ထွန်းဝင်းငြိမ်း ရေးသည်။
(နှစ်)
‘ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ပန်းဆယ်မျိုး’ဟူ၍ မြန် မာမှုနယ်ပယ်တွင် ဆိုရိုးစကားရှိသည်။ ပန်းတိမ်၊ ပန်းပဲ၊ ပန်းပု၊ ပန်းတဉ်း၊ ပန်းပွတ်၊ ပန်းယွန်း၊ ပန်းရန်၊ ပန်းတော့၊ ပန်းတမော့၊ ပန်းချီဟူ၍ ပန်းဆယ်မျိုးဟု တင်စားသော မြန်မာ့ယဉ်ကျေးမှု အနုပညာလုပ်ငန်းဆယ်မျိုးဖြစ်သည်။ ယဉ်ကျေးမှုလက်ရာများ သည် ပန်းဆယ်မျိုးကို အခြေခံ၍ ဖန်တီးခဲ့ကြသည်။ ပန်းဆယ်မျိုး တွင် ပန်းချီသည် အခြေခံဖြစ်သလို အခေါင်ချုပ်လည်း ဖြစ်သည်။ ကျန်သော ပန်းအတတ်ပညာများတွင် ပန်းချီပညာသည် တစ် နည်းမဟုတ် တစ်နည်း ပတ်သက်နေသည်။
မြန်မာ့ပန်းချီ မြစ်ဖျားခံရာဖြစ်သော ပုဂံခေတ်တွင် ဂူ၊ ကျောင်း၊ တန်ဆောင်းတို့ကို အမြောက်အမြားတည်ခဲ့ကြသော အခါ ပန်းချီပညာသည် အဓိကအခန်းမှ ပါဝင်လာသည်။ ဂူ၊ ကျောင်း၊ တန်ဆောင်း တည်ခြင်းသည် ဘာသာသာသနာကိစ္စ ဖြစ်၍ ပန်းချီသည်လည်း ယဉ်ကျေးမှုပစ္စည်းသဖွယ် ဖြစ်လာသည်။ ထို့ကြောင့်ပင် ပုဂံဆေးရေးပန်းချီပညာသည် ဘာသာရေးနှင့် အတူ အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာခြင်းဖြစ်၍ ရေးချက်၊ ရေးဟန် နှင့် အခြားအရောင်အဆက်အစပ်များမှာ အဇ္တာပန်းချီနှင့် ပေါင်းကူးဆက်စပ်လျက်ရှိသည်ကို တွေ့ရသည်။ အဇ္တာပန်းချီ လက်ရာများနှင့် ပုဂံပန်းချီဆက်သွယ်မှုရှိပုံကို ဆရာဇော်ဂျီ၏ ရသစာပေနိဒါန်း (၁၉၆၅)တွင်…
‘လေးရာစုနှစ်လောက်မှစ၍ အိန္ဒိယပြည်အလယ်ပိုင်းရှိ အဇ္တာကျောက်ဂူ (ဗြညေအေ ဃလေန) ဆေးရေးပန်းချီပညာသည် မြောက်တလွှားတွင် တိဗက်၊ တရုတ်၊ ဂျပန်နိုင်ငံများသို့ပင် ရောက်သည်ဟု ဆိုလေသည်။ အရှေ့ဘက်တွင် အိန္ဒိယပြည် အတွင်းရှိ နိပေါပြည်၊ ဘင်္ဂလာပြည်မြောက်ပိုင်း ပါလတိုင်းသို့ လည်းကောင်း ရောက်သည်ဟု ဆိုသည်။ ထိုမှ ပန်းချီပညာသည် တိဗက်၊ နိပေါ၊ ပါလတိုင်းမှတစ်ဆင့် ပုဂံပြည်သို့ ၁၂ ရာစုနှစ် လောက်တွင် တစိမ့်စိမ့် ဝင်လာလေသည်။ ပုဂံ၌ အနေကြာသော် ထိုအဇ္တာပန်းချီသည် မြန်မာပန်းချီဖြစ်လာ၍ သက်တုံ-တက်တုံ၊ နိမ့်မြင့်တုံဖြစ်ကာ မ္တလေးသို့ ရောက်လာသည်ဟု ယူဆသင့် သည်။ သို့အားဖြင့် အဇ္တာပန်းချီ (ဝါ) အရှေ့ပန်းချီ၏ အသက်ဖြစ် သော မျဉ်းရေးဆေးခြယ်နည်းသည် ပုဂံခေတ်မှသည် မန္တလေး ခေတ်အထိ အသက်ရှည်သည်ဟု ယူဆသင့်သည်’ဟု ရေးသား ထားလေသည်။
ပန်းချီဦးခင်မောင်(ဘဏ်)၏လက်ရာ
အိန္ဒိယဟန်မှ ဆင်းသက်လာသော ပုဂံခေတ်ပန်းချီသည် အင်းဝခေတ်၊ တောင်ငူခေတ်၊ အမရပူရခေတ်၊ ကုန်းဘောင်ခေတ် သို့တိုင် ထွန်းကားခဲ့လေသည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်း ပါ တော်မူပြီးချိန်မှစ၍ မြန်မာ့ရှေးရိုးပန်းချီသည် တဖြည်းဖြည်း တိမ် မြုပ်ပျောက်ကွယ်ခဲ့ရပြီး အနောက်တိုင်းနည်းစနစ်များဖြင့် ရေး ဆွဲသော ပန်းချီပညာ စတင်ထွန်းကားလာခဲ့လေတော့၏။
ရှေးရိုးမြန်မာပန်းချီသည် နံရံပန်းချီများမှ ပေပုရပိုက်ပန်း ချီအဖြစ် ကူးပြောင်းခဲ့ပြီး ရွှေရေးပန်းချီ၊ စပ်ပန်းချီ၊ နိပါတ်ပန်းချီ များအဖြစ် အဆင့်ဆင့် ဖြတ်သန်းခဲ့သည်ကို တွေ့ရလေသည်။ မင်းတုန်းမင်းခေတ် ပန်းချီတော်ဆရာဦးကြာညွှန့်၊ သီပေါမင်း ခေတ် ပန်းချီတော်ဆရာချုံမှသည် နိပါတ်တော်ပန်းချီ ဆရာများ ဖြစ်ကြသော ဆရာအေး၊ ဆရာစော၊ ဆရာမြကြီး စသည်ဖြင့် အဆင့်ဆင့် လက်ဆင့်ကမ်းကာ မြန်မာ့ရှေးရိုးပန်းချီကို အမွေ ဆက်ခံခဲ့ကြပေသည်။
မြန်မာ့ပန်းချီသည် ပုံနှိပ်မီဒီယာ (Print Media) ဖွံ့ဖြိုး လာသော အချိန် (၁၉၂ဝ ဝန်းကျင်)နှင့် အနောက်တိုင်းပန်းချီ နည်းစနစ် စတင်ထွန်းကားခါစကာလ၌ နိပါတ်ပန်းချီ၊ စပ်ပန်းချီ မှသည် မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာများ၏ သရုပ်ဖော်ပန်းချီ အဖြစ်သို့ ကူးပြောင်းရောက်ရှိခဲ့ပေသည်။ စာနယ်ဇင်းပန်းချီ ခေတ်ဦးပိုင်းတွင် ပညာ့အလင်းမဂ္ဂဇင်း၊ လောကသာရမဂ္ဂဇင်း၊ သူရိယမဂ္ဂဇင်း စသည်တို့ ပေါ်ထွက်ခဲ့ရာ သရုပ်ဖော်ပုံဟူ၍ မည်မည်ရရမပါဘဲ လောကသာရမဂ္ဂဇင်း၌သာ ဆရာဦးဘိုးလိတ် ၏ ဇာတ်နိပါတ်သရုပ်ဖော်ပုံများ ဖော်ပြခဲ့သည်ကို တွေ့ရပေသည်။
၁၉၂ဝ ပြည့်နှစ် စက်တင်ဘာတွင် စတင်ထုတ်ဝေသော ဒဂုန်မဂ္ဂဇင်းသည် အဖုံးမှအစ အတွင်းဝတ္ထုဇာတ်လမ်းများကိုပါ သရုပ်ဖော်ပန်းချီများ ဝေဝေဆာဆာဖြင့် ထုတ်ဝေခဲ့သဖြင့် ပန်းချီ ဆရာများစွာကို မွေးထုတ်နိုင်ခဲ့ပြီး မြန်မာ့ပန်းချီကို တစ်ခေတ် ပြောင်းစေခဲ့သည်ဟု ဆိုနိုင်ပါသည်။ ဒဂုန်မဂ္ဂဇင်းပန်းချီဆရာများ မှာ ဦးဘအုန်း၊ ဦးဘိုးဘ၊ ဦးဘိုးလိတ်၊ ဦးထွန်းလှ၊ ဆရာမြစ်၊ ဦးစံ လွင်၊ ဦးဘလုံ၊ ဦးထွန်းကြွယ်၊ ဦးသိန်းမောင်၊ ဦးချစ်ဖေ၊ ဦးချန် ထွန်း၊ ဦးသန့်၊ ဦးဘအေး၊ ဦးမောင်မောင်တင်၊ ဦးငွေကိုင်၊ ဦးဘဉာဏ်၊ ဦးဘရင်ကြီး၊ ဦးဘဇော်၊ ဦးအုန်းလွင်၊ ဦးကိုလေး၊ ပဲခူး ဦးမြချစ်၊ ဦးဘရင်ကလေး၊ ဦးမြတ်ကျော်၊ ဦးဘလုံလေး၊ ဦးစန်း လွင်၊ ဦးဘကလေး၊ ဦးဘကြည်တို့အပြင် မန္တလေးမှ ဦးစောမောင်၊ ဦးစု၊ ဦးချစ်မြဲ၊ ဦးကွန်းတို့၏ လက်ရာများကို ဖော်ပြနိုင်ခဲ့သည်။ ထိုအချိန်က မဂ္ဂဇင်းသရုပ်ဖော် ပန်းချီလက်ရာများသည် စာဖတ် ပရိသတ်များအဖို့ တစ်လတစ်ကြိမ် တွေ့ရသော ပန်းချီပြပွဲများ သဖွယ် ဖြစ်ခဲ့ပေသည်။
စစ်ကြိုခေတ် ထင်ရှားသော မဂ္ဂဇင်းများမှာ သူရိယ၊ မြန်မာ့ အလင်း၊ ဂန္ထလောက၊ မြန်မာပြည်သား၊ အရှေ့တိုင်း၊ သွေးသောက်၊ ကြီးပွားရေး၊ ဓူဝံ၊ ပန်းချီဝတ္ထု၊ ရန်အောင်၊ မြန်မာ့ကျက်သရေ၊ ကဝိမျက်မှန်၊ ကဝိတံခွန် စသည်တို့ဖြစ်ကြပြီး ဒီးဒုတ်နှင့် ဗန္ဓုလ ဂျာနယ်၊ ဂျာနယ်ကျော် စသည်တို့မှာလည်း ပန်းချီသရုပ်ဖော်ပုံ များနှင့် ထူးခြားသောဂျာနယ်များ ဖြစ်ကြသည်။ ဂျပန်ခေတ်နှင့် စစ်ပြီးကာလများတွင် ဗမာ့ခေတ်၊ အိုးဝေ စသော သတင်းစာများ အပြင် ယုဝတီ၊ လှယဉ်ယဉ်၊ တိုင်းရင်းသူ၊ ဟာသ စသော ဂျာနယ် များ ပေါ်ထွက်ခဲ့ပြီး ရှုမဝမဂ္ဂဇင်းနှင့် တာရာမဂ္ဂဇင်းတို့သည် ဆန်း သစ်သော ပန်းချီအပြင်အဆင်များနှင့် ပေါ်ပေါက်ခဲ့ပေသည်။ ထို ကာလတွင် သရုပ်ဖော်ရေးဆွဲကြသော ဆရာများမှာ ဦးလှစိုး၊ ဦးစိန်၊ မောင်ငွေထွန်း၊ ကိုအောင်ချစ်၊ ဦးဘကြင်၊ ဦးခင်မောင် (ဘဏ်)၊ ဗဂျီအောင်စိုး၊ ဦးလှစိန်၊ ဦးထွန်းကြွယ်၊ ဦးသောင်းဟန်၊ ဦးလွန်းကြွယ်၊ ဦးဘလွင်၊ ဦးစံရင်၊ ဦးညိုလှ၊ ပေါ်ဦးသက်တို့ကို တွေ့ရလေသည်။ လွတ်လပ်ရေးရပြီးခေတ်တွင် မြဝတီ၊ ငွေတာရီ၊ စုံထောက်၊ နဝဒေး၊ ဖြူနီညိုပြာ၊ ပေဖူးလွှာ၊ စန္ဒာ၊ ပဒေသာ၊ ကြေး မုံ၊ လျှို့ဝှက်သည်းဖို၊ မိုးဝေ စသည်ဖြင့် မဂ္ဂဇင်းအများအပြား ပေါ် ထွက်ခဲ့ပြီး သရုပ်ဖော်ပန်းချီ ဖွံ့ဖြိုးခဲ့သည်နှင့်အမျှ မြန်မာ့ပန်းချီ သည်လည်း ထွန်းကားခဲ့ပေသည်။
ပန်းချီအောင်စိုး၏ လက်ရာ
၁၉၁၃ တွင် တည်ထောင်ခဲ့သော ဘားမားအတ်ကလပ် (Burma Art Club) နှင့် ၁၉၃ဝ တွင် ထူထောင်ခဲ့သော မြန်မာ ပန်းချီဆရာများအသင်းကြီး (The Burmar Naional Art ) တို့မှ ပန်းချီဆရာအများအပြားကို စုစည်းနိုင်ခဲ့ပြီး ပြပွဲ များ ကျင်းပနိုင်ခဲ့ကြသည်။ ပန်းချီသင်တန်းများ ဖွင့်၍ ပန်းချီ ဆရာများ မွေးထုတ်နိုင်ခဲ့သည်။ မြန်မာ့ကောက်ကြောင်းပန်းချီ ကို အနောက်တိုင်း ပန်းချီနည်းစနစ်ဖြစ်သော အလင်းအမှောင် အနီးအဝေးထုသဘောများဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲမွေး ထုတ်ပေးနိုင်ခဲ့သူမှာ ပန်းချီဆရာကြီး ဦးဘဥဏ်ဖြစ်ပေသည်။ ဆရာဦးဘဥဏ်သည် ဦးသိန်းဟံ၊ ဦးမြတ်ကျော်၊ ဦးဘကြည်၊ ဦးငွေကိုင်၊ ဦးလှဘော်၊ ဦးစံဝင်း စသော နာမည်ကျော်ပန်းချီ ဆရာများစွာကို မွေးထုတ်ခဲ့သည်။ မြန်မာ့ရိုးရာကောက်ကြောင်း ပန်းချီမှ အနောက်နိုင်ငံ၏ သရုပ်မှန်ပန်းချီနည်းစနစ်သို့ ကူး ပြောင်းရာတွင် ဆရာဦးဘညွာဏ်၏ သြဇာမှာ အလွန်ကြီးမားခဲ့ ပါသည်။
မြန်မာ့ပန်းချီလောကတွင် သရုပ်မှန်ပန်းချီမှ ခေတ်သစ် ပန်းချီသို့ ကူးပြောင်းရာတွင် အရေးပါသူနှစ်ဦးမှာ ဆရာဗဂျီ အောင်စိုးနှင့် ဆရာဦးခင်မောင်(ဘဏ်)တို့ ဖြစ်သည်။ ဆရာ ဦးအောင်စိုးသည် ၁၉၄၆ တာရာမဂ္ဂဇင်းမှ စ၍ ရိုးရာကို အခြေခံ သော ကောက်ကြောင်းများဖြင့် စိတ်ခံစားမှုကို ဖော်ပြနိုင်သော အမြင်သစ်တင်ပြပုံမျိုးဖြင့် ခေတ်သစ်ပန်းချီစနစ်တစ်ခုကို ထူ ထောင်ခဲ့သည်။ ဆရာဦးခင်မောင်(ဘဏ်)သည် စိတ်အတွေး အခေါ်ကို အရင်ဆုံးပြောင်းဖို့နှင့် ထိုအတွေးအခေါ်ကို လက်ရာ အဖြစ် လက်ဆင့်ကမ်းရန်မှာ အဓိကဖြစ်ကြောင်း ခံယူ၍ ခေတ် သစ်ပန်းချီမျိုးဆက်သစ်များကို မွေးထုတ်နိုင်ခဲ့သူဖြစ်သည်။ ထို ဆရာကြီးများ၏ အားထုတ်ကြိုးပမ်းမှုများသည် မြန်မာ့ပန်းချီ လောကအတွက် သရုပ်မှန်ပန်းချီဝါဒ (Realism) မှ စိတ်ကူး အဓိက ပန်းချီဝါဒ (Conceptualism) သို့ ကူးပြောင်းရာ ကန့် လန့်ကာအဖွင့်ကာလများဟု ဆိုရမည်ဖြစ်ပေတော့သည်။
၂၀၁၆-ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၅) မှ အက်ဆေး ဆောင်းပါးဖြစ်ပါသည်။
ကိုးကား။ ။
(၁) ပုဂံ၊ ရာပြည့်စာအုပ်တိုက်၊ ၁၉၉၉။
(၂) မင်းသုဝဏ်၊ မြန်မာစာအုပ်ဝေဖန်ချက်များ။
(၃) ဂျီလှံမောင်၊ ကမ္ဘာ့ပန်းချီသိ၊ ဗမာ့ပန်းချီသိ။
(၄) ဦးမင်းနိုင်၊ ဦးဘဉာဏ်၏ ဘဝနှင့် သူ့လက်ရာ။