ရန်ကုန်-၂၀၂၃ မတ် ၃၀ (မော်ကွန်း)
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အနီး ခွာဖိုကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်တွေနဲ့ ဒီကနေ့မနက် ၁၀ နာရီခွဲဝန်းကျင်က အကြောင်းမဲ့ လာရောက်ပစ်ခတ်တာကြောင့် ဒေသခံ ၁၀ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရထားတယ်လို့ ဒေသခံတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
“ ဂျက်ဖိုက်တာနှစ်စီး Mi 35 တစ်စီး၊ လေယာဉ်နှစ်စီးက နေဗုံးလေးလုံးချတယ်။ Mi 35 က ပစ်ပေးတယ်။ အဲဒီရွာထဲကို ဘာအကြောင်းမှမသိဘဲနဲ့ ဗုံးချသွားတဲ့အတွက် ပြည်သူတွေလည်းနေအိမ်တွေထိသွားတယ်။ လက်ရှိအချိန်အထိ ကျွန်တော်တို့သိရသလောက် ပြည်သူတွေလည်း ၁၀ ယောက်ကျသွားတယ်။ ပြီးတော့ ဒဏ်ရာရတာ ၂၀ ဝန်းကျင်ရှိတယ်” လို့ သူကပြောပါတယ်။
အဲဒီဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆက်ရှာဖွေနေဆဲဖြစ်ပြီး မီးလောင်သွားတဲ့အိမ်စာရင်းအတိအကျလည်းမသိရသေးဘူးလို့ သူကပြောပါတယ်။
ခွာဖိုရွာဟာ တော်လှန်ရေးတပ်တွေရှိတဲ့နေရာမဟုတ်ဘဲ ဒေသခံတွေပဲနေထိုင်တဲ့ရွာဖြစ်တယ်လို့ ဆိုပါတယ်။
#Dailynews

