ပုလဲ-၂၀၂၃ ဒီဇင်ဘာ ၁၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တရားရုံးကို ဒီနေ့လယ်ပိုင်းက စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ငါးဦးသေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
မင်းတိုင်ပင်ရွာ NUG တရားရေးဝန်ကြီးဌာန၊ မြို့နယ်တရားရေး တာဝန်ခံ(CDM ရဲတစ်ဦး)ဖြစ်တဲ့ ဦးပေါပြည့်အောင်၊ ပညာရေးစေတနာ့ဝန်ထမ်း မသဲနုမြင့်ဇော်၊ ပကဖ ရဲဘော်မိုးမိုး၊ ဇီးဖြူကုန်းရွာက အသက်တစ်နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ သေဆုံးခဲ့ပြီး ကလေးငယ်ရဲ့ဖခင်ဖြစ်သူ အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ပုလဲပကဖက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ မနက် ၁၁ နာရီ ၅၈ မိနစ်မှာ ပေါင် ၂၀၀ ဗုံးသီးလေးလုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ပုလဲပကဖက ဆိုပါတယ်။
“ဘာတိုက်ပွဲမှမရှိဘူး။ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာ။ အိမ်ကအတော်လေးပျက်စီးသွားတယ်။ လူတွေလည်း ရစရာမရှိဘူး” လို့ ပုလဲမြို့နယ် ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကလည်း ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို နေရာအနှံ့ကျူးလွန်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊ စစ်ရေးသတိနဲ့ နေထိုင်သွားလာကြဖို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာလည်း မင်းတိုင်ပင်ရွာက NUG ဌာနချုပ်ကို လေကြောင်းကနေ ပစ်ခတ်ရှင်းလင်းခဲ့ပြီး အသေအပျောက်များပြားနိုင်တယ်လို့ ဆိုထားပါတယ်။
မင်းတိုင်ပင်ရွာဟာ ပုလဲမြို့အနောက်ဘက် ရှစ်မိုင်ခန့်အကွာ ပုလဲ-ဂန့်ဂေါလမ်းမပေါ်မှာရှိပြီး တော်လှန်ရေးအင်အားစုတွေအားကောင်းတာကြောင့် စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ မကြာခနဆိုသလို စစ်ကြောင်းထိုးလေ့ရှိပါတယ်။
ယခုလ ၁ ရက်ကလည်း ၎င်းရွာအနီးတဝိုက်ကို စစ်ကောင်စီကလေယာဉ်နဲ့ပစ်ခတ်လို့ နေအိမ် ၁၀ လုံးကျော် အမိုးတွေပျက်စီးခဲ့ပါသေးတယ်။
ယခုနှစ် ဖေဖေါ်ဝါရီကလည်း စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ မင်းတိုင်ပင်ရွာကိုစစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့၊ လူသတ်ပြီး ရွေငွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုလုယက်ခဲ့ပါသေးတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေလေကြောင်းကဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသွားသူများ။
ဓာတ်ပုံ-ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

