မွတ်စလင်များရဲ့ မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်ဆေးခန်း

မွတ်စလင်များရဲ့ မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်ဆေးခန်း

ဓာတ်ပုံ – ကျော်ရင်မြင့်

မုံရွာနယ်က လမ်းအလုပ်သမလေးတစ်ယောက် နှလုံးအဆို့ရှင်တွေပျက်စီးလို့ ဆေးရုံတက်ရပါ တယ်။ နှလုံးခွဲစိတ်ကုသရမယ်၊ မကုသနိုင်ရင် တော့ အသက်ရှည်ဖို့ ခက်တယ်။ လမ်းခင်းရာမှာ အလုပ်ကြမ်းလုပ်ရတဲ့ မိန်းကလေးတစ်ယောက် အနေနဲ့ ငွေကျပ်သိန်း ၂ဝ-၂၅လောက် အကုန် အကျခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုအခြေအနေ မှာနတ်ပြည်က သိကြားမင်းဆင်းကယ်သလို ကူညီမယ့်သူပေါ်လာတယ်။ မြင့်မြတ်ဖြူစင်တဲ့။

မြင့်မြတ်ဖြူစင်ဆိုတာ မွတ်စလင်ကုသိုလ်ဖြစ် အထူးကု ဆေးခန်းပါ။ မန္တလေးမြို့၊ စကြာနွယ်စင် ရပ်မှာ တည်ရှိတယ်။ လူမျိုး၊ ဘာသာမရွေး လူ တန်းစားမခွဲခြားဘဲ ကျန်းမာရေးအတွက် အကူ အညီပေးနေသူတွေ ဖြစ်ပါတယ်။

နှလုံးနဲ့ သွေးကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက် တာ ဦးခင်မောင်ထွေးရဲ့ အလုပ်ခွင်ကို သွားလည်စဉ်က လမ်း အလုပ်သမလေးကို ဆေးရုံခုတင်ထက်မှာ ကျွန်တော် တွေ့ခဲ့ရဖူး တယ်။ သူ့ကို အားပေးစကားပြောတယ်။ လူသားအချင်းချင်း စာနာမှုအကူအညီတွေရလို့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ လမ်းအလုပ် သမလေးဟာ မွတ်စလင်များရဲ့ မြင့်မြတ်ဖြူစင်က ထောက်ပံ့ အသက်ကယ်ပေးလို့ ကျန်းမာရွှင်လန်းစွာ အိမ်အပြန်လှသွား တာ ကျွန်တော် တွေ့ရတယ်။ (မော်ဒန်ဂျာနယ်မှာ ဒီအကြောင်း သတင်းဆောင်းပါးလည်း ရေးပါတယ်။) လမ်းအလုပ်သမလေးရဲ့ အမည်ကို ကျွန်တော်မေ့သွားပြီဖြစ်ပေမယ့် မြင့်မြတ်ဖြူစင်ဆို တာကိုတော့ စွဲစွဲထင်ထင် ဖြစ်သွားပါတယ်။

သတင်းစာဆရာ စာရေးဆရာမကြီး လူထုဒေါ်အမာ ဦး ဆောင်နာယကအဖြစ် တာဝန်ယူဖွဲ့စည်းတဲ့ ဗြဟ္မစိုရ်လူမှုကူညီ ရေးအသင်းကလည်း ဆင်းရဲချို့တဲ့သူများ ဆေးရုံတက်ရတဲ့အခါ ကျန်းမာရေးအကူအညီ ပေးဖူးပါတယ်။ တစ်လကို ကျပ် သိန်း ၁ဝဝ ကျော်အထိ သုံးစွဲကူညီတာမို့ လူ့အသက်ပေါင်းများစွာ ချမ်း သာရာ ရခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်က အသင်းအတွင်းရေးမှူး ဖြစ်ခဲ့လို့ ကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဦးစိုးတင့်တို့ နောက်က ဆေးရုံတွေကို လိုက်ဖူးပါတယ်။ ဆင်းရဲနွမ်းပါးသူတွေ ခမျာ မရှိ ရှိတာလေးတွေ ပေါင်နှံရောင်းချပြီး ဆေးရုံကို ရောက် လာကာ အသက်ကို လုရှာကြရတာကို တွေ့မြင်ရတယ်။ ဆင်းရဲ နွမ်းပါးသူတွေမှာ အနေကျပ်သလို အသေကျပ်တာ မျက်မြင် ဖြစ်ပါတယ်။

မန္တလေးမြို့မှာတော့ ကျန်းမာရေးစောင့်ရှောက်မှုကို ဂျွန်း ဗလီဆေးခန်းတို့လို အသင်းအဖွဲ့တွေကစတင်ပြီး လူမျိုးဘာသာ အစွဲမထား၊ မခွဲခြားဘဲ အကူအညီပေးကြတာပါ။ သူ့နောက်မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ သြဝါဒခံတဲ့ ဗြဟ္မစိုရ်လို၊ ချမ်းမြ သုခလို လူမှုကူညီရေးအသင်းတွေ ပေါ်ပေါက်လာပါတယ်။

အင်နဲ့အားနဲ့ ကူညီပေးနိုင်တဲ့ ဗြဟ္မစိုရ်က ၂ဝ၁၂ နောက် ပိုင်းမှာ ပြည်သူ့ဆေးရုံများမှာ ဆင်းရဲနွမ်းပါးသူများကို အကူအညီ ပေးနေတာ လျှော့ချလိုက်တယ်။

ကိုရင်လေးတစ်ပါး ဆေးရုံတက်ရတယ်။ သူ့မယ်တော်၊ ခမည်းတော်များကလည်း နွမ်းပါးကြတော့ ဆေးကုသစရိတ် မတတ်နိုင်ဘူး။ တာဝန်သိဆရာဝန်က မြင့်မြတ်ဖြူစင်နဲ့ ဆက် သွယ်ပေးလိုက်လို့ ကိုရင်လေး အသက်ချမ်းသာရာရသွားတာ ကျွန်တော် သိလိုက်ရတယ်။ ကျွန်တော့်အသိစိတ်ထဲမှာ မြင့်မြတ် ဖြူစင်ကို ပိုပြီး လေးစားတန်ဖိုးထားမိတယ်။

မြင့်မြတ်ဖြူစင် အထူးကုဆေးခန်းကို တစ်ရက်မှာ ကျွန် တော်သွားလည်ပါတယ်။ အထူးကုဆေးခန်း အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌ အငြိမ်းစားရဲမှူးကြီး ဦးလှမြင့်တို့ကအစ ကျွန်တော် သိ ကျွမ်းပြီး ဖြစ်ပါတယ်။

အထူးကုဆေးခန်းက ခြောက်ထပ် အဆောက်အအုံကြီးပါ။ အထူးကုဆရာဝန်ကြီးတွေနဲ့ ပြသချင်လို့ ရောက်နေတဲ့လူနာတွေ က ဆေးခန်းနဲ့ ပြည့်လျှံလို့ ဆေးခန်းအပြင်ဘက်မှာ ပလတ်စတစ် ထိုင်ခုံတွေချပြီး ထိုင်စောင့်နေကြတာကို စတွေ့ရတယ်။ ဆေးခန်း ထဲမှာလည်း လူနာအပြည့်။ ဘီးတပ်ကုလားထိုင်တွေပေါ် ထိုင်နေ သူလည်း ရှိတယ်။ လူနာတွေက အသွင်အမျိုးမျိုး။ အများစုက တော့ နွမ်းပါးပုံရတယ်။ အဝေးက၊ ကျေးလက်က လာပုံရသူတွေ လည်း တွေ့ရတယ်။ မွတ်စလင်များရဲ့ ကုသိုလ်ဖြစ်ဆေးခန်းပေမယ့် အများစုကတော့ ဗုဒ္ဓဘာသာတွေနဲ့တူပါတယ်။

ဆေးရုံဝန်ထမ်းအမျိုးသမီးလေးတွေကတော့ ထဘီအပြာ၊ အင်္ကျီအနီ၊ ခေါင်းမှာ ပဝါဖြူဖြူလွှမ်းခြုံထားတယ်။သူတို့မျက်နှာ တွေက ချိုပြုံးနေတယ်။

‘ပြုံးရွှင်ချိုသာစွာ ဆက်ဆံခြင်းသည် အလှူဒါနကုသိုလ် ပြုရာမည်၏’ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဝန်ထမ်းတွေက လိုက်နာ လုပ်ဆောင်ကြပါတယ်။

ကျွန်တော့်ကို ခရီးဦးကြိုပြုပြီး လိုက်လံပြသတဲ့ အုပ်ချုပ်မှု ကော်မတီဝင် အငြိမ်းစား အထက်တန်းပြဆရာမကြီး ဒေါ်ခင် သိန်းက ပြောပြတယ်။ ဝန်ထမ်းတွေဟာ အလုပ်လုပ်ရင်း အလိုလို ကုသိုလ်ရနေကြတာပါလားလို့ ကျွန်တော် အတွေးရောက်သွားတယ်။

မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်အထူးကုဆေးခန်းမှာ အထူး ကုဆရာဝန်ကြီးတွေ၊ သမားတော်ကြီးတွေထိုင်ပြီး ပြင်ပလူနာ တွေကို လက်ခံကုသပေးပါတယ်။ အထွေထွေရောဂါ၊ အရိုး၊ အကြော၊ သားဖွားမီးယပ်၊ ကလေး အထူးကု ကုသပေးတယ်။ မျက်စိခွဲစိတ်ကုသမှု၊ အသေးစားခွဲစိတ်ကုသမှု လုပ်ပေးသလို ဓာတ်မှန်၊ECG ၊ Ultrasound နဲ့ ဓာတ်ခွဲခန်းတွေလည်း ရှိတယ်။ သွားနဲ့ ခံတွင်းရောဂါအတွက်တော့ သွားအထူးကုဆရာဝန်ကြီး ဆေးခန်းနဲ့ ချိတ်ဆက်ထားပြီး တာဝန်ယူပေးတယ်။ အတွင်း လူနာအဖြစ် ဆေးရုံတက်ရမယ့်သူတွေကိုတော့ ပြည်သူ့ဆေးရုံကို ပို့ပေးတယ်။ ဆေးဖိုးဝါးခလိုအပ်ရင် အကူအညီပေးပါတယ်။ တစ် ရက်ကို လူနာ ၂ဝဝ ဦးလောက် လာကြတယ်။ လာကြတာကလည်း အထက်မြန်မာပြည် မြို့အစုံ၊ နယ်အစုံပါပဲ။ နေပြည်တော်က တောင်မှ လာပြတယ်။

နေပြည်တော်ဆိုတာ ဆေးရုံအကြီးကြီးရှိတဲ့နေရာ၊ သမ္မတ ကြီးတွေ၊ ဝန်မင်းကြီးတွေ နေတဲ့အရပ်၊ ဆေးရုံအဆင့်မြင့်လောက် တဲ့ နေရာကတောင်မှ လာပြတာမို့ ကျွန်တော့်စိတ်ထဲ ထူးဆန်း နေတယ်။ လူနာကို စကားစပ်ကြည့်တော့ နေပြည်တော်မှာ မသွားတတ်၊ မလာတတ်လို့ပါဆိုပြီး စကားအလိမ္မာသုံးပြီး ဖြေ သွားတယ်။ ဆေးရုံ၊ ဆေးခန်းပေမယ့် သွားတတ်လာတတ်၊ ဝင် တတ်ထွက်တတ်ဖို့လည်း လိုသေးတာကိုး။ မြင့်မြတ်ဖြူစင်က တော့ လူနာအားလုံးကို တံခါးဖွင့်ထားပုံရတယ်လို့ ကျွန်တော် အဖြေထုတ်မိပါတယ်။

မျက်နှာထားက ပြုံး၊ လေသံက ချိုပေမယ့် ဦးခေါင်းမှာ ပဝါခြုံထားတဲ့ ဝန်ထမ်းအမျိုးသမီးလေးတွေကို မြင်ရတော့ မွတ် စလင်အသိုင်းအဝန်းဆိုတဲ့ ခံစားစိတ်ကတော့ မဖြစ်ဘဲ မရှိပါဘူး။ ကြားနာဖူးတာတွေအရ တချို့ရဲ့ စိတ်ထဲမှာ တွန့်ဆုတ်မှုတွေ ရှိ ကောင်းရှိမယ်။ ကျွန်တော်ကတော့ သတင်းသမားပီပီ ဒီခံစားမှု ကိုလည်း သိချင်တာပါပဲ။

တွေ့ရတဲ့ ဗုဒ္ဓဘာသာလူနာတွေကို တိုးတိုးတိတ်တိတ်မေး ကြည့်တော့ သူတို့ကို ခွဲခြားဆက်ဆံမခံရဘူး။ နွေးထွေးပျူငှာ ဆက်ဆံပါတယ်။ ဘာသာခြားမို့လည်း မျက်နှာမငယ်ရပါဘူးလို့ ပြောပြကြတယ်။ (သူတို့ ပြောတာကြားတော့ ကျွန်တော့်မှာ ရှက် သလိုလို၊ အားနာသလိုလို။ သူတို့က အကုအသခံချင်လို့ လာတဲ့ လူနာမို့ အလိုက်အထိုက်ပြောကြတာများဖြစ်သလား စိတ်မှာ ဝေဝေဝါးဝါး။)

သူနာပြုအုပ်ဆရာမကြီးဒေါ်ခင်ပြုံးဦးကို တွေ့ပါပြီ။ သူက ဗမာ၊ ဗုဒ္ဓဘာသာ။ မြင့်မြတ်ဖြူစင် မွတ်စလင်တောမှာ အလုပ် လုပ်နေတာ။ ရန်ကုန်၊ အင်းစိန်သူက မန္တလေးဆေးရုံကြီးမှာ သူ နာပြုဆရာမကြီးအဖြစ်နဲ့ ပင်စင်ယူပြီးတဲ့နောက် နေရပ်မပြန် တော့ဘဲ မြင့်မြတ်ဖြူစင်မှာ သူနာပြုအုပ် လုပ်နေတာပါ။

”ကျွန်မဘဝရဲ့ နောက်ဆုံးအချိန်လေးမှာ ကုသိုလ်ယူပြီး လုပ်နေတာပါ။ ကျွန်မမှာ ဆီးချို၊ နှလုံး၊ သွေးတိုးရှိတော့ ဒီက ဆရာဝန်တွေ ပြခွင့်ရသလို ဆေးတွေလည်း ရတယ်။ ဒီမှာ အလုပ် လုပ်ရတာ ဘာသာခြားတွေနဲ့ ဖြစ်ပေမယ့် တင်းကျပ်တဲ့ခံစားမှု မရှိဘူး။ လူသားအချင်းချင်း အတူတူပဲ။ ဘာသာမရွေး မခွဲခြားဘဲ လှုပ်ရှားပေးနေကြတာ။ ဟိုတလောက ရုတ်ရုတ်သဲသဲတွေ လုပ် ကြတော့ ကျွန်မ စိတ်မချမ်းသာဘူး”လို့ သူနာပြုဆရာမကြီးက ပြန်ပြောပြတယ်။

မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်အထူးကုဆေးခန်းကို ၂ဝ၁ဝ (၂.၁ဝ.၂ဝ၁ဝ) မှာ စတင်ဖွင့်လှစ်တာပါ။ အုပ်ချုပ်မှုကော်မတီဝင် ဒေါ်ခင်သိန်းက နှစ်အလိုက် ကုသပေးခဲ့တဲ့ လူနာအရေအတွက်ကို ပြောပြတယ်။ ၂ဝ၁၁ မှာ ၄၅,ဝဝဝ၊ ၂ဝ၁၂ မှာ ၅၅,ဝဝဝ၊ ၂ဝ၁၃ မှာ ၆ဝ,ဝဝဝကျော်၊ ၂ဝ၁၄ မှာ ၇ဝ,ဝဝဝ ခန့် တစ်နှစ်ထက်တစ်နှစ် လူနာတွေက တိုးလာနေတယ်။ လူနာတွေရဲ့ ၈ဝ ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်လို့ စာရင်းတွေက ဖော်ပြတယ်။

လူနာတွေက အထူးကုသမားတော်ကြီးတွေနဲ့ ပြသကုသ ကြရပြီး အချို့က ကုသခကျသင့်ငွေကို အပြည့်အဝပေးကြတယ်။ အထူးကုသမားတော်ကို အလွယ်တကူပြနိုင်တဲ့ အခွင့်အလမ်းကို ရချင်လို့ လာတာပါ။ ဆေးဖိုးဝါးခ မတတ်နိုင်သူတွေအတွက် မြင့် မြတ်ဖြူစင်က ဆေးဖိုးကျခံပေးတာလည်း ရှိတယ်။ ဆင်းရဲနွမ်းပါး တယ်ဆိုရင် (ဆေးခန်းပြ၊ ဆေးရုံတက်) အခမဲ့ ဆေးကုသခွင့်ရ တယ်။ အခမဲ့ဆေးကုသခွင့် ခံစားလိုသူတွေက လျှောက်လွှာပုံစံ ကို ဖြည့်ရတယ်။ ပုံစံမှာ အစ္စလာမ်ဘာသာကို ကိုးကွယ်သူဖြစ်ရင် ဗလီဆရာက ထောက်ခံရပြီး အခြားဘာသာဝင်ဖြစ်ရင် ကျေး ရွာ/ရပ်ကွက်လူကြီးက ထောက်ခံရပါတယ်။

မြင့်မြတ်ဖြူစင်မှာ ဆရာဝန်နဲ့ ဝန်ထမ်း ၅၄ ဦး ရှိပြီး တစ်လ ကို လူနာဦးရေ ၆,ဝဝဝ လောက် ကုသပေးနေရတယ်။ ကုသိုလ် ဖြစ်ဆေးခန်းတစ်ခန်းဟာ ဘယ်လိုဘဏ္ဍာငွေနဲ့ လည်ပတ်နေ သလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။

”ကျွန်မတို့ အစ္စလာမ်ဘာသာမှာ စီးပွားလုပ်လို့ တစ်နှစ်ကို ငွေ ၁ဝဝ ကျပ် အသားတင်မြတ်ရင် ၂ ကျပ် ပြား ၅ဝ ဆင်းရဲသား ကြေး လှူဒါန်းရပါတယ်။ ဇကားသ်လို့ခေါ်ပါတယ်။ ဘုရားသခင်က မလုပ်မနေရ တာဝန်ပေးထားခြင်းပဲ ဖြစ်ပါတယ်။ ဇကားသ်ပေး လှူသူတွေရဲ့ အလှူငွေတွေ လက်ခံရပါတယ်။ မွတ်စလင်တွေထဲ ကပဲ ဘယ်ဘာသာဝင်အတွက်မဆို ရည်စူးလှူဒါန်းတာတွေ လည်း ရှိတယ်။ ဗုဒ္ဓဘာသာဝင်များက ပေးလှူတာလည်းရှိတယ်။ ဥပမာ-စာရေးဆရာ ဆရာမာန်မြင့် မိသားစုက ကျပ် သိန်း ၅ဝ လှူပါတယ်”လို့ ဒေါ်ခင်သိန်းက ပြောပြတယ်။

နိုင်ငံရပ်ခြားက အလှူငွေတွေ ရှိသလားဆိုတာလည်း ကျွန်တော် မေးတယ်။

”ဘယ်နိုင်ငံနဲ့မှ အဆက်အသွယ်မရှိသလို ဘယ်နိုင်ငံရဲ့ အကူအညီ အလှူအတန်းကိုမှလည်း လက်ခံမှာ မဟုတ်ပါဘူး။ ကိုယ့်ပြည်တွင်းက လူနာတွေကို ကိုယ့်ပြည်တွင်းကရတဲ့ အလှူ ငွေနဲ့ပဲ ပြန်လည်ကုသ ကုသိုလ်ပြုပေးနေတာပါ”ဆိုပြီး ဒေါ်ခင်သိန်းက ဖြေကြားပါတယ်။

အုပ်ချုပ်မှုကော်မတီအတွင်းရေးမှူး မန္တလာ ဦးစိုးမြင့်က တော့ ”ကျွန်တော်တို့ ပိုက်ဆံအများကြီး မရှိဘူး။ ဇကားသ် လှူ ကြတဲ့အချိန် များများရှိတယ်။ သုံးနေရင်း ကုန်သွားတယ်။ ဒါ ပေမဲ့ ပိုက်ဆံကြောင့်တော့ ဆေးခန်းက ရပ်မသွားဖူးဘူး။ မော် တော်ကားလို ပြောရရင် ဓာတ်ဆီတစ်ပုလင်းချင်းထည့်မောင်း နေရတာပါ”လို့ ပြောပြရင်း ရယ်မောတယ်။

ဓာတ်ဆီတစ်ပုလင်းချင်းထည့်မောင်းသလို တရွေ့ရွေ့ ချီ တက်နေရတဲ့ မြင့်မြတ်ဖြူစင်က လုပ်ငန်းတွေလည်း ထပ်ချဲ့နေ သေးတယ်။ ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်လှစ်တာ လေးနှစ်ပြည့် မြောက်ချိန်မှာ ကျောက်ကပ်ဆေးတဲ့စက် သုံးလုံးတပ်ဆင်ပြီး တစ်နေ့ နှစ်ဆိုင်းနဲ့ တစ်ရက်ကို လူနာခြောက်ဦး ကျောက်ကပ် ဆေးပေးနေတယ်။

ကျောက်ကပ်ဆေးစက်တွေ တပ်ဆင်ဖြစ်သွားပုံကို မန္တလာ ဦးစိုးမြင့်က ပြန်ပြောပြတယ်။

ဓာတ်ပုံ – ကျော်ရင်မြင့်

ကျောက်ကပ်ဆေးရတယ်ဆိုတာ အင်မတန် ငွေကုန်ကြေး ကျများတယ်။ တစ်ခါက အငြိမ်းစားကျောင်းအုပ်ဆရာမကြီး တစ်ယောက် ကျောက်ကပ်ပုံမှန်ဆေးနေရတယ်။ သူ့ခင်ပွန်းက လည်း ကျောင်းဆရာမို့ ကြွယ်ဝချမ်းသာတာမဟုတ်ဘူး။ ကျောက်ကပ်ဆေးရတာကြောင့် စုဆောင်းထားတဲ့ ရွှေတိုငွေစ လည်း ကုန်ပြီ။ တတ်စွမ်းသမျှ ကူကြတဲ့တပည့်တွေကလည်း ဆက်မလှူ၊ ဆက်မကူနိုင်တော့ဘူး။ ဒီအခြေအနေမှာ ဆရာမကြီး ခမျာ ကျောက်ကပ်ဆက်မဆေးဘဲ လက်လျှော့ရတော့မယ်ဆို တာကို မြင်ရတော့ သနားတာကြောင့် ကျောက်ကပ်ဆေးပေး တာ မြင့်မြတ်ဖြူစင်မှာ စလုပ်ဖြစ်သွားတယ်တဲ့။

ကျောက်ကပ်ဆေးရာမှာ အသုံးပြုရတဲ့ ကိရိယာတွေဟာ တစ်ခါသုံးပစ္စည်းတွေဖြစ်တာကြောင့် လူနာတစ်ယောက် ကျောက်ကပ်ဆေးပြီးတိုင်း စွန့်ပစ်ရတယ်။ ကျောက်ကပ်တစ်ခါ ဆေးရင် ကုန်ကျစရိတ်က ငွေကျပ် သုံးသောင်းကျော်တယ်။ ကျောက်ကပ်ဆေးတဲ့စက်တစ်လုံးရဲ့ တစ်နှစ်ကုန်ကျစရိတ်က ကျပ် သိန်း ၃ဝဝ ကျော်တယ်။ ဒါကြောင့် အသစ်ထပ်ချဲ့ချင်ပေမယ့် မတတ်နိုင်သေးဘူးလို့ မ္တနလာဦးစိုးမြင့်က ပြောပြပါတယ်။

”ကျောက်ကပ်ဝေဒနာရှင်တွေ အမြောက်အမြားရှိနေတာ သိပေမယ့် ကိုယ်နိုင်သလောက် လုပ်ပေးနေရတာပါ။ ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရစာအုပ်ထဲက သောင်ပြင်မှာ တင် နေတဲ့ ကြယ်ငါးလေးတွေကို ကောက်ပြီး ပင်လယ်ထဲ ပြန်လွှတ် ပေးတဲ့လူလိုပေါ့။ တစ်ကောင်အသက်ရှင်ခွင့်ရရင်လည်း တစ် ကောင်ပေါ့ ဆိုတဲ့ စိတ်ထားနဲ့ လုပ်နေရတာပါ။ မြန်မာနိုင်ငံမှာ မြင့်မြတ်ဖြူစင် က ပထမဆုံး အခမဲ့ ကျောက်ကပ်ဆေးပေးခြင်းကို ကုသိုလ်ဖြစ် လုပ်ပေးနိုင်တာမို့ ဂုဏ်ယူတယ်”လို့ ဒေါ်ခင်သိန်းက ဆိုတယ်။

မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်အထူးကုဆေးခန်းကို ၂ဝ၁၅ ခုနှစ်အတွက် အာရှနိုင်ငံများ ဆေးရုံစီမံခန့်ခွဲမှု ညီလာခံမှာ Corporate Social Responsibility ခေါင်းစဉ်နဲ့ Excellent Award ဆုချီးမြှင့်ခံရပါတယ်။ နိုင်ငံပေါင်း ၁၁ နိုင်ငံက ဆေးရုံပေါင်း ၁ဝ၂ ရုံထဲက ရွေးချယ်ချီးမြှင့်တာ။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဆေးရုံများထဲက ပထမဆုံးချီးမြှင့်ခံရတာလို့ မန္တလာ ဦးစိုးမြင့်က ဆိုပါတယ်။

နိုင်ငံတကာက အသိအမှတ်ပြု ဆုချီးမြှင့်ကြတာလည်း ဝမ်းသာစရာဖြစ်ပါတယ်။ တကယ့်ကို လူမျိုး၊ ဘာသာ၊ လူတန်း စားမခွဲခြားဘဲ လူနာတိုင်းကို ကူညီကုသပေးနေတာ၊ မြင့်မြတ် ဖြူစင်ရှိနေလို့ ဆင်းရဲနွမ်းပါးသူများအတွက် အားထားစရာဖြစ် နေရတာကို ပိုပြီး ဝမ်းသာပါတယ်။ ဒီအလုပ်ကို လုပ်ဆောင်နေ ကြတဲ့ မွတ်စလင်မိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါတယ်။ ။

၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂) မှ ပုံရိပ်လွှာဆောင်းပါးဖြစ် ပါသည်။

ကျော်ရင်မြင့် ရေးသည်။

Save

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."