သတင်းဓာတ်ပုံ – သဇင်လတ်





မဲလာပေးသူဦးရေများပြားခြင်းကြောင့် COVID-19 ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များ ကျိုးပေါက်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဦးသိန်းအောင်က ပြောသည်။
မဲပေးသူတစ်ဦးနှင့်တစ်ဦးကြား ခြောက်ပေခြားရှိနေရမည်ဟု ကျန်းမာရေးဌာနက ညွှန်ကြားထားသော်လည်း မြေပြင်တွင်မူ စီမံခန့်ခွဲမှုမလုပ်နိုင်တော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် ပါဝင်သည့် ဆ/က ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက ရှင်းပြသည်။
အဆိုပါရပ်ကွက်တွင် စာသင်ကျောင်းနှစ်ခု၌ မဲရုံများဖွင့်လှစ်ထားပြီး မဲပေးမည်သူဦးရေ ၈,၀၀၀ ကျော်ရှိသည်။ ယင်းပမာဏသည် မဲပေးချိန် ၁၀ နာရီ ပေးထားသည့်အတွက် တစ်နာရီလျှင် လူ ၈၀၀ ကျော် မဲပေးရမည့်နှုန်းဖြစ်သည်။ မြို့နယ်တစ်ခုလုံးတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၈၄,၀၀၀ ကျော် ရှိပြီး မဲရုံပေါင်း ၁၃၉ ရုံဖွင့်လှစ်ထားသည်။
မဲလာပေးသူများကလည်း COVID – 19 ကူးစက်မှုမြင့်မားသည့်မြို့နယ်တစ်ခုဖြစ်ခြင်းကြောင့် မဲပေးရာမှတစ်ဆင့် ရောဂါပိုးကူးစက်မည်ကို စိုးရိမ်သည်ဟု ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါ ကူးစက်ခံရမှု စတုတ္ထအဆင့်ရှိသည့် မြိုနယ်ဖြစ်ပြီး နိုဝင်ဘာ ၇ ရက်အထိ ကူးစက်ခံရသူ ၂,၆၃၆ ဦး ရှိသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အပါအဝင် ပါတီ ၁၀ ခုမှ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
#Dailynews

