ဂေထော
ရန်ကုန် – ၂၀၂၀ ၊ မတ် ၁၃ (မော်ကွန်း)
COVID 19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကို ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ်တာဝန်ယူပြီး ကျန်ဝန်ကြီးဌာနနှစ်ဆယ့်တစ်ခုမှ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များက အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းထားကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ထုတ်ပြန်လိုက်သည်။
၎င်းကော်မတီ၏ တာဝန်များမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများ ကျဆင်းနေသည့်အပေါ် အရေးပေါ်နှင့် ကာလတို၊ ကာလရှည် စီမံဆောင်ရွက်ရမည့် နည်းလမ်းများကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီး ဌာနများအား အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ တုံ့ပြန်ဆောင်ရွက်မည့် အစီစဉ်များ ရေးဆွဲဆောက်ရွက်ရန်ဟု ဖော်ပြထားသည်။
စက်ရုံများရပ်ဆိုင်း၍ လုပ်သားများ အလုပ်လက်မဲ့ဖြစ်စဉ်ကာလအတွင်း အခြားအလုပ်အကိုင်အသစ်များ ဖော်ဆောင်ပေးခြင်း၊ အထည်ချုပ်လုပ်ငန်းများအနေဖြင့် ကုန်ကြမ်းပစ္စည်းများရရှိရေးကို တရုတ်နိုင်ငံတစ်ခုတည်းကိုသာ အမှီပြုနေရခြင်းအစား အခြားနိုင်ငံများမှ ကုန်ကြမ်းပစ္စည်း ဖြန့်ခွဲရယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရန်တို့ဖြစ်သည်။
ကာလရှည်မျှော်မှန်းမှုအနေဖြင့် မိမိနိုင်ငံအတွင်း Weaving၊ Knitting၊ Dying and Sewing Industry များ ထူထောင်၍ Supply Chain တစ်ခုလုံး မိမိနိုင်ငံတွင် ထုတ်လုပ်နိုင်ရေး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ တို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ပြည်တွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် COVID 19 ကြောင့် သက်ရောက်မှုကြီးမားလာပါက အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ပေးရေးအပြင် လိုအပ်ပါက ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် သက်သာသည့်အတိုးနှုန်းဖြင့် ချေးငွေများထုတ်ပေးနိုင်ရေး သမ္မတရုံးသို့ သုံးသပ်တင်ပြရန် ဖော်ပြထားသည်။
အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန (လှိုင်သာယာ) နှင့် အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ ယခုလအတွင်း ထုတ်ပြန်သောစာရင်းများအရ ရန်ကုန်တိုင်းရှိ လှိုင်သာယာနှင့် ရွေပြည်သာစက်မှုဇုန်တို့တွင် စက်ရုံပိတ်သိမ်းခြင်းနှင့် လုပ်သားအင်အားလျှော့ချမှုတွင် တရုတ်နိုင်ငံသားပိုင် စက်ရုံ ၁၃ ရုံ၊ မြန်မာနိုင်ငံသားပိုင် စက်ရုံနှစ်ရုံတို့ ပါဝင်ပြီး လုပ်သားအင်အား ကိုးထောင် နီးပါး အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။
လှိုင်သာယာရှိ အထည်ချုပ်စက်ရုံတစ်ရုံမှ အလုပ်သမားများ
#Dailynews