အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ မတ် ၁၃(မော်ကွန်း)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် ကြေညာလိုက်သည့် Covid – 19 ရောဂါကို အကြောင်းပြုပြီး ကုန်ဈေးနှုန်းတက်အောင် ဆောင်ရွက်သည့် ကုန်သည်များနှင့် လုပ်ငန်းရှင်များကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု နိုင်ငံတော်အစိုးရက သတိပေးပြောကြားလိုက်သည်။
နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ယနေ့မွန်းလွဲပိုင်းက Covid – 19 ရောဂါနှင့်ပတ်သည့်သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုခြင်း ဖြစ်သည်။
“လိုအပ်ရင်လိုအပ်သလို ဆန်စပါး Export လုပ်တာတွေလည်း ကန့်သတ်တာမျိုး လုပ်မှာဖြစ်ပါတယ်။ အဲဒီအပေါ် ဒီအချိန်မှာ အခွင့်ကောင်းယူ ဈေးကစားပြီး အကျိုးအမြတ်ရှာတဲ့ လုပ်ငန်းရှင်တွေ၊ ရောင်းချတဲ့လူတွေကိုလည်း ကျွန်တော်တို့ အခုကတည်းက သတိပေးပါတယ်။ ကျွန်တော်တို့ ထိထိရောက်ရောက် အရေးယူမှာဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
နိုင်ငံတော်အစိုးရထံတွင် အရန်ဆန် ကျိတ်ခွဲခြင်း၊ ဝယ်ယူစုဆောင်းထားခြင်းများဖြင့် လတ်တလောတွင် ဆန်တန်ချိန် ၁၅,၀၀၀ ရှိသည်။ ထို့ပြင် စီးပွားရေးနှင့် ကူးသန်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အပြင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့နှင့် မနက်ဖြန်တွင် အစည်းအဝေး ပြုလုပ်မည်ဟု ဦးဇော်ဌေးက ဆိုသည်။
“နိုင်ငံတော်ပိုင်းမှာ ရှိတဲ့ အရန်ဆန်ရယ်၊ လုပ်ငန်းရှင်တွေလက်ထဲမှာရှိတဲ့ဆန်ရယ်၊ ဒီပမာဏတွေနဲ့ ကျွန်တော်တို့ တစ်နိုင်ငံလုံးရဲ့စားသောက်မှုကို တွက်ချက်ပြီး လိုအပ်တဲ့အစီအမံတွေ ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
ထို့ပြင် ပြည်သူများကို အထိတ်တလန့်ဖြစ်အောင် သတင်းအမှားများအား ဖြန့်ဖြူးနေသူများကို ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု ဦးဇော်ဌေးက ထပ်ဆင့်သတိပေးပြောဆိုသော်လည်း မည်သို့အရေးယူမည်ဆိုသည်ကိုမူ အတိအကျပြောကြားခြင်းမရှိပေ။
#Dailynews