တောနက်နက်၊ ခရီးကြမ်းကြမ်း၊ အန္တရယ်ကြားက ရိုးရာဆေးသောက်ပွဲ အပိုင်း(၃)

ဇူလိုင်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၅) မှ ခရီးသွားဆောင်းပါးဖြစ်ပါသည်။

သက်ဦးမွန် ရေးသည်။

ဆေးစသောက်ခြင်း

ကျွန်တော်တို့အဖွဲ့တွေဒီည ဆေးစသောက်ရမည်ဖြစ်သည်။ကိုတင့်လွင်ကိုမေးကြည့်တော့ နောက်နေ့ တောင်ပေါ်တက်ရန်အမောခံနိုင်စေရန်တစ်ပွဲတိုးဆေးသောက်ရမှာဖြစ်သည်ဟုဆိုပါသည်။မကြာမီစခန်းသို့ ဆေးဆရာနှင့် ဆေးဆရာမတို့ ဆေးပင် တွေ၊ ဆေးမြစ်တွေကိုင်ပြီး ရောက်လာကြတော့သည်။ဒီညကျွန် တော်တို့သောက်ရန် ဆေးသွားရှာခြင်းဖြစ်သည်။

ဆေးသောက်ချိန်ကို မေးကြည့်တော့တစ်ရက်ကိုသုံးချိန်ရှိသည်။ သောက်သည့်အချိန်ကညနေကြက်အိပ်တန်းတက်ချိန် (၆နာရီ)တစ်ခါ၊ညသန်းခေါင်ယံတစ်ခါ၊မနက်ကြက်အိပ်တန်းဆင်းချိန်(မနက်၆နာရီဝန်းကျင်) တစ်ခါ ဆေးသောက်ဆေးချိုးရမည်ဖြစ်သည်။ ဆေးဆရာအဖွဲ့ကပါလာသည့် ဆေးပင်၊ ဆေး မြစ်များကိုခုတ်ထစ်ကာ ဆေးသောက်မည့်အဖွဲ့လိုက်ဒန်အိုး လေးတွေနဲ့ခွဲကာထည့်ပေးသည်။

ဆေးကအသက်အရွယ်ကန့်သတ်ကာခွဲသောက်ရခြင်း ဖြစ်သည်။၁၈နှစ်မှ၂၅နှစ်အထိက ဆေးတစ်မျိုး၊၂၅နှစ်မှအသက်၄ဝအထိက ဆေးတစ်မျိုး၊အသက်၄ဝမှငါးဆယ်၊ ခြောက်ဆယ်အထိ ဆေးတစ်မျိုးဟူ၍အမျိုးအစားအလိုက်ခွဲကာ သောက်ရမည်ဖြစ်သည်။

ကျွန်တော်တို့အဖွဲ့တွင်သုံးယောက်ပါသည်။ကျွန်တော်၊ထားဝယ်CSO အဖွဲ့မှကိုမျိုးသူနှင့်ကိုသားထူးတို့ပါ။ကိုသားထူးကလည်းထားဝယ်မြို့ပေါ်မှဃှဥအဖွဲ့တစ်ခုမှ ဖြစ်သည်။တချို့အဖွဲ့က လေးယောက်တစ်အိုး၊ငါးယောက်တစ်အိုးဖြစ်သည်။

ဆေးကျိုဖို့ပထမဆုံးကျွန်တော်တို့အဖွဲ့ ကျောက်ခဲကြီးကြီးသုံးလုံးကို ချောင်းထဲမှသွားရှာရသည်။မီးဖိုလုပ်ရန်ဖြစ်သည်။ပြီးတော့မီးမွှေးဖို့ထင်းများလိုက်ရှာသည်။ ဆေးမြစ်များထည့်ထားသောဒန်အိုးထဲသို့ ချောင်းထဲမှ ရေဖြည့်ရသည်။ပြီးနောက်မီးမွှေးကာ ဆေးအိုးကိုမီးဖိုပေါ်တင်ထားလိုက်တော့သည်။

အားလုံးပြီးတော့ ဆေးသောက်ဆေးချိုးဖို့ဝါးခွက်လေး တွေလိုသေးသည်။ထို့ကြောင့်ဝါးခွက်လုပ်ရန် ပြင်သည်။ကျွန် တော်လည်းသူများတွေလုပ်သလိုဝါးပင်လိုက်ခုတ်သည်။ဝါးပင်ကတော့ပေါသည်။ကြိုက်သည့်အပင်ရွေးခုတ်ရုံသာ။ကျွန်တော်လည်းအနေတော်ဝါးတစ်လုံးကိုခုတ်ကာခွက်တစ်လုံးအရွယ်ခုတ်ထစ်သည်။

ဒါပေမဲ့မခုတ်တတ်သည့်အတွက်ဝါးကခွက်ဖြစ်ခါနီးကွဲသွားလိုက်၊ခုတ်ရင်းတိုသွားလိုက်နှင့်ဝါးတစ်ပင်လုံးသာကုန်သွားသည်။ခွက်တစ်လုံး ဖြစ်မလာခဲ့ပေ။ဒါကြောင့် နောက်ဆုံးခွက်လုပ်ဖို့ကိုလက်လျှော့လိုက်ပါတော့သည်။အချိန်ကြည့်လိုက်တော့ငါးနာရီခွဲ။ ဆေးက ခြောက်နာရီသောက်ရမည် ဖြစ်သည်။မီးဖိုပေါ်တင်ထားသည့် ဆေးအိုးကပွက်စပြုနေလေပြီ။ ဆေးသောက်ဖို့ဟမ်းကောချိုင့်အဖုံးကို ရွေးလိုက်သည်။

ဝန်းကျင်တွင်မှောင်စပြုနေလေပြီ။သစ်ရိပ်၊ဝါးရိပ်တွေ ကြောင့်အမှောင်ကခပ်စောစောပင်မျက်စိရှေ့ကို ရောက်လာ လေတော့သည်။ကြက်အိပ်တန်းတက်ချိန်လည်း ရောက်ချေပြီ။မီးဖိုပေါ်ကဆူပွက်နေသော ဆေးအိုးကို အောက်သို့ချလိုက်သည်။ ဆေးအရောင်ကညိုညစ်ညစ်၊အနံ့ကတော့သစ်ရွက်ပြုတ် စော်နံသည်။အငွေ့ထောင်းထောင်းထနေသော ဆေးအရည်များကိုသုံးယောက်သားခွက်ကိုယ်စီနှင့်ခပ်လိုက်ကြသည်။

တဖူးဖူးနှင့် ဆေးရည်များကိုမှုတ်ကာအအေးခံလိုက်သည်။ပြီးတော့တစ်ကျိုက်သောက်ချလိုက်သည်။အားပါးပါး…ခါးလိုက်သည့်အရသာ။ ဆေးခါးကြီးဆိုသည်ကိုကြားသာကြားဖူးတာအခုမှလက်တွေ့ကြုံရတော့သည်။ကိုမျိုးသူတို့၊ကိုသားထူးတို့လည်း ဆေးသောက်ပြီးမျက်နှာတွေရှုံ့မဲ့သွားကြသည်။

”အား… ခါးလိုက်တာဗျာ”ဟူသောအသံတွေကိုယ်စီထွက်လာကြသည်။

လျှာထဲမှာအခါးအရသာကစွဲကာကျန်ခဲ့သည်။မထူး တော့။တစ်ခွက်ပြီးတစ်ခွက်ကြိတ်မှိတ်ကာ သောက်လိုက်သည်။ သောက်ပြီးတော့ ဆေးချိုးဖို့အင်္ကျီတွေချွတ်လိုက်ကြသည်။ ယောကျ်ားလေးတွေချည်းမို့ကိစ္စမရှိ။ (မိန်းကလေးတွေကလည်းထိုအချိန်သူတို့စခန်းချရာနေရာတွင် ဆေးသောက်ဆေးချိုးခြင်း ပြုလုပ်နေကြပါသည်။) တချို့က ဘောင်းဘီတို၊တချို့ကပုဆိုးခါး တောင်ကျိုက်၊တချို့ကအတွင်းခံလေးတွေနှင့် မှောင်မှောင်မည်းမည်းမို့လူရိပ်တွေကမီးဖိုအလင်းရောင်နှင့်ဝိုးတစ်ဝါးသာမြင်ရသည်။အားလုံးကတဝေးဝေးတဝါးဝါးနှင့် ပျော်ပျော်ပါးပါးစလိုက်နောက်လိုက်နှင့် ဆေးသောက်၊ ဆေးချိုးကြတော့သည်။

ဆေးချိုးသည်ဆိုသည်ကလည်း ရေချိုးသလို ဖောဖောသီသီ ရေလောင်းကာချိုးရခြင်းတော့မဟုတ်။စတီးပန်ကန်ပြားတစ်ချပ်နှင့် ဆေးကိုအအေးခံ။ထိုထဲမှ ဆေးရည်ကိုလက်ဖြင့်ယူကာခန္ဓာကိုယ်အနှံ့ပွတ်သပ်ရသည်။အဓိကအဆစ်အမျက် နေရာတွေကို ဆေးမြစ်၊သစ်ရွက်တို့နှင့်ရိုက်ရသည်။အကြောအားကောင်းဖို့ ဖြစ်သည်။

ဆေးရည်ပူတွေခန္ဓာကိုယ်အနှံ့စိမ့်ဝင်လာသောအခါမနက်ကဆိုင်ကယ်စီးသောပွန်းရာ၊ရှရာတွေကစပ်ဖျဉ်းဖျဉ်း ဖြစ်လာတော့သည်။ဒါပေမဲ့ ဝေဒနာကဆိုးလှသည်မဟုတ်။အနာကိုဖန်ရည်ဆေးလိုက်သလို နေလို့ကောင်းလာသည်။ ဆေးအရှိန်ကြောင့်လည်းခန္ဓာကိုယ်က နွေးလာပါသည်။

ခန္ဓာကိုယ်အနှံ့ ဆေးရည်များစိုစွတ်ပြီးသောအခါကိုမျိုးသူက ဆေးရည်ကို ခေါင်းပေါ်မှ လောင်းချိုးဖို့အကြံပေးသည်။ကျွန်တော်က ဆေးရည်ပူတွေ လောင်းဖို့ဖြစ်ပါ့မလားဟုစိုးရိမ်မကင်းစွာနှင့်မေးတော့သူကဘာမှမဖြစ်ကြောင်းရှင်းပြသည်။ ဘေးကအဖွဲ့တွေကြည့်လိုက်တော့လည်း ဆေးရည်များကို ခေါင်းပေါ်မှ လောင်းချနေသည်မှာအငွေ့တထောင်းထောင်းထ နေသည်ကိုလှမ်းတွေ့ရတော့ကျွန်တော်လည်းပန်းကန်ပြားထဲက ဆေးရည်တွေ ခေါင်းပေါ်က လောင်းချလိုက်တော့သည်။

ခေါင်းပေါ်မီးခဲပစ်ချလိုက်သလို ရေနွေးပူတွေကဆံပင် တွေကြားမှတစ်ဆင့် ကျောတွေ၊ရင်ဘတ်တွေပေါ်စီးကျလာပြီးပူလောင်သွားသည်။ပူသည့်ဒဏ်ကြောင့်ထပဲပြေးရတော့မလို၊ထိုင်ပြီးထပ်လောင်းရတော့မလို ဖြစ်သွားသည်။ တော်သေးသည်။အပူရှိန်ကနှစ်မိနစ်လောက်မှာသက်သာသွားပါသည်။လူလည်း နေလို့ထိုင်လို့ကောင်းသွား၏။ကျွန်တော်တို့သုံးယောက်ဒန်အိုးထဲမှ ဆေးရည်ကုန်သည်အထိ သောက်ကြ၊ချိုးကြပါသည်။

ဆေးရည်ကုန်သွားသောအခါဒန်အိုးထဲတွင် ဆေးမြစ်တွေပဲကျန်ခဲ့တော့သည်။ပြီးတော့ညသန်းခေါင်းယံ ဆေးသောက်ဖို့အတွက်ဒန်အိုးထဲသို့ ရေပြန်ဖြည့်ရသည်။ ဆေးမြစ်တွေကခုနစ်ခါပြန်ကျိုကာ သောက်လို့ရသည်ဟု ဆေးဆရာက ပြောသည်။ကျွန် တော်တို့ကတော့သုံးကြိမ်သာကျိုသောက်ခဲ့သည်။

ပြီးတော့ ဆေးရည်များစိမ့်ဝင်အောင်စိုရွှဲနေသောခန္ဓာကိုယ်အား ခြောက်အောင်မပြုလုပ်တော့ဘဲအဝတ်အစားဝတ်လိုက်သည်။ ခေါင်းရေစိုကိုတဘက်တစ်ထည်နှင့် ပေါင်းကာပုခက်ထဲသို့ဝင်ကာ ကွေးကြပါတော့သည်။ဖုန်းဟန်းဆက်ကိုည၁၁နာရီခွဲတွင်နှိုးစက်ပေးထားလိုက်ပြီးအိပ်ကြတော့သည်။

ညကတိတ်ဆိတ်သွားသည်။တစ်ချက်တစ်ချက်ကျွန် တော့်ဘေးဘက်ကအိပ်စင်တွေဆီက ရေဒီယိုသံကိုကြားရသည်။တဖြည်းဖြည်းနှင့်အအေးဓာတ်ကကဲလာသည်။ကျွန်တော့်တွင်ပါလာသည့် စောင်ပါးလေးကို ခေါင်းမြီးခြုံကာ ကွေးတော့သည်။တစ်ခုကောင်းသည်က တောထဲတွင် ခြင်မကိုက်ခြင်းပင်ဖြစ်သည်။

ဆေးအရှိန်၊ခရီးပန်းသည့်အရှိန်ကြောင့်ဖုန်းဟန်းဆက်၏နှိုးစက် မြည်သံကြားမှကျွန်တော်နိုးလာခဲ့တော့သည်။ပုခက်ထဲက စောင်ကိုခွာလိုက်သည်နှင့်အအေးဓာတ်ကစတင်မိတ်ဆက် တော့သည်။ ရေစိုနှင့်အိပ်လိုက်တာကြောင့်လည်း ဖြစ်မည်ထင်သည်။ အေးလွန်းအားကြီးသောကြောင့်လက်တွေပင်တုန်လာ တော့သည်။အသားထဲ၊အရိုးထဲမှစိမ့်ကာ အေးခြင်းဖြစ်သည်။အခြားသူများလည်းနိုးလာကြတော့သည်။ကျွန်တော်လည်းမီးဖိုအမြန်ဖိုကာမီးလှုံရသည်။

မီးလှုံလိုက်မှပဲခန္ဓာကိုယ်က နွေးလာတော့သည်။စိတ်ထဲမှာတော့ဒီလိုအအေးဒဏ်နှင့် ဆေးချိုးဖို့ဖြစ်နိုင်ပါ့မလားဟု တွေးမိသည်။ကိုမျိုးသူနဲ့ကိုသားထူးတို့လည်းထိုနည်းတူ။အအေးဒဏ်ကိုခံစားနေရပုံ။ ဆေးအိုးဆူလာတော့ထုံးစံအတိုင်း ဆေးကိုခပ် သောက်လိုက်သည်။ ဆေးချိုးဖို့အတွက်မှုစိတ်ထဲကမဝံ့မရဲ ဖြစ် နေသည်။

ဒါပေမဲ့ဒီအထိရောက်အောင်လာပြီးမှတော့ချိုးဖို့အတွက်ရွံ့မနေတော့ပါဘူးဟုတွေးကာအင်္ကျီကိုချွတ်လိုက်သည်။အအေးဒဏ်ကစိမ့်ခနဲ။ကြက်သီးတွေတောင်ထသွားသည်။ကြိတ်မှိတ်ကာ ဆေးရည်ပူပူတွေကို လောင်းချလိုက်တော့သည်။ ဆေးရည်အရှိန်ကြောင့်အအေးဒဏ်ကသက်သာရာရသွားသည်။

ည၁၁နာရီ ဆေးချိုး၊ ဆေးသောက်ပြီးသည်နှင့် ပြန်အိပ်ကြသည်။ ဆေးကမနက် ခြောက်နာရီကြက်အိပ်တန်းဆင်းချိန်တစ်ခါ သောက်ရဦးမည်ဖြစ်သည်။မနက်ခြောက်နာရီထိုးတော့ ဆေးချိုး၊ ဆေးသောက်လုပ်ကြသည်။အအေးဒဏ်ကညကလောက်မအေးတော့။

မနက်စာအဖြစ်ထမင်းကြော်စားကြသည်။ထမင်းချက်ပြီး ပြန်ကြော်လိုက်ကြခြင်းဖြစ်၏။ထမင်းကြော်ဟုဆိုသော်လည်းဒန်အိုးကြီးတစ်လုံးထဲထည့်ကာဆီနည်းနည်းနဲ့ လှော်ခြင်းဖြစ်သည်။ကြက်သွန်နီအနံ့ကလေးလည်းပါသည်။ဘာပဲဖြစ်ဖြစ်ကိုတင့်လွင်ယူလာသည့်ငါးခြောက်ကြော်နှင့်တွဲဖက်ကာစားလိုက်တော့စားလို့ကောင်းလှသည်။

အတက်ကြမ်း၊အဆင်းကြမ်း

ကျွန်တော်တို့အဖွဲ့ခရီးဆက်ရန်ပြင်ကြသည်။ ဆေးတောင်သို့သွားရမည်ဖြစ်ပါသည်။အိပ်စင်ပုခက်များ ပြန်ဖြုတ်ကာ ခေါက်သိမ်းလိုက်ကြသည်။ ရေဘူးတွေ ရေဖြည့်သည်။အားလုံး ပြင်ဆင်လူစုပြီး၇နာရီခွဲဆိုသည်နှင့်ထွက်လာခဲ့ကြတော့သည်။ ဆေးတောင်ရောက်ဖို့အတွက် တောင်တစ်တောင်ကို ကျော်ရမည်ဖြစ်သည်။ထိုတောင်နာမည်က မောဒိုပလာတောင်ဟု ခေါ်သည်။

တောင်တက်လမ်းကအတော်ကြမ်းပါသည်။ တောလမ်း ဖြစ်သည့်အတွက်လူတစ်ကိုယ်စာလမ်းကလေးသာရှိပြီးသစ်ပင်ချုံနွယ်တွေက တောထနေသည်။တချို့နေရာမှာနီးရာသစ်ပင် တွေကိုဆွဲပြီးတွယ်ကပ်ကာတက်ရသည်။တချို့နေရာတွေမှာသစ်ပင်ကျိုး၊သစ်ကိုင်းကျိုးတွေကို ကျော်ခွကာသွားရသည်။

ခရီးကြမ်းသောကြောင့်လူတစ်ကိုယ်လုံး ချွေးတွေက ရေချိုးထားသလိုရွှဲနစ်နေတော့သည်။နာရီဝက်လောက်တက်၊၁ဝမိနစ်လောက်နားနှင့်အတော်တက်ယူရသည်။ကျွန်တော်တို့အဖွဲ့တွင်ပါသောမုဆိုးလေးယောက်ကတော့အတော်ခရီးပေါက်နေ လေပြီ။ကျွန်တော်တို့ရှေ့ကသွားခြင်း ဖြစ်သည်။သူတို့ကသွားလာနေကြမို့ မြန်သည်။

တစ်ခါတစ်ရံလမ်းက ပျောက်ချင်သေးသည်။သို့ပေမဲ့အရှေ့ကသွားသည့်မုဆိုးများကသစ်ပင်များတွင်ဓားခုတ်ရာများလမ်းပြပေးထားသောကြောင့်လမ်းတော့မမှား။ တောင်စတက်စဉ်တုန်းကတော့အဖွဲ့လိုက် ဖြစ်သော်လည်းလမ်းလျှောက်နှုန်းမတူသောကြောင့်အဖွဲ့ကသုံးလေးဖွဲ့လောက်ကွဲသွားကြသည်။

ကျွန်တော်တို့အဖွဲ့တွင်ကျွန်တော်၊ကိုတင့်လွင်၊ နောက် ဆေးဆရာကြီးရွာမှ ဒေသခံတွေပါသည်။အရင်နှစ်က ဆေး သောက်ပွဲလိုက်ဖူးသူ ညောင်တုန်းရွာကအသက်၂၆နှစ်အရွယ်ကရင်တိုင်းရင်းသူတစ်ဦးဆိုလျှင်သူ့မှာရှိသောနှလုံးရောဂါမှာ ဆေးသောက်ပွဲလိုက်ပြီးနောက်ခုနစ်ဆယ့်ငါးရာခိုင်နှုန်းလောက်သက်သာသွားသည်ဟုသူကပြောပြပါသည်။

ကျွန်တော်တို့လိုအမျိုးသားတွေတောင် ဟောဟဲလိုက်ပြီးတက်နေရသည့်တောင်ပေါ်သူ့လိုနှလုံးရောဂါရှိသူအမျိုးသမီးတစ်ဦးကရင်ပေါင်တန်းတက်နိုင်သည့်အတွက်အံ့သြမိသည်။ယုံကြည်မှုကပဲ ဆေးထက်အစွမ်းထက်သည်လားကျွန်တော်ဉာဏ်မမီတော့။သူကတော့ဝါးတုတ်လေးတစ်ချောင်းကိုင်ကာတရွေ့ ရွေ့တက်သွားပါသည်။

သုံးနာရီခန့်လမ်းလျှောက်ပြီးသောအခါ တောင်ထိပ်သို့ ရောက်ပါသည်။ GPS ပါသည့်ကိုသားထူးက၂,၁၅၉ ပေရှိသည်ဟုသူက ပြောပြသည်။စခန်းချသည့်နေရာရောက်ဖို့ တောင် ပေါ်က ပြန်ဆင်းရဦးမည်ဖြစ်သည်။အဆင်းမို့သက်သာမည်ဟုစိတ်ထဲက အောက်မေ့လိုက်သည်။

အထင်နှင့်အမြင်လွဲတော့သည်။အဆင်းကလည်းအတက်နည်းတူပင်ပန်းလှသည်။အဘယ်ကြောင့်ဆိုသော်အဆင်းကမတ်စောက်သည်။ မြေကြီးကလည်းသစ်ရွက်တွေဖုံးနေသောကြောင့်ခဏခဏ ချော်လဲသည်။တစ်ခါတစ်ရံ လျှောစီးသလို ပြုတ်ကျသွားသည်။ ပြုတ်ကျသည့်အခါအထုပ်တွေ၊အိုးတွေ၊ခွက်တွေနှင့်အသံစုံမြည်သွားသည်။

မိန်းကလေးတွေကြည့်လိုက်တော့လည်းထိုနည်းတူ။သူတို့လည်းမသက်သာလှ။ ချော်လဲလိုက်၊ ပြန်ထလိုက်နှင့်သူတို့လည်းအတော်ရုန်းကန်နေရသည်။နှစ်နာရီလောက်ခက်ခဲပင်ပန်းစွာဆင်းပြီးသောအခါစခန်းချမည့်နေရာသို့လှမ်းမြင်ရ  တော့သည်။

မမြင်ရသောအန္တရာယ်

ထိုအခိုက်ကျွန်တော့်ခြေသလုံးတွင်စူးခနဲဖြစ်သွားသည်။ငုံ့ကြည့်လိုက်တော့အပေါက်နှစ်ပေါက်၊ သွေးစို့နေတာကို တွေ့လိုက်ရသည်။ထိုနေရာမှပျားတုပ်ခံရသလိုမခံမရပ်နိုင်အောင်နာကျင်လာပါသည်။အတော်ခံရခက်သော ဝေဒနာဖြစ်သည်။ပျားလို၊ပဒူလိုအကောင်အကိုက်ခံရခြင်းပင်ဖြစ်သည်။ကျွန် တော်လည်းထိုနေရာမှ ပြေးထွက်ပြီးစခန်းသို့အမြန်ရောက်ဖို့သုတ်ခြေတင်ရတော့သည်။

အကောင်ကိုက်ခံထားရသည့်ဒဏ်ကြောင့်အသက်ရှူရတာခက်ခဲလာပြီး လေးငါးဆယ်လှမ်းလောက်လမ်းလျှောက်လိုက်သည်နှင့် မောလာတော့သည်။တစ်ကိုယ်လုံးလည်းပူချစ်လာကာအဖျားတက်ချင်သလိုဖြစ်လာသည်။အဆိုးဆုံးကတစ်ကိုယ်လုံးယားယံလာခြင်းပင်ဖြစ်သည်။ကုတ်လေယားလေနှင့်တစ်ကိုယ်လုံး နေရာလပ်မကျန်ယားယံလာတော့သည်။

ကုတ်လွန်းအားကြီးသဖြင့် ခေါင်းတွေ၊လက်တွေထူပူလာသည်။မျက်နှာတွေထူအန်းလာကာတစ်ကိုယ်လုံးအဖုအပိမ့်တွေထလာတော့သည်။ကျွန်တော်တို့အဖွဲ့ထဲမှကရင်အဒေါ်ကြီးက ပေါက်ဖတ်ချေးထိမိတာဟုဆိုပါသည်။ကျွန်တော်လည်းဘယ်အချိန်ကထိမိသလဲဆိုတာကိုမသိတော့။လူကအကောင်ကိုက်တဲ့ဒဏ်ရော ပေါက်ဖတ်ချေးထိတဲ့ဒဏ်နှစ်ခုပေါင်းကာ မြော့ မြော့သာကျန်ပါတော့သည်။

ပေါက်ဖတ်ချေးဒဏ်ကြောင့်အယားသက်သာစေရန်ဆားပွတ်ရသည်ဆို၍တစ်ကိုယ်လုံးဆားတွေပွတ်ရသည်။အကောင်ကိုက်သည့်နေရာကိုထုံးတွေပွတ်ရသည်။ဒါပေမဲ့မသက်သာ။ နောက်ဆုံးတော့ကိုတင့်လွင်ဆင်ပေးထားသည့်ပုခက်ပေါ်တက်ကာကြိတ်မှိတ်အိပ်လိုက်တော့သည်။

အိပ်ရာကနိုးလာတော့နည်းနည်းသက်သာစ ပြုလာသည်။လူကဖျားချင်သလိုလိုကိုယ်ပူရှိန်ကရှိနေဆဲ။ယားသည့်ဒဏ်လည်းသက်သာလာသည်။ကျွန်တော်လည်းယခုမှ ဘေးဘီဝဲယာသို့ကြည့်မိပါသည်။ကျွန်တော်တို့စခန်းချသည့် နေရာကိုခုတင်ပြားနေရာဟုခေါ်သည်။ တောင်ခါးပန်းလောက်တွင်တည်ရှိပြီးပြေပြစ်သော မြေအနေအထားကြောင့်စခန်းချရန်အကောင်းဆုံးနေရာဖြစ်ပြီး တောတွင်းသို့လာကြသူများကဤ နေရာတွင်ပင်စခန်းချကြပါသည်။

ထိုနေရာတွင် သောက်ဖို့၊သုံးဖို့အတွက်သဘာဝစမ်း ချောင်းငယ်လေးလည်းရှိသည်။ ကျောက်ဆောင်ကျောက်တုံးများကြားထဲက မြင့်ရာမှနိမ့်ရာသို့စီးဆင်းလာကြသော ရေတို့သည်ထိုနေရာတွင် ရေအိုင်ငယ်သဖွယ်တည်ရှိနေသည်။ ရေအဟောင်းကထွက်၊ ရေအသစ်ကစီးဝင်ကာ ရေဝေရေလဲသော ကြောင့်  ရေအိုင်ငယ်ကကြည်လင်ပြီး အေးစိမ့်နေပါသည်။

သစ်ပင်ကြီးတွေကလည်းထူထဲစွာပေါက်ရောက်နေသည်။ရာသီဥတုကလည်း အေးစိမ့်နေကာ နေလို့ထိုင်လို့ ကောင်းလှသည်။စာအုပ်တွေ၊ရုပ်ရှင်တွေထဲက တောကြီးမြက်မည်းဆိုသည်ကိုနဖူးတွေ့ဒူးတွေ့ကြုံတွေ့ရပြီဟုစိတ်ထဲက အောက်မေ့မိသည်။ တော၏ဆိတ်ငြိမ်ခြင်းသည် အေးချမ်းလှပေစွ။

စိတ်ထဲတွင်ကျွန်တော်အပူပိုင်းဇုန်သတင်းဆောင်းပါးရေးစဉ်ကသွားရောက်ခဲ့ဖူးသော မြန်မာပြည်အထက်အညာဒေသကိုသတိရလိုက်မိသည်။ထိုဒေသတွင်သစ်ပင်သစ်တောပြုန်းတီးမှု ကြောင့်ရာသီဥတုဆိုးရွားမှု၊သီးနှံများမဖြစ်ထွန်းမှုတို့ကြောင့် တောင်သူများစားနပ်ရိက္ခာအခက်အခဲများကြုံတွေ့နေရသည်ကိုကြုံခဲ့၊သိခဲ့ရပါသည်။

သစ်ပင်၊သစ်တော၏တန်ဖိုးသည်ကြီးမားလှကြောင်းသက်သေပင်ဖြစ်သည်။သို့ပေမဲ့ မြန်မာပြည်တွင်ဝိသမလောဘသမားတို့၏လက်ချက်ကြောင့်သစ်တောအတော်များများ ပျောက်ခဲ့ပြီးဖြစ်ပါသည်။ကျွန်တော့်စိတ်ထဲဒီနေရာကိုဝိသမ လောဘသမားများလက်ထဲကျရောက်မှာစိုးရိမ်လိုက်မိလိုက်သည်။

”ကိုမော်ကွန်းသက်သာလားဗျ” ဟုကိုမျိုးသူကလှမ်း မေးသည်။

Photo: Thet Oo Mon     ဆူပွက်ပြီးဆေးရည်များကို ညနေ ၆နာရီ ကြက်အိပ်တန်းတက်ချိန်တွင် စတင်သောက်သုံးနေသည့် ကိုမျိုး သူ

ကျွန်တော်ကသက်သာပြီဖြစ်ကြောင်း ပြန်ပြောရင်းထမင်းချက်သည့်နေရာသို့ထွက်လာခဲ့သည်။စခန်းတွင်ကျွန် တော်တို့ ယောကျ်ားလေးများကအထက်ပိုင်းတွင် နေရာယူထားကြတာဖြစ်သည်။မိန်းကလေးများကစမ်းချောင်းလေးဘေး မြေပြန့်သည့်နေရာတွင်တဲထိုးထားသည်။ရွက်ဖျင်တဲ ဆောက်ထားကြသည်။ထမင်းချက်သည့်နေရာကလည်းထိုဘေးတွင်ရှိပါသည်။

ကျောက်ခဲဖိုခုံလောက်ဆိုင်မီးဖိုသုံး၊ လေးခုရှိသည်။ထမင်းအိုးတည်သူကတည်နေပြီး ဆေးမြစ်များကိုတာပေါ်လင်စခင်းကာခုတ်ထစ်နေကြသူများကလည်းစကားတပြောပြောနှင့်ရှိနေကြပါသည်။စမ်းချောင်းဘေးတွင်တော့ ဆေးဆရာမကြီးကမီးကင်ပြီးသားရှဉ့်နှစ်ကောင်ကိုခုတ်ထစ်နေပါသည်။ညနေစာအတွက်ဟင်းဖြစ်သည်။

ကျွန်တော်တို့ကကံဆိုးသည်လား တောတွင်းတိရစ္ဆာန် လေးတွေပဲကံကောင်းသည်လားမသိ။မုဆိုးအဖွဲ့က တောလိုက်ထွက်ပေမယ့်ဟင်းစားကရှဉ့်နှစ်ကောင်သာရပါသည်။မိမိတ့ိုပါလာသည့်ငါးခြောက်ငါးခြမ်းလေးများနှင့်စားရပါသည်။ကျွန် တော်လည်းထိုနေ့ညနေစာကိုငါးခြောက်ဖုတ်နှင့်ထမင်းဆီဆမ်းကာ လွေးလိုက်သည်။

ဆေးအစွမ်းပြပြီ

ညနေခြောက်နာရီထိုးတော့ဒုတိယနေ့အဖြစ် ဆေး သောက်၊ ဆေးချိုးကြသည်။ဒုတိယနေ့တွင်တော့ ဆေးအစွမ်းကိုကျွန်တော်ကိုယ်တိုင်သိရပါတော့သည်။အဘယ်ကြောင့်ဆိုသော်ကျွန်တော်ခံစားနေရသောဝေဒနာများမှာညနေတုန်းကခံစားမိရသလောက်ဆိုရင်ကိုယ့်ကိုယ့်ကိုယ် နောက်နေ့မထနိုင်တော့ဘဲဖျားကာ ခွေနေရမည်ဟုထင်ထားခဲ့သော်လည်း ဆေးသုံးကြိမ် သောက်ချိုးပြီးတဲ့အခါမှာတော့လုံးဝသက်သာပျောက်ကင်းသွားခဲ့ပါသည်။

ပျောက်ကင်းရုံမက နောက်နေ့ ဆေးရှာထွက်သည့်အခါ ပေ၃,၃ဝဝ မြင့်သောဆေးတောင်ကိုလိုက်ပါနိုင်ခဲ့ပါသည်။ဒုတိယနေ့ ဆေးသုံးကြိမ်ချိုးသောက်ကြသည်။တတိယနေ့တွင်ကျွန်တော်တို့အဖွဲ့မှ၁၈ယောက်ကကိုယ်တိုင်ဆေးရှာသည့်အတွေ့အကြုံရစေရန် ဆေးဆရာအဖွဲ့နှင့် ဆေးတောင်သို့ ဆေးရှာထွက်ခဲ့ကြပါသည်။

ဆေးတောင်နာမည်ကပထန်တောင်ဟုခေါ်သည်။တနင်္သာရီသစ်တောကြိုးဝိုင်းအပိုင်ထဲက ဖြစ်သည်။ပထမနေ့ကစတက်သည့်မောဒိုပလာတောင်ထက်ပိုမတ်စောက်ကာလမ်းကလည်းကြမ်းလှသည်။ ဆေးပင်တွေကလူသူအလွယ်တကူမရောက်နိုင်သည့်နေရာတွေမှာ ပေါက်သည့်သဘောလားမသိ။

တက်သည့်လမ်းတစ်လျှောက်လမ်းဟူ၍မည်မည်ရရမရှိ။ဝါးတော၊ဆူးတောတွေကြားထဲကတိုးကာသွားရခြင်းဖြစ်သည်။ ခြေထောက်နှစ်ဖက်ဆိုလျှင်ပွန်းရာပဲ့ရာတွေနှင့် ပြည့်နှက်လို့ နေသည်။ကျွန်တော့်မှာဓာတ်ပုံရိုက်ရန် ဆေးဆရာကြီးတို့နောက်အမီပြေးလိုက်ရသည်။လွယ်တော့မလွယ်။ ဆေးဆရာတို့ကသွားနေကျမို့လှစ်ခနဲလှစ်ခနဲမြန်လှသည်။ဒါတောင် ဆေးပင်နုတ်ရင်ဓာတ်ပုံရိုက်ဖို့ခဏလေး စောင့်ဖို့ပြောထားခြင်းကြောင့်သာ။နို့မို့ဆိုလုံးဝမီမှာမဟုတ်။

ဆေးပင်နာမည်တွေကတော့ကရင်နာမည်များဖြစ်သည်။အပင်ပုံစံတွေကတော့အစုံ။တချို့ကအရွက်နှင့်အရိုးတံတောင်သာသာရှိသည်။တချို့ကလူတစ်ရပ်စာအမြင့်လောက်ရှိသည်။အမြစ်ကြီးသက်သက်လည်းပါသည်။ကျွန်တော်တို့အဖွဲ့ နေ့တစ်ဝက်လောက် ဆေးပင်တွေရှာပြီးသည့်အခါစခန်းချသည့်နေရာသို့ ပြန်လာခဲ့ကြတော့သည်။ ပြန်ရောက်တော့ နေ့လယ်နှစ်နာရီထိုးလေပြီ။    အပိုင်း(၂)သို့

အပိုင်း(၄)သို့

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."