အမှိုက်ပုံမှာ ဘဝသစ်ရှာသူ

အမှိုက်ပုံမှာ ဘဝသစ်ရှာသူ

 

မွန်းလွဲနေရောင်က မခံရပ်နိုင်အောင် ပူပြင်း လောင်မြိုက်ရသည့်အထဲ အမှိုက်ပုံကြီးဆီမှ ထွက် လာသော ချဉ်စုပ်စုပ်၊ ပုပ်အဲ့အဲ့ အနံ့ဆိုးတို့က နှာခေါင်းထဲကို ဝင်ရောက်နှိပ်စက်နေသည်။ လူ ပေါ်လာနားသော ယင်ကောင်တွေကလည်း မောင်းထုတ်၍မနိုင်အောင်ပင် များပြားလှ၏။

အမှိုက်ပုံထဲမှ ပြန်ရောင်း၍ရသည့်ပစ္စည်း  ပစ္စယများကို ပြန်ကောက်ရောင်းသူများမှာ ချစ် ချစ်တောက်ပူသော နေအရှိန်ကြောင့် အပြင် မထွက်ကြသေးဘဲ အရိပ်ရရာနေရာများတွင် နား နေကြသည်။

ထိုအချိန်တွင် ဒေါ်နော်အယ်လ်မူတစ်ယောက် နေအိမ်၏နောက်ဘက် မီးဖိုဆောင်လေးထဲတွင် တကုပ်ကုပ်ဖြင့် အလုပ်ရှုပ် နေသည်။ သူ၏ မျက်နှာပေါ်တွင်တော့ ချွေးစီးကြောင်းများ ကိုမြင်နေရ၏။ အသက် ၄၅ နှစ်ရှိပြီဖြစ်သည့် ဒေါ်နော်အယ်လ်မူ အလုပ်ရှုပ်နေသည်က သူ့အိမ်ပေါ်ရောက်နေသော သတင်း သမားသုံးဦးကို ရေနွေးကြမ်းနှင့် ဧည့်ဝတ်ပြုရန်အတွက် ပြင်ဆင် နေ၍ ဖြစ်သည်။

”သောက်ကြပါဦး”ဟု ဆိုကာ အိမ်ရှေ့တွင်ထိုင်နေကြ သော ကျွန်တော်တို့နား လျှောက်လာပြီး သောက်စရာရေနွေး ကြမ်းနှင့် ဖန်ခွက်အချို့ကိုလာချပေးသည့် သူ့ပုံပန်းက အနည်း ငယ်နွမ်းလျနေသည်။ အရပ်က မနိမ့်မမြင့်၊ ကိုယ်လုံးကိုယ်ဖန်ပြား ပြားနှင့် နဂိုဖြူသည့် အသားအရေတို့က နေလောင်ထား၍ နီစပ် စပ်ဖြစ်နေ၏။

သူနေထိုင်သည့်နေရာက မြန်မာနိုင်ငံနယ်စပ်မြို့ဖြစ်သော မြဝတီမြို့တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ (ရွှေ့ပြောင်း လုပ်သားများအခေါ်) ‘အမှိုက်ပုံရပ်ကွက်’အနီးတွင်ဖြစ်သည်။ ယင်းအမှိုက်ပုံကြီးကို စွဲ၍ ‘အမှိုက်ပုံရပ်ကွက်’ဟု ခေါ်ဝေါ်ခြင်း   ဖြစ်သည်။

မဲဆောက်မြို့မှ စွန့်ထုတ်လိုက်သော အမှိုက်များစုပုံထား သည့် ထိုနေရာသည် ဘောလုံးကွင်းတစ်ကွင်းစာမက ကြီးမား ကျယ်ပြန့်လှသည်။ အချို့သောအမှိုက်ပုံတွေက မြေသားတမံ ဘောင်ကြီးများသဖွယ် မြင့်မားမို့မောက်လျက်။ အချို့ကတော့ ထိုးဆွမွှေနှောက်ထား၍ ဖွာလန်ကျဲလျက်ရှိနေ၏။ ထိုကွင်းပြင် ကြီးပတ်ပတ်လည်တွင် နေအိမ်လေးတွေက ဟိုနားတစ်စု၊ သည် နားတစ်စု။

ထိုနေရာတွင် မြန်မာနိုင်ငံဒေသအချို့မှရောက်ရှိနေထိုင် ကြသူ အိမ်ခြေတစ်ရာ့ငါးဆယ်(လူဦးရေငါးရာ)ခန့်ရှိသည်။ ထို အထဲတွင် ဒေါ်နော်အယ်လ်မူတို့မိသားစုလည်းပါ၏။ သူတို့တွင် မိသားစုဝင်ရှစ်ဦးရှိသည်။

ဒေါ်နော်အယ်လ်မူတို့မိသားစုသည် ဧရာဝတီတိုင်းဒေသ ကြီး၊ လပွတ္တာမြို့နယ်၊ ဘီတွတ်မြစ်ပေါက်ကျေးရွာ ဇာတိဖြစ်ပါ၏။ ရွာမှာတုန်းက လက်လုပ်လက်စား။ ၂ဝဝ၈၊ မေတုန်းက လူပေါင်း ၁၄ဝ,ဝဝဝ ကျော် ပျောက်ရှသေဆုံးစေခဲ့ပြီး လူနှစ်သန်းကျော်ကို ထိခိုက်နစ်နာစေခဲ့သော နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်တုန်းက ဒေါ်နော်အယ်လ်မူတို့လည်း ထိခိုက်သည့်အထဲတွင် ပါ ဝင်ခဲ့သည်။ လူအသေအပျောက်မရှိသော်လည်း သူတို့အိမ် အလုံးလိုက်ကျွတ် ပါသွားသည်ဟု ဆိုသည်။

သူတို့ကိုအလုပ်ပေးခဲ့သော စီးပွားရေးလုပ်ငန်းရှင်များ လည်း ထိခိုက်သွားသည့်အတွက် အလုပ်အကိုင် ရှားပါးလာကြ သည်။ အလုပ်အကိုင်ရှားပါးတော့ စားဖို့လည်းနပ်မမှန်။ ထို့ ကြောင့်လည်း နှစ်နှစ်ခန့်အကြာမှာ မဲဆောက်သို့ မိသားစုလိုက် ထွက်လာခဲ့သည်။

ဒေါ်နော်အယ်လ်မူတို့မိသားစု မဲဆောက်မြို့ကို ရောက်စ အချိန် ထိုင်းလုပ်ငန်းရှင်တစ်ဦး၏ နေအိမ်တွင်နေ၍ ခြံလုပ်ငန်း လုပ်ကိုင်ခဲ့သည်။ သို့သော် အလုပ်ပင်ပန်းမှုနှင့် ရသည့်လုပ်အားခ က မမျှ။ သို့နှင့် ယခုနေထိုင်ရာ အမှိုက်ပုံကြီးအနီးသို့ ပြောင်းရွှေ့ လာခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျှင် ဒေါ်နော်အယ်လ်မူ အမှိုက်ပုံကြီး အနီးတွင် အခြေချနေထိုင်လာခဲ့သည်မှာ နှစ်နှစ်အတွင်းသို့ ဝင် ခဲ့ပြီ။

           ဒေါ်နော်အယ်လ်မူ နေထိုင်ရာရပ်ကွက် အတွင်းက အမှိုက်ပုံ

ကောင်းချီးခံစားရ

ယင်းကဲ့သို့ နေထိုင်ရင်းဖြင့် ဝမ်းရေးအတွက်ကို အမှိုက်ပုံ ကြီးအား အမှီပြုကာ ဖြေရှင်းခဲ့သည်။ အမှိုက်ပုံထဲတွင်ရှိနေသည့် ရောင်းစား၍ရသော ပလပ်စတစ်ဘူးခွံ၊ ကော်ဘူး၊ ပုလင်းခွံ အစရှိ သည်များကို ရတတ်သမျှ လိုက်ကောက်ခြင်းသည် ဒေါ်နော် အယ်လ်မူတို့မိသားစု၏ နေ့စဉ်အလုပ်ဖြစ်သည်။

အမှိုက်ပုံမှရသောပစ္စည်းများရောင်းရငွေက တစ်ရက်လျှင် ထိုင်းဘတ် ၁၂ဝ မှ ၁၃ဝ(မြန်မာငွေ ကျပ် ၄,ဝဝဝ နီးပါး) ခန့် အထိရှိတတ်သည်။ ယင်းငွေကြေးသည် အမှိုက်ကောက်သူတစ်ဦး ၏ တစ်နေ့ပျမ်းမျှလုပ်အားခလည်း ဖြစ်ပါ၏။

သို့သော် တစ်ရက်မှာတော့ အမှိုက်ကောက်သူတစ်ဦး၏ ရက်ပေါင်းလေးရာနီးပါး လုပ်အားနှင့်ညီမျှသော (တစ်နည်းအား ဖြင့် တစ်နှစ်လုပ်အားခထက် ပိုများသော) ငွေကြေးအချို့ကို ကံကြမ္မာမျက်နှာသာပေး၍ ဒေါ်နော်အယ်လ်မူ ရရှိလိုက်သည်။ သူကိုယ်တိုင်ကတော့ ခရစ်ယာန်ဘာသာဝင်တစ်ယောက် ဖြစ် သည့်အလျောက် ကောင်းချီးခံစားရသည်ဟု ယုံကြည်နေပါ၏။

အကြောင်းက သူနေထိုင်ရာ အမှိုက်ပုံရပ်ကွက်သို့ ရောက် လာသော ဓမ္မဆရာတစ်ဦး၏ ‘ဆုတောင်းခြင်းပြုပါ ကောင်းချီးခံ စားရမယ်’ဟူသော သြဝါဒစကားကိုနာခံကာ ဆုတောင်းမှုပြု အပြီး နောက်ရက်တွင် လက်တွေ့ကြုံရသောကြောင့် ဖြစ်သည်။

အဖြစ်အပျက်အလုံးစုံအား ဒေါ်နော်အယ်လ်မူက ယခုလို ပြန်ပြောင်းပြောပြပါ၏။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ၏ တစ်ခုသောရက်တစ်ရက်တွင် ဖြစ်သည်။ ထိုနေ့က နေသာသည်။ ယခင်ရက်များအတိုင်း  အမှိုက်ကောက်ရန် အိမ်မှထွက်လာခဲ့ခြင်းဖြစ်၏။ ပြီးတော့ အခြားသူများကဲ့သို့ ကောက်စရာရှိသည်များကိုရှာဖွေကာ ကောက်နေလိုက်သည်။ သို့နှင့် အချိန်က နံနက် ၁၁ နာရီကျော် လာပြီ။  နေကပူ၊ လူကလည်း ပန်းလာသည်နှင့် နေထိုင်ရာ တဲ သာသာအိမ်လေးဆီသို့ပြန်ရန် ဟန်ပြင်လိုက်သည်။

အပြန်တွင် ကွင်းပြင်ကျယ်ကြီးထဲရှိ တောင်ပုံရာပုံအမှိုက် များကို ဘူဒိုဇာက ထိုးကော်ထားသဖြင့် မြေပြင်ပြောင်ပြောင်ကြီး ကို ဒေါ်နော်အယ်လ်မူ အထင်းသား မြင်နေရ၏။

အနည်းငယ်မျှလမ်းလျှောက်မိသည်တွင် စွန့်ပစ်အမှိုက် များမှ ထွက်လာသောအရည်များပေလူးနေသည့် ငွေစက္ကူများ ကို သူတွေ့လိုက်ရသည်။ တစ်ရွက်နှစ်ရွက်မဟုတ်။ အများအပြား ပြန့်ကျဲနေခြင်းဖြစ်၏။ ရှေ့တွင်မြင်တွေ့နေရသည့် ဘတ်ငွေတစ် ထောင်တန်များကို တစ်ရွက်ပြီး တစ်ရွက် လိုက်ကောက်နေမိ သည်။ တစ်ချိန်တည်းတွင် အတုလား၊ အစစ်လား သူ ကောင်း ကောင်းမဝေခွဲနိုင် ဖြစ်လျက်ရှိသည်။

ကံကောင်းသည်ဟု ဆိုရမည်လား မပြောတတ်။ ထိုနေ့က သူနှင့်အတူ သူ့သမီးကလည်း အမှိုက်ကောက်ရန် ပါလာ၏။  သို့ နှင့်ပင် သူကောက်တွေ့ ခဲ့သည့် ငွေစက္ကူအချို့ကိုပြကာ သမီးဖြစ် သူအား အတုအစစ်ကြည့်ခိုင်းသည်။ ”ဘတ်ငွေတွေက အစစ် တွေ အမေရဲ့”ဟု သမီးထံမှ အတည်ပြုသံထွက်လာပြီးနောက် တွေ့သမျှတစ်ရွက်မကျန် လိုက်ကောက်ရာ အားလုံးဘတ် ၄၉,ဝဝဝ တိတိ (မြန်မာငွေကျပ် တစ်ဆယ့်ငါးသိန်းနီးပါး)ရ လိုက်၏။

သမီးဖြစ်သူကတော့ ပျော်ရွှင်၍ မဆုံး။ အပြန်လမ်းတစ် လျှောက် အော်တစ်ခါ၊ ဟစ်တစ်လှည့်ဖြင့် အပျော်ကြီးပျော်ကာ တွေ့သမျှလူကို ဖောက်သည်ချလျက် ရှိနေတော့၏။ ဒေါ်နော် အယ်လ်မူကတော့ ကောင်းချီးခံစားရသည်ဟူ၍သာ ယုံကြည်နေ၏။

ပိုက်ဆံကောက်ရသည့်သတင်း ပတ်ဝန်းကျင်ကိုပျံ့နှံ့သွားသော်လည်း ထိုပိုက်ဆံများသည် မိမိတို့ပျောက်ရှသွားသော ပိုက်ဆံဖြစ်ကြောင်း မည်သူတစ်ဦးတစ်ယောက်ကမျှ လာရောက် ပြောဆိုကြသည်ဟူ၍မရှိ။

ထိုငွေဖြင့် ဒေါ်နော်အယ်လ်မူ အလှူလုပ်သည်။ မိမိကဲ့သို့ အမှိုက်ပုံကြီးကိုမှီတင်းနေထိုင်ကြသော ဘဝတူများအား အလှူ နေ့က ဝက်သားဟင်းနှင့် ထမင်းကျွေးသည်။ အတူနေသားသမီး လေးယောက်အတွက် တစ်ဦးလျှင်ရွှေတစ်မတ်သား ပြုလုပ်ပေး ကာ ကျန်ငွေကိုတော့ နေအိမ်အမိုးအဖြစ် သွပ်ချပ်များဝယ်လိုက် တော့၏။

အမှိုက်တွေနှင့် အိမ်

ဒေါ်နော်အယ်လ်မူတို့လို အမှိုက်ပုံကြီးတွင် နေထိုင်သူများ အတွက် မိမိငွေကြေးဖြင့် မိမိတို့အိမ်အား ပြုပြင်မွမ်းမံနိုင်သည်က တကယ့် မဟာအမှတ်တရကြီးတစ်ခုဖြစ်သည်။

တစ်အိမ်လုံးတွင် မိမိတို့ငွေဖြင့်ဝယ်ယူထားသည့် ပစ္စည်းဆို ၍ သွပ်ချပ်များသာ ပြစရာရှိသည်ဟု ဒေါ်နော်အယ်လ်မူက ဆိုသည်။

အိမ်ပေါ်တက်တက်ချင်း အဝင်ဝကိုရောက်သည်နှင့် ဖုန် တင်ကာ မွဲခြောက်ခြောက်ဖြစ်နေသော ဆိုဖာဆုံလည်ကုလား ထိုင်တစ်လုံးကို အထင်းသားမြင်တွေ့ရသည်။ ထရံကာ ဝါးကြမ်း ခင်းအိမ်နှင့် ထိုထိုင်ခုံသည် လိုက်ဖက်မှု အလျဉ်းမရှိ။ အမှိုက်ပုံ ထဲက ဖုတ်ဖတ်ခါ၍ အိမ်ပေါ်တင်ထားခြင်းဖြစ်သည်ဟု ဒေါ်နော် အယ်လ်မူက ဆိုသည်။

ထို့ပြင် ကျွန်တော်တို့ ဖိထိုင်ထားသည့် ပိုက်ဖျာ၊ ထရံတွင် ချိတ်ဆွဲထားသော တိုင်ကပ်နာရီ၊ နေအိမ်၏အကာအရံနှင့် ကြမ်း ခင်း၊ သစ်ဝါးများ၊ အားလုံးသောအသုံးအဆောင်တွေက အမှိုက်ပုံ မှ ကောက်ယူစုဆောင်းထားခြင်း ဖြစ်သည်။

ယုတ်စွအဆုံး ကွျွန်တော်တို့ရှေ့တွင်ချပေးထားသည့် ရေ နွေးကြမ်းအပြည့်နှင့် ပလတ်စတစ်ရေတကောင်းတစ်လုံး၊ အကြီး အသေး အရွယ်အစားမတူသော ဖန်ခွက်အချို့တို့သည်လည်း အမှိုက်ပုံကြီးမှပင်ဖြစ်၏။ ဒေါ်နော်အယ်လ်မူက အမှိုက်ပုံကြီးမှ ၎င်းတို့အား ကျေးဇူးပြုပုံကို ”တစ်အိမ်လုံးနဲ့ ကိုယ်ပေါ်ကဟာ (အဝတ်အစား)တွေပါ အဲဒီ(အမှိုက်ပုံ)ကပဲ”ဟုဆိုသည်။

”လူကလွဲရင် ကျန်တဲ့ဟာတွေက အမှိုက်ပုံကချည်းပဲ”ဟုလည်း သူက ဆိုသေးသည်။

အမှိုက်ပုံကြီးကိုအမှီပြု၍ အသက်ဆက်နေထိုင်စားသောက် ရေးအတွက် ဖြေရှင်းနိုင်သည့်တိုင် အဖြေမရှာနိုင်သေးသော ပြ ဿ နာတစ်ခုကိုတော့ ဒေါ်နော်အယ်လ်မူ နေ့စဉ်လို ရင်ဆိုင်နေ ရသည်။

မလုံခြုံသည့် ဘဝ

ထိုင်းနိုင်ငံတွင်ရောက်နေသည့် ဒေါ်နော်အယ်လ်မူတို့လို ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် တရားဝင် နေထိုင်အလုပ် လုပ်ကိုင်နိုင်ခွင့်အတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမား ခေါ်ယူရေး နာလည်မှုစာချွန်လွှာ (MoU) စနစ်ဖြင့် ပထမ သက်တမ်း လေးနှစ်နှင့် သက်တမ်းတိုးနှစ်နှစ်(ပေါင်းခြောက်နှစ်)သက်တမ်းရှိ ဗီဇာလျှောက်ထားရသည်။ ယင်းသို့မဟုတ်ဘဲ အကြောင်းအမျိုးမျိုးဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ များကိုတော့ ယာယီနေထိုင်ခွင့်အတွက် ပန်းရောင်ကတ် ထုတ် ပေး၏။

သို့သော် ဒေါ်နော်အယ်လ်မူကတော့ ဗီဇာမဆိုထားနှင့်။ ယာယီနေထိုင်ခွင့်အတွက် ပန်းရောင်ကတ်ပင် ပြုလုပ်နိုင်ခြင်းမရှိ။ အကယ်၍ ပန်းရောင်ကတ်ပြုလုပ်မည်ဆိုပါက ကိုယ်တိုင်မလုပ် တတ်၍ ပွဲစားများမှတစ်ဆင့် လုပ်ဆောင်ခိုင်းပါက ထိုင်းဘတ် ငွေငါးထောင်ကုန်ကျမည်ဖြစ်သည်။ တစ်နေကုန် အမှိုက်ကောက် သမျှ ဘတ်တစ်ရာ့ငါးဆယ်ပြည့်အောင်မရသော သူ့အနေနှင့် ပန်းရောင်ကတ်ပြုလုပ်ရေးကို ”စိတ်ကူးထဲတောင် မထည့်နိုင် ဘူး”ဟု ဆိုသည်။

ယာယီနေထိုင်ခွင့်လျှောက်ထားရန် စိတ်မကူးနိုင်သော် လည်း ထိုင်းရဲများဖမ်းဆီးခြင်းဘေးမှ လွတ်ကင်းစေရေးအတွက် တော့ စိတ်မကူး၍မရ။ ညအိပ်ရာဝင်တိုင်း မည်သို့ ရှောင်ရ၊ ပုန်း ရမည်ဆိုသည်ကို အကြံထုတ်နေရသည်ဟု ဒေါ်နော်အယ်လ်မူက ရယ်လျက်ပြောသည်။

ငွေကြေးတတ်နိုင်သူများအဖို့တော့ ရဲဖမ်းလျှင် ဘတ်ငွေ ရာဂဏန်းပေးလိုက်က လွတ်မြောက်နိုင်ပါ၏။ သို့သော် ထိုဘတ် ငွေရာဂဏန်းကို သူ မတတ်နိုင်ပါ။ ထို့ကြောင့်လည်း ရဲတွေလာပြီ အသံကြားလျှင် နေအိမ်နှင့် မလှမ်းမကမ်းတွင်ရှိသည့် ကြံစိုက် ခင်းထဲသို့ ညဘက်အိပ်နေရင်းက ထ,ထရှောင်ပုန်းရသည်က ခဏခဏ။

ပြေးရ၊ ရှောင်ရဖန်များလာသောခါ ခြုံစရာစောင်နှင့် ခင်း စရာဖျာလေးကိုပင် အိမ်သို့ ပြန်မသယ်ဖြစ်တော့ပါ။ ကြံစိုက်ခင်း ထဲတွင်သာ အသင့်အနေအထားဖြင့် ထားရစ်ခဲ့တော့သည်။ ယင်း ကို သူက ”နောက်ရက်တွေလည်း ဒီလိုပဲပုန်းရဦးမှာလေ”ဟု ညည်းတွားသည်။

ဒေါ်နော်အယ်လ်မူကဲ့သို့ အမှိုက်ပုံရပ်ကွက်တွင်နေထိုင် သည့် အသက် ၅ဝ အရွယ် ဦးမင်းဆွေကလည်း တရားမဝင် နေ ထိုင်နေရသဖြင့် ”ဘယ်မှကိုမသွားရဲ မလာရဲဘူး”ဟုဆိုသည်။

ရွှေ့ပြောင်းလုပ်သားမိဘနှစ်ပါးက မွေးဖွားလာသူတစ်ဦး လည်း ဖြစ်၊ ရွှေ့ပြောင်းကလေးငယ်များအတွက် ဖွင့်လှစ်ထား သော Child Development Center ကျောင်းမှ ရှစ်တန်း ကျောင်းသူတစ်ဦးလည်းဖြစ်သူ မခင်သက်ဦးကတော့ သူ့ခံစား ချက်အား ယခုလိုပြောသည်။ ”ဘယ်တော့များ လာဖမ်းမလဲ ဆိုပြီး အမြဲတမ်း ကြောက်စိတ်ဝင်နေတယ်”

ပြေးစရာမြေမရှိ

ထိုသို့ ရေခြားမြေခြားတွင် ဒုက္ခမျိုးစုံဖြင့် အသက်ဆက်နေရ သည်မှန်သော်လည်း ဒေါ်နော်အယ်လ်မူတို့အတွက် ရွေးချယ် စရာ များများစားစားမရှိ။ အခွင့်မသာ။ ကံစီမံရာကိုလိုက်၍ ကံ ပေးသမျှ ခံရ၊ စံရသည်။

စားဝတ်နေရေးအတွက် အတိုင်းအတာတစ်ခုအထိ ဖြေ ရှင်းနေနိုင်သော်လည်း အမိမြေကို တစ်ရက်မှ သူမေ့လို့မရ။ အထူးသဖြင့် ပြေးရလွှားရ၊ ရှောင်ရတိမ်းရတိုင်း ”ရွာကိုပဲ ပြန် ချင်မိတယ်”ဟု သူက ဆိုပါသည်။

သို့သော် သူ မတတ်နိုင်ပြီ။ မဲဆောက်မှာနေရသည်ကလည်း စားဖို့မှ အနိုင်နိုင်ဆိုတော့ ပိုလျှံငွေကိုစုဆောင်းဖို့ မမျှော်မှန်းနိုင် သေး။ အကယ်၍များ စုဆောင်းငွေလေးအနည်းအကျဉ်းရှိလာ လျှင်တော့ ပြန်များပြန်နိုင်လေမလား ဒေါ်နော်အယ်လ်မူ စိတ်ကူး ယဉ်မိသား။ ယင်းကိုလည်း ယခုအထိတော့ အကောင်အထည် မဖော်နိုင်သေးပါ။

ဒေါ်နော်အယ်လ်မူ မြန်မာနိုင်ငံမှာနေစဉ်ကတော့ သူများ ဆီမှာ သူရင်းငှားလုပ်၊ အလုပ်သိမ်းတော့ ကိုယ့်အိမ်ကိုပြန်၊ မိသားစုနှင့် အေးအေးချမ်းချမ်း နေနိုင်ခဲ့၏။ ယခုတော့ ထိုသို့ သောအခြေအနေတွေက အိပ်မက်တစ်ခုအလား။

ဘယ်တုန်းကမှ မည်သို့မျှ မမျှော်လင့်ခဲ့သော ဘဝတစ်ခုကို ဆုမတောင်းပါဘဲ ယခုတော့ သူပိုင်ဆိုင်ခဲ့ရချေပြီ။

”အမှိုက်ပုံဆိုတာ အနားက ဖြတ်လျှောက်သွားရင်တောင် နှာခေါင်းပိတ်ရတဲ့ဟာပဲ” ဟု သူ့ခံစားချက်ကို ဒေါ်နော်အယ်လ် မူက ပြောသည်။ မိမိရပ်ရွာတွင် စိတ်ချလက်ချလုံခြုံမှုရှိရှိ နေ ထိုင်နိုင်သော်လည်း အလုပ်မရှိတော့ စားဝတ်နေရေး အဆင် မပြေ။ ငတ်တစ်လှည့် ပြတ်တစ်လှည့်နှင့် အသက်ဆုံးရမည့်အစား ”ဒီမှာဒုက္ခခံရတာကမှ တော်ပါသေးတယ်လေ”ဟု သူက ဆိုသည်။

နေထိုင်စားသောက်ရေးနှင့် သွားရေးလာရေးတို့တွင် ပုန်း လျှိုးကွယ်လျှိုးဖြင့် လုံခြုံမှုမရှိသည်ကို စိတ်ပျက်အားငယ်မိသော် လည်း မတတ်သာလွန်း၍ နေရထိုင်ရသောဘဝကို သူက ယခုလို မှတ်ယူတော့သည်။

”ငါတို့က သူများနိုင်ငံကို လာခိုးနေတာ ဒီလိုပဲခံရမှာပဲ” ။         ။

၂၀၁၆၊ ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၅) မှ ပုံရိပ်လွှာ ဆောင်းပါးဖြစ် ပါသည်။

မင်းလွင် ရေးသည်။

Save

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."