ဂေထော
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၁၃ (မော်ကွန်း)
ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစား CMP စက်ရုံ၊အလုပ်ရုံများတွင် ကျန်းမာရေးလမ်းညွန်ချက်နှင့်အညီ လိုက်နာခြင်းရှိ၊ မရှိကို မည်သည့်အဖွဲ့အစည်းကမှ လာရောက်စစ်ဆေးခြင်းမရှိသေးကြောင်းလှိုင်သာယာမြို့နယ်၊ရွေလင်ဗန်းစက်မှုဇုန်၊ဥက္ကဋ္ဌ ဦးအေးသောင်းက မော်ကွန်းသို့ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျကြီးကြပ်စိစစ်ပြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ အဆင့် A ရရှိရန် ပြင်ဆင်ထားသည့် CMP စက်ရုံ၊အလုပ်ရုံများကို အောက်တိုဘာ ၁၂ ရက်မှစ၍ ပြန်လည်လုပ်ကိုင်ဖွင့်ခွင့်ပြုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“လတ်တလောအနေနဲ့လာရောက်စစ်ဆေးတာမတွေ့ရသေးဘူး။ ဘယ်သူမှလည်း လာမစစ်ဆေးဘူး။ သူတို့ညွှန်ကြားတာက အကြောင်းတစ်စုံတစ်ရာအရ စစ်ဆေးဖို့လိုအပ်လို့ရှိရင် လာရောက်စစ်ဆေးမယ်”ဟု ဦးအေးသောင်းက ပြောသည်။
ယခုလက်ရှိ ဖွင့်လှစ်ထားသည့် စက်ရုံများသည် ယခင် COVID-19 ပထမလှိုင်း၌ အဆင့် A ရရှိခဲ့သည့် စက်ရုံများသာ ဖွင့်လှစ်နေခြင်းဖြစ်ပြီး ရွှေလင်ဗန်းစက်မှုဇုန်၌ အောက်တိုဘာ ၁၂ ရက်ကစပြီး ယနေ့အထိ ပြန်လည်ဖွင့်လှစ်ရန် စက်ရုံ၊အလုပ်ရုံ ၁၆၀ ကျော် စာရင်းတင်သွင်းထားသည်ဟု သူကဆိုသည်။
ယမန်နေ့ကဖွင့်လှစ်ခဲ့သည့် Charming အထည်ချုပ်စက်ရုံသည် ယနေ့တွင် အထည်ချုပ်လိုင်းနံပါတ် ၄ မှ အလုပ်သမားအမျိုးသမီးတစ်ဦး COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ယင်းစက်ရုံမှအလုပ်သမားခေါင်းဆောင်၊မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၏ လူမှုဖူလုံရေးအဖွဲ့အမျိုးသားအဆင့်မှ အလုပ်သမားကိုယ်စားလှယ်ဖြစ်သူ မသဉ္ဇာက ဆိုသည်။
“စက်ရုံတွေကလည်းစစ်ဆေးခံပြီးတော့မှဖွင့်ထားတာမဟုတ်ဘူး။ဘယ်သူမှလည်း လာမစစ်ဆေးထားဘူး။ ကျွန်မကိုယ်တိုင်အလုပ်ရှင်ကိုမေးတယ်။ဒီဟာသည် A အဆင့် စစ်ဆေးပြီးပြီလားဆိုတော့ ယခင် B အဆင့်နဲ့ပဲ ဖွင့်တာဖြစ်တယ်”ဟု သူကရှင်းပြသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ထံ မော်ကွန်းကဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းအဆက်သွယ်မရရှိခဲ့ပေ။
စက်မှုဇုန် ၂၉ ဇုန်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးသည် CMP စက်ရုံ၊အလုပ်ရုံ ၅,၀၀၀ခန့်ရှိကာ အလုပ်သမားပေါင်း ငါးသိန်းကျော်ရှိသည်။
ပုံစာ – COVID -19 ပထမလှိုင်းက ရွှေလင်ဗန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံ။
ဓါတ်ပုံ – ဂေထော
#Dailynews

