ကြေးနီရောင်မြို့တော်မှာ အပိုင်း(၂)

 

တည်းခိုခန်းက ရွှေစည်းခုံဘုရား ခြေရင်းမှာမို့ ညပိုင်းမှာ အေးအေးဆေး ဆေး တက်ဖူးကြတယ်။ ဘုရားရင်ပြင် တော်ပေါ်မှာ ဘုရားသမိုင်းရှင်းပြကြမယ့် ကလေးငယ်တွေ ရှိတယ်။ ကျွန်တော်က တော့ ကလေးတွေရဲ့ အင်္ဂလိပ်စာစွမ်းရည် ကို သိချင်တာနဲ့ အင်္ဂလိပ်လို ပြောပြပါ လားလို့တောင်းဆိုလိုက်တယ်။ အလွတ် ကျက်မှတ်ထားတဲ့ အင်္ဂလိပ်စာလေးနဲ့ ကလေးက ရှင်းပြတယ်။ ကျွန်တော် သူ့ အတွက် မုန့်ဖိုး ကျပ် ၅ဝဝ ထုတ်ပေးလိုက် တယ်။

ဘုရားစောင်းတန်းဘက် ပြန် အထွက်မှာ အလှူရှင်တွေရဲ့ ကမ္ပည်းကို ရေးထိုးထားတဲ့ သင်ပုန်းတစ်ချပ်ကို တွေ့ မိတယ်။ အလှူရှင်စာရင်းကို ကြည့်ရင်း လောကဓံလှိုင်းတွေကို မတွေးဘဲ မနေနိုင် အောင် ဖြစ်ရတယ်။ တစ်ချိန်တစ်ခါက လျှမ်းလျှမ်းတောက်ခဲ့တဲ့ နံပါတ်ဝမ်း တစ် ဂဏန်းတစ်ယောက်ဟာ အများသူငါ အလှူရှင်တွေကြားမှာ မထင်မရှားပါ လား။ ရာထူးဂုဏ်သိန်တွေလည်း တစ်ခုမှ မပါတော့တာကို ထူးထူးခြားခြားတွေ့ရ တယ်။ တကယ်တော့ အရာရာဟာ ရေ ပွက်ပမာပါပဲ။ အားလုံးဟာ အနိစ္စပဲမဟုတ် လား။

တည်းခိုးခန်းကို ပြန်ရောက်တော့ ည ၉ နာရီဝန်းကျင်ရှိပြီ။ အညာဆောင်းက ညရောက်လေ အချမ်းပိုလေ။ တည်းခိုခန်း မန်နေဂျာကို မနက်ဖြန်မနက်သွားမယ့် ခရီးစဉ်အတွက် မေးမိတယ်။ ကျွန်တော် တို့သွားမှာက အင်ကြင်းတောနဲ့ လောက နန္ဒာ၊ တကယ်တော့ အဲဒီနှစ်နေရာက တစ်ခုနဲ့ တစ်ခု တခြားစီ။ အင်ကြင်းတော က ကျောက်ပန်းတောင်းသွားတဲ့ ကား လမ်းဘေးမှာ ရှိပြီး လောကနန္ဒာဘုရားက ချောက်မြို့ဘက်ကို သွားတဲ့ ပုဂံအစွန်နေ ရာ။

မနက်စာကို တည်းခိုခန်းနဲ့ မျက်နှာ ချင်းဆိုင်မှာရှိတဲ့ ထမင်းဆိုင်မှာ စားကြ တယ်။ ကျွန်တော့်အိမ်သူက နန်းကြီးသုပ် ကိုစားပြီး ကျွန်တော်ကတော့ ထမင်းဆီ ဆမ်းနဲ့ ကြက်ဥကြော်ကို စားလိုက်တယ်။ စားပြီးတော့ ဘေးကပ်လျက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို ကူးခဲ့ကြတယ်။ လက်ဖက်ရည်ဆိုင်က အပြန် ရေမိုးချိုးပြီး တာနဲ့ အင်ကြင်းတောကို သွားဖို့ ပြင်ကြ တယ်။

လမ်းကို မနေ့ညကတည်းက သေ ချာမေးပြီးသားမို့ မှားစရာမရှိတန်ကောင်း ဘူး။ ဆိုင်ကယ်ထဲကို ဓာတ်ဆီနှစ်ပုလင်း ဖြည့်လိုက်တယ်။ ရေသန့်တစ်လီတာ တစ် ဘူးစာ ဓာတ်ဆီကို ကျပ် ၁,၂ဝဝ ပေးရ တယ်။

ညောင်ဦးဈေးရောက်တော့ ကျွန် တော့်လက်ကိုင်ဖုန်းမြည်လာလို့ ကြည့် လိုက်တော့ ဆရာကျော်ရင်မြင့်ရဲ့ ဖုန်းဖြစ် နေတယ်။ ပုဂံမှာ နေရေးထိုင်ရေး အဆင် ပြေ၊ မပြေ လှမ်းမေးရှာတာပါ။ ကျွန်တော် မတုံ့မဆိုင်းဘဲ ချက်ချင်းပြန်ဖြေလိုက် တယ်။ အဆင်ပြေပါတယ် ဆရာလို့။

ညောင်ဦးဈေးရှေ့ရောက်တော့ ဆရာမြသန်းတင့်တို့၊အမေလူထုဒေါ်အမာ တို့ ရေးခဲ့တဲ့စာတွေကို သတိရမိတယ်။ ဆရာမြသန်းတင့်ကတော့ မြို့တွေရောက် တာနဲ့ ဈေးကို ရောက်အောင် သွားသတဲ့။ အဲဒီ မြို့သူမြို့သားတွေရဲ့ လူမှုစီးပွားတွေကို ဈေးကနေ တွေ့မြင်နိုင်တယ်တဲ့။ အမေ လူထုဒေါ်အမာကလည်း သူ့ရဲ့ စာတစ်ပုဒ် မှာ ပုဂံဈေးအကြောင်း မှတ်တမ်းတင်ခဲ့ သေးတယ်။

ကျွန်တော်တို့ကတော့ ဈေးဆိုတာ ထက် ကိုယ်မရောက်ဖူးသေးတဲ့ ဒေသကို ရောက်ဖို့ စိတ်စောနေကြတယ်။ ကျွန် တော်ပုဂံကို လေး၊ ငါးကြိမ်ထက်မနည်း ရောက်ဖူးပေမယ့် အခုသွားမယ့် အင် ကြင်းတောဆိုတာကို မရောက်ဖူးသေး ဘူး။

ကျွန်တော့်အိမ်သူအတွက်တော့ ပုဂံဟာ ပထမဆုံးခရီးဖြစ်တယ်။ ကျောက် ပန်းတောင်း-ညောင်ဦး ကားလမ်းမကြီး ပေါ်မှာ ကားလမ်းမကြီးခွဆောက်ထားတဲ့ မုခ်ဦးဆိုင်းဘုတ်ကြီး ရှိတယ်။ ပုဂံရှေး ဟောင်းယဉ်ကျေးမှုနယ်မြေတဲ့။ ဆိုင် ကယ်ရပ်ပြီး ထုံးစံအတိုင်း ဓာတ်ပုံရိုက်ကြ ပြန်တယ်။ အချိန်တော်တော်လေးမောင်း မိတော့ လမ်းဘေးဝဲယာမှာ ဌာနဆိုင်ရာ အဆောက်အအုံတွေ တော်တော်များများ တွေ့ရတယ်။ မရောက်ဖူးတဲ့ ဒေသဖြစ်လို့ စမ်းတဝါးဝါးဖြစ်နေပေမယ့် ပျော်စရာ တော့ ကောင်းတယ်။ ပုဂံဘူတာအသစ် ကြီးကိုလည်း မြို့နဲ့ အတော်လှမ်းလှမ်းမှာ ထီးတည်းကြီးရှိနေတာ တွေ့ရတယ်။ ပုဂံ ဘူတာနဲ့ မလှမ်းမကမ်းမှာ ထရံတွေကာ ပြီး မြေထိုးစက်ဝါဝါကြီးတွေနဲ့ မြေညှိနေ တဲ့ ကွက်လပ်ကျယ်ကြီးကို အဲဒါဘာလဲလို့ မေးကြည့်တော့ ပုဂံသားက ကားကြီးကွင်း လို့ ပြောတာပဲ၊ ကျွန်တော်တို့လည်းသေ ချာတော့ မသိဘူးတဲ့။ ကားကြီးကွင်း အဲဒီ နေရာကို ရွှေ့ရင် ဘယ်လိုနေမလဲလို့ ဆက် ပြီး စပ်စုကြည့်တယ်။ သူက သွားရေးလာ ရေးခက်သွားမှာပေါ့ဗျာ၊ အခုကတော့ မြို့ ထဲဆိုတော့ သွာရေးလာရေးလွယ်တယ်။ ကားဂိတ်ဆိုတာ မိုးလင်းမိုးချုပ် အချိန် မရွေး ဝင်ထွက်သွားလာနေတာလေ။ မိ ကောင်းဖခင်သားသမီးတွေ အချိန်မရှိ၊ အချိန်ရှိ ပြန်လာရင် မခက်ပေဘူးလားတဲ့။ ဒါကလည်း အလေးထား စဉ်းစားရမယ့် ပြဿ       နာတစ်ရပ်ပဲ။

ညောင်ဦးလေဆိပ်ကလည်း ညောင်ဦး-ကျောက်ပန်းတောင်းကား လမ်းနံဘေးမှာ ရှိတာပါပဲ။

တည်းခိုခန်းကနေ အင်ကြင်းတော လမ်းခွဲရောက်ဖို့ နာရီဝက်လောက် ဆိုင် ကယ်မောင်းရတယ်။ အင်ကြင်းတောကို သွားတဲ့ လမ်းဟာ တူရွင်းတောင်ကို သွား တဲ့ လမ်းဆုံမှာ ရှိတာပါ။ တူရွင်းတောင်က ကားလမ်းက ညာဘက်ကို ချိုးဝင်ရပြီး အင်ကြင်းတောကတော့ ဘယ်ဘက်ထဲ ကို ချိုးဝင်ရတယ်။ လမ်းဆုံမှာ ကွမ်းယာ ဆိုင်၊ လေထိုးကျွတ်ဖာဆိုင်၊ ဆိုင်ကယ်ဝပ် ရှော့တွေ ရှိတယ်။ အင်ကြင်းတောကို သွားတဲ့ လမ်းဟာ အညာရွာလေးတွေကို သွားတဲ့ လမ်းလေးတွေလိုပါပဲ။ သဲဆန်တဲ့ လမ်းကလေး၊ လမ်းဘေးတစ်ဖက်တစ် ချက်မှာ ယာခင်းတွေချည်းပဲ။ အင်ကြင်း တောကို ရောက်ဖို့ ခြောက်မိုင်လောက် လို သေးသတဲ့။ ကျွန်တော်တို့ုဆိုင်ကယ်လေး ဟာ အတွင်းထဲကို လေးမိုင်လောက်အထိ ဝင်ခဲ့ကြတယ်။ လမ်းမှာ ရထားသံလမ်းကို လည်း ဖြတ်ကျော်ခဲ့ရသေးတယ်။ အညာ သူ အဒေါ်ကြီးအရွယ် လေး၊ ငါးယောက် တဘက်ကိုယ်စီခေါင်းပေါ်တင်ထားတဲ့ ဘုရားသွားကျောင်းတက် ဖက်ရှင်တွေ လည်း မြင်တွေ့ကြရတယ်။ လမ်းဘေး အရိပ်ကောင်းတဲ့ သစ်ပင်အောက်က ရေ ချမ်းစင်အနီးမှာ ကလေးတစ်သိုက် ကစား နေကြတယ်။ ကလေးဘဝဆိုတာကတော့ မြို့ပြမှာ နေနေ၊ ကျေးလက်မှာ နေနေ ကစားချိန်မှာ ကစား၊ နားချိန်မှာ နားကြ တာမဟုတ်လား။ လမ်းအတွင်း လေးမိုင် လောက်ဝင်ပြီးတဲ့အခါမှာတော့ ကျွန် တော့်အိမ်သူက ပြန်လှည့်ဖို့ ပြောလာပြီ။ အကြောင်းပြချက်က လူပြတ်လွန်းလို့တဲ့။ သူပြောမယ်ဆိုလည်း ပြောချင်စရာ။ လမ်းက လူသွားလူလာပြတ်လွန်းတယ်။ ကျွန်တော်လည်း ရှေးက ဆရာသမားတွေ ရဲ့ အစဉ်အလာအတိုင်း ဆိုင်ကယ်ကို ချက် ချင်းပြန်လှည့်လိုက်တယ်။ ဒီတစ်ခါ ကျွန် တော်ဦးတည်တာက တူရွင်းတောင်ဘက် ဆီ။

တူရွင်းတောင်ကတော့ ကားလမ်း ကနေ တစ်မိုင်ဝန်းကျင်လောက် မောင်း ရင်ပဲ တောင်ခြေကို ဒုတ်ဒုတ်ထိ ရောက် တယ်။ ဆိုင်ကယ်နဲ့ တောင်ပေါ်ကို တက် ချင်ပေမယ့် ငှားစီးထားရတဲ့ ဆိုင်ကယ်မို့ တောင်ထိပ်အထိ မတက်ဖြစ်ခဲ့ဘူး။ တောင်ခြေမှာ ဆည်ဖို့ထားတဲ့ မြကန်သာ ကို မြင်ရတဲ့ နေရာအထိပဲ မောင်းတက်ခဲ့ ကြတယ်။ မြကန်သာကို တူရွင်းတောင်ပေါ် က ကြည့်တော့ ရေနည်းနေတာ တွေ့ရ တယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်က ဆောင်းတွင်းမို့လည်း ဖြစ်နိုင်တယ်။ တူ ရွင်းတောင်စွယ်တော်ကို ဖူးကြမယ့် ဘုရားဖူးကားတွေကတော့ တဝူးဝူးနဲ့ လီ ဗာသံပေးပြီး တစ်စီးပြီး တစ်စီး မောင်း တက်သွားကြတယ်။ တူရွင်းတောင်ဟာ ပုဂံညောင်ဦးနဲ့ လှမ်းနေသေးတာကြောင့် သဘာဝတောကျန်လေးတွေ ရှိနေသေး တယ်။ တောင်ခြေမှာ တောင်ကျချောင်း တွေကို တမံပိတ်ဆောက်ထားတဲ့ မြကန် ကြောင့်လည်း ကျန်ကောင်းကျန်ရာတော လေး ရှိနေတာဖြစ်နိုင်တယ်။ အခုထက်ပို ပြီး စိမ်းစိုလန်းဆန်းအောင်လုပ်မယ်၊ သာ ယာစိုပြည်အောင် ဖန်တီးနိုင်မယ်ဆိုရင် ဘုရားဖူးခရီးသွားတွေ ပိုလာဖို့ မျှော်လင့် လို့ရတာပေါ့။ တူရွင်းတောင်ခြေမှာ မြကန် ရှိနေတာ ပနံရလှတယ်။ အထူးသဖြင့် ညောင်ဦးလို မိုးနည်းရပ်ဝန်းဒေသ အတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ဖို့ မြကန်က တစ်တပ်တစ်အား အားဖြည့် ပေးထားသလိုပဲ။ ဒါပေမဲ့ ဝန်နဲ့ အား မမျှ သလို ဖြစ်နေတယ်။ အညာဒေသက တောင်ကတုံးတွေထဲမှာ တူရွင်းတောင် ဟာ သျှောင်မထုံးနိုင်သေးပေမယ့် မြကန် ကြောင့် ဘိုကေတော့ ထားနိုင်လာပြီ။

ကျွန်တော်တို့ တူရွင်းတောင်မှာ ခဏတစ်ဖြုတ်သာ နားပြီး ပုဂံဘက် ပြန် လှည့်ကြတယ်။ အပြန်မှာတော့ အနော် ရထာလမ်းက သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဗိုက်လည်း ဟာ၊ ဝမ်းကလည်း ဆာနေပြီမို့ တိုးတိုးဝင်းမှာပဲ နေ့လယ်စာ စားလိုက်ကြ တယ်။

စားပြီးတော့ တည်းခိုခန်းပြန်နား ကြတယ်။ ညနေတစ်ခေါက်သွားဖို့ အား မွေးကြရဦးမှာလေ။ နေ့လယ် ၃ နာရီ လောက်မှာ ရေမိုးချိုးပြီး တည်းခိုခန်းက ထွက်ကြတယ်။ ဒီတစ်ခါ ကျွန်တော်တို့ သွားမှာက လောကနန္ဒာဘုရား သွားဖူး ကြမှာ။ လောကနန္ဒာဘုရားက ပုဂံဘုရား တွေထဲမှာ အစွန်ဆုံးမှာရှိတဲ့ ဘုရား။ ဧရာ ဝတီမြစ်ကမ်းနံဘေးမှာ တည်ထားတာ ဖြစ်ပြီး အနီးအနားမှာ လောကနန္ဒာဘေးမဲ့ တောဥယျာဉ်ရှိတယ်။

ဘုရားလည်း ဖူးချင်၊ ဘေးမဲ့တော လည်း သွားချင်တာကြောင့် လောကနန္ဒာ ဘက်ကိုပဲ ဦးတည်ခဲ့ကြတယ်။ လောက နန္ဒာဘုရား မရောက်ခင် လမ်းမှာ ရာဇ ကုမာရရဲ့  မြစေတီ မနူဟာဘုရင်ရဲ့ ကောင်းမှု မနူဟာဘုရားတွေကို ဆိုင် ကယ်မောင်းရင်းပဲ ဖူးခဲ့ရတယ်။ လောက နန္ဒာဘုရားရောက်တော့ ပို့စကတ်ရောင်း နေတဲ့ ကျောင်းသားလေးတွေ တွေ့ရ တယ်။ လောကနန္ဒာဘုရားမှာလည်း အခြား ပုဂံက တန်ခိုးကြီးဘုရားတွေလိုပဲ ဘုရားဖူးတွေကို ဘုရားရာဇဝင်ရှင်းပြနေ တဲ့ ကလေးတွေ ရှိတယ်။ အလုအယက် မဟုတ်ဘဲ အလှည့်နဲ့ လုပ်ကြတာတဲ့။ ဘုရားနဲ့ မျက်နှာချင်းဆိုင်မှာ ဘေးမဲ့ရေ ကန်ကြီးရှိပြီး ငါးတွေကို အစာကျွေးလို့ ရတယ်။ ကျွန်တော်တို့ ပေါင်မုန့်နှစ်ပန်းကန် ဝယ်ပြီးကျွေးတော့ ငါးကြီးတွေ ရေပေါ် ပေါ်လာကြတယ်။ တချို့ငါးကြီးတွေက လက်တစ်ဆန့်စာလောက်အထိ ကြီး တယ်။ ကျွန်တော်တို့ဘေးမှာပါလာတဲ့ ဂိုက်ကလေးငယ်က ငါးတွေအကြောင်း ဆက်ရှင်းပြတယ်။ ဘေးမဲ့ရေကန်ထဲက ငါးတွေကို မျှားဖို့ မပြောနဲ့၊ သူ့အလိုလို သေရင်တောင် ဘုရားငါးတွေမို့ မစားရဲ ဘူးတဲ့။

ကျွန်တော်တို့လည်း လောကနန္ဒာ ဘေးမဲ့တောဘက် ထွက်သွားကြတယ်။ ဘေးမဲ့တောအကျယ်အဝန်းက ဧက ၁ဝဝ လောက်ရှိပြီး အတွင်းမှာ သမင်တွေ၊ ကြယ်လိပ်တွေကို မွေးမြူပြသထားတယ်။ သမင်တွေ မွေးမြူထားတဲ့ ခြံနားမှာ သမင် တွေကို ထိန်းသိမ်းထားတဲ့ ဥယျာဉ်ဝန် ထမ်းနဲ့ စကားစမြည်ပြောဖြစ်တယ်။ သူက ကျောက်ပန်းတောင်းဇာတိသားဖြစ်ပြီး ဥယျာဉ်ဝန်ထမ်းလုပ်နေတာတဲ့။ ကျွန် တော်တို့ ဥယျာဉ်ထဲ ရောက်ချိန်မှာ ပြင်ပ မှာ အညာနွေက ကျဲကျဲတောက် ပူနေပေ မယ့် ဥယျာဉ်ထဲမှာတော့ သစ်ကြီးဝါးကြီး တွေကြောင့် စိမ့်နေအောင် အေးနေတယ်။ ရန်ကုန်က ယူလာတဲ့ ဂျာနယ်အဟောင်း တွေ သူ့ကို ပေးဖြစ်တော့ သတင်းငတ်နေ တဲ့ ဥယျာဉ်ဝန်ထမ်းကြီးက ဝမ်းမြောက် စကားဆိုတယ်။ သူနေတဲ့ နေရာဟာ သမင်တွေမွေးထားတဲ့ ခြံနဲ့ မျက်နှာချင်း ဆိုင်မှာ ရှိပြီး လေးတိုင်စင်လေး ဆောက် လုပ်ထားတယ်။ အိမ်ရှေ့မှာ ကွပ်ပျစ်လေး ထိုးထားပြီး ကျွန်တော်တို့ကို လက်ဖက် သုပ်၊ ရေနွေးကြမ်း၊ ထန်းလျက်တွေနဲ့ ဧည့် ခံတယ်။ သူ့အိမ်ပတ်လည်က မြေပြင်မှာ လည်း ရှင်းလင်းထားလို့ ပြန့်ပြူးသပ်ရပ် နေတယ်။ သူ့ဇနီးနဲ့လည်း မိတ်ဆက်ပေး တယ်။ သူ့ဇနီးလည်း အညာသူဖြစ်ပြီး အေးဆေးတည်ငြိမ်တဲ့ အမူအရာကို တွေ့ ရတယ်။ ဘုရားစင်အနီးက ကြွက်လျှောက် ပေါ်မှာ တရုတ်လုပ် ထရန်စစ္စတာရေဒီယို လေးရှိနေပြီး FM အစီအစဉ်တွေကို နား ထောင်ပါသတဲ့။

ဒေါင်းတွေလည်း ဥယျာဉ်ထဲမှာ လွတ်လွတ်လပ်လပ်မွေးမြူထားပြီး အခု တော့ အဝေးကို ပျံနေကြတယ်။ မနက်မှာ တော့ အစာကျွေးချိန်ရောက်ရင် ဒေါင်းတွေက လာပြီး အစာစားကြတယ်လို့ သူက ရှင်းပြတယ်။

ကျွန်တော်တို့ ဥယျာဉ်ထဲက ထွက် လာတော့ နေညိုပြီ။ ပုဂံမြို့သစ်ထဲက မသီတာတို့အိမ်ကို ဝင်ဖို့ ပြင်ဆင်ကြတယ်။ မသီတာတို့အိမ် မရောက်ဖူးပေမယ့် သူ ညွှန်တဲ့ လမ်းအတိုင်း သွားလို့ အားစိုက် မရှာဖွေရဘဲ ဘွားခနဲ တွေ့တယ်။

ပုဂံခရီးမှာ မသီတာရဲ့ အကူအညီ တွေ အများကြီးယူခဲ့ရလို့ ကျေးဇူးတင်ရ တယ်။ မသီတာတို့အိမ်မှာ သိပ်ကြာကြာ မနေဘဲ အာလာပသလ္လာပပြောပြီး ကျွန် တော်တို့ ပြန်ဖြစ်ကြတယ်။

ပုဂံမြို့သစ်ကအပြန် လမ်းဘုရား ဖြစ်တဲ့ စိမ်းညက်ညီအစ်မ ဘုရားပေါ် တက်ဖူးဖြစ်ကြတယ်။ စိမ်းညက်ညီအစ်မ က စိုးမင်းကြီးဘုရားနဲ့ မလှမ်းမကမ်းမှာ ရှိပြီး ကုန်းမို့မြင့်မြင့်မှာ တည်ထားတယ်။

မနက်ဖြန် ပုဂံက ပြန်မှာမို့ ကျွန် တော်တို့ ပြင်ဆင်စရာရှိတာ ပြင်ကြရဦး မှာလေ။ မသီတာတို့ ပုဂံမြို့သစ်က အပြန် မှာ သီရိပစ္စယာရှေ့တည့်တည့်လမ်းက ပြန်ကြတယ်။ လမ်းလယ်ကျွန်းလည်း ရှိ ပြီး ပလက်ဖောင်းတွေလည်း လုပ်ထားတဲ့ လမ်းမကြီးက အရှေ့စူးစူးကို ဖောက်လုပ် ထားတယ်။ လမ်းမီးတိုင်အချို့ မီးလင်းနေ ပြီ။ လမ်းဘေးဝဲယာတစ်လျှောက် အိမ်လည်း မရှိသလို ဘာဆိုင်မှလည်း ဖွင့် မထားကြဘူး။ ယုတ်စွအဆုံး ကွမ်းယာ ဆိုင် ခပ်သေးသေးပင် မရှိ။ အမှိုက်မပစ်ရ ဆိုင်းဘုတ်တွေတော့ နေရာအနှံ့တွေ့နေ ရတယ်။ လမ်းမကြီးဝဲယာမှာလည်း စေတီ၊ ဘုရား၊ ဂူပုထိုးတွေကတော့ ရှိနေတာပါပဲ။ ရန်ကုန်မြို့က မီဒီယာကော်နာလို ဆိုင် လေးတွေဖြစ်ဖြစ်၊ နိုင်ငံခြားက ဆဲဗင်း အလဲဗင်းဆိုင်လေးတွေလိုဖြစ်ဖြစ် ဘတ်စကားတစ်မှတ်တိုင်အကွာလောက်မှာ ဖွင့်ခွင့်ပြုပေးရင် ကောင်းမှာပဲလို့ ကျွန် တော်စိတ်ကူးမိတယ်။

ဘာဆိုင်မှ မရှိတော့ ခြောက်ကပ် ကပ်ကြီး ဖြစ်နေတယ်။ သာယာလှပသန့် ရှင်းရေးဆိုတာကြောင့် ဆိုင်တွေ ဖွင့်ခွင့် မပြုဘူးဆိုရင်တော့ တစ်ခုခုလွဲချော်နေ တာ သေချာပြီ။ စနစ်တကျ သပ်သပ်ရပ် ရပ် ဆိုင်လေးတွေ ဆောက်မယ်၊ သန့်ရှင်း သပ်ရပ်ရေးအတွက်လည်း ဆိုင်တွေကို တာဝန်ယူခိုင်းရင် ဒေသခံတွေအတွက် လည်း စီးပွားရေးအခွင့်အလမ်းရ၊ ခရီး သွားတွေအတွက်လည်း အဆင်ပြေမို့ လူ သာဓု နတ်သာဓု ခေါ်ဖြစ်မှာပဲ။ ကျွန်တော် တို့ တည်းခိုရာကို ပြန်ရောက်တော့ ည ၇ နာရီဝန်းကျင်ရှိပြီ။ ရေမိုးချိုးပြီးတာနဲ့ ထမင်းစားမယ်ဆိုတော့ ဒီနေ့အဖို့ တရုတ် ထမင်းဟင်းစားဖို့ ဆုံးဖြတ်လိုက်ကြတယ်။

တည်းခိုခန်းကနေ အရှေ့ဘက်ကို ခြေကျင်လျှောက်လာကြတယ်။ ညောင်ဦး မြို့ထဲသွားရာ လမ်းတစ်လျှောက်မှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေ ပြည့်နေ တယ်။ ဆောက်လက်စတည်းခိုခန်းတွေ လည်း ရှိတယ်။ အဲဒီလမ်းမပေါ်မှာပဲ ဘဏ် တွေ၊ ကုန်စုံဆိုင်တွေ၊ မိုဘိုင်းလ်ဖုန်းဆိုင် တွေ ရှိနေတယ်။ ကျွန်တော်တို့ ညောင်ဦး ဈေးထောင့်အထိ လမ်းလျှောက်ပြီးမှ ပြန်လှည့်လာကြတယ်။ ညောင်ဦးမြို့လယ်က တရုတ်ထမင်းဆိုင်မှာပဲ ဝင်စားဖြစ်ကြ တယ်။

ထမင်းစားပြီး အပြန်မှာတော့ အပြန်လက်ဆောင်အတွက် ပုန်းရည်ကြီး ဝယ်ဖို့ လုပ်ကြရပြန်တယ်။ ပုန်းရည်ကြီး၊ ဇီးငံပြား၊ မကျည်းတော်ဖီတွေ ဝယ်တာနဲ့ တင် ကျပ် ၉,ဝဝဝ ကျော်လောက် ကုန် သွားပါရောလား။

ကျွန်တော်တို့သွားတဲ့ ပုဂံခရီးမှာ ပက်ကေ့ချ်အစီအစဉ်နဲ့ သွားတာမဟုတ် လို့ ဘုရားစုံအောင် မဖူးခဲ့ရပေမယ့် ကိုယ် သွားချင်တဲ့ နေရာတွေ ရောက်ခဲ့ရလို့ စိတ် ကျေနပ်မှုရတဲ့ ခရီးတစ်ခုဖြစ်ခဲ့တယ်။ ပုဂံ မြို့သစ်ထဲက ရပ်ကွက်လေးတွေထဲ ရောက်ခဲ့တယ်။ ကားနဲ့သွားဖို့ မလွယ်တဲ့ နေရာတွေကို ဂန္ဓလရာဇ်ဖြစ် ဆိုင်ကယ်နဲ့ ခွေးတိုးဝက်ဝင် ဝင်ခဲ့ကြရလို့ ပုဂံခရီးစဉ် အသစ်ဖြစ်ခဲ့ရတယ်။ ပုဂံမြေမှာ စို့ကြီးတစ် ချောင်းစိုက်ထားသလို ဖြစ်နေတဲ့ ပုဂံမျှော် စင်ဘက်ကို မရောက်ခဲ့ပေမယ့် အဝေးက နေကြည့်ပြီး စိတ်မသက်မသာတော့ ဖြစ် ခဲ့ရတယ်။

ဘုရားဖူးအဖွဲ့တွေနဲ့ သွားတာ မဟုတ်လို့ တက်သုတ်ရိုက် ဦးသုံးကြိမ်ချ စရာမလိုဘူး။ နေ့လယ်နေ့ခင်း နေပြင်း ချိန်တွေမှာ တည်းခိုခန်းပြန်နှပ်လို့ ရ တယ်။

ဒီပုဂံခရီးဟာ ကျွန်တော်တို့ကို အတိုင်းအတာတစ်ခုအထိ စိတ်ကျေနပ်မှု ပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ပုဂံအပြန် ခရီးဟာ စိတ်လက်ပေါ့ပါးပြီး စိတ်ခွန်အား အသစ်တွေ ရခဲ့ပါတယ်။       ။

မေ-ဇွန် – ၂၀၁၃၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၅)မှ  ခရီးသွားဆောင်းပါဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

      အပိုင်း(၁)သို့

(ပုဂံခရီးအတွက် အစစအရာရာ ကူညီပေးခဲ့တဲ့ ဓာတ်ပုံ-သန်းနိုင်ဦး၊ ညောင်ဦးမြို့က ပန်းချယ်ရီ တည်းခိုခန်း၊ ဆိုင်ကယ်အကူအညီပေးတဲ့ ကိုသန်း ထိုက်နဲ့ ပုဂံမြို့သစ်က မသီတာ (ထွန်း-မိတ္တူ)တို့ကို ကျေးဇူးတင်ပါတယ်။)

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."