ရန်ကုန် -၂၀၂၃ မေ ၃ (မော်ကွန်း)
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ ၅၀၅-က နဲ့ အကျဉ်းကျခံနေရသူတွေကို ဒီနေ့ မနက် ၁၁ နာရီ ၁၅မိနစ်ဝန်းကျင်ကစပြီး လွှတ်ပေးနေပါတယ်။
“ရန်ကုန်တိုင်းက ကိုးရာကျော်လွှတ်မယ်လို့ပြောတယ်။ တစ်နှစ်လောက်ကျန်သေးတဲ့သူတွေလဲပါတယ်။ ကျွန်တော်က နှစ်နှစ်ရှိပြီ၊ အထဲမှာကျန်သေးတယ်ဗျ။ ၅၀၅-က တွေ အများကြီးလွှတ်ပေးတာဗျ” လို့ ပြန်လွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး ပုဒ်မ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊အကျဉ်းသား ၂,၁၅၃ ဦးကို ဒီကနေ့ ကဆုန်လပြည့်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။
အဲဒီလိုလွှတ်ပေးတာဟာ ဒီနေ့ကျရောက်တဲ့ ကဆုန် လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် လူသားချင်းစာနာထောက်ထားမှုကို အလေးထားလို့ ပြန်လွှတ်ပေးတာလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဆိုပါတယ်။
အခုနှစ်ဧပြီ ၁၇ ရက်ကလည်း စစ်ကောင်စီက အကျဉ်းသူ အကျဉ်းသား သုံးထောင်ကျော်ပြန်လွှတ်ပေးခဲ့ပေမယ့် အများစုဟာ မူးယစ်ဆေးမှုနဲ့ တပ်ပြေး၊ရဲပြေးအမှုတွေ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ မတရားဖမ်းဆီးခံရသူ ၂၂,၀၀၀ နီးပါးရှိပြီး အဲဒီထဲက ၁၇,၀၀၀ ကျော်ဟာ ဖမ်းဆီးထိမ်းသိမ်းခံထားရဆဲဖြစ်ကာ ၅,၈၀၀ ကျော်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံ – အင်းစိန်ထောင်မှ ယနေ့ပြန်လွတ်မြောက်လာသူများအားကြိုဆိုနေကြစဉ်
Photo: Mawkun
#Daliynews

