို့နောက် ဇီးကုန်းမြို့၊ ကန့်ဘလူမြို့၊ ကောလင်းမြို့များတို့တွင် ကျင်းပကြပါသည်။ ဇီးကုန်းမြို့တွင် ကိုလှ မြင့်၊ ကိုသန်းဌေး၊ ဝင်းမြင့်၊ သိန်းထွန်းနှင့် အခြားကျောင်းသားကျောင်းသူများ တက်ရောက်ကြပါသည်။ ကန့်ဘလူမြို့တွင် ကျော်ကျော်မင်း၊ မြတ်သူ၊ ခိုင်ထူး၊ မျိုးဇော်၊ ဟန်ဝင်းအောင်၊ ကျော်ကျော်နိုင် နှင့် အခြား ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပါသည်။ ကောလင်းမြို့ တွင် ကိုဆန်းထွန်း၊ ဘဲဥ၊ အောင်မျိုးဦး၊ ဝေ ဝေဦးနှင့် အခြား ကျောင်းသား ကျောင်း သူများ တက်ရောက်ကြပါသည်။

တောခိုပြီ

            ၁၉၈၉ ကျောင်းဖွင့်ရာသီ နီးလာချိန် တွင် လှုပ်ရှားမှုများ အရှိန်လျော့သွားပြီး  ကျွန်တော်လည်း နဝမတန်း တက်ရောက် ခဲ့သည်။ ၁၉၉ဝ ခုနှစ် ဖေဖော်ဝါရီတွင် နဝမတန်းစာမေးပွဲ ဖြေဆိုပြီးနောက် အိမ်မှ ထွက်ခွာခဲ့ပြီး တင်မျိုး (ဇီးကုန်း)နှင့်အတူ မြစ်ကြီးနားသို့သွားသည့် ကုန်ရထားကြီးနှင့် ဇီးကုန်းမြို့မှ ထွက်ခွာခဲ့ ပါသည်။ နောက်တစ်နေ့ နံနက်ခင်းတွင် နမ္မားမြို့သို့ ရောက်ပါသည်။ နမ္မားမြို့တွင် နေသော ကိုမောင်မောင်က နေရာစီစဉ် ပေးပါသည်။ လက်သီး၊ မိုးဝေ (ရေဆင်း တက္ကသိုလ်)တို့ တိုက်တွင် ညအိပ်ရပါ သည်။ အိမ်ရှင်ဦးလေးနှင့် အဒေါ်တို့ နှစ်ဦး စလုံး သဘော ကောင်းပါသည်။ သူတို့သား သုံးယောက်စလုံး ABSDF တွင် သမိုင်း တာဝန် ထမ်းဆောင်နေပါသည်။ နမ္မားမြို့ တွင် သုံးညလောက် ကျွန်တော် အိပ်ရပါ သည်။ တောထဲသို့မသွားခင် တစ်ညမှာ ကျွန်တော်နှင့်တင်မျိုးသည် ထမင်းဆိုင်တွင် ထမင်း အတူစားကြပါသည်။

            နောက်တစ်နေ့မနက်တွင် လက် ဖက်ရည်ဆိုင်ထိုင်ပြီး အိငယ်က လူကြုံရှိ ရာနေရာသို့ လိုက်ပို့ပါသည်။ ခရီးစတင်ပြီ ဆိုကတည်းက တက်လိုက်ရသည့်တောင်။ တစ်ခါမှ မတက်ဖူးခဲ့၊ ယခုမှ နဖူးတွေ့ ဒူး တွေ့ ကြုံရပြီး နေ့လယ် နှစ်နာရီလောက်မှ နမ္မား ရှေ့တန်းစခန်းကို ရောက်သည်။ တောင်ပေါ်တွင် သစ်ပင်ကြီးများ၏အကိုင်းအခက်ကြောင့် နေရောင်ကို မမြင်ရတော့ပေ။ ညနေစောင်းလာတော့ အအေးဓာတ်က တဖြည်းဖြည်း ပိုလာသည်။ ကျွန်တော်က ဒီလိုတောင်ပေါ် ရာသီဥတု မျိုးကို ယခုမှကြုံဖူးပါသည်။ ကျွန်တော် ရောက်ပြီး မကြာခင်မှာ ညနေစာ ထမင်း စားကြပါသည်။ ယခုမှ နေ့လယ်ပဲ ရှိသေး တယ်ဗျာဟု စောဒကတက်လိုက်ပါသည်။ သူတို့က ရယ်ကြပါသည်။

            ”ရွှေဘိုသား၊ ဒီနေရာက မိဘအိမ် မဟုတ်ဘူး။ ရှေ့တန်းစစ်မြေပြင်နေရာ။ နံနက်စာကို ခြောက်နာရီစားတယ်၊ နေ့ လယ်စာကို တစ်နာရီ စားရတယ်။ ထမင်း စားပြီး ကိုယ့်ကျောပိုးအိတ် ကိုယ်သိမ်းပြီး အသင့်အနေအထားနေရတယ်”လို့ တောင်သာသား ရေဆင်းတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကိုအောင်ကျော် (သောင်းညွန့်) ရှင်းပြသည်။ သူတို့နှင့် ကျွန်တော်က တွေ့တွေ့ချင်း ရင်းနှီးသွား သည်။ ခံယူချက်တူသူ လူငယ်တွေပီပီ ရိုးသားပွင့်လင်းကြပါသည်။ နောက် တစ်ယောက်က ကိုမိုးဝေ၊ နမ္မားသား။ နမ္မားမြို့ပေါ်တုန်းက သူတို့တိုက်မှာ ကျွန်တော်အိပ်ရသည်။ ခင်ဗျားတို့အိမ် မှာကျွန်တော်အိပ်လာတာ ဟုပြောတော့ သူဝမ်းသာသွားသည်။

            ကျောင်းသားလူငယ်များကို ကူညီရ၍ ဂုဏ်ယူနေပုံရသည်။ နမ္မားပို့စ်မှာ သူ တို့နှစ်ယောက်ပဲ တွေ့ရသည်။ ကျန်တဲ့လူ များမှာ တပ်ရင်းပြန်သွားသည်ဟု ပြောပြ ပါသည်။ နောက်ပြီး မဟာမိတ်ကေအိုင်အေက တပ်စိတ်သုံးစိတ်လောက် ရှိမည် ထင်သည်။ ညအိပ်တော့ သူတို့နှစ် ယောက်နှင့် တဲတစ်တဲတည်းမှာ အတူတူ အိပ်ရပါသည်။ ကိုမိုးဝေကလည်း ရေဆင်း တက္ကသိုလ် ကဖြစ်ပြီး သူတို့နှစ်ယောက်က ကျောင်းကတည်းက သူငယ်ချင်းတွေဖြစ် သည်။ ကျွန်တော့်အရင် တစ်ပတ်လောက် က မန္တလေးမှ ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင် (အနကလ)တို့ ရောက်လာ သည်ဟု ပြောပြပါသည်။

            စစ်သင်တန်း မတက်ရသေး၍ ကျွန်တော် လိုက်လျောညီထွေမရှိပါ။ ရေ ခပ်ရတာကိုက မလွယ်ပါ။ ဝါးလုံးခြမ်းကို ရေတံလျှောက်လုပ်ပြီး တောင်ပေါ်မှ စိမ့်ကျလာသည့်ရေကို ခံယူရပါသည်။ လေးပေခန့်ရှည်သော ဝါးကျည်တောက် ထဲ ရေထည့်ပြီး ပခုံးကိုမှီကာ လက်တစ် ဖက်က ဝါးကျည်တောက်ကို အောက်က မပြီးတောင်ပေါ်သို့မတ်စောက်စောက် ပြန်တက်ရသည်မှာအလွန်ပင်ပန်းပါသည်။

            နောက်နေ့တွင် တပ်ရင်းသို့သွား မည့် ကေအိုင်အေလူကြုံနှင့် ကျွန်တော့်ကို ထည့်လိုက်ပါသည်။ တောင်ပေါ် တက် လိုက်ဆင်းလိုက်နှင့် နေ့ဝက်ခရီးလောက် လျှောက်ပြီးတော့ အင်ဂျုံဟုခေါ်သော ရွာကြီးတစ်ရွာသို့ရောက်ပါသည်။ ထိုရွာတွင် အောင်ဆွေဦး ခေါင်းဆောင်သော ကျောင်းသားစစ်ကြောင်း စခန်းချနေပါသည်။

            ထိုရွာတွင် သုံးရက်လောက်နေပြီး တပ်ရင်း – ၅ သို့ ပြန်ကြပါသည်။ တပ် ရင်း-၅ သည် မိုးညှင်းပို့စ်၊ နမ္မားပို့စ်၊ ဆားမှော် ပို့စ်တို့ဆုံရာ ကောက်ကွေ့ချောင်းဘေးတွင် ရှိသော ကောက်ကွေ့လွင်ပြင်တွင် တပ်ရင်းတည်ထားပါသည်။ ကေအိုင်အေ တပ်နှင့် ကျောင်းသားတပ်တို့ အတူတွဲပြီး နေထိုင်ရပါသည်။ ကျောင်းသားတပ်၏ ရုံးအဖွဲ့မှူးတာဝန်ခံမှာ ညီညီလွင်ဖြစ် ပါသည်။ တပ်ရင်းစခန်းတွင် အေးအေး ဆေးဆေးနေရပါသည်။ ကျွန်တော်က ဖေဖော်ဝါရီလ တစ်ဆယ့်ငါးရက်ဝန်းကျင် တွင် တပ်ရင်း-၅ သို့ရောက်ပါသည်။ ကျွန် တော်ရောက်ပြီး တစ်လဝန်းကျင်ရှိသော အခါ ကျော်ကျော်မင်း၊ တင်မျိုး၊ ခိုင်ထူး၊ မျိုးဇော်၊ မြတ်သူ၊ ဝင်းမြင့်၊ သိန်းထွန်း စသည့် လူငယ်က လေးများ စုပေါင်းပြီး ကန့်ဘလူ၊ ဇီးကုန်းမှ ကျောင်းသား လူငယ် ကလေးများသည် ABSDF တပ်ရင်း-၅ သို့ ရောက်ရှိလာပါသည်။ သူငယ်ချင်းတွေ ပြန်တွေ့ကြတော့ ပျော်လိုက်ကြတာ၊ ကိုယ်ယုံကြည်ရာကို ကိုယ်တိုင် ပါဝင်ခွင့် ရရှိသောကြောင့် မိမိ၏အသက်ကိုပင် ထည့်ပြီး မစဉ်းစားမိဘဲ ငယ်ရွယ်သူတို့၏ သဘာဝစရိုက်အတိုင်း အနစ်နာခံရသည် ဟု ပေးဆပ်ကြရသည်ဟု မအောက်မေ့ဘဲ ရိုးသားစွာဖြင့် မိမိရွေး ချယ်ခဲ့သောလမ်းကို အတူတူလက်တွဲပြီး လျှောက်ဖြစ်ခဲ့ကြ သည်။ ကောလင်းမြို့မှ ကျောင်းသူကလေး ဝေဝေဦးပေးလိုက်သည့် နို့မှုန့်ဖြင့်ပြုလုပ် ထားသော ရိက္ခာခြောက်မှုန့်ကို ညရောက် လျှင် တဲအတွင်း၌ သူငယ်ချင်းများ စုပြီး ဝိုင်းဖွဲ့စကားပြောရင်း လုစားကြပါသည်။

            ထိုကျောင်းသူကလေးကိုတော့ ကျွန်တော် မရင်းနှီးပါ။ သို့သော် ကန့်ဘလူ ကျောင်းသားညီလာခံတွင် သူ မိန့်ခွန်း တက်ပြောနေစဉ် လက်ခုပ်သံတဖြောင်း ဖြောင်းဖြင့် အားပေးချီးမြှောက်သံကို တော့ ပြန်လည်သတိရမိပါသည်။ တပ်ရင်း ၅ တွင် လအနည်းငယ်ကြာနေပြီးနောက် လိုင်ဇာဌာနချုပ်သို့ သွားမည့် စစ်ကြောင်း နှင့်အတူ လိုက်သွားရပါသည်။ တပ်ရင်းမှ နံနက်ပိုင်းတွင် စစ်ကြောင်းထွက်ပါသည်။ ကိုင်းတောလွင်ပြင်မရောက်ခင် တောတန်း အစပ်တွင် တပ်ရင်း- ၁၁ သို့ သွားသည့် လမ်းခွဲရှိပါသည်။ ထိုလမ်းခွဲအရောက်တွင် ကျွန်တော်ဖျားနေ၍ စစ်ကြောင်းနှင့် အတူတူ လိုက်ပါလာသော တပ်ရင်း-၁၁ တာဝန်ခံ ဗိုလ်သာဓု (ရန်ကုန်)နှင့်အဖွဲ့က တပ်ရင်း- ၁၁ သို့ ခေါ်သွားပါသည်။

            သူငယ်ချင်းများက ဌာနချုပ်သို့ စစ် ကြောင်းနှင့်အတူ လိုက်ပါသွားပါသည်။  ထိုအချိန်မှစ၍ ကျော်ကျော်မင်းနှင့် မတွေ့ရတော့။ တပ်ရင်း-၁၁သည် မိုးကောင်းချောင်းဘေးတွင် တည်ရှိပြီး ကေအိုင်အေနှင့်အတူတူ တွဲနေပါသည်။ ကျောင်းသားအဖွဲ့များကို တောင်ကုန်း သီးသန့်ပေးထားပါသည်။ကျောင်းသားများ သည် အရပ်ဒေသအသီး သီးမှ ဖြစ်ပါသည်။ ဗိုလ်သာဓု၊ ဘိုထီး (ရန်ကုန်)၊ အာတီစိုး၊ ကျော်တင့်၊ ဇော်မင်းဦး၊ ဖိုးဆန်း၊ ရွှေကျီး၊ ဖြိုးကို၊ နိုင်ဇော်လတ် (မြစ်ကြီးနား)၊ ကိုမင်းဌေး၊ ဆန်းထွန်း (မိုးကောင်း)၊ တင်မြင့် (မိုးညှင်း)၊ ငမန်း (ဗန်းမော်)၊ အောင်မျိုးဦး (ကောလင်း)၊ (ဝေဝေဦး၏ အစ်ကို) ဖြစ်ပါသည်။

            ကျွန်တော့်ကို စစ်ယူနီဖောင်းအင်္ကျီ အသစ်တွေ ထုတ်ပေးပါသည်။ တပ်ရင်း-၁၁ မှ သူငယ်ချင်းများက ကျွန်တော့်ကို ခိုင်ကြီး ဟုခေါ်ကြပါသည်။ စစ်သင်တန်း မတက်ရသေးသူဆို၍ ကျွန်တော် တစ်ယောက်ပဲရှိပါသည်။ ကျန်သူငယ်ချင်း များက စစ်ရေးတာဝန် ထမ်းဆောင်နေရ ပါသည်။ ကျွန်တော်ကတော့ ဘာတာဝန်မျှ မရှိ၊ အေးအေးဆေးဆေး လွတ်လွတ် လပ်လပ်နေရပါသည်။ စစ်ဆင်ရေးကာလတွင် တပ်ရင်း ၁၁ နေရာတွင် မနေတော့ဘဲ မိုးကောင်း ချောင်းဘေးတစ်လျှောက် နေရာရွှေ့ပြီး နေပါသည်။

            ကျွန်တော့်ကို ကေအိုင်အေတပ်ရင်း မှူးထံ အပ်ပါသည်။ စစ်ဆင်ရေးကာလ အချိန်တွင် တိုက်ခိုက်ရေးအဖွဲ့နှင့် ရှောင် တိမ်းစစ်ကြောင်းနှစ်ဖွဲ့ ခွဲထားပါသည်။ ကေအိုင်အေ တပ်ရင်းမှူးမှာ အသက်ငါး ဆယ်ဝန်းကျင်ဟု ထင်ရပါသည်။ အသား ညိုညိုနှင့် အလွန်တောင့်တင်းခိုင်မာသူ ဖြစ်ပါသည်။ သူ၏အမည်မှာဒူဂျွန်လဆန် အောင်ဖြစ်ပါသည်။ ဓာတ်ဆီခြောက်ဂါလံ ပုံးနှစ်ပုံးကို ရေအပြည့်ထည့်ဆွဲပြီး မိုး ကောင်းချောင်းဘေးတွင် ခေါက်တုံ့ ခေါက် ပြန် လမ်းလျှောက်ကာ ကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်သူဖြစ်ပါသည်။ ထမင်းကို တပ်ရင်းမှူးဇနီးနှင့် အဖွဲ့က ကျွေးပါသည်။ ဒူဂျွန်လဆန်အောင်၏ဇနီးက တစ်ညတွင် ကျွန်တော့်ကို ကော်ဖီတစ်ခွက် တိုက်ပါ သည်။ တောထဲရောက်ကတည်းက လက် ဖက်ရည်သောက်ဖို့မပြောနှင့် မြင်တောင် မမြင်ဖူးပါ။ ကျောင်းသားဘဝတုန်းက တစ်နေ့ကို လက်ဖက်ရည်သုံးခွက် အနည်း ဆုံးသောက်ခဲ့သည့်အကျင့်ရှိသော ကျွန်တော်သည် မသောက်ရတာကြာပြီမို့ ကော်ဖီသည် အရသာ ရှိလှပါသည်။ ကျွန်တော်တို့ ရှောင်တိမ်း စစ်ကြောင်း ထံသို့ ဒဏ်ရာရသူများကို ပြန်သယ်လာ ကြပါသည်။ သစ်ကိုင်းကို စောင်နှင့်ပုခက် ပုံစံပြုလုပ်ပြီး ရှေ့နောက်တစ်လှည့်စီ လူလဲကာ ထမ်းခေါ် လာပါသည်။

            ညခရီးများ ဆက်တိုက်သွားရပါ သည်။ မမြင်မစမ်းနှင့် ခလုတ်ခဏခဏ တိုက်ပါသည်။ ကျွန်တော်က ညခရီးကို မသွားချင်ပါ။ လမ်းလျှောက်ရတာ ခက်ခဲ ပါသည်။ ဖိနပ်ကလည်း စစ်ကင်းပတ် မဟုတ်ပါ။ ခြေညှပ်ဖိနပ်စီးထားသော ကြောင့် သွားရလာရတာ အဆင်မပြေပါ။ တစ်နေရာတွင် ရွံ့ ဗွက်အိုင်ကလေးကို ဖြတ်ကျော်သောအခါ ဖိနပ်တစ်ဖက် ကျွတ်ကျန်ခဲ့ပါသည်။ လူတွေ တစ်ယောက် ပြီး တစ်ယောက်ဖြတ်သွားသဖြင့် အလွန် ရှာရခက်ပါသည်။ လူနာထမ်းလာသော အဖွဲ့ပင် ကျော်သွားပါသည်။ ဖိနပ်က ရှာ မတွေ့ သေးပါ။ စစ်ကြောင်း၏နောက်ချန် တပ်စိတ်ပင်မီလာပါသည်။ ဗွက်အိုင်ထဲ တွင် နစ်မြုပ်နေသော ဖိနပ်တစ်ဖက်ကို ပစ်ထားခဲ့ရပါသည်။ ခြေထောက်တစ်ဖက် တွင် ဖိနပ်မပါ ဘဲ ညခရီးလျှောက်ရသည်မှာ အလွန်ခက်ခဲပါသည်။ တစ်နေရာတွင် စပါးရိတ်ထားသော လယ်ကွင်းကဲ့သို့ ကောက်ရိုးငုတ်တိုများ ထောင်နေသော မြေကွက်နှစ်ကွက်ကို မှောင်ကြီးမည်းကြီး ထဲတွင် ဖြတ်လျှောက် ရသောအခါ မမြင်မစမ်းဖြင့် ခြေဖဝါးကို ငုတ်ထိုးခံရသည် မှာ အလွန်နာကျင်ပါသည်။

            စစ်ကြောင်းရှောင်ရ၊ မမြင်မစမ်းဘဲ ညခရီးတွေလျှောက်ရနှင့် တော်တော် လေး ဒုက္ခရောက်ရပါသည်။ မိုးကောင်း ချောင်းနှင့် ဧရာဝတီမြစ်အကြားတွင် နေရာတော်တော်များများကို ပြောင်းရွှေ့ နေရပါသည်။ ထိုအချိန်မှာပင် လိုင်ဇာသို့ သွားမည့် ကေအိုင်အေလူကြုံနှင့် ကျွန် တော့်ကို ထည့်ပေးလိုက်ပါသည်။

            ဧရာဝတီမြစ်ကို စက်လှေဖြင့်ကူးပြီး လျှင် ရှမ်းရွာကိုဖြတ်ကာ နောင်လာပါသို့ ရောက်ပါသည်။ နောင်လာပါတွင် ကျွန်တော် နေမကောင်းဖြစ်၍ ကေအိုင်အေ ဆေးရုံသို့တက်ရပါသည်။ ကသာမှ ကိုအေးမြင့်နှင့် ဘဲလေး(မုံရွာ)တို့မှ ဆေးရုံသို့ လိုက်ပို့ပါသည်။ နောင်လာပါ တွင် နှစ်လနီးပါးခန့်နေပြီးနောက် ပါဂျောင်ဒေသ၊ လိုင်ဇာဌာနချုပ်သို့ လူကြုံဖြင့် ထည့်ပေးလိုက်ပါသည်။ ကျွန်တော်တို့သည် ဗဟိုဌာနချုပ်သို့ ကြိုး တံ တားဖြင့် ကူးကာ တရုတ်ပြည်ဘက်မှ တက်ကြပါသည်။ ညနေလေးနာရီဝန်း ကျင်လောက်တွင် ပါဂျောင်သို့ရောက်ပါ သည်။ ပါဂျောင်တွင် လအနည်းငယ် လောက်နေရပြီး စစ်သင်တန်းကို တပ်ရင်း- ၅ တွင် ပေးမည်ဆိုသောကြောင့် ကျွန် တော်တို့တစ်တွေသည် ဗဟိုမှ ပြန်ဆင်း လာကြပါသည်။

            ကန့်ဘလူ၊ ဇီးကုန်းအုပ်စုအဖြစ် မုံရွာမြို့မှ ကျောင်းသားလူငယ်ကိုးဦးလည်း ပါ လာပါသည်။ အောင်မွန်၊ မြင့်ဇော်၊ ထွန်း ထွန်းစိုး၊ မြင့်နိုင်၊ ကျော်ကျော်ဦး၊ ပေါ်ဦး။ အမည် မမှတ်မိသော အခြားသူငယ်ချင်းများ လည်းလိုက်လာပါသည်။ ဧရာဝတီမြစ် အရှေ့ ဘက်မှ စက်လှေဖြင့်ကူးကာ အနောက် ဘက်ခြမ်းရှိ ငှက်ပျောတောကျေးရွာတွင် ဆိုက်ကပ်ပါသည်။ ထိုမှတစ်ဖန် မိုးကောင်း ချောင်းအတိုင်းလာကာ ကချင်ရွာတွင် ည အိပ်ရပါသည်။ နောက်တစ်နေ့ မနက်တွင် တပ်ရင်း-၅ သို့ ထွက်ခွာခဲ့ပါသည်။ တပ် ရင်း – ၅ တွင် စစ်သင်တန်းတက်ပြီးသော အခါ တာဝန်ခံ ကိုအောင်ဆွေဦးက ကျွန် တော့်ကို ရုံးအဖွဲ့သို့ ပို့လိုက်ပါသည်။ ရုံးတာ ဝန်ခံမှာ ညီညီလွင် (ဝန်းသို)ဖြစ်ပါသည်။

            ရိက္ခာအတွက် ဆန်ထမ်းကို အလှည့်ကျလိုက်ရပါသည်။ ဆန်ဂိုဒေါင် ရှိရာသို့ ဆန်သယ်သွားရပါသည်။ မနက် စောစောသွားရပြီး ညနေစောင်းမှ ပြန် ရောက်ပါ သည်။ မြေနီတောင်ဘက်သို့ ဆန်သွားသယ်ရလျှင် လမ်းမှာ တစ်ညအိပ်ရပါသည်။ အပြန်လမ်းကျလျှင်လည်း လမ်းမှာ တစ်ညအိပ်ရပြီး ညနေစောင်းမှ ပြန်ရောက်ပါသည်။ ဆန်မထမ်းရလျှင် ဝါးခုတ်၊ ရုံးပင်ခုတ်လုပ်ရပါသည်။ ကျောင်းသားရဲဘော်များတွင် ရာသီ အလိုက် သယ်ယူရမည့် ပစ္စည်းများရှိပါ သည်။ မဖြစ်မနေ သယ်ရမည့်ပစ္စည်းများ ကတော့ ယူနီဖောင်းနှစ်စုံ၊ အရပ်ဝတ် တစ်စုံ၊ ဟန်းကောတစ်လုံး၊ ဆန်စလွယ် တစ်ခု၊ မီးခြစ်တစ်လုံး၊ ဖယောင်းတိုင်၊ ဓား တစ်ချောင်း၊ ညှပ်ဖိနပ်တစ်ရံ၊ ဆား တစ်ထုပ်ပင် ဖြစ်ပါသည်။

အမေမျှော်တဲ့သား

            စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်လျှင် နေရာပြောင်းပြီး စစ်ကြောင်းလိုက်နေရ ပါသည်။ တစ်ခါသော် မြေနီတောင်ဘက် တွင် စစ်ကြောင်း ပြောင်းရွှေ့နေကြရပါ သည်။ ထိုအချိန်တွင် ကိုအောင်ကျော် (သောင်းညွန့် – တောင်သာ)၊ သိန်းနိုင်ချို၊ ကိုထိန်လင်း (ပန်းချီ)၊ ထွန်းထွန်းစိုး (မုံရွာ)၊ကျွန်တော်တို့စုစုပေါင်း ငါး ယောက်သည် မြေနီတောင်၏ အရှေ့ဘက် ထိပ်ဂန် ဂွယ်ရန်ရွာကိုဖြတ်ပြီး တောင် အောက်သို့ ဆင်းရပါသည်။ မိုးဒါးလေး၊ မိုးဒါးကြီးဘက်ကိုမသွားဘဲ မိုးညှင်းပို့စ် ဘက်သို့ သွားပါသည်။

            ထိုနေရာတွင် အရင်ရှိနေသော ကေအိုင်အေစစ်ကြောင်းနှင့် ပေါင်းနေပါ သည်။ ထိုစစ်ကြောင်းသွားရာနောက်ကို ပြောင်းရွှေ့နေကြရပါသည်။ နောက်ထပ် ကျောင်းသား စစ်ကြောင်းလည်း လာ ရောက်ပေါင်းဆုံနေကြပါသည်။ မိုးတွင်း ခရီး သွားလျှင် အလွန်ဒုက္ခရောက်ပါသည်။ စစ်ကြောင်းနားလျှင် အိပ်ဖို့နေရာရှင်းရပါ သည်။ မိုးကာတစ်ထည်ကို အပေါ်မှမိုး၍ တစ်ထည်ကို သစ်ကိုင်းများပေါ်ခင်းကာ ကျောပိုးအိတ်ကို ခေါင်းအုံးရပါသည်။ ထမင်းချက်လျှင် ထင်းစိုနေ၍ မီး                      မတောက်ပါ။ ထမင်းမှာ ပျော့၊ တူး၊ မနပ်ဖြစ် တာ များပါသည်။ ကိုယ့်တပ်စိတ်နှင့်ကိုယ် ထမင်းစားရပါသည်။ နှစ်ပေလောက် ရှိ သော မိုးကာကိုခင်းပြီး ထမင်းကိုပုံပြီး စား ရပါသည်။ မိုးတွင်းရောက်လျှင် ယားနာ ပေါက်ပါသည်။ လက်ဖမိုးမှာ မြင်မကောင်း အောင် ရောင်ကိုင်းနေပါသည်။ သို့သော် သူငယ်ချင်းတွေသည် မရွံမရှာဘဲ အတူတူ ဝိုင်းဖွဲ့စားသောက်ကြပါသည်။ ရှိအတူတူ၊ မရှိအတူတူ သူငယ်ချင်းကောင်းပီသသော သူငယ်ချင်းများပင်။ မိုးရာသီ ရောက်လျှင် ရင်ဆိုင်ကြုံတွေ့ရသော နောက်အခက်အခဲ တစ်ခုမှာ ကျွတ်ဟုခေါ်သော ကျောရိုးမဲ့ သတ္တဝါပင်ဖြစ်သည်။

            လူသံကြားလျှင် တထောင်ထောင် လုပ်နေပြီး ခြေသလုံးတွင် တွယ်ကပ် ပြီးပါလာပါသည်။ ခွာချ၍လည်းမရပါ။ သွေးစုပ်ပြီး သွေးဝသွားမှ သူ့အလိုလို ပြုတ်ကျသွားပါသည်။ တစ်ကောင်တလေ ဆိုလျှင် ကိစ္စမရှိ၊ မိုးရေတစွတ်စွတ်နဲ့ဆို တော့ တစ်တောလုံးတွင် ပြွတ်သိပ်နေပါ သည်။ စစ်ဖိနပ်နှင့် ခြေအိတ်တွေကြားတွင် အတင်းတိုးဝင်ကြပါသည်။ စစ်ကြောင်းနားချိန်တွင် ချောင်းစပ်ကျောက်တုံးပေါ်တွင်ထိုင်ကာ ဖိနပ်ချွတ်လိုက်လျှင် ခြေချောင်း ငယ်လေးများကြားတွင် သွေးစုပ်နေတာ ကို တွေ့ရပါသည်။ ခြေထောက်တစ်ဖက် လျှင် အနည်းဆုံး ငါးကောင်လောက် သွေး စုပ်နေတာကို တွေ့ရသည်။ ပေါင်ကြား တွေထိဆက်ပြီး သွေးစုပ်ကြပါသည်။ အောက်ခံဘောင်းဘီများအတွင်းအထိ ဝင် ပြီး သွေးစုပ်ကြပါသည်။ သန့်ရှင်းရေးလုပ် ရင်း ဘောင်းဘီချွတ်၍ ရှာလိုက်လျှင် အနည်းဆုံး ငါးကောင်၊ ခြောက်ကောင် အထိ တွေ့ရပါသည်။

            စစ်ကြောင်းနား၍ ညအိပ်ရပြီဆို လျှင်လည်း တုတ်ချောင်းနှင့် သစ်ရွက်တွေ  ကိုဖယ်ရှားရပါသည်။ ထို့နောက် မိုးကာ ခင်း၍ အပေါ်မှလည်း မိုးကာကို တစ်ဖက် လျှောလုပ်ပြီး ခြင်ထောင်ထောင်ပြီး အိပ်ရ ပါသည်။ မိုးတွင်းကာလတွင် ဖြုတ်အလွန် ကိုက်၍ ခြင်ထောင်ထောင်ရပါသည်။ ကျွတ်မလာအောင်ကား လုပ်၍မရပါ။ ည အိပ်ပြီဆိုလျှင် ခဏခဏထပြီး ကျောပိုး အိတ်တွင် ကျွတ်ရှိ၊ မရှိ ကြည့်ပါသည်။

            ရှေ့တန်းစစ်မြေပြင်အသီးသီးတွင် သွားလာလှုပ်ရှားနေကြရသော သူငယ် ချင်းတွေသည် တိုက်ပွဲမဖြစ်သော်လည်း သဘာဝဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ကျော် လွှားကြရပါသည်။ တိုက်ပွဲပါဖြစ်ပြီဆိုလျှင် တော့ ပြောစရာမရှိတော့ပါ။ အသက်ရှင် သန်ဖို့အရေး အလွန်အားထုတ်ရပါသည်။ ဤနေရာတွင် နမ္မားသား ကိုမောင်အေးကို သွားသတိရမိသည်။ တဇွတ်ထိုးလူ၊ ဒါပေမဲ့ စိတ်ရင်းအလွန်ကောင်းသည်။ တစ်ခါတွင် သူနှင့်အတူအိပ်ရသည်။ မိုးကာ ခင်းတာ၊ မိုးကာကို အပေါ်မှာမိုးတာ၊ ခြင်ထောင် ထောင်တာ စသည့် ကိစ္စများ အားလုံးကို သူတစ်ယောက်တည်း အကုန် လုပ် သွားသည်။ ကျွန်တော့်ကို ဘာမှ မလုပ် တတ်သော ညီငယ်တစ်ယောက်လို သဘောထားသည်။

            ညအိပ်တော့ ခြင်ထောင်မပြီး ခေါင်းရင်းဘက်မှာ ကျွန်တော်က တံတွေး ထွေး လိုက်သည်။ နောက်မထွေးဖို့ သူက ပြောသည်။ ဘာဖြစ်လို့လဲဆိုတော့ ခေါင်း ရင်းဘက်မှာ တံတွေးထွေးလျှင် မိမိ ကိုယ်စောင့်နတ်က သမုဒ္ဒရာဆီကို သွားပြီး ခေါင်းလျှော်ရသည်တဲ့။ အဲဒီလို ကိုယ် စောင့်နတ်က ပင်လယ်သမုဒ္ဒရာဆီကို သွားသည့်အခါ မိမိအနားမှာ မရှိသည့် အချိန်မှာ မကောင်းဆိုးဝါးတွေ နှောင့် ယှက်တတ်သည်ဟု သူငယ်ငယ်တုန်းက တည်းက သူ့အမေကပြောဖူးသည်တဲ့။       ”နောက် မထွေးနဲ့နော်”ဟု ကျွန်တော့်ကို ပြောရှာသည်။

            သူ့အမေက သူပြန်အလာကို မျှော် နေတာတဲ့၊ လူကြုံ ခဏခဏမေး သည်တဲ့။ သူတို့ဘဝက သားအမိနှစ်ယောက်ပဲ ရှိတာ။ ကိုမောင်အေးက ပန်းတိမ်ဆရာ။ ပန်းတိမ်ဖိုမှာ အလုပ်လုပ်ရင်း မိခင်အိုကို လုပ်ကျွေးပြုစုနေတာ၊ ရိုးရိုး သားသားနဲ့ သမိုင်းတာ ဝန်ကိုဝင်ပြီးထမ်းတာ၊ အမေ ကို ဖားကန့်သွားပြီး အလုပ်သွားလုပ်မယ် ဆိုပြီးထွက်လာတာ။ အမေကတော့ သား ပြောတာကိုယုံပြီး အဟုတ်မှတ်နေတာ ပေါ့။ သတင်းတမေးမေးနဲ့ သားပြန်အလာ ကိုမျှော်နေရှာတာ။ ညအိပ်ရာဝင်ခါနီး ပြောပြသော သူ့ ဘဝ ဇာတ်ကြောင်းဖြစ် ပါသည်။

            သူနှင့် ကျွန်တော် အဲဒီညက အတူ အိပ်ပြီး နောက်တစ်နေ့မနက်တွင် သူ ခရီး ထွက် သွားပါသည်။ အဲဒီနောက် သူနှင့် ကျွန်တော် မတွေ့ရတော့။ နောက် ရှေ့တန်း တစ်နေရာ တိုက်ပွဲတစ်ခုတွင် ကိုမောင်အေး ကျဆုံးသွားသည်ဟု အတော်ကြာမှ ကျွန်တော် သိရပါသည်။ သေချာစုံစမ်း ကြည့်တော့ ကျွန်တော် စတင်ရောက်သည့် နေရာဖြစ်သော နမ္မားပို့စ်တွင် တိုက်ပွဲကျ သွားခြင်း ဖြစ်သည်။ ကျွန်တော်၏ရင်ထဲသို့ ဆူးတစ်ချောင်း စူးဝင်သွားပါသည်။ အမေ အိုက သားပြောစကားကိုယုံပြီး သားပြန် အလာကို စောင့်မျှော်နေရှာမည့် သံယော ဇဉ်ဆူးပဲဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ မသိလိုက်ရသည့် အညတရ ရဲဘော်များ၏ ဘဝဇာတ်ကြောင်းများ ဘယ်လောက် တောင်ရှိနေလိုက်မလဲ။ ဒီလိုဇာတ် ကြောင်းတွေ နောက်နောင် မပေါ်ပေါက် စေချင်၊ မရှိစေချင်တော့ပါ။      အပိုင်း(၂)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."