ရန်ကုန် – ၂၀၂၃ ဇွန် ၂၀ (မော်ကွန်း)
မနေ့က ကမာရွတ်မြို့နယ်မှာ ပန်းပန်၊ ပန်းဝယ်သူ ၁၅ ဦးကို စစ်ကောင်စီကဖမ်းဆီးထားပြီး အဲဒီ့ထဲကသုံးဦး မနေ့ညကပြန်လွတ်လာပြီလို့ Kamayut Information မှတာဝန်ခံကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မနေ့က နေ့လယ် ၁၁ နာရီခွဲဝန်းကျင်လောက်က ဆင်မလိုက်ဈေးထဲကိုရောက်လာပြီး ဈေးသည်သုံးဦးအပါအဝင် ပန်းပန်ထားသူငါးဦးကို ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
“ဖမ်းဆီးခံရသူတွေထဲက ဆင်မလိုက်ဈေးကဈေးသည်သုံးဦးကိုတော့မနေ့ညကပြန်လွတ်ပေးလိုက်ပြီဆိုတာကတော့ထပ်မံအတည်ပြုပါတယ်။ ဒီအခြေအနေတစ်ခုကိုပဲအတည်ပြုထားနိုင်ပါသေးတယ်။” လို့ Kamayut Information အဖွဲ့ကတာဝန်ရှိသူကပြောပါတယ်။
ကျန်တဲ့ဖမ်းဆီးခံရသူတွေရဲ့အခြေအနေကိုတော့လတ်တလောမသိရသေးဘူးလို့ဆိုပါတယ်။
မနေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့မှာ ပန်းသပိတ်ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေကလှုံ့ဆော်ခဲ့ပြီးနောက် စစ်ကောင်စီက ပန်းပန်၊ ပန်းဝယ်သူတွေကို ဖမ်းဆီးတာတွေလုပ်လာခဲ့တာပါ။
ကမာရွတ်မြို့နယ်ထဲက ဖမ်းဆီးခံရသူတွေထဲမှာ အမှတ် (၃) ရပ်ကွက်၊ လှည်းတန်း ၆ လမ်းထိပ် King လက်ဖက်ရည်ဆိုင်က ဝန်ထမ်းအမျိုးသမီး သုံးဦးလည်းပါဝင်ပါတယ်။
လှည်းတန်းက King လက်ဖက်ရည်ဆိုင်ခွဲကိုဆက်သွယ်ကြည့်တဲ့အခါမှာတော့ “လတ်တလောဖြေကြားလို့မရပါဘူး။ ဆိုင်ကတော့ဖွင့်နေပါတယ်” လို့ ပြောပါတယ်။
King လက်ဖက်ရည်ဆိုင်အပြင် တာမွေမြို့နယ်၊ ၁၄၅ လမ်းထိပ်မှာလည်း ပန်းပန်လို့ဆိုပြီး မနေ့က အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မျက်မြင်တွေ့ကြုံသူတွေကဆိုပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီး နှစ်နှစ်နဲ့လေးလကြာတဲ့အထိ အပြစ်မဲ့ပြည်သူ ၁၉,၀၃၇ ဦးဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
ပုံစာ-တာမွေဒေသခံတွေကြား စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးနေတဲ့ အမျိုးသမီးနှစ်ဦး မနေ့မနက်က စစ်ကောင်စီတပ်သားတွေကို မုန့်ပေးနေစဉ်
Photo-RSN
#Dailynews

