ပန်းရိုင်းဥယျာဉ် ၌ တစ်နေ့တာ အပိုင်း(၂)

ပန်းရိုင်းဥယျာဉ် ၌ တစ်နေ့တာ အပိုင်း(၂)

၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄)မှ ပို့စကဒ် ဆောင်းပါး ဖြစ်ပါသည်။

မြတ်စုမွန် ရေးသည်။

မီးဖိုချောင်တာဝန်ကျ ဆရာမသည် စိတ်ရှည်လှသည်။ သည်တစ်ကြိမ် သူကိုယ်တိုင် မရေတော့ဘဲ ခေါင်းဆောင်ဖြစ်သူကို ထပ်၍ ရေတွက်ခိုင်းသည်။ ရေနေရင်းကပင် ဂဏန်းမှားရွတ်မိ သဖြင့် အားလုံးဝိုင်း၍ ရယ်ကြကာ နောက်ဆုံးတစ်ကြိမ်  ရေကြ ပြန်လေသည်။

ဘဲဥတစ်လုံး လျော့နေသည့်အတွက် မည်သို့ အပြစ်ပေး မည်ကို မသိသော်လည်း သူတို့မျက်နှာအမူအရာကလေးများ နှင့် ဂဏန်းရေတွက်သံတို့ကို မြင်ရ၊ ကြားရပြီး ဘေးမှရပ်ကြည့်နေသူ ကျွန်မ၏ရင်ထဲဝယ် တထိတ်ထိတ်ဖြစ်နေမိသည်။ စိတ်ထဲမှ လည်း ”ပြည့်ပါစေ၊ ပြည့်ပါစေ”ဟု ဆုတောင်းနေမိသည်။ ကျွန်မ ဆုတောင်းပြည့်ပါသည်။

နောက်ဆုံးအကြိမ်တွင် ဘဲဥအရေအတွက်ပြည့်သွားသဖြင့် ကလေးများ၏သက်ပြင်းချသံ၊ ဆရာမနှင့်အတူ ရယ်မောသံတို့ ကို ကြားလိုက်ရသည်။ ထို့နောက် ထိုကလေးငယ်တို့သည် သူတို့ နေထိုင်သည့် အဆောင်သို့ တန်းစီ၍ ချီတက်သွားကြလေ တော့သည်။

နေ့လယ်စာချက်ပြုတ်ပြီးချိန်နှင့် နေ့လယ်စာမစားမီကြား တွင် ဖိုကြီးတာဝန်ယူသူများ ခေတ္တအနားယူခွင့်ရသည်။ ဖိုကြီး တာဝန်ကျဆရာမနှင့် စကားစမြည်ပြောခွင့်ရသည်။ ဆရာမသည် ကလေးငယ်များ၏ ရိုးသားမှု၊ နာခံမှုကို အသိအမှတ်ပြုသည့် စကားဆိုသည်။ အကြောင်းအမျိုးမျိုးကြောင့် ဤသင်တန်း ကျောင်းသို့ ရောက်လာခဲ့ကြပြီး သင်တန်းကျောင်းမှ အိမ်ပြန် ခွင့်ရပြီးနောက် လူကောင်းလူတော်တစ်ယောက်အဖြစ် အသက် မွေးဝမ်းကျောင်းပြုနေသည့် သင်တန်းသားဟောင်းအချို့ကို နာမည်နှင့်တကွ သူမှတ်မိနေဆဲဖြစ်သည်။

”ပြစ်မှုကျူးလွန်ထားတဲ့သူလို့တောင် မထင်ရဘူး။ အနေ အထိုင်ကအစ အင်မတန်သိမ်မွေ့တယ်။ ဆရာမရဲ့ သမီးလေးကို ကျောပိုးပြီး သူပဲထိန်းခဲ့တာ။ ညီမလေး၊ ညီမလေးဆိုပြီး အရမ်း ချစ်တယ်။ အဲဒီတစ်ယောက်ဆိုရင် တစ်နှစ်ခြား တစ်ခါလောက် ပြန်လာတယ်။ ဆရာမကို ကန်တော့တယ်”ဟု သူက ပြောပြသည်။

အချို့ကလေးငယ်များမှာ မိဘဆွေမျိုးများမရှိတော့ဘဲ စောင့်ရှောက်သူမဲ့ဘဝဖြင့် လမ်းပေါ်သို့ရောက်လာကြရာမှတစ် ဆင့် ပြစ်မှုကျူးလွန်ခဲ့ကြသည်။ တချို့က မည်သည့်ပြစ်မှုမှမကျူးလွန်ဖူးသော်လည်း နိုင်ငံတော်က ထိန်းသိမ်းစောင့်ရှောက်ရန် လို အပ်သည့်  လေလွင့်ကလေးငယ်များအဖြစ် ဤသင်တန်းကျောင်း သို့ ရောက်လာကြခြင်းဖြစ်သည်။

မှုခင်းဆောင်မှလူငယ်များက လေလွင့်ဆောင်မှ ကလေး ငယ်များကို အနိုင်ကျင့်သလား၊ သို့တည်းမဟုတ် သင့်မြတ်ကြ သလားဟု ကျွန်မမေးကြည့်မိသည်။

ပြစ်ဒဏ်ကျခံ လူငယ်တစ်ဦးက ”မှုခင်းဆောင်ကလူတွေ က လမ်းပေါ်ကလေးတွေဆိုရင် မျက်နှာသာပေးတယ်။ သူတို့ကို သနားလို့”ဟု သူ့အမြင်နှင့် အယူအဆကို ပြန်ဖြေသည်။

ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ ရောက်လာ သည့် လေလွင့်ကလေးငယ်တိုင်းသည် အမှန်တကယ်လေလွင့် နေသည့် ကလေးငယ်များမဟုတ်ဘဲ မိဘ၊ မောင်နှမများက ရိုက် နှက်ဆုံးမခြင်းကြောင့် ထွက်ပြေးလာသည့် အိမ်ပြေးကလေးများ လည်းရှိတတ်ကြသည်။

လမ်းပေါ်တွင် လေလွင့်နေသော ကလေးငယ်များကို မြို့ တော်စည်ပင်သာယာရဲဝန်ထမ်းများက ဖမ်းဆီးကာ ဟံသာဝတီ ရဲတပ်ရင်းအချုပ်ခန်းတွင် ထိန်းသိမ်းထားသည်။ ထို့နောက် ဤ သင်တန်းကျောင်းသို့ ပို့လိုက်ခြင်းဖြစ်သည်။

ထိုသို့သော အိမ်ပြေးကလေးများထဲတွင် ငါးတန်းကျောင်း သားအရွယ် မောင်လွှမ်းမိုးအောင်တစ်ယောက်လည်း အပါအဝင် ဖြစ်သည်။ သူသည် ငှက်အော်စမ်းသို့ ကျွန်မမရောက်ခင် တစ်ရက် ကမှရောက်လာသည့် လမ်းပေါ်ကလေး ၁၅ ဦးအနက် တစ်ဦးဖြစ် သည်။ သူသည် သူ့အမေနှင့် အစ်မများဖြစ်ပုံရသူများနှင့်အတူ ကျောင်းအုပ်ကြီးရုံးခန်းရှေ့ ခုံတန်းလျားတွင် ထိုင်နေသည်။

မိဘပြန်လာခေါ်သဖြင့် လိုက်သွားမည့် ကလေးငယ်ဖြစ် ကြောင်း ရုံးခန်းမှဆရာမတစ်ဦးကရှင်းပြသဖြင့် သူတို့နှင့် စကား ပြောခွင့်တောင်းကာ စကားစမြည်ပြောကြည့်သည်။ ကလေးငယ် သည် သူ၏သူငယ်ချင်းများနှင့်အတူ အခြားရပ်ကွက်ရှိ ရေအိုင် ကြီးတစ်ခုတွင် ရေသွားကူးလေ့ရှိသဖြင့် အစ်ကိုဖြစ်သူရိုက်နှက်ဆုံးမသည်ကိုစိတ်ဆိုးကာ အိမ်မှ ထွက်ပြေးလာခြင်းဖြစ်သည်။

သူငယ်ချင်းများနှင့်အတူ ရွှေတိဂုံဘုရားတွင်နေထိုင်ကာ  သုံးရက်မြောက်သည့်နေ့တွင် စည်ပင်ရဲ၏ဖမ်းဆီးခြင်းကို ခံခဲ့ရ ခြင်းဖြစ်သည်။ ထို့နောက် စည်ပင်ရဲဝင်းတွင် တစ်လခွဲကြာနေခဲ့ ရပြီးနောက် ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။

အဒေါ်ဖြစ်သူက ”သေပြီပဲထင်တာ။ သူရေကူးတဲ့ကန်မှာ ဘယ်တော့အလောင်းပေါ်မလဲပဲ သွားကြည့်နေရတယ်။ ချောင်း ထဲမှာကူးတာဆိုရင်တော့ မျောပါသွားပြီဆိုပြီး မှတ်နေတာ။ နေ့ တိုင်း မျက်ရည်ကျနေရတာပဲ။ သူ့အစ်ကိုကလည်း သူရိုက်လိုက် လို့ ပျောက်သွားတာဆိုပြီး နေ့တိုင်းငိုနေတာ”ဟု မျက်ရည်ဝဲ လျက် ပြန်ပြောပြသည်။

အဖမ်းခံရပြီး စည်ပင်ရဲဝင်းတွင်နေထိုင်၍ တစ်လခန့် အကြာတွင် မိမိတို့၏ အိမ်ဖုန်းနံပါတ်များကို မှတ်မိသလားဟု ဆရာတစ်ဦးက မေးသဖြင့် အဒေါ်ဖြစ်သူ၏ ဖုန်းနံပါတ်ကို မှတ်မိ နေသော မောင်လွှမ်းမိုးအောင်တစ်ယောက် အိမ်နှင့်အဆက် အသွယ်ပြန်ရခဲ့ခြင်းဖြစ်သည်။

အလွန်စိတ်ပူနေသော မိသားစုဝင်များက ကလေးကို ချက်ချင်း ပြန်လည်ခေါ်ယူလိုသော်လည်း ထိန်းသိမ်းထားသူများ က ခွင့်မပြုသဖြင့်မရခဲ့။

”ကလေးဦးရေစာရင်းတွေက အထက်ကို စာတင်ပြီးသွား ပြီဖြစ်လို့ ပြန်လွှတ်လို့မရဘူးတဲ့။ ဒီနေရာကနေ ဘယ်ကိုရောက် မယ်ဆိုတာ မသိသေးဘူးတဲ့။ ရောက်တဲ့နေရာကျမှ လိုက်ခေါ်ပါ လို့ပြောတယ်”ဟု မောင်လွှမ်းမိုးအောင်၏ အစ်မဖြစ်သူက ပြောသည်။

တချို့မိဘများက လိုက်လံရှာဖွေရင်း မိဘနှင့်သားသမီး ပြန်တွေ့သွားကြသူများလည်းရှိသည်။ တချို့မိဘများက လိုက် မရှာ၊ မည်သည့်နေရာတွင် လိုက်ရှာရမှန်းမသိ၍ ဤသင်တန်း ကျောင်းတွင် သောင်တင်နေသူ တချို့လည်းရှိသည်။

ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းခြံဝင်းထဲတွင် ကျွန်မလွတ်လပ်စွာသွားလာကာ မည်သည့်ကလေးများနှင့်မဆို စကားပြောခွင့်ရသဖြင့် ခွင့်ပြုပေးသည့် ကျောင်းအုပ်ကြီးကို ကျေးဇူးတင်သည်။ ကျောင်းခြံဝင်းအတွင်း၌ ဆိုင်းဘုတ်တစ်ခု ရှိသည်။ ထိုဆိုင်းဘုတ်ပေါ်တွင် ‘ကလေးသူငယ်ဥပဒေ ပုဒ်မ ၃၇ (က) အရ ကလေးသူငယ်အား လက်ထိပ်ခတ်ခြင်း၊ ကြိုးဖြင့် ချည် နှောင်ခြင်းမပြုရ’ဟု ရေးသားထားသည်။ လွန်ခဲ့သည့်ငါးနှစ် ခန့်ကလည်း ထိုဆိုင်းဘုတ်ကို တွေ့ခဲ့ရသည်။ ၁၉၉၃ ခုနှစ်၊ ကလေးသူငယ်ဥပဒေအရ အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးနှင့် လူငယ်များကို ကာကွယ်ပေးထားခြင်းဖြစ်သည်။

ဤသင်တန်းကျောင်းတွင် ခိုးမှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ ပြင်း ထန်စွာနာကျင်စေမှု၊ မူးယစ်ဆေးမှု၊ သာသနာညှိုးနွမ်းစေမှု စသည့် အမှုများဖြင့် ရောက်ရှိလာသည့် ကလေးသူငယ်နှင့် လူငယ်များလည်းရှိကြသည်။

မူးယစ်ဆေးမှုဖြင့် ရောက်ရှိလာသည့် လူငယ်သုံးဦးနှင့် စကားပြောဖြစ်သည်။ သူတို့အားလုံးသည် ရှမ်းပြည်နယ်မှဖြစ် သည်။ လူငယ်နှစ်ဦးမှာ အမှုတွဲဖြစ်သည်။ သူတို့အမည်များက မောင်အိုက်မောင်းနှင့် မောင်အိုက်မြင့်တို့ဖြစ်သည်။ မောင်အိုက် မောင်းက နမ္မတီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှဖြစ်ပြီး မောင်အိုက်မြင့်က လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ  ဖြစ်သည်။

တစ်နေ့တွင် မောင်အိုက်မောင်းသည် သူငယ်ချင်းဖြစ်သူ နှင့် လမ်းကြုံသဖြင့် ညီအစ်ကိုဝမ်းကွဲမောင်အိုက်မြင့်နှင့် ဆွေမျိုး များ နေထိုင်သည့်ရွာသို့ အလည်လိုက်သွားသည်။ မောင်အိုက် မောင်းသည် အဘွားများကို ကန်တော့ပြီး လူကြုံလိုက်ခဲ့သည့် သူငယ်ချင်းဖြစ်သူနှင့် မိမိရွာသို့ပြန်မည်ဖြစ်သည်။ အပြန်တွင် မောင်အိုက်မြင့်လည်း လိုက်ပါခဲ့သည်။

သူလူကြုံလိုက်လာခဲ့သည့်သူငယ်ချင်းက မောင်အိုက် မောင်းတို့ ညီအစ်ကိုနှစ်ဦးအား သူ့ဆိုင်ကယ်ယူစီး၍ ပြန်ရန်ပြော ပြီး သူက လိုင်းကားနှင့် လိုက်ခဲ့မည်ဟုဆိုသည်။ ထို့ကြောင့် သူ တို့ညီအစ်ကိုသည် ထိုသူငယ်ချင်းစီးသွားသည့် လိုင်းကားနောက် မှ ကပ်၍မောင်းကာ အိမ်ပြန်ခဲ့ကြသည်။

နနံက်ခင်း ကျန်းမာရေးလေ့ကျင့်ခန်း ပြု လုပ်နေသည့် သင်တန်းသားများ

”လမ်းရောက်တော့ တိုးဂိတ်မှာ ရဲတွေက ဆိုင်ကယ်တွေကို စစ်တယ်လေ။ ကျွန်တော်တို့ဆိုင်ကယ်ရဲ့ Tool Box ထဲမှာ ဘိန်းတွေ တွေ့သွားတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ဟာ မဟုတ်ဘူးလို့ ငြင်းလို့မရဘူးလေ။ တစ်ခါတည်း ရဲစခန်းကို ခေါ် သွားတာပဲ”ဟု မောင်အိုက်မောင်းက ပြန်၍ ပြောပြသည်။

မူးယစ်ဆေးများနှင့် ဆိုင်ကယ်ပိုင်ရှင် သူငယ်ချင်းဖြစ်သူက လွတ်မြောက်သွားကာ၊ ၁၆ နှစ်သာ ရှိသေးသည့် သူတို့ညီအစ်ကို နှစ်ဦးက အမှုရင်ဆိုင်ရပြီးနောက် ငှက်အော်စမ်းလူငယ်သင်တန်း ကျောင်းသို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

မောင်အိုက်မောင်းသည် မိသားစုထဲတွင်သားအကြီးဆုံး ဖြစ်ပြီး မိဘများနှင့်အတူ တောင်ယာလုပ်ကိုင်သည်။ မူးယစ်ဆေး ဝါးနှင့်ပတ်သက်၍ သူမမြင်ဖူး၊ မကြုံဖူးသလို ထိုသူငယ်ချင်းက မူး ယစ်ဆေးဝါးသယ်ယူပို့ဆောင်သူမှန်း မသိခဲ့။ သူဖမ်းဆီးထိန်း သိမ်းခံရသည့်သတင်းကြောင့် ဖခင်ဖြစ်သူအိပ်ရာထဲလဲကာ နှစ်လအကြာတွင် ဆုံးပါးသွားခဲ့သည်။ ဖခင်ဖြစ်သူ၏ နာရေးကို သူမမြင်လိုက်၊ မတွေ့လိုက်ရပေ။

”အခုအချိန်မှာ အိမ်ကို အရမ်းပြန်ချင်တယ်။ ပြန်ခွင့်ရဖို့က တစ်နှစ်လောက်လိုသေးတယ်”ဟု မောင်အိုက်မောင်းက အသံ ဝဲဝဲဖြင့်ဆိုသည်။

မောင်အိုက်မောင်းသည် ကျောင်းပြင်ပ မူလတန်းပညာ ရေး အဆင့်(၂) ကိုသင်ယူနေပြီး သူ၏ အားလပ်ချိန်တွင် ဆရာ တော် ဦးဇောတိက၏စာအုပ်ကို နှစ်သက်စွာဖတ်လေ့ရှိသည်။

သူ့အစ်ကိုဖြစ်သူ မောင်အိုက်မြင့်က သူ့ထက်နည်းနည်း ပိုသွက်သည်။ မြန်မာစကားကို ပီပီသသ ပြောနိုင်နေပြီဖြစ်သည်။ သူတို့ညီအစ်ကိုနှစ်ဦးလုံးသည် ကျောင်းအုပ်ကြီး၏ ရုံးခန်းတာဝန် များကို ကူညီလုပ်ဆောင်ပေးရသည့် သင်တန်းသားများဖြစ်ကြ သည်။ ကျောင်းပြင်ပသို့ လွတ်လပ်စွာ ဝင်ထွက်ခွင့်ရသူများလည်း ဖြစ်သည်။

သူတို့နှစ်ဦးအပြင် မူးယစ်ဆေးမှုဖြင့် ရောက်လာသည့် အခြားသင်တန်းသားတစ်ဦးမှာ ကျောင်းပညာဆက်လက်သင် ကြားနေသူဖြစ်ရာ မှုခင်းဆောင်တွင်မနေရဘဲ လေလွင့်ကလေး များထားသည့် အဆောင်တွင်နေရသည်။ သူနေထိုင်ရသည့် အဆောင်တွင် သူက ကျောင်းသားခေါင်းဆောင်ဖြစ်သည်။ အဆောင်အပြင်သို့ထွက်လိုသည့် သင်တန်းသားများက သူ့ကို အသိပေး၍ ထွက်ကြရသည်။

လက်ရှိတွင် နဝမတန်းဖြေဆိုထားသည်။ သူပုံမှာ ထက် ထက်မြက်မြက်ရှိပုံပေါ်သည်။ သူ့ကိုယ်သူ ယုံကြည်မှုရှိသူ ဖြစ် သည်။ အစပိုင်းတွင် လူစိမ်းတစ်ဦးနှင့် စကားပြောချင်ပုံ မရ သော်လည်း တဖြည်းဖြည်းနှင့် သူ့ထင်မြင်ယူဆချက်လေးများကို စိတ်လိုလက်ရ ပြောပြသည်။

ယာဘဟုခေါ်သည့် ဆေးပြားများသယ်လာသည့် သူငယ် ချင်းကို ဆိုင်ကယ်ကြုံတင်ခေါ်ခဲ့ရာမှ ရဲစစ်ဆေးခြင်းကိုခံခဲ့ရပြီး မူးယစ်ဆေးမှုဖြင့် ဖမ်းခံခဲ့ရခြင်းဖြစ်သည်။ သူ့ထက် အသက်ကြီး သည့် ထိုသူငယ်ချင်းက အသက်ပြည့်သည့်အတွက် လူကြီး ထောင်သို့ရောက်သွားကာ သူက ဤသင်တန်းကျောင်းသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

”အဲဒီဆေးပြားတွေဟာ ကျွန်တော်နဲ့ မဆိုင်ဘူးဆိုတာ သူ ငယ်ချင်းကလည်း အစစ်ခံတယ်။ ကျွန်တော် ဘာမူးယစ်ဆေးမှ မလုပ်ဖူးဘူး။ ဆီးလည်းစစ်တယ်၊ အသားထဲကို ဆေးထိုးပြီးလည်း စစ်တယ်။ ကျွန်တော်ဆေးသုံးမထားဘူးဆိုတဲ့ အဖြေကို ရတယ်။ ဒါပေမဲ့ ကျွန်တော် မလွတ်ဘူး”ဟု သူက ခပ်ဆတ်ဆတ်ပြောသည်။ သူ၏ မျက်နှာအမူအရာတွင် မခံချင်စိတ်တို့ အထင်းသားပေါ်နေသည်။

ယခုနှစ် စာမေးပွဲအောင်လျှင် တက္ကသိုလ်ဝင်တန်း တက် နေစဉ်ကာလအတွင်း သူအိမ်ပြန်ရမည်ဖြစ်သည်။

”အိမ်ပြန်ရောက်ရင် ကျောင်းဆက်မတက်ဖြစ်မှာစိုးလို့ ဒီ မှာပဲ ဆယ်တန်းဖြေပြီးမှ ပြန်မယ်။ ဒီအနီးအနားမှာ အိမ်ငှားနေပြီး စာမေးပွဲဖြေမယ်။ ပြီးမှ အိမ်ပြန်မယ်”ဟု သူ့ရည်မှန်းချက်ကို ပြောပြသည်။

နှစ်ပြည့်၍ အိမ်သို့ ပြန်ရလျှင် မိတ်ဆွေ၊ သူငယ်ချင်းများထံ တွင် အထင်သေးခြင်း၊ ခွဲခြားဆက်ဆံခြင်းများ ပြုမည်ကို စိုးရိမ် သလားဟု သူ့ကိုမေးကြည့်မိသည်။

”မကြောက်ဘူး။ ကျွန်တော် မဟုတ်တာဘာမှမလုပ်မှန်း ကျွန်တော့်သူငယ်ချင်းတွေလည်းသိတယ်။ ပတ်ဝန်းကျင်က လည်း သိတယ်”ဟု သူက ဆိုသည်။

စကားကောင်းနေရင်း နေ့လယ်စာစားချိန်ရောက်လာ သည်။ မကြာခင် ထမင်းစားချိန် သံချောင်းခေါက်တော့မည်။ ထို နေ့ နေ့လယ်စာက ကြက်သားဟင်းဖြစ်သည်။ ထမင်းခူးသူ၊ ထမင်းပွဲပြင်သူ၊ ထမင်းထည့်ပေးသူ၊ ဟင်းထည့်ပေးသူ စသည့် တာဝန်ခွဲဝေမှုများက ပုံမှန်အတိုင်းဖြစ်သည်။ ပုံစံခွက် စတီးပန်း ကန်ပြားထဲတွင် ဝေစုရသည့် ထမင်းတစ်ပုံနှင့် ကြက်သားတုံး ခပ် သေးသေးတစ်တုံးက နေရာယူထားသည်။ အရန်ဟင်းမရှိသလိုအရည်သောက်ဟင်းလည်းမရှိပေ။ ထမင်းကုန်သွားပါက ထပ်ယူ ၍ရသော်လည်း ဟင်းကုန်သွားပါက ထပ်၍မရနိုင်တော့ပေ။

သင်တန်းသားများသည် နေ့စဉ်ဟင်းအမည်ဇယားအတိုင်း စားကြရ၏။ တနင်္လာနှင့် အင်္ဂါနေ့များတွင် ဝက်သားဟင်း၊ ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့များတွင် ကြက်သားဟင်း၊ သောကြာနေ့နှင့် စနေနေ့များတွင် ငါး၊ တနင်္ဂနွေနေ့တွင် ဘဲဥ(သို့) ကြက်ဥဟင်းဖြစ် သည်။ အလှူရှင်များက လာရောက်လှူဒါန်းကျွေးမွေးသည့်နေ့ များတွင် အခြားသော ဟင်းအမည်များကို စားရသည်။ အလှူ ရှင်များ လာကျွေးမွေးသည့်နေ့တွင် ငါးပိချက်၊ ငရုတ်သီးထောင်း စသည့် အရန်ဟင်းတစ်မျိုးမျိုး ပါဝင်ပါက လွန်စွာကြိုက်ကြောင်း ကလေးငယ်တစ်ဦးက ရယ်ရယ်မောမောဖြင့်ပြောသည်။

နေ့လယ်စာစားပြီးချိန်တွင် အချို့သောလူငယ်များက သင်တန်းကျောင်းအတွင်း လာရောက်ဖွင့်လှစ်ပေးသည့် အခြေခံ လျှပ်စစ်သင်တန်းတက်ကြသည်။ အချို့လူငယ်များက သူတို့ တက်ရောက်ထားသည့် ဆံသသင်တန်းမှ ရရှိလာသည့် ပညာဖြင့် သင်တန်းသားအချင်းချင်း လက်စွမ်းပြကြသည်။ ယခုခေတ် လူ ငယ်အများစု ထားလေ့ရှိသည့် ဆံပင်ပုံစံများကို ညှပ်ကြသည်။ တချို့ကလေးငယ်များက ဘောလုံးကန်ကြသည်။ စားပွဲတင်တင်း နစ်ကစားကြသည်။ ဗွီဒီယိုဇာတ်ကား ကြည့်ကြသည်။ ကျောင်း၏ ဝေယျာဝစ္စတာဝန်ကျသူများက ၎င်းတို့၏ တာဝန်များကို လုပ် ဆောင်ကြသည်။

ရေချိုးချိန်တွင် ကျောင်းခြံဝင်းကြီး၏ နောက်ဘက်လျှိုထဲရှိ ရေတွင်းနှစ်တွင်းသို့သွားကာ အလှည့်ကျချိုးကြရသည်။ အဆောင်များတွင် ရေကန်များရှိသော်လည်း သင်တန်းသား များသုံးစွဲရန် ရေအလုံအလောက်မရှိသည်ကို တွေ့ရသည်။

ညနေစာစားရန် သံချောင်းခေါက်ချိန်တွင်တန်းစီကာ စား ရိပ်သာတွင်သွား၍စားကြသည်။ ညနေစာစားပြီးချိန်တွင် ပြစ် ဒဏ်ကျခံ ကလေးငယ်နှင့် လူငယ်များက သင်တန်းကျောင်း၏ ဓမ္မာရုံတွင် ဘုရားဝတ်ပြုရသည်။ လေလွင့်ကလေးများအဆောင် မှ ကလေးငယ်များက သူတို့၏ အဆောင်ထဲ၌ပင် ဝတ်ပြုရသည်။

သင်တန်းသားများတွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနှင့် ခရစ်ယာန်ဘာသာဝင် စသည့် မတူညီသည့်ဘာသာများကို အသီးသီးကိုးကွယ်သူများ ရှိကြသည်။ ဗုဒ္ဓဘာသာကိုးကွယ်သူ များက ဘုရားဝတ်ပြုနေချိန်တွင် အစ္စလာမ်ဘာသာ ကိုးကွယ်သူ များက သူတို့၏ လက်ဝါးနှစ်ဖက်ကို မျက်နှာရှေ့တွင်ဖြန့်ကာ  ဆု တောင်းကြသည်။ ခရစ်ယာန်ဘာသာဝင် လူငယ်များက ငြိမ် သက်စွာပင် ထိုင်နေကြသည်။

ကလေးငယ်များသည် ဘုရားဝတ်ပြုပြီးသည်နှင့် ၁၅ မိနစ် ခန့် တရားထိုင်ရသည်။ ထို့နောက် မိမိတို့အဆောင်များသို့ ပြန်ကြ သည်။ တချို့လူငယ်များက တီဗီကြည့်ကြသည်။ တချို့က မနက် ဖြန်ချက်မည့် ချဉ်ပေါင်ဟင်းအတွက် ချဉ်ပေါင်ရွက်များ ဝိုင်း နွှင်ကြသည်။ လေလွင့်ကလေးငယ်များအဆောင်တွင် ကျောင်း ပြင်ပမူလတန်းပညာရေးကို သင်ယူနေသည့် ကလေးများက စာမေးပွဲမပြီးသေး၍ ကျန်ကလေးများ တီဗီကြည့်ခွင့်မရ။

အဆောင်၏ အပြင်ကမ္ဘာတွင် အမှောင်ထုက တဖြည်း ဖြည်း စိုးမိုးလာသည်။ ငှက်အော်စမ်းလူငယ် သင်တန်းကျောင်းသို့ ကျွန်မ၏ တစ်နေ့တာ လေ့လာရေးခရီးစဉ်က ပြီးဆုံးခါနီးပြီဖြစ် သည်။ ယခင်အကြိမ်များကထက်စာလျှင် ယခုတစ်ကြိမ်သည် ပို၍ပြည့်စုံသည်ဟု ဆိုရမည်။ ကလေးငယ်များနှင့်လည်း အချိန် ယူကာ စကားပြောခွင့်၊ သူတို့၏ ဘဝအကြောင်းများကို တစ်စိတ် တစ်ပိုင်း နားထောင်ခွင့်ရခဲ့သည်။

ထိုသင်တန်းကျောင်းမှ ရန်ကုန်သို့ မပြန်ခင် ကျောင်းအုပ် ကြီးနှင့်လည်း အေးအေးလူလူ စကားပြောခွင့်ရခဲ့သည်။ သူက လည်း သင်တန်းကျောင်း၏ အကြောင်းအရာများကို အချိန်ပေး ကာရှင်းပြသည်။ ပြစ်ဒဏ်မှ လွတ်မြောက်သွားကြသည့် ကလေး အများစုသည် ခွဲခြားဆက်ဆံခံရမှုများကြောင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရန် မလွယ်ကူခြင်းက လည်း နောက်ဆက်တွဲ အခက်အခဲတစ်ခုဖြစ်ကြောင်း ကျောင်း အုပ်ကြီးက ရှင်းပြသည်။

လူမှုစီးပွားအခြေအနေအရ မိသားစုများသည် ကလေး ငယ်များအပေါ် လုံခြုံမှုပေးနိုင်စွမ်းနည်းလာခြင်းကြောင့် ပြစ်မှု ကျူးလွန်သည့် ကလေးနှင့် လမ်းပေါ်နေ လေလွင့်ကလေးငယ်များ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ကျောင်းအုပ်ကြီးက သုံးသပ်သည်။

ပြစ်မှုကျူးလွန်သည့် ကလေးငယ်များနှင့့်ပတ်သက်၍ သင်တန်းကျောင်းအုပ်ကြီး ဦးအောင်စိုးက ”ကလေးထောင်က ထွက်လာတယ်၊ လူဆိုးလေးဆိုပြီး စွပ်စွဲတာဟာ ကလေးသူငယ် ပြုစုရေးကို နားမလည်တာပါ။ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ် နေတဲ့ ကလေးတွေလို့မမြင်ဘဲ ကိုင်တွယ်ရခက်တဲ့ ကလေးတွေလို့ မြင်နေသရွေ့ ဒီလုပ်ငန်းက မအောင်မြင်နိုင်ဘူး”ဟု ဆိုသည်။

လူအများစုသည် ဂေဟာများ၊ သင်တန်းကျောင်းများတွင် သွားရောက်လှူဒါန်းရန် စေတနာထက်သန်ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လမ်းမပေါ်သို့ ရောက်လာသည့် ကလေးငယ်များကို မကူညီချင်ကြ၊ မကူညီရဲကြကြောင်း သူက ထောက်ပြသည်။

”သင်တန်းကျောင်းက နှစ်ပြည့်လို့ ပြန်သွားသူတွေကို လူထုက လက်ခံနိုင်အောင် ရပ်ရွာလူထုအခြေပြုစနစ်တွေ အား ကောင်းထားဖို့လိုတယ်။ နောက်အစိုးရတက်လာရင် ကလေးတွေ နဲ့ပတ်သက်လို့ ရပ်ရွာအခြေပြုစနစ်တွေ၊ မိသားစုအသိပညာလို အပ်ချက် ထောက်ပံ့ပေးတာမျိုးတွေ ပိုလုပ်ပေးသင့်တယ်”ဟု အစိုးရသစ်ကို သူက အကြံပြုသည်။

ထိုနေ့ညက ၈ နာရီခန့်တွင် ငှက်အော်စမ်းလူငယ်သင်တန်း ကျောင်းမှ ရန်ကုန်သို့ပြန်ခဲ့သည်။ ငှက်အော်စမ်းသည် ကျွန်မ အား ကြောက်ခြင်း၊  စိုးရိမ်ခြင်း၊ သနားခြင်း၊ အံ့သြခြင်း၊ ရယ်ရွှင် ဖွယ်ဖြစ်ခြင်း စသည့် ခံစားမှု ရသအမျိုးမျိုးကိုပေးသည်။ ကျောင်း အုပ်ကြီး ပြောသည့်စကားများက လက်တွေ့ကျသည်။ ထည့်သွင်း စဉ်းစားရမည့်အရာများဖြစ်ကြောင်း အိမ်ပြန်လမ်းတစ်လျှောက် စဉ်းစားမိသည်။

ဆံသသင်တန်းဆင်း လူငယ်များက ကျန်သင်တန်းသားများကို ဆံပင်ညှပ်ပေးနေစဉ်

အရပ်သုံးစကားဖြစ်သည့် ‘ကလေးထောင်’ဆိုသည့်နေရာ မှ ပြန်ထွက်လာမည့် ကလေးတိုင်းကို ထောင်ထွက်ကလေးများ၊ လူဆိုးလူပေကလေးများဟု ခွဲခြားဖယ်ကြဉ်လိုသည့် လူများနှင့် တွေ့ပါက ကျွန်မသည် ”ဒီကပြန်ရင် အမေနဲ့အတူ စိုက်ပျိုးရေး လုပ်မယ်။ ပြောင်းဖူးနဲ့ စပါးတွေစိုက်မယ်”ဟု ဆိုသည့် မောင် အိုက်မောင်းကို သတိရမိမည်ဖြစ်သည်။

”သူ့ကြောင့် ငါတို့ အဖမ်းခံရတာဆိုပြီး အစပိုင်းမှာ ဒေါသ ဖြစ်ပေမယ့် နောက်ပိုင်းကျတော့ အဘွားပြောတဲ့ လူတစ်ဖက် သားကို ခွင့်လွှတ်ပါဆိုတဲ့စကားကြောင့် ဒေါသမဖြစ်တော့ဘူး။ ဒီကပြန်ရင် တရုတ်နယ်စပ်မှာ ဦးလေးနဲ့အတူလိုက်သွားပြီး နေ့ စားလမ်းခင်းအလုပ်သွားလုပ်မယ်”ဟု ပြောသည့် မောင်အိုက် မြင့်၏ စကားတို့ကို ပြန်၍ ကြားယောင်မိမည်။

သူငယ်ချင်းကို ဆိုင်ကယ်ကြုံ တင်ခေါ်မိ၍ မူးယစ်ဆေးမှု ဖြင့် ထိန်းသိမ်းခံထားရသည့် ကလေးငယ်နှင့် ”နောက် ဘယ် တော့မှ မခိုးတော့ဘူး”ဟု ဆိုသည့် ခိုးမှုဖြင့် ထိန်းသိမ်းခံထား ရသည့် ကလေးငယ်တို့ကိုလည်း မေ့ပျောက်နိုင်မည်မထင်ပေ။

အလားတူ လမ်းမပေါ်တွင် လေလွင့်နေသည့် ကလေးငယ် များကို တွေ့ရတိုင်း ”လမ်းပေါ်မှာနေရတာထက် ဒီမှာနေရတာ ကောင်းပါတယ်။ နေဖို့လည်းမပူရ၊ စားဖို့လည်းမပူရ။ သံချောင်း ခေါက်ရင် ထမင်းစားလို့ရတယ်” ဆိုသည့် ကြမ်းတမ်း ခက် ထရော်သောဘဝကို ဖြတ်သန်းခဲ့ရသော ငှက်အော်စမ်းကျောင်း သားလေးတစ်ဦး၏ စကားသံကိုလည်း ကျွန်မအစဉ်အမြဲ မှတ်မိ နေမည်ဖြစ်သည်။    ။       အပိုင်း(၁)

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."