ဇွန်လိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၅) မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။
ကောင်းမြတ်မိုး ရေးသည်။
အမှိုက်သိမ်းသူတွေ ဘာပြောလဲ
လမ်းမတွေပေါ်မှာ အမှိုက်သိမ်းစည်ပင်ဝန်ထမ်းဦးရေ ၂ဝ ကျော်ကို ကျွန်တော်လိုက်လံတွေ့ဆုံဖြစ်ခဲ့ပါတယ်။ အဲဒီအခါမှာ သူတို့ဆီက တူညီတဲ့အချက်တစ်ခုကို သိလာရပါတယ်။
အဲဒါကတော့ သာမန်အထွေထွေအမှိုက်တွေထဲမှာ ဆေးရုံ၊ ဆေးခန်းအမှိုက်ထုပ်တွေအမြဲလိုလို ပါလာတတ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
တချို့ဆေးခန်းတွေကျတော့ ဆေးရုံ၊ ဆေးခန်း စွန့်ပစ် အမှိုက်ကား မလာတဲ့အတွက် ရပ်ကွက်ထဲက အထွေထွေအမှိုက် သိမ်းသူတွေနဲ့ ချိတ်ဆက်ပြီး စွန့်ပစ်ကြတယ်လို့ ဆိုပါတယ်။
တချို့ကျတော့လည်း အထွေထွေအမှိုက်ပုံမှာပဲ လာစွန့်ကြ လို့ ဆေးရုံ၊ ဆေးခန်း အမှိုက်မှန်းမသိဘဲ သိမ်းလာကြတာတွေ လည်း ရှိတယ်လို့ စည်ပင်အမှိုက်သိမ်းဝန်ထမ်းတွေက ဆိုပါတယ်။
တချို့အမှိုက်ထုပ်တွေကတော့ သတ်မှတ်ထားတဲ့ အရောင်ပါ ပလတ်စတစ်နဲ့ စွန့်ပစ်ကြပေမယ့် တချို့အထုပ်တွေကတော့ အဆင်ပြေသလို စွန့်ပစ်နေကြတာတွေကို အမြဲကြုံတွေ့ရတယ်လို့ ပြောပါတယ်။ ဒီလိုမျိုး ဆေးခန်းစွန့်ပစ်အမှိုက်တွေ ပါလာပြီဆို ရင်တော့ သေချာကိုင်တွယ်ပြီး သိမ်းဆည်းကြရတယ်လို့ ဆိုကြ ပါတယ်။
”ဆေးရုံ၊ ဆေးခန်း အမှိုက်တွေက အဝါရောင်နဲ့ ပစ်ရတယ်။ ဒီလို အဝါရောင်ပါလာရင် ဌာနက မှာထားလို့ သေချာကိုင်ကွယ် တယ်။ တချို့ကျတော့လည်း သတ်မှတ်ရောင်နဲ့မဟုတ်ဘဲ ပါလာ တာတွေရှိတယ်။ ကြည့်လိုက်လို့ ဆေးထိုးအပ်တွေပါရင် မကိုင် တော့ဘူး”လို့ အမည်မဖော်လိုတဲ့ အနောက်ပိုင်းခရိုင်မြို့နယ် တစ်ခုက စည်ပင်အမှိုက်သိမ်းဝန်ထမ်းက ဆိုပါတယ်။
ဆေးရုံ၊ ဆေးခန်းစွန့်ပစ်အမှိုက်တွေကို စည်ပင်က သုံးမျိုး ခွဲခြားထားပါတယ်။ ရောဂါပိုးကူးစက်နိုင်တဲ့ အမှိုက်၊ စူးရှနိုင်တဲ့ အမှိုက်နဲ့ ရိုးရိုးသာမန်အမှိုက်ဆိုပြီး ခွဲခြားထားတယ်လို့ဆိုပါတယ်။
ရောဂါပိုး ကူးစက်နိုင်တဲ့ အမှိုက်ဆိုတာကတော့ ခန္ဓာကိုယ် အပိုင်းအစများ၊ ခွဲစိတ်ရာက ထွက်လာတဲ့ အသားစများ၊ အသား လုံးများ၊ အသုံးပြုပြီး ဂွမ်းစ၊ အသုံးပြုပြီး ပတ်တီးစ စတဲ့ လူနာရဲ့ သွေး၊ ပြည်၊ သားနံရည်၊ ဆီး၊ ဝမ်းတို့နဲ့ ထိတွေ့ထားတဲ့ အမှိုက်တွေ အားလုံး ပါဝင်ပါတယ်။
စူးရှနိုင်တဲ့အမှိုက်ဆိုတာကတော့ ဆေးထိုးအပ်၊ အသုံးပြု ပြီး ဆေးပုလင်းအခွံ၊ ဓာတ်ခွဲခန်းသုံး သွေး၊ ဆီး၊ သလိပ် စတာတွေ ကို နမူနာရယူတဲ့ ဖန်ပြွန်တွေ စတဲ့ ဆေးရုံ၊ ဆေးခန်းသုံး စူးရှ နိုင်တဲ့ အမှိုက်တွေ ပါဝင်ပါတယ်။
ရိုးရိုးသာမန်အထွေထွေ အမှိုက်တွေကတော့ ရောဂါပိုး အန္တရာယ်မရှိတဲ့ စက္ကူ၊ စားကြွင်းစားကျန်၊ ပလတ်စတစ်ဘူးစတဲ့ သာမန်စွန့်ပစ်အမှိုက်တွေ ဖြစ်ပါတယ်။
အဲဒီသုံးမျိုးထဲကမှ ရောဂါပိုးကူးစက်နိုင်တဲ့အမှိုက်နဲ့ စူးရှ နိုင်တဲ့အမှိုက်တွေကိုတော့ ဆေးရုံ၊ ဆေးခန်းသုံး အမှိုက်သိမ်း ယာဉ်ဆိုတဲ့ သီးခြားအမှိုက်သိမ်းယာဉ်နဲ့ သိမ်းယူပြီး သီးခြားဖျက် ဆီးတယ်လို့ ဆိုပါတယ်။ သာမန်အမှိုက်တွေကိုတော့ သာမန် အထွေထွေ အမှိုက်သိမ်းကားတွေနဲ့သာသိမ်းယူပါတယ်။
ဆေးရုံ၊ ဆေးခန်း အမှိုက်သုံးမျိုးခွဲခြားထားသလို အမှိုက် တစ်မျိုးချင်းစီကို စွန့်ပစ်ချိန်မှာလည်း ထုပ်ပိုးဖို့ ပလတ်စတစ်အိတ် ကို လည်း အရောင်သုံးမျိုး ခွဲခြားထားပါတယ်။ ရောဂါပိုးကူးစက် နိုင်တဲ့အမှိုက်ကို အဝါရောင်အိတ်၊ စူးရှနိုင်တဲ့အမှိုက်တွေအတွက် အနီရောင်အိတ်နဲ့ သာမန် အထွေထွေအမှိုက်တွေအတွက်က တော့ အစိမ်းရောင်အိတ်ဆိုပြီး စွန့်ပစ်စေတယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာများက ထွက်လာတဲ့ ခြေပြတ်၊ လက်ပြတ်နဲ့ ကင်ဆာအကျိတ်၊ အလုံး စတာတွေကိုတော့ အမှိုက်သိမ်းကားနဲ့ သယ်ယူမှု မပြုလုပ်ပါဘူး။ ဆေးရုံတည်ရှိရာ မြို့နယ်ကျန်းမာရေး မှူးရုံးက ခွင့်ပြုချက်လက်မှတ်ကို အရင်ရယူရပါတယ်။ အဆိုပါ လက်မှတ်မှာတော့ လူနာရဲ့ ကိုယ်ရေးရာဇဝင်နဲ့အတူ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကို ဖြတ်တယ်ဆိုတာကိုပါ ထည့်သွင်းထား ပါတယ်။
မြို့နယ်ကျန်းမာရေးမှူးရုံးက ခွင့်ပြုချက်လက်မှတ်ရမှသာ ထိန်ပင်သုသာန်ကို သွားရောက်မီးရှို့ဖျက်ဆီးခွင့် ရရှိပါတယ်။ ဆေးရုံကနေ ထိန်ပင်သုသာန်ကို မီးရှို့ဖျက်ဆီးမယ့် အစိတ်အပိုင်း ပို့ဆောင်ရာမှာတော့ လူနာရှင်နဲ့အတူ သက်ဆိုင်ရာ ဆေးရုံတာ ဝန်ရှိသူတွေက လုပ်ဆောင်ပါတယ်။
ရန်ကုန်မြို့တော်က ထွက်ရှိလာတဲ့ သာမန်အထွေထွေ အမှိုက်တွေကို နောက်ဆုံး စွန့်ပစ်ဖျက်စီးတဲ့နေရာတွေ အများ အပြားရှိပါတယ်။ ဒါပေမဲ့ ဆေးရုံ၊ ဆေးခန်း စွန့်ပစ်အမှိုက်တွေကို ထိန်ပင်အမှိုက်ပုံတစ်ခုတည်းမှာပဲ စွန့်ပစ်ဖျက်ဆီးတာဖြစ်ပါ တယ်။ ရောဂါပိုးကူးစက်နိုင်တဲ့ အမှိုက်တွေကိုတော့ မီးရှို့ပြီး ဖျက်ဆီးပါတယ်။ စူးရှနိုင်တဲ့ အမှိုက်တွေကိုတော့ ကွန်ကရစ်ကျင်း ထဲ မြှုပ်ပြီး ဖျက်ဆီးပါတယ်။
စည်ပင်က ဆေးရုံ၊ ဆေးခန်းထွက် အန္တရာယ်ရှိ အမှိုက်တွေ ကို ဘယ်လိုစွန့်ပစ်လဲဆိုတာကို လေ့လာဖို့ စည်ပင်ကို ခွင့်တောင်း ရာမှာတော့ စည်ပင်က ကျွန်တော်တို့ကို နှစ်ရက်ခွာချိန်းပြီး မေ ၁၈ ရက်မှာ လိုက်ပြပါတယ်။
ဒီစွန့်ပစ်ပစ္စည်းတွေကို ဖျက်ဆီးတဲ့နေရာကတော့ ထိန်ပင် သုသာန်မီးသင်္ဂြိုဟ်တဲ့ နေရာမှာပါ။ ထိန်ပင်မီးသင်္ဂြိုဟ်တဲ့ နေရာ မှာ ‘ဆေးရုံ/ခန်း အမှိုက်မီးရှို့ဆောင်’ဆိုတဲ့ ဆေးရုံ၊ ဆေးခန်းသုံး စွန့်ပစ်အမှိုက် မီးရှို့တဲ့ အဆောင်တစ်ခုရှိပါတယ်။ အဲဒီအဆောင် အနားမှာ ဆေးရုံကားတစ်စီး ရပ်ထားပါတယ်။ ကားရဲ့ဘေးဘက် မှာ ‘ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန’နဲ့ ‘ဆေး ရုံ/ဆေးခန်းသုံးအမှိုက်သိမ်းယာဉ်’လို့ ရေးသားထားပါတယ်။
ကားနောက်ဖုံးကိုဖွင့်လိုက်တဲ့အခါမှာတော့ အဝါရောင်၊ အနီရောင်နဲ့ အပြာရောင် ပလတ်စတစ်အိတ်တွေကို တွေ့ရပါ တယ်။ ဒီပလတ်စတစ်အိတ်တွေကတော့ ဆေးရုံ၊ ဆေးခန်းသုံး စွန့်ပစ်အမှိုက်တွေကို ထည့်ထားတဲ့ အိတ်တွေပါ။ လိမ္မော်ရောင် ယူနီဖောင်း၊ လက်အိတ်၊ ဘွတ်ဖိနပ်နဲ့ နှာခေါင်းစည်းတွေ ဝတ် ဆင်ထားတဲ့ စည်ပင်ဝန်ထမ်းတချို့က ဒီအမှိုက်ထုပ်တွေကို ကား ပေါ်ကနေ သယ်ယူပြီး အရောင်ခွဲကာ မြေကြီးမှာ ပုံလိုက်ပါတယ်။ ပြီးရင်တော့ ဒီအိတ်တွေကို ကတ္တားပေါ်မှာ အလေးချိန် ခြင်တွယ် ပါတယ်။
ထူးခြားတာက သူတို့ရဲ့ဝတ်စုံတွေဟာ သစ်လွင်တောက်ပ နေကြပါတယ်။ ဒါ့အပြင် ဒီအလုပ်တွေကို သူတို့ နိစ္စဓူဝလုပ်နေ ရတယ်ဆိုပေမယ့် အလွဲလွဲအချော်ချော်တွေ ဖြစ်နေတာတချို့ ကိုလည်း တွေ့ ခဲ့ရပါတယ်။
အနီရောင်အထုပ်ထားရမယ့်နေရာမှာ အဝါရောင်အထုပ် ကို ပုံလိုက်မိတာ၊ အဝါရောင်အိတ်တွေကို ခြင်တွယ်နေတာကို အနီရောင်အထုပ်တွေကိုပါ ရောထည့်လိုက်တာမျိုး အမှိုက်ထုပ် သယ်နေတဲ့ ဝန်ထမ်းက လုပ်မိတယ်။
အဲဒီအခါမှာ အနားမှာကြီးကြပ်နေတဲ့ အပြာရောင်ယူနီ ဖောင်းဝတ်စည်ပင်လူကြီးက အမှိုက်ထုပ်ကို သူ့အရောင်နဲ့ သူ ခွဲထားဖို့နဲ့ ဘယ်အမှိုက်ကို ဘယ်နေရာမှာ ထားရမယ်ဆိုတာကို ပါးစပ်မှ ဆက်တိုက်ညွှန်ကြားနေရပါတယ်။
ပြီးတဲ့အခါမှာတော့ မီးရှို့လို့ရတဲ့ ပတ်တီးလိပ်၊ ဂွမ်း၊ လက် အိတ်စတဲ့ စွန့်ပစ်အမှိုက်တွေကို မီးသင်္ဂြိုဟ်စက်ထဲထည့်ပြီး မီးရှို့ ပစ်ကြပါတယ်။ သွေးပုလင်း၊ ဆေးပုလင်းအခွံတွေကိုတော့ သုသာန်အနောက်ဘက်မှာရှိတဲ့ ကွန်ကရစ်ကျင်းထဲထည့်ပြီး စွန့် ပစ်လိုက်ကြပါတယ်။ အဲဒီအနားတစ်ဝိုက်မှာ ကွန်ကရစ်ကျင်း အဟောင်းတွေရှိသလို ကျင်းအသစ်တွေကိုလည်း တွေ့ရပါတယ်။
အခုအသုံးပြုနေတဲ့ ကွန်ကရစ်ကျင်းဟာ ၁၁.၁၁.၂ဝ၁၄ မှာ စသုံး တာပါ။ ကျွန်တော်တို့သွားလေ့လာခဲ့တာက မေလ တတိယပတ် ထဲမှာဆိုတော့ ခြောက်လကျော် ဖြစ်နေပါပြီ။
သူ့အရင် ကွန်ကရစ်ကျင်းကတော့ ၁၃.၅.၂ဝ၁၄ မှာ စတင် အသုံးပြုခဲ့ပြီး ၁ဝ.၁၁.၂ဝ၁၄ မှာ ပြည့်သွားတဲ့အတွက် ပိတ်ထား လိုက်ပါပြီ။ တစ်နည်းပြောရရင် ဒီကွန်ကရစ်ကျင်းပြည့်ဖို့အတွက် ခြောက်လကြာ အသုံးပြုရတဲ့သဘောပါ။
အခုအသုံးပြုနေတဲ့ ကွန်ကရစ်ကျင်းကတော့ ခြောက်လ ကျော်နေပေမယ့်လည်း ကျင်းက မပြည့်သေးပါဘူး။ စွန့်ပစ်လို့ ရ နေတုန်းပါ။
Photo: YGH ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာန နောက်ဘက်ရှိ ကွင်းပြင်တွင်းမှ အမှိုက်သိမ်းဆည်းရာနေရာ
ဆေးရုံတွေမှာလည်း ပြဿ နာရှိ
ရပ်ကွက်အတွင်း ဆေးခန်းလေးတွေကတော့ သာမန် အထွေထွေအမှိုက်ပုံမှာ ဆေးခန်းထွက် အမှိုက်စွန့်ပစ်ရင် အလွယ် နည်းလမ်း ရှာလို့ရပေမယ့် ပုဂ္ဂလိကအထွေထွေအထူးကုဆေးရုံ ကြီးတွေကတော့ ဒီလိုအလွယ်နည်းလမ်းကို ဘယ်လိုမှ လိုက်လို့ ရမှာ မဟုတ်ပါဘူး။
ဒီလိုဆေးရုံကြီးတွေက ထွက်တဲ့ ဇီဝစွန့်ပစ်အမှိုက်တွေက လည်း ဆေးခန်းငယ်တွေထက် စာရင် အဆပေါင်းများစွာ ပိုများ ပါတယ်။ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်မှာရှိတဲ့ ပုဂ္ဂလိကအထွေထွေအထူးကုဆေးရုံကြီးတစ်ခုကတော့ သူတို့ ဖြေရှင်းတဲ့ နည်းလမ်းကို ပြောပြပါတယ်။ အဲဒါက ညှိနှိုင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ ဆေးရုံမှာ အမှိုက်ပြည့်လျှံနေတဲ့ အချိန်၊ စည်ပင် ဘက်ကလည်း အမှိုက်ကား အဆင်မပြေတဲ့ အချိန်တွေဆိုရင် အမှိုက်ကားအတွက် ဆေးရုံက လောင်စာဆီ ထည့်ပေးကြရပါတယ်။
သဘောကတော့ စည်ပင်ဘက်က ကားစိုက်ထုတ်ပေးရပြီး ဆေးရုံဘက်က လောင်စာဆီ စိုက်ထုတ်ပေးရပါတယ်။ ဒီလိုနည်း လမ်းနဲ့ နှစ်ဦးနှစ်ဖက်အခက်အခဲတွေကို နားလည်မှုနဲ့ ဖြေရှင်း နေရတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ပုဂ္ဂလိကဆေးရုံကြီးတွေက ထွက်တဲ့ အမှိုက်တွေကိုလည်း စီးပွားရေးလုပ်ငန်း အမှိုက်သယ်ယူခအဖြစ် မြို့တော်စည်ပင်က ကောက်ခံပါတယ်။ ဆေးရုံတွေရဲ့ ခုတင်အရေအတွက်အပါအဝင် အခြားလုပ်ငန်းဆောင်တာများ အနည်းအများကို တွက်ချက်ပြီး မှ ကောက်ခံတာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်အထိ ရန်ကုန်တိုင်းအတွင်းက ပုဂ္ဂလိက ဆေးရုံကြီးတွေထဲမှာဆိုရင်တော့ ဗဟန်းမြို့နယ်မှာရှိတဲ့ SSC အထွေထွေအထူးကုဆေးရုံကြီးကတော့ အမှိုက်သယ်ယူခ အမြင့် ဆုံးပါ။ တစ်လ ကျပ်သုံးသိန်းပေးဆောင်ရတယ်လို့ စည်ပင်စာရင်း တွေက ဖော်ပြပါတယ်။
အစိုးရဆေးရုံတွေကိုတော့ ဆေးရုံ၊ ဆေးခန်း စွန့်ပစ်အမှိုက် စွန့်ပစ်မှုအတွက် မြို့တော်စည်ပင်ကနေ အခမဲ့ သိမ်းယူပေးပါ တယ်။ သာမန် အထွေထွေအမှိုက်သိမ်းယူဖို့အတွက်ကတော့ ရှစ် တန်ဆံ့အမှိုက်သိမ်းကားနဲ့ တစ်ခေါက်ကို ကျပ်သုံးသောင်း ကောက်ခံပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အန္တရာယ်ရှိတဲ့စွန့်ပစ်အမှိုက် တွေကိုတော့ စည်ပင်က နှစ်ရက်ခြားတစ်ခါ လာရောက် သိမ်းယူ တယ်လို့ ရန်ကုန်ဆေးရုံအုပ် ဒေါက်တာပပက ဆိုပါတယ်။ အန္တရာယ်မရှိနိုင်တဲ့ သာမန်အမှိုက်တွေကိုတော့ နေ့စဉ်လာသိမ်း တယ်လို့ဆိုပါတယ်။
ဆေးထိုး၊ ဆေးသွင်းပြီဆိုရင်လည်း တာဝန်ကျ ဆရာ၊ ဆရာမတွေကပဲ အမှိုက်တွေကို တစ်ပါတည်း ပြန်လည်ယူဆောင် ပြီး စနစ်တကျစွန့်ပစ်ကြတယ်လို့ ဒေါက်တာပပက အခုလိုရှင်းပြ ပါတယ်။
”ဆေးထိုးတာကလည်း ဆရာမပဲလေ၊ ဆေးပုလင်းကုန်လို့ ဖြုတ်ရတော့လည်း ဆရာမပဲလေ။ အဲဒီတော့လည်း တစ်ခါတည်း သိမ်းလာတယ်။ လူနာတွေကို ပေးပြီးတော့ သူ့ဘာသာသူ သွား ပစ်ခိုင်းတာမျိုးတော့မလုပ်ဘူး။ အဲဒီပစ္စည်းတွေနဲ့ ပတ်သက်လို့ ကတော့ တော်တော်လေး သတိထားပါတယ်”လို့ ဒေါက်တာပပ က ဆိုပါတယ်။
ဒေါက်တာပပ အဆိုအရ လူနာရှင်တွေကိုလည်း လူနာ ထွက်ပစ္စည်းတွေကို စနစ်တကျစွန့်ကြဖို့ကို အမြဲလိုလို မှာကြား တယ်လို့ဆိုပါတယ်။ လူနာရှင်တွေကိုလည်း လက်လှမ်းမီ သလောက် အသိပညာတွေ ပေးနေပေမယ့် တချို့နေရာတွေမှာ တော့ လစ်ဟင်းမှုတွေလည်း ရှိကောင်းရှိနိုင်တယ်လို့လည်း ဆို ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အ္တနရာယ်ရှိ စွန့်ပစ်အမှိုက် တွေကို စနစ်တကျလုပ်ဆောင်နေပါတယ်လို့ ပြောနေပေမယ့် တကယ် ဟုတ်၊ မဟုတ် သိရှိနိုင်ဖို့ ဆေးရုံကြီးရဲ့ အမှိုက်စွန့်ပစ်မှုပုံစံ တွေကို တစ်ပတ်နီးပါးလောက် လေ့လာစောင့်ကြည့်ဖြစ်ခဲ့ပါတယ်။
အဲဒီလို လိုက်ကြည့်တဲ့အခါမှာ တွေ့ခဲ့ရတာတွေကတော့ သာမန်အထွေထွေအမှိုက်ပုံးတွေထဲမှာ ဆေးရုံသုံးစွန့်ပစ်ပစ္စည်း တွေ အများအပြား ရောထွေးနေတာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီ အထဲမှာ ဆေးထိုးအပ်တွေကိုလည်း တွေ့ရပါတယ်။ Drip ဘူး တွေ၊ Drip ပိုက်တွေ၊ ဂွမ်းနဲ့ ပတ်တီးတွေကိုလည်း တွေ့ရှိခဲ့ရ ပါတယ်။
Drip ဘူးတွေ၊ Drip ပိုက်တွေကိုတော့ အမှိုက်ပုံးတော် တော်များများမှာ တွေ့ရပါတယ်။ ဆေးထိုးအပ်၊ Drip ပိုက်တွေမှာ ဆိုရင် သွေးတွေပေကျံနေတာတွေကိုလည်း အများအပြား တွေ့ရှိ ခဲ့ရပါတယ်။ ဆီးအိုးတွေဆိုရင်လည်း ဆီးနံ့ တထောင်းထောင်းနဲ့။ တချို့ဝမ်းအိုးတွေဆို ပြန်ပြီးတော့ မဆေးကြောရသေးတာတွေ ပါ ပါလာတတ်ပါတယ်။
ဒေါက်တာပပကတော့ ”ဇီဝစွန့်ပစ်အမှိုက်တွေတော့ မပါ ဘူး။ ဒါတွေကိုတော့ သေသေချာချာလေး ခွဲခြားထားပါတယ်။ ဆရာဝန်၊ ဆရာမတွေက ပစ်တဲ့အတွက် သာမန်အမှိုက်နဲ့ ဆေးရုံ အမှိုက်နှစ်ခုကတော့ လုံးဝ မရောဘူး”လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် အမှိုက်ပုံးတွေကို လိုက်ဖွင့် ကြည့်တဲ့အခါမှာတော့ ဒေါက်တာပပပြောတာနဲ့ တခြားစီပဲ ဆို တာကို တွေ့ခဲ့ရပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာတော့ သာမန်အထွေထွေ အမှိုက်စွန့်ပစ်နိုင်ဖို့အတွက် အရေးပေါ် ပြင်ပလူနာဌာန အနောက် ဘက်ကွင်းပြင်မှာ တစ်နေရာ၊ ရင်ခွဲရုံအနီးမှာရှိတဲ့ အမှိုက်ကန် တစ်နေရာ စုစုပေါင်း နှစ်နေရာသတ်မှတ်ထားပြီး ဆေးရုံ၊ ဆေး ခန်း စွန့်ပစ်အမှိုက်အတွက်တော့ နှလုံးကုသဆောင် မြေညီထပ်၊ လုံခြုံရေးရုံးခန်းအရှေ့မှာ အမှိုက်ပုံးနှစ်ပုံးထားပြီး နေရာသတ် မှတ်ထားပါတယ်။
ပြန်ရောင်းလို့ရတဲ့ပစ္စည်းတွေ ထုတ်ယူကြ
ရောဂါကူးစက်နိုင်တဲ့ အမှိုက်တွေ ပါဝင်လာတဲ့ အမှိုက်ပုံး တွေဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ရင်ခွဲရုံအနီးမှာရှိတဲ့ အမှိုက် ကန်ကို ရောက်လာပြီဆိုတာနဲ့ ကားပေါ်မတင်ခင် အမှိုက်ပုံးတွေ ကို တာဝန်ကျ အမှိုက်သိမ်းဝန်ထမ်းတွေက မွှေနှောက်ရှာဖွေ ကြတယ်။
ရေသန့်ဘူးခွံတွေ၊ Drip ဘူးတွေ၊ ဆီးအိုးတွေ၊ ဝမ်းအိုးတွေ၊ Drip ပိုက်တွေ၊ ဖန်ပုလင်းတွေ၊ ပလတ်စတစ်တွေစတဲ့ ပြန်လည် ရောင်းချလို့ရတဲ့ ပစ္စည်းတွေကို သူတို့တွေက ထုတ်ယူထားလိုက် ကြပါတယ်။ ကျန်တဲ့အရာတွေကိုပဲ ကားပေါ်တင်ပြီး သယ်ဆောင် သွားကြပါတယ်။
အဲဒီအမှိုက်ကန်အနီးတစ်ဝိုက်က မြေပြင်ပေါ်မှာတော့ အပ် တွေက ပြန့်ကြဲနေတယ်။ ပုလင်းကွဲတွေကိုလည်း တွေ့ရပါတယ်။ တချို့အမှိုက်သိမ်းသမားတွေဟာ ငွေပြန်ရမယ့်် ပစ္စည်းတွေကို အမျိုးတူရာစုပြီး ပီနံအိတ်တွေထဲ ပြည့်ညပ်နေအောင် ဖိထည့်ကြ ပါတယ်။
အထုပ်တစ်ထုပ်ပြည့်သွားပြီဆိုတာနဲ့ အမှိုက်ကောက် သမားဟာ အပ်တန်းလန်း Drip ပိုက်တွေထဲက ပိုက်တစ်ချောင်း ကို လှမ်းယူလိုက်ပြီး ပြည့်သွားတဲ့ အထုပ်ကို ချည်နှောင်လိုက်ပါ တယ်။ အပ်ကိုတော့ ဆွဲဖြုတ်ပြီး မြေပြင်ပေါ်ကိုပဲ လွှင့်ပစ်လိုက် ပါတယ်။
ရောဂါပိုးပေါင်းများစွာ ပါဝင်နိုင်တဲ့ အမှိုက်တွေကို လက် အိတ်မပါ၊ နှာခေါင်းစည်းမပါဘဲ မွှေနှောက်ရယူနေတဲ့ သူတို့ရဲ့ မျက်နှာတွေက ပြုံးပြုံးပျော်ပျော်၊ ရယ်ရယ်မောမော။ အန္တရာယ် ဆိုတာ သူတို့နဲ့ မဆိုင်သလို။
ရောဂါပိုးပေါင်းများစွာ ပါဝင်နိုင်တဲ့ ဒီပစ္စည်းတွေကို အိတ် အပြည့် ထည့်ပြီးပြီဆိုတာနဲ့ အမှိုက်သိမ်းသမားတွေဟာ လှည်း ပေါ်တင်ပြီး ရင်ခွဲရုံအနီးက အမှိုက်ကန်ကနေ ရန်ကုန်ဆေးရုံကြီး အတွင်းဖြတ်သန်းကာ အရေးပေါ်ပြင်ပလူနာဆောင်ဘေးမှာ ရှိတဲ့ ထွက်ပေါက်ကနေ လမ်းမတော်လမ်းအတိုင်း ထွက်ခွာသွား ပါတယ်။
အဲဒီကတဆင့် အနော်ရထာလမ်း၊ နောက် ဘုန်းကြီးလမ်း ကနေပြီး ဘုန်းကြီးလမ်းသင်္ဘောဆိပ်မှာရှိတဲ့ ပစ္စည်းအဟောင်း အဝယ်ဒိုင်တွေဆီကို သွားကြပါတယ်။
အဲဒီမြင်ကွင်းတွေကို မေလ ၂၉ ရက် ညနေ လေးနာရီဝန်း ကျင်မှာ ကျွန်တော်ကိုယ်တိုင် ရန်ကုန်ဆေးရုံကြီးကနေ ဘုန်းကြီး လမ်းဆိပ်ကမ်းအထိ လိုက်လံကြည့်ရှုရင်း မြင်တွေ့ ခဲ့ရတာဖြစ် ပါတယ်။
”ဒီလို ရောင်းစရာ ပြန်ယူတာကို ခွင့်ပြုပေးမထားဘူး။ မလုပ်ရဘူးဆိုတဲ့ အချက်ထဲမှာတော့ ပါတယ်။ သတိတော့ အမြဲ ပေးတယ်။ ကျွန်တော်တို့ မဖမ်းမိသေးတဲ့အတွက် အပြစ်ပေးထား တာတော့ မရှိသေးပါဘူး”လို့ စည်ပင်က ဦးအောင်မြင့်မော်က ဆိုပါတယ်။
အဏုဇီဝဗေဒဆရာဝန်ကြီးကလည်း ဒီလိုဆေးရုံ၊ ဆေးခန်း စွန့်ထွက်ပစ္စည်းတွေကို ပြန်ပြီး အသုံးပြုဖို့ အမှိုက်ပုံတွေထဲက ရွေးချယ်တာကို မပြုလုပ်ဖို့ အခုလိုအကြုံပြုပါတယ်။
”ဆေးရုံနဲ့ ပတ်သက်ရင်တော့ သူတို့သိထားဖို့က ဘာ ရောဂါမှန်းမသိပေမယ့် ရောဂါရှိတဲ့ လူနာတွေရဲ့ စွန့်ပစ်ပစ္စည်းဖြစ် တာကြောင့် လုံးဝ ပြန်ပြီးတော့ မသုံးပါနဲ့”
ဒီလို ဆေးရုံ၊ ဆေးခန်းက ရောဂါပိုးကူးစက်နိုင်တဲ့ စွန့်ပစ် အမှိုက်တွေအတွက် Recycle ၊ Reuse ဆိုတာ လုံးဝ မရှိပါဘူးလို့ သူက ဆက်ပြောပါတယ်။
သူက အခုလိုလည်း မှတ်ချက်ပြုပါတယ်။
”မလုပ်ပါနဲ့။ ပိုက်ဆံရတာ ဘယ်လောက်မှ မရှိပါဘူး။ အန္တရာယ်နဲ့ ပြန်ရတဲ့ ဟာက မတန်ပါဘူး”
Photo: Kaung Myat Moe မေ ၂၉ ရက်က ရန်ကုန်ဆေးရုံကြီးမှ ဆေးရုံ၊ ဆေးခန်း အမှိုက်များ အပါအဝင် ပြန်လည်ရောင်းချ နိုင်သည့် ပစ္စည်းများအား သယ်ယူသွားစဉ်
အခြားနေရာတွေမှာ ဘယ်လိုလဲ
အထက်မှာ ဖော်ပြခဲ့တာတွေကတော့ ရန်ကုန်မြို့အတွင်းမှာ ဖြစ်နေတဲ့ကိစ္စပါ။
ရန်ကုန်နဲ့ ဘယ်လောက်မှ မဝေးတဲ့ ရန်ကုန်မြစ်တစ်ဖက် ကမ်းက ဆိပ်ကြီးခနောင်တိုမြို့နယ်ဘက်မှာဆိုရင်လည်း ဆေးရုံ၊ ဆေးခန်းတွေဟာ သူတို့ရဲ့ အမှိုက်သိမ်းစနစ်နဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိနေပါတယ်။
ဆိပ်ကြီးခနောင်တိုမြို့နယ်မှာဆိုရင် ၂၅ ခုတင်ဆံ့ မြို့နယ် ဆေးရုံတစ်ရုံ ရှိပါတယ်။ ဆေးခန်းအရေအတွက်ကတော့ ဆယ် ခန်းကျော်ကျော်လောက်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆို ပါတယ်။ ဆေးခန်းအတိအကျကို မသိနိုင်ဘူးဆိုတာကတော့ မှတ် ပုံတင်မထားတဲ့ ဆေးခန်းတွေ များပြားနေတာကြောင့် ဖြစ်တယ် လို့ အဲဒီက ဆရာဝန်တွေက ဆိုပါတယ်။
ဒီလိုမှတ်ပုံမတင်တဲ့ ဆေးခန်းတွေ များပြားရတဲ့ အကြောင်းရင်းကတော့ ဒေသခံတွေအခေါ် အပ်ပုန်းလို့ဆိုတဲ့ ဆရာဝန် မဟုတ်ဘဲ ဆေးထိုးအပ်ကိုင်ကာ ဆေးခန်းဖွင့်တဲ့သူတွေ အများအပြား ရှိနေတာကြောင့်လို့ မော်ကွန်းနဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့ အဆိုပါမြို့ နယ်မှာရှိတဲ့ ဆေးခန်းတာဝန်ရှိသူတွေက ဆိုပါတယ်။
ဒီလို အပ်ပုန်းဆေးခန်းတွေ များပြားလာတာကြောင့်ပဲ တချို့ တရားဝင်မှတ်ပုံတင်ထားတဲ့ ဆေးခန်းတချို့ကပါ မှတ်ပုံ တင်ကို သက်တမ်းဆက်မတိုးတော့ဘဲ တရားမဝင်ဆေးခန်းတွေ အဖြစ် ပြောင်းလဲကုန်ပါတယ်။ ဒီလိုဆေးခန်းတွေထဲမှာ ဒေါက် တာအေးအေးဝင်းတို့ ဆေးခန်းလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ဒေါက်တာအေးအေးဝင်းတို့ဆေးခန်းအနေနဲ့ ဆေးခန်း မှတ်ပုံတင်သက်တမ်းမတိုးတာ နှစ်နှစ်နီးပါးရှိသွားပြီလို့ ဆိုပါတယ်။
သူတို့ ဆေးခန်းက တရားမဝင်တော့တဲ့အတွက် ဆေးခန်း စွန့်ပစ်အမှိုက်တွေကိုလည်း မြို့နယ်စည်ပင်မှာ မစွန့်ပစ်တော့ဘဲ ကြုံရာနည်းလမ်းနဲ့ စွန့်ပစ်ပါတော့တယ်။
တခြားအပ်ပုန်းဆေးခန်းတွေလည်း သူတို့ စွန့်ပစ်ချင် သလိုပဲ စွန့်ပစ်ကြပြီး ဖန်ပုလင်းလို ကွဲရှနိုင်တဲ့ဟာတွေ ဆိုရင် တော့ ချောင်းထဲမှာ သွားမျှောတယ်လို့ ဆိုပါတယ်။
ဆေးထိုးအပ်၊ ကော်နဲ့လုပ်ထားတဲ့ ဆေးပုလင်းအခွံတွေဆို ရင်တော့ ဝယ်တဲ့သူတွေဆီကို ရောင်းစားတယ်လို့ ပြောပါတယ်။ ဂွမ်း၊ ပတ်တီးစတာတွေကိုတော့ အိမ်သုံးအမှိုက်နဲ့အတူ စွန့်ပစ် တယ်လို့ ဆိုပါတယ်။
ခနောင်တိုအရှေ့ရပ်ကွက်မှာရှိတဲ့ ဒေသခံတွေအခေါ် အပ်ပုန်းဆေးခန်းတစ်ခုရဲ့ တာဝန်ရှိသူကလည်း သူ့ဆေးခန်းရဲ့ အမှိုက်တွေကို နီးစပ်ရာအမှိုက်ပုံမှာ စွန့်ပစ်တယ်လို့ ပြောပါတယ်။ အရင်ကတော့ ဒီလိုအမှိုက်ပုံမှာ မစွန့်ပစ်ဘဲ နီးစပ်ရာ ချောင်းမှာ သွားမျှောတယ်လို့ ရှင်းပြပါသေးတယ်။တခြားဆေးခန်းတွေကတော့ စွန့်ပစ်အမှိုက်တွေကို မြစ် ကမ်းဘေးမြေနေရာတွေမှာ မြေကျင်းတူးပြီး စွန့်ပစ်တယ်လို့ သူ က ဆက်ပြောပါတယ်။ ဒီလိုမြေကျင်းတူးပြီး စွန့်ပစ်တာက အချိန် ကြာလာတဲ့အချိန်မှာ မြစ်ရေကြောင့် မြေကြီးတွေပွပြီး ပြန်ပေါ် လာတယ်လို့ ဆိုပါတယ်။
ဒီလိုမျိုးတွေမဖြစ်ဖို့ သူတို့ဆေးခန်းအနေနဲ့ ပစ္စည်းအဟောင်း ဝယ်သူတွေကို ရောင်းရတာဖြစ်တယ်လို့ ဒေါက်တာအေးအေး ဝင်းက ရှင်းပြပါတယ်။
ဆိပ်ကြီးခနောင်တိုမြို့နယ်စည်ပင်၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနရဲ့ တာဝန်ရှိသူတစ်ဦးကတော့ အခု လိုဆိုပါတယ်။
”ဒီမှာက ဆေးရုံကလည်း တစ်ရုံပဲရှိတယ်။ ဆေးခန်းတွေ ကလည်း မှတ်ပုံမတင်ထားတာတွေ များတော့ ဆေးရုံကိုတော့ ကျွန်တော်တို့သိမ်းပေးတယ်။ ဆေးခန်းတွေကတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ စွန့်ပစ်နေကြတယ်”
အဆိုပါတာဝန်ရှိသူကတော့ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ ဆေးရုံ၊ ဆေးခန်း စွန့်ပစ်အမှိုက်သိမ်းဖို့အတွက် သီးခြားအမှိုက် သိမ်းစနစ် မရှိဘူးလို့ဆိုပါတယ်။ မြို့နယ်ဆေးရုံကို အမှိုက်သိမ်း ယူရာမှာလည်း သာမန်အထွေထွေ အမှိုက်သိမ်းလှည်းနဲ့သာ တစ် ခါတည်း သိမ်းယူတယ်လို့ ရှင်းပြပါတယ်။
ဆေးရုံက စွန့်ပစ်အမှိုက်တွေကိုတော့ မြို့ပတ်လမ်းမှာရှိတဲ့ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံမှာ မြေမြှုပ်ပြီးဖျက်ဆီးတယ်လို့လည်း သူက ဆိုပါတယ်။
ဒီနေရာမှာ မေးစရာမေးခွန်းတွေက ထပ်ဆင့်ထွက်ပေါ်လာ ပါတယ်။
လူဦးရေ ခြောက်သန်းကျော်နေထိုင်နေတဲ့ မြန်မာနိုင်ငံရဲ့ လူနေအသိပ်သည်းဆုံး၊ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်မှာတောင် အခုလိုအခြေအနေတွေဖြစ်နေတယ်ဆို တော့ အခြားပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေ ရော သူတို့ရဲ့ စွန့်ပစ်အမှိုက်တွေကို ဘယ်လို စွန့်ပစ်နေကြပါသလဲ။
သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ စည်ပင်တွေကရော ဘယ်လို တာဝန်ယူ ဖြေရှင်းပေးနေကြပါသလဲ။
ဒါ့အပြင် ဆေးရုံ၊ ဆေးခန်းတွေက စွန့်ပစ်လိုက်တဲ့ အန္တရာယ်ရှိ အမှိုက်တွေက ထပ်ဆင့်ဖြန့်ကျက်မွေးထုတ်ပေးလိုက်တဲ့ ရောဂါကွန်ရက်ကြီးက ဘယ်လောက်ကြီးမားကျယ်ပြန့်နေသလဲ။ အဲဒီကွန်ရက်ထဲမှာ ကျွန်တော်တို့တွေ ဘယ်လောက် ကြာကြာ နေထိုင်နေကြရဦးမှာလဲ။ ဒီရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ထဲက ဘာတွေကို ကျွန်တော်တို့တစ်တွေ ခံစားနေကြရပြီလဲ။ ။ အပိုင်း(၁)သို့

