ဘုတလင်-၂၀၂၄ ဇန်နဝါရီ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကွမ်းခြံရွာကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက် ၇ နာရီခွဲဝန်းကျင်က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်စီးနင်းပြီး ရွာခံ ၃၀ ဝန်းကျင်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
“ဖမ်းခံရတဲ့သူတွေကို စာသင်ကျောင်းထဲမှာအကုန်စုထားတယ်။ တပ်သားသစ်လာစုဆောင်းတာလို့လည်း ကြားရတယ်။ အသေစိတ်တော့ သေချာတော့မသိရသေးဘူး။ ရွာထိပ်မှာတော့ ခွေးနှစ်ကောင်သုံးကောင် မြင်နေရတယ်၊ အခုထိရှိသေးတယ်” လို့ ဘုတလင်ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်အင်အားငါးဆယ်ဝန်းကျင်ဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲမရှိဘဲ စစ်ကြောင်းထိုးတာဖြစ်တယ်လို့ ဘုတလင်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။
“အခုချိန်ထိတော့ ရွာမီးရှို့တာတွေတော့ မရှိသေးဘူး။ သူတို့က မုံရွာ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်)နမခ ကနေစစ်ကြောင်းထိုးလာတာ။ ယင်းမာပင်ဘက်အခြမ်းတော့ ကူးမလာသေးဘူး” လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကွမ်းခြံရွာအပါအဝင် အနီးကရွာတွေဖြစ်တဲ့ ညောင်ကုန်း၊ အင်းတော၊ ထန်းတော၊ နှုံးတန်း၊ စလွန်း စတဲ့ရွာတွေက ဒေသခံငါးရာကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဘုတလင်ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခုလ ဒုတိယပတ်ကစလို့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဆားလင်းကြီး၊ ဒီပဲယင်း၊ ခင်ဦးစတဲ့ မြို့နယ်တွေအတွင်းက ရွာတွေကိုလည်း လက်နက်ကြီးငယ်ပစ်ခတ်စီးနင်းနေသလို မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်ဆောင်နေတယ်လို့ စစ်ကိုင်းဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၆ သန်းကျော်အထိရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အခုလ ၁၂ ရက်က ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ပုံစာ-ဒီနေ့မနက်ပိုင်းက စီးနင်းခံရတဲ့ ဘုတလင်မြို့နယ်အတွင်းက ကွမ်းခြံရွာ။
ဓာတ်ပုံ-MIMU