မြိုင် – ၂၀၂၄ မေ ၉ (မော်ကွန်း)
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံသစ်ကျေးရွာမှာရှိတဲ့ PDF စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က မနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူနှစ်ဦးကို သတ်ဖြတ်ခဲ့ကာ ၂၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စီးနင်းခံရတဲ့ Black Cobra Force ဆီက သိရပါတယ်။
ကံသစ်ကျေးရွာမှာရှိတဲ့ Black Cobra Force အဖွဲ့စခန်းကို အာဏာသိမ်းစစ်တပ်က ကားနှစ်စီးအင်အား၈၀ဝန်းကျင် နဲ့ ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့တာကြောင့် ကားတစ်စီး၊ ကျည် ၁၅၀၀ နဲ့ ကျည်ဘောက်အပါအဝင် ငွေသား သိန်း၈၀၀ ဆုံးရှုံးခဲ့တယ်လို့ Black Cobra Force အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“စစ်တပ်က ရိက္ခာလမ်းကြောင်းရှိတယ်၊ ရိက္ခာလမ်းကြောင်းအတွက်လုံခြုံရေးယူထားတာလို့ပဲ ကျွန်တော်တို့ဘက်ကကောက်ချက်ချထားတာပါ၊ ဒါပေမဲ့ ကားနှစ်စီးနဲ့ရုတ်တရက်ကြီး စခန်းဘက်ကိုဝင်စီးလာတာ၊ ရဲဘော်တွေတော့ထိခိုက်မှုမရှိပါဘူး”လို့ သူက ပြောပါတယ်။
ကံသစ်ကျေးရွာကို အာဏာသိမ်းစစ်တပ် ဝင်ရောက်စီးနင်းပြီးနောက် PDF စခန်းအပြင်
ကျေးရွာအတွင်းက ပြည်သူနေအိမ် ၁၈လုံးကိုလည်းမီးရှို့သွားခဲ့တယ်လို့ ပြောပါတယ်။
” သေနတ်ပစ်သံကြားလို့ပြည်သူတွေကထွက်ပြေးတဲ့အချိန် သူတို့ဘက်ကကင်းတွေချထားပြီးအကုန်ပိတ်ထားတော့ ပြည်သူတွေအကုန်မိကုန်တာ၊ ပြည်သူထဲကနှစ်ယောက်ကိုတော့ညှင်းပန်းနှိပ်စက်ပြီး သတ်ခဲ့တယ်”လို့သူကပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို ပခုက္ကူမှာရှိတဲ့ တပ်မ-၁၀၁ကို ခေါ်ဆောင်သွားပြီး ဖမ်းဆီးခံရသူတွေထဲမှာ အသက် ငါးနှစ်အရွယ်ကလေးတွေလည်းပါတယ်လို့ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မနေ့က နောက်ဆုံးထုတ်ပြန်ချက်အရဆိုရင် အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူဟာ အနည်းဆုံး ၅,၀၀၀ နီးပါးရှိလာနေပြီး အဲဒီအထဲမှာ ကလေးသူငယ် ၆၀၀ ကျော်ပါဝင်ပါတယ်။
ပုံစာ – ကံသစ်ကျေးရွာက သတ်ခံရတဲ့ပြည်သူနှစ်ဦးနဲ့ မီးရှို့ခံထားရတဲ့ ကံသစ်ရွာ။
ဓါတ်ပုံ – ပေးပို့

